အခန်း - ၁၇
မြေကြီးထဲမှာ
ထိပ်တုံးခတ်ခံထားရတဲ့၊
သစ်စေ့လေးတွေကို
လွတ်လပ်ရေး ကြေညာပေးလိုက်စမ်းပါ
မိုးစက်ကလေးတို့ရယ်။
(ရာဘင်ဒြာ နတ်သ် တဂိုး)
ဦးမျိုးသိန်းသည် ရှေ့နေဖြစ်သည်။ သို့သော် ရိုးရိုးရှေ့နေ မဟုတ်။ မီးခဲနှင့်တူသော ရှေ့နေဖြစ်သည်။ မြွေဟောက်နှင့်တူသော ရှေ့နေဖြစ်သည်။ သူ့ကို သွားထိလျှင် ပူတတ်သည်။ သူ့ကို သွားစလျှင် ပေါက်တတ်သည်။ သူသည် သာမန်အချိန်တွင် အေးဆေးသည်။ ပျော့ညံ့သည်။ သို့သော် သူဆုံးဖြတ်ထားသောကိစ္စတခုတွင် သွားထိမိလျှင် မြွေဟောက်လို အဆိပ်ပြင်းသူပင်ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် စောင့်ကြည့်ခံရသူတယောက် ဖြစ်လာလေသည်။
သူသည် ဥပဒေဘာသာရပ်ကို အထူးပြု သင်ကြားခဲ့ရသော ရှေ့နေကျောင်းသားလည်းမဟုတ်ခဲ့။ သူသည် စင်စစ် စက်မှုတက္ကသိုလ်ကျောင်းသားတယောက်ဖြစ်သည်။ သို့သော် ဖုန်းမော် အရေးအခင်းတွင် ကျောင်းထုတ်ခံခဲ့ရသည်။ ကျောင်းထုတ်ခံခဲ့ရပြီးနောက်တွင်မှ အထက်တန်းရှေ့နေ စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး ရှေ့နေဖြစ်လာခဲ့ခြင်းဖြစ်သည်။
သူသည် စက်မှုတက္ကသိုလ်မှ ကျောင်းထုတ်ခံခဲ့ရခြင်းကို စိုးစဉ်းမျှ ဝမ်းမနည်း။ ဝမ်းပင်သာသေးသည်။ ဦးမျိုးသိန်းသည် ဆုံးဖြတ်ချက်သိပ်ပြတ်သားသူ မဟုတ်။ တခါတလေ သူဘာလိုချင်သည်ဆိုသည်ကိုပင် သူ့ဖာသာ ထင်ထင်ရှားရှား မသိ။ ဟိုလိုလို သည်လိုလို ထင်နေတတ်သည်။ ကြုံသလိုကျသလို ပျော်ပျော်ရွှင်ရွှင်လည်း နေတတ်သည်။ ထို့ကြောင့်လည်း သူ စက်မှုတက္ကသိုလ်ရောက်ခဲ့ခြင်းဖြစ်သည်။ တကယ်တော့ စက်မှုပညာရပ်တွေကို သူ ဝါသနာမပါ။ ဝါသနာမပါဘဲ သူ ဘာ့ကြောင့် စက်မှုတက္ကသိုလ်တက်ခဲ့သနည်း။ အခြေအနေက တွန်းပို့သောကြောင့် ဖြစ်သည်။ ဆယ်တန်းစာမေးပွဲဖြေသောအခါ ပြီးတော့မှ ဘာယူယူ အမှတ်ကို အကောင်းဆုံးရအောင် ဖြေမည်ဟု သူဆုံးဖြတ်ပြီး ကြိုးစားခဲ့သည်။ ကြိုးစားခဲ့သည့်အတိုင်း ဆယ်တန်းအောင်သော အခါ စက်မှုတက္ကသိုလ်ဝင်ဖို့ အမှတ်မီလာသည်။ သို့သော်ခက်သည်က သူကိုယ်တိုင်ပင်။ သူလိုချင်သော အရာကို သူ့ဖာသာပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်။ ငယ်လည်း ငယ်လွန်းသေးသည်လေ။ သူဝါသနာပါသည်က ရှေ့နေအလုပ်။ သို့သော် စက်မှုတက္ကသိုလ်ဝင်ပါလျက်နှင့် ဥပဒေတန်းတက်မည် ဆိုသည်မှာ နှမြောစရာကောင်းနေသည်။ သူ့မိဘတွေကလည်း နှမြောသည်။ သည်လိုနှင့် စက်မှုတက္ကသိုလ်ထဲသို့ အူတိအူကြောင် နှင့် သူရောက်သွားသည်။ ဖုန်းမော်အရေးအခင်းဖြစ်ပြီးနောက်တွင် သူကျောင်းထုတ်ခံရသည်။
သူ ကျောင်းထုတ်ခံရသည်ကို ကံဆိုးလှသည်ဟု သူ ဝမ်းမနည်း။ အဘယ်ကြောင့်ဆိုသော် သူ့ထက်ကံဆိုးသူတွေ တပုံတပင်ရှိနေသေးသောကြောင့်ပင်။ သူသည် ဖုန်းမော် အရေးအခင်းမှစပြီး ၈ လေးလုံးကာလ တလျှောက်လုံးတွင် နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှမှာ ပါခဲ့သည်။ ထိုသို့ပါခဲ့သည့်တိုင် ကျောင်းသာ အထုတ်ခံရသည်။ တခါမျှ အဖမ်းမခံခဲ့ရ။ ဒါ့ကြောင့် သူ့ကိုယ်သူ ကံမဆိုးရုံတင်မက ကံကောင်းလှသည်ဟုပင် ထင်လိုက်သေးသည်။ သူ့အခန်းဖော် စိုးအောင်မှာ ကျောင်းထုတ်ခံရသည်သာမက ထောင်လည်း ကျလေသည်။ ပိုဆိုးသည်က စိုးအောင်သည် ထောင်မကျခင် လအနည်းငယ်အလိုတွင်မှ နီလာဆိုသော နယ်က ကျောင်းဆရာမလေးတယောက်နှင့် လက်ထပ်ခဲ့လေသည်။ လက်ထပ်ပြီးမကြာမီ သူ့ဇနီးတွင် ကိုယ်ဝန်ရှိလေသည်။ ထိုကိုယ်ဝန်နှင့် ဇနီးသည်ကိုချန်ရစ်ပြီး ထောင်နန်းစံခဲ့ရသည်။ စိုးအောင်အဖြစ်နှင့် နှိုင်းစာလျှင် သူ ကျောင်းထွက်ရသည်မှာ ဘာမှမဟုတ်လှဟု သူ မှတ်ယူသည်။
တကယ်တော့ ကျောင်းထုတ်ခံရသည့်အတွက် သူ့မှာ ကံမဆိုးသည့်အပြင် ကံကောင်းပင် ကောင်းလိုက်သေးသည်။ ကျောင်းထုတ်ခံရသောကြောင့်သာ သူဝါသနာပါသော ရှေ့နေအလုပ်ကို လုပ်ခွင့်ကြုံလာလေသည်။
ဦးမျိုးသိန်းသည် ပျော်တတ်ရွှင်တတ်သူဖြစ်သည်။ ပျော်တတ်ရွှင်တတ်ရုံသာမက စတတ်နောက်တတ် ခြေလက်လည်း ဆော့တတ်သည်။ သူသည် မီးခဲနှင့်တူရုံမက၊ မြွေဟောက်နှင့်တူရုံမက မျောက်နှင့်လည်း တူသေးသည်။ ထို့ကြောင့်လည်း ကျောင်းသားဘဝတုန်းက သူ့ကို သူငယ်ချင်းများက မျောက်ဟု ခေါ်ကြသည်။
ရှေ့နေဖြစ်လာတော့လည်း မျောက်ဘဝကအကျင့်ဟောင်းတွေ မပျောက်မပြယ်ချေ။ အလုပ်သင် ရှေ့နေဘဝတွင် ချိန်ဘာဆင်းနေကတည်းက သူ့လက်စွမ်းလက်စကို ပြခဲ့ဖူးသည်။
တနေ့ ခြောက်ထပ်ရုံးကြီးပေါ်သို့ သူရောက်သောအခါ သတိပေးစာတန်းအသစ်တခု တိုးလာသည်ကို တွေ့ရသည်။ သတိပေးစာတန်းဟုဆိုချင်လည်းဆို၊ ဆောင်ပုဒ်ဟုဆိုချင်ဆို၊ ကြွေးကြော်သံစာတန်းဟု ဆိုချင်လည်းဆိုနိုင်သော စာတန်းဖြစ်သည်။ ထိုစာတန်းကား အခြားမဟုတ်။ မည်သူ့ကိုမဆို လာဘ်ပေးရန်မလို ဟူသော စာတန်းဖြစ်သည်။
ထိုစာတန်းအနီးတွင် အကြိမ်ကြိမ်ဖြတ်သွားရင် ဦးမျိုးသိန်း အကြိမ်ကြိမ် လာဘ်ပေးခဲ့ရသည်။ ထို့အပြင် ထိုစာတန်း၏ သဒ္ဒါ အထားအသိုကိုလည်း ဦးမျိုးသိန်း သတိထားမိသည်။ ထို့ကြောင့် ထိုစာတန်းကို ဦးမျိုးသိန်း အနည်းငယ် ပြုပြင်မွမ်းမံပေးလိုက်သည်။
ခြောက်ထပ်ရုံးကြီးတခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်။ ဦးမျိုးသိန်းတယောက်လည်း ရှေ့နေလိုင်စင်မရခင် လိုင်စင်ပြုတ်တော့မလို ဖြစ်သွားသည်။ စင်စစ် ဦးမျိုးသိန်းပြင်ပေးလိုက်သည်မှာ များများစားစား မဟုတ်၊ ပုဒ်မလေးတချက်မျှသာ။ မည်သူ့ကိုမဆို လာဘ်ပေး ဟူသော စာသားနောက်တွင် ပုဒ်မတချက်ချပေးလိုက်ခြင်းသာဖြစ်သည်။ ဆောင်ပုဒ်၏အဓိပ္ပာယ်လည်း ပိုမိုပြည့်ဝသွားလေသည်။ မည်သူ့ကိုမဆို လာဘ်ပေး။ ရန်မလို။ ဟူ၍ဖြစ်သွားသည်။ ထိုအမှုသည် ဦးမျိုးသိန်း ပထမဆုံး ထုချေလျှောက်လဲရသော အမှုဖြစ်သွားလေသည်။ ဦးမျိုးသိန်းရှင်းပြခဲ့သည်မှာ တော်တော်ပင် ရိုးရှင်းပါသည်။ မြန်မာစာ၊ မြန်မာစကားတွင် မဆိုဟူသောစကားကို မလိုဟူသော အငြင်းနှင့် တွဲသုံးရုံး ထုံးစံမရှိချေ။ ငြင်းလိုလျှင် မျှကို သုံးရမည်။ ငြင်းလိုလျှင် မည်သူ့ကိုမျှ လာဘ်ပေးရန်မလိုဟုသာ ရေးရမည်ဖြစ်သည်။ မဆိုကို သုံးလျှင် အငြင်းမဟုတ်ဘဲ အဟုတ်ဝါကျတွင်သာ သုံးရိုးရှိသည်။ ထို့ကြောင့် မည်သူ့ကိုမဆို လာဘ်ပေးရန်မလို ဟူသောဝါကျမှာ သဒ္ဒါအထားအသို မှားနေသည်။ ပုဒ်မချပေးလိုက်ခြင်းအားဖြင့် မည်သူ့ကိုမဆို လာဘ်ပေး က ဝါကျ တခု၊ ရန်မလို က ဝါကျတခုဖြစ်သွားသောအခါ သဒ္ဒါနည်းအားဖြင့် မှန်သွားသည်။ ထိုသို့ သဒ္ဒါအထားအသို မှန်သွားအောင်ပြင်ပေးလိုက်ခြင်းဖြစ်သည်ဟု လျှောက်လဲလိုက်သည်။
အဓိပ္ပာယ်ပြောင်းပြန်ထွက်သွားခြင်းကိုကား သူ ထည့်မပြော။ အထက်အရာရှိသည်လည်း ထိုအချက်ကို ထည့်မပြော။ အဘယ်ကြောင့်ဆိုသော ပြောင်းပြန်ထွက်သွားသော အဓိပ္ပာယ်ကသာ လက်တွေ့အခြေအနေနှင့် တထပ်တည်းကျနေသည်ကို အထက်လူကြီးကိုယ်တိုင်လည်း သိနေသောကြောင့်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အလုပ်သင်ရှေ့နေ ဦးမျိုးသိန်းတယောက် ပြင်းထန်စွာ သတိပေးခြင်းတော့ ခံလိုက်ရသည်။ သို့သော် တန်သည်။ ထိုပြင်းထန်စွာ သတိပေးခံရခြင်းသည် သူ့အတွက် ဂုဏ်ထူးဆောင် ဆုတံဆိပ်ဖြစ်သည်။ ဦးမျိုးသိန်းသည် ရှေ့နေလောကတွင် တခါတည်းကျော်ကြားသွားလေသည်။
ထိုအချိန်မှစ၍ ဦးမျိုးသိန်းသည် အနင်းခံ၊ အနှိမ်ခံ၊ အစော်ကားခံရသော မရှိဆင်းရဲသားတွေဘက်ကလိုက်ပေးသော ရှေ့နေဖြစ်လာလေသည်။ ရှေ့နေဆိုသည်မှာ တကယ်တော့ ချမ်းသာသော အမှုသည်တွေကို မွေးထားမှသာ ရှေ့နေခ မျက်မျက်ကလေးရတတ်သည်။ ခုတော့ ဦးမျိုးသိန်းသည် ဆင်းရဲသားအမှုသည်တွေ၏ အမှုကိုသာလိုက်တတ်သောကြောင့် ရှေ့နေတယောက်အနေနှင့် တနေ့တခြား နာမည်ကျော်ကြား ထင်ရှားလာသော်လည်း ငွေကြေးတော့ မချမ်းသာပါချေ။ သို့သော် သူသည် လူပျိုကြီးဖြစ်ပြီး တူလေးတယောက်နှင့်သာ နေထိုင်သူဖြစ်သောကြောင့် ငွေရေးကြေးရေးကို မပူပန်လှ။ သူ့အဖို့မှာ လောကကြီးသည် အလိုလိုနေရင်း သာယာနေလေသည်။ သူလုပ်နေသော အလုပ်တွေသည် ငွေမရသော်လည်း ကုသိုလ်ရသည်ဟု သူ ယုံကြည်သည်။ သူသည် ဘာသာတရားကို နက်နက်ရှိုင်းရှိုင်းနှင့် တင်းတင်းကျပ်ကျပ် မလိုက်စားသော်လည်း လေးလေးစားစား ကိုးကွယ်အားထားတတ်သူတယောက် ဖြစ်သည်။
ဦးမျိုးသိန်းဆီသို့ အလုပ်ဖြုတ်ခံရသော အလုပ်သမားများ၏ အမှုတွေလာသည်။ လုပ်ခမရသော အလုပ်သမားတွေ၏ အမှုတွေလာသည်။ မြေသိမ်းခံရသော လယ်သမားတွေ၏ အမှုတွေလာသည်။ တခြားသူတွေမလိုက်ရဲသော နိုင်ငံရေးသမားတို့၏ အမှုတွေလည်း လာလေသည်။
သို့သော် မည်မျှပင် လိမ္မာပါးနပ်သည်ဖြစ်စေ၊ နင်မဟုတ် နင့်အဖေပဲဟု စွပ်စွဲအပြစ်တင်သူနှင့်တွေ့လာလျှင်မူကား မည်သို့ပင် အလျှောက်ကောင်းသော်လည်း အထောင်းမသက်သာနိုင်ပါချေ။ ထို့ကြောင့်လည်း ဥပဒေရေးရာ ကျွမ်းကျင်လိမ္မာပြီး စကားအရာ ပါးနပ်ကျင်လည်လှသော ရှေ့နေကြီးဦးမျိုးသိန်းသည်လည်း နိုင်ငံရေးသမားတယောက်၏အမှုကိုလိုက်ရာတွင် ချောက်ကျခဲ့ရသည်။ တရားသူကြီးသည် တရားခံသက်သေကို ခေါ်ယူခွင့် မပေး၊ တရားခံကိုမျှပင် လျှောက်လဲခွင့်မပေးဘဲ အမှုကို တဖက်သတ်စီရင်ခဲ့သည်။ တရားလိုသက်သေသည်လည်း တရားခံကို မြင်ပင် မမြင်ဖူးဘဲနှင့် သက်သေလိုက်ပြီး မဟုတ်မမှန်ထွက်ဆိုထားသည်မှာ အထင်အရှားဖြစ်သည်။ သို့သော် အမှုမှာ မည်သို့ပင်ဖြစ်စေဟူသော အမှုမျိုးဖြစ်သည်။ နိုင်ငံရေး တရားခံဖြစ်သောကြောင့် ဘယ်လောက်ထောင်ချရမည်ဆိုသည်မှာလည်း တရားသူကြီးအဖို့မှာ မစစ်ဆေးမီကပင် စာအိတ် ကြိုတင်ရရှိထားပြီးသားဖြစ်သည်။ ထိုခေတ်က တရားစီရင်ရေးစနစ်များသည် ထိုသို့ချည်းသာဖြစ်လေသည်။ မတရားလွန်းသောကြောင့် တရားခံသည် ရုံးတော်ကို နောက်ကျောပေးထိုင်ခဲ့သည်။ တရားသူကြီး၏ မေးမြန်းချက်ကို မဖြေကြားဘဲ သပိတ်မှောက်ခဲ့သည်။ တရားသူကြီးက ရှေ့နေဖြစ်သောသူ့ကို အကျပ်ကိုင်ပြီး တရားခံကို ဖြေဆိုခိုင်းသည်။ သူက ရှေ့နေအနေဖြင့် ခိုင်းခွင့် မရှိကြောင်း ငြင်းခဲ့သည်။ ဒါကိုပင် တရားခံရော၊ ရှေ့နေပါ တရားရုံးကို မထီမဲ့မြင်ပြုသည်ဟုဆိုကာ တရားခံကိုသာမက ရှေ့နေ ဦးမျိုးသိန်းကိုပါ ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်ခဲ့လေသည်။
မဆလ အစိုးရကို ပြင်းပြင်းထန်ထန် အံတုပုန်ကန်ခဲ့သော သူပုန်ကျောင်းသား မျိုးသိန်းဘဝတွင် သူသည် ထောင်တရက်မျှ မကျ။ ဥပဒေပညာရှင် ရှေ့နေကြီးဖြစ်ပြီးကာမှ ဘာဥပဒေတခုမှ မချိုးဖောက်ဘဲ ထောင်ကျလေသည်။ တရားဥပဒေကိုအသုံးပြု၍ မတရားပြုသည်ကို သူ ခံခဲ့ရလေသည်တကား။
xxxxxxxx
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment