ဒါဖြင့် ဘယ်သူတွေကများ စစ်ကိုလိုလားလဲလို့မေးရင်တော့ စစ်ကြောင့်အကျိုးဖြစ်ထွန်းခဲ့သူတွေက စစ်ကို လိုချင်ကြပါတယ်။ စစ်ဖြစ်နေတဲ့အချိန်မှာ အကျိုးရှိနိုင်လို့လားလို့မေးရင်တော့ ကမ္ဘာကျော် လေရူးသုန်သုန် ဝတ္ထုထဲက ဇာတ်လိုက်ကျော် ရက်ဘတ်တလာပြောသလိုပဲ စစ်ဖြစ်နေတဲ့အချိန်ဟာ စီးပွားရှာလို့အကောင်းဆုံး၊ သဌေးဖြစ်ဖို့အမြန်ဆုံးဆိုတဲ့ လူစားတွေအတွက်တော့ စစ်ဟာ အကျိုးဖြစ်ထွန်းပါတယ်။
ငြိမ်းချမ်းရေးလို့ပြောရင် စစ်မက်ကင်းဝေးတာ၊ ပြဿနာတွေ မရှိတာ၊ အားလုံး အေးချမ်းနေတာပါ။ စစ်မက်ကင်းဝေးဖို့အတွက် အရင်ဆုံးတော့ အပစ်အခတ်ရပ်စဲရပါလိမ့်မယ်။ တကယ့် ပကတိအခြေအနေအရတော့ ကမ္ဘာကြီးမှာလည်း ငြိမ်းချမ်းရေး မရှိဘူး။ မြန်မာပြည်မှာလည်း ငြိမ်းချမ်းရေးမရှိတာ သေချာပါတယ်။
စစ်အေးခေတ်မှာလည်း အမေရိကန်နဲ့ ရုရှားရဲ့ ပြိုင်ဆိုင်မှုကြောင့် ကမ္ဘာ့ပြည်သူတွေ စိတ်တထင့်ထင့်နဲ့ နေခဲ့ရတာပါ။ ဒါကြောင့် ကမ္ဘာ့ပြည်သူတွေက ငြိမ်းချမ်းရေးကို တောင်းဆိုလာပါတယ်။ ဒါကြောင့်လည်း ငြိမ်းရေးဆွေးနွေးပွဲတွေ ကျင်းပလာခဲ့ပါတယ်။ ဒီလိုကျင်းပတဲ့ပွဲအတွင်းမှာပဲ ကွန်မြူနစ်တွေက အနောက်အုပ်စုကို စစ်ကိုဖန်တီးသူတွေ၊ စစ်နဲ့ကြီးပွားချမ်းသာလာသူတွေအဖြစ် စွပ်စွဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ကွန်မြူနစ်အုပ်စု ခွဲထွက်လာပါတယ်။
ဒီလိုခွဲထွက်ပြီးတဲ့နောက် ကွန်မြူနစ်အုပ်စုတွင်းမှာပဲ တရုတ်နဲ့ ရုရှားရဲ့အားပြိုင်မှုက ပြင်းထန်လာပြန်ပါတယ်။ တရုတ်က ငြိမ်းချမ်းရေးကိုဆွေးနွေးရမည့်ဆိုတဲ့ အတွေးအခေါ်နဲ့ ရှရှားကတော့ လက်နက်ဖျက်သိမ်းရေးဆိုတဲ့ အတွေးအခေါ်ကို တင်လာကြပါတယ်။ စစ်အေးကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးနေရင်းက အုပ်စုကြီး ၃ စုဖြစ်ပေါ်လာခဲ့ရတာပါ။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် အကြောင်းအရာအားလုံးကို ခြုံငုံဆွေးနွေးမှာ တကယ့်ငြိမ်းချမ်းရေးရလာမှာ ဖြစ်ပါတယ်။
ဗမာပြည်ဟာလည်း လွတ်လပ်ရေးနဲ့အတူတူ ပြည်တွင်းစစ်ကိုလည်း မွေးဖွားခဲ့ပါတယ်။ စစ်တွေရဲ့ထုံးစံအတိုင်း ဒေသခံပြည်သူတွေဟာ စစ်ရဲ့ဆိုးကျိုးတွေကို ခါးစည်းခံခဲ့ရပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ အာဏာရအစိုးရကြား တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုမရှိကြတဲ့အခါမှာ ပြည်တွင်းစစ်ရဲ့ သက်တမ်းလည်း ရှည်ကြာလာပါတယ်။ ၁၉၆၂ ဝန်းကျင်မှာ ကမ္ဘာတစ်ဝှမ်းလုံး ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာစူနေတာမို့ ၁၉၆၂ မှာ အာဏာသိမ်းခဲ့တဲ့ တော်လှန်ရေးကောင်စီကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ၁၉၆၃ ခု၊ ဇွန်လ ၁ဝ ရက်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေးကော်စီ၏ ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီ့ကြေညာချက်အပေါ်မှာ ပြည်သူများနှင့် နိုင်ငံရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက ကြိုဆိုခဲ့ပါတယ်။ ပထမဦးဆုံးအနေနှင့် သခင်စိုး ဦးဆောင်သော အလံနီကွန်မြူနစ်ပါတီနှင့် ၃ ကြိမ်တွေ့ဆုံပြီးနောက် တော်လှန်ရေးကောင်စီမှ အလံနီကွန်မြူနစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးပွဲကိုရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။
ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ၈ ကြိမ်တွေ့ဆုံခဲ့ပြီး နောက်တွင် တော်လှန်ရေးကော်စီဘက်က အပစ်အခတ်ရဲစဲရေးနှင့် အပစ်ရပ်ထားစဉ် စည်ရုံးရေးလုပ်ငန်းအားလုံးရပ်ဆိုင်းထားရမယ်လို့တောင်းဆိုခဲ့တယ်။ ကချင်လွတ်လပ်ရေးကောင်စီ (ကေအိုင်စီ)၊ ကေအန်ယူ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်အောင်ညှိနှိုင်းနိုင်ခဲ့ခြင်းမရှိတဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးမရခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေးမရခဲ့ခြင်း၏ အဓိကအချက်အဖြစ် တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေးအစစ်အမှန်ရလိုခဲ့မှုမရှိခြင်းကြောင့်ဖြစ်တယ်လို့ မှတ်တမ်းတင်ခဲ့ကြပါတယ်။
တော်လှန်ရေးကောင်စီအနေနဲ့ မတူညီတဲ့ ရည်မှန်းချက်တွေအပေါ်မှာ သဘောထားကြီးကြီးမထားဘဲ သူတို့လိုချင်တဲ့ အချက်အလက်တွေရအောင် သွေးခွဲချော့မော့တာ၊ ဖျားယောင်းသွေးဆောင်တာတွေကြောင့် ပြည်တွင်းငြိမ်းချမ်းရေး မရခဲ့ခြင်းဖြစ်တယ်။ အဲဒီ့နောက်မှာတော့ ပြည်တွင်းစစ်ကိုအကြောင်းပြပြီး စစ်အာဏာရှင်စနစ်ကို တည်ထောင်ခဲ့ပါတယ်။
၁၉၈၈ အရေးတော်ပုံကို အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ အရင်သွေးခွဲချော့မော့တဲ့နည်းလမ်းကိုပဲ ဗျူဟာပြောင်းပြီး သုံးခဲ့ပါတယ်။ ၁၉၈၉၊ မတ် ၁၄ ရက်မှစတင်ပြီး ဗ.က.ပ နှင့်တပ်ပေါင်းစုဖွဲ့ထားသည့် ကိုးကန့်တပ်ဖွဲ့များမှ စတင်ပုန်ကန်ကာ ကိုးကန့်တပ်ဖွဲ့များက နဝတ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် ကိုးကန့်အဖွဲ့တွေက အထူးဒေသ(၁) အဖြစ် တရားဝင်ရရှိခဲ့သလို စီးပွားရေးလုပ်ပိုင်ခွင့်တွေကိုလည်း ရယူခဲ့ပါတယ်။ အဲဒီ့ နောက်တော့ ဝ တပ်ဖွဲ့တွေရဲ့ပုန်ကုန်မှုကို ရင်ဆိုင်ရပြီး ဗကပ ပြိုကွဲခဲ့ရပါတယ်။ ဝ တပ်ဖွဲ့တွေဟာ နဝတ အစိုးရနဲ့ အပြန်အလှန် သဘောတူညီချက်ရရှိခဲ့ပြီး 'ဝ' အထူး ဒေသအဖြစ် ထူထောင်ခွင့်ရခဲ့ပါတယ်။
၁၉၈၈ အရေးတော်ပုံအား စစ်တပ်မှ အာဏာသိမ်းဖြိုခွင်းလိုက်တဲ့အခါမှာ ကျောင်းသားအများစုဟာ တောတွင်းကို လက်နက်ကိုင်ဖို့အတွက် ရောက်ရှိခဲ့ ပါတယ်။ ရောက်လာတဲ့ ကျောင်းသားတွေထဲ ကမှ အများစုဟာ ကေအန်ယူ ထိမ်းချုပ်တဲ့ ဒေသ၊မာနယ်ပလောမှာ အခြေချပြီး ကျောင်းသားတပ်မတော်ကို ထူထောင်ခဲ့ပါတယ်။ အဲဒီ့နောက်တော့ မာနယ်ပလော ဟာ လက်နက်ကိုင်ဒီမိုကရေစီဘက်တော်သားတွေရဲ့ ဗဟိုချက်မဖြစ်လာပါတယ်။
ဒါကြောင့် ကေအန်ယူဟာ စစ် အစိုးရရဲ့ ရန်သူတော် နံပါတ်(၁)ဖြစ်လာပြီး ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်တဲ့ ငြိမ်းအဖွဲ့တွေဟာ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေကို မိမိလက်နက်မိမိကိုင်ထား၊ ကိုယ့်နယ်မြေ ကိုထိမ်းထား၊ ဒေသဖွံ့ဖြိုး ရေးကိုလက်တွဲ လုပ်မယ်၊ နိုင်ငံရေးအရဆွေး နွေးတာတွေ ကိုတော့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတက်လာချိန်မှ ဆွေးနွေးမယ်ဆိုတဲ့ သဘောတူညီချက် အရယူပြီး စီးပွားရေးလုပ်ပိုင်ခွင့်တွေပေးကာ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ကေအန်ယူဘက်မှာတော့ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ကရင်လူမျိုးတွေနဲ့ ခရစ်ယန်ကိုးကွယ်တဲ့ ကရင်လူမျိုးကြား သပ်လျှိုကာ သွေးခွဲခဲ့ကြပါတယ်။ မြိုင်ကြီးငူဆရာတော်ကိုအကြောင်းပြုပြီး KNUနဲ့ DKBA ဆိုပြီး ကရင်တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ကွဲရပါတယ်။ ၁၉၉၄ ခုမှာ KIA (ကချင်လွတ်မြောက်ရေးတပ်မတော်)က နဝတ အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးလိုက်ပါတယ်။
ဒါကြောင့် နဝတ အစိုးရအနေနဲ့ ခြေမှုန်းစရာလက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ကေအန်ယူတစ်ဖွဲ့ပဲကျန်တော့တဲ့ အခြေအနေကို ရခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၅၊ ဇန်နဝါရီလဆန်းမှာ မာနယ်ပလော ကျခဲ့ရပါတယ်။ တော်လှန်ရေးကောင်စီရဲ့အမွေခံ နဝတ အစိုးရဟာ သူတို့ကို လက်နက်ကိုင်တိုက်ခိုက်သူတွေကို တစ်စစီ ဖြိုခွဲလိုက်နိုင်ပါတယ်။
တကယ်တော့ အဲဒီ့အချိန်က ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးလက်မှတ်ဟာ အစစ်အမှန်မဟုတ်တဲ့အကြောင်းကို ၂ဝ၁ဝ ရွေးကောက်ပွဲပြီး နောက်တစ်နေ့မှာ DKBA နဲ့ အစိုးရ တိုက်ပွဲဖြစ်ပွားတာက ပြန်လည် စတင်ခဲ့ပါတယ်။ အဲဒီ့နောက်တော့ ၂ဝ၁၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကချင်စစ်ပွဲတွေကနေ ဒီနေ့အထိဖြစ်ပွားနေတဲ့ စစ်ပွဲတွေက သက်သေခံပါတယ်။ ဒီနေ့အချိန်မှာတော့ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်နေပေမယ့် တိုင်းရင်းသားအဖွဲ့တွေကရော၊ ပြည်သူလူထုကပါ သံသယနဲ့စောင့်ကြည့်နေတာပါ။
လက်တွေ့မှာ ငြိမ်းချမ်းရေးကို ဆွေးနွေးကြတဲ့အခါ အပစ်အခတ်ရပ်စဲဖို့ရော၊ နိုင်ငံရေးအရဖြစ်ခဲ့တဲ့ ပြဿနာတွေအပေါ်မှာ ဆွေးနွေးညှိနှိုင်းမှုရောလုပ်မှသာ ရေရှည်တည်တံတဲ့ ငြိမ်းချမ်းရေးကိုရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစကားပြောကြတဲ့အခါမှာ အင်အားကြီးသူက မိမိအသာရရေးကို ဦးမတည်ဘဲ မိမိသဘောထားကြီးကြောင်းနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာပြသနိုင်ရင်တော့ မရနိုင်ဘူးလို့ထင်နေတဲ့ ငြိမ်းချမ်းရေးအရသာကို ပြည်သူတွေ ခံစားလာရမှာဖြစ်ပါတယ်။
မှားယွင်းခဲ့တဲ့သမိုင်းကြောင်းကြောင့် သယံဇာတတွေ အများအပြားထွက်ရှိတဲ့ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံး၊ ကျရှုံးစာရင်း ဝင်နိုင်ငံဖြစ်ခဲ့တာပါ။ နှစ်ရှည်လများ စကားလုံးကျည်ဆံတွေနဲ့ အငြင်းပွားနေကြမယ့်အစား အားလုံးလက်ခံယုံကြည်နိုင်တဲ့ အခြေခံဥပဒေတစ်ခုအပေါ်မှာ အာဏာကို အညီအမျှခွဲဝေနိုင်ရင်၊ သယံဇာတကို အားလုံး ခွဲဝေသုံးစွဲနိုင်ကြမယ်ဆိုရင် ဘာဖြစ်လို့ သာယာဝပြောတဲ့ နိုင်ငံတစ်ခု မဖြစ်ပေါ်ရမှာလဲ။ တကယ်ကို ငြိမ်းချမ်းလိုတယ်ဆိုရင်တော့ အားကြီးသူဘက်က သဘောထားကြီးမှုကိုပြသရင်း၊ အင်အားနည်းသူက နားလည်သဘောပေါက်မှုကိုပြသခဲ့မယ်ဆိုရင်တော့ တစ်နေ့မှာ ငြိမ်းချမ်းရေးဆိုတာကို လက်ဝယ်ပိုင်ပိုင် ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ။
ခင်ငြိမ်းသစ်
သရုပ်ဖော်ပုံကို ဒီက ယူပါတယ်။
No comments:
Post a Comment