တော်လှန်ရေးသမားချင်း တူညီသော်လည်း ဘဝအနိမ့်အမြင့် ခြားနားကြသည်ကိုလည်း ဘဝတွင် တွေ့ကြုံခဲ့ဖူးသည်။ တော်လှန်းရေးကာလသို့ ထွက်ခွာလာစဉ် အဝတ်တထည် ကိုယ်တခုဖြစ်သော်လည်း လုပ်သက် အတွေ့အကြုံရင့်ကျက်လာသည်နှင့်အမျှ လုပ်ပိုင်ခွင့်အာဏာတို့ကိုလည်း ခုံမှင်တတ်မတ်မောလာသည်မှာ ဓမ္မတာဟုဆိုရမည်။
ကိုစောလွင်နှင့်ကျနော် ခုနစ်ရက် တပတ်တာ အတူနေထိုင်စားသောက်စဉ်အတွင်း ဟင်းဆိုသည်ကား မယ်မယ်ရရ မရှိ။ ခြိုးခြံချွေတာသလို ဖြစ်နေခဲ့သည်။ ကိုစောလွင်တွင် ငွေကြေးမရှိ သူ့ ၌ကိုယ်ပိုင်ပစ္စည်းဟူ၍ ဇနီးသည်နှင့် သားတယောက်သာ ရှိသည်။
တနေ့ ကိုစောလွင်မှ ကျနော့်အား “ခင်ဗျားကို သတိပေးထားရဦးမယ်ဗျ အခုငြိမ်းချမ်းရေးအဖွဲ့တွေထဲမှာ တော်လှန်ရေးသမားချင်းမို့ ကိုယ်ချင်စာတရားအပြည့်နဲ့ ကူညီမယ့်သူတွေရှိသလို အချိန်မရွေး ချောက်ထဲတွန်းပို့မယ့်သူတွေကလည်း အများကြီးရှိတယ် အပြောအဆိုမမှားဖို့ အရေးကြီးသလို မလိုလားအပ်တဲ့ကိစ္စတွေကို အသိမပေးတာ အကောင်းဆုံးပဲ။ အခု ခင်ဗျား ပြည်တွင်းဝင်မယ့်ကိစ္စကို ကျနော်နဲ့ ဥက္ကဋ္ဌကြီးကလွဲလို့ တခြားလူတွေ မသိစေချင်ဘူး။ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်နေမှာ စိုးရတယ်” ဟု ဆိုလာခဲ့သည်။ ကျနော်ကလည်း “ဟုတ်ကဲ့ပါအစ်ကို အစ်ကို့ရဲ့စကားတွေကိုလည်း ကျနော် လိုက်နာပါ့မည်” ဟု ပြန်လည်ပြောလိုက်သည်။ ဆက်၍ ကိုစောလွင်မှ “စကားမစပ် စောစောက စက်ဝင်လာတယ် စစ်ဦးစီးချုပ်က ခင်ဗျားနဲ့တွေ့ချင်တယ်တဲ့ သူ့ကား ဒီစခန်းကိုလာကြိုလိမ့်မယ် ခင်ဗျားဘက်ကလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ထား” ဟု ဆိုလာခဲ့သည်။
ကိုစောလွင်က ကျနော့်ကို ဆက်လက်မှာကြားပြန်သည်။ “ဦးစီးချုပ်အိမ်ရောက်ရင် ဘာမှမသောက်နဲ့၊ မဟာမိတ်တဦးအနေနဲ့ လာရောက်နုတ်ဆက်တယ်ဆိုတဲ့သဘောပဲ ပေါ်လွင်ပါစေ စကားအစွန်း မထွက်စေနဲ့ တချို့ကိစ္စတွေကိုတော့ ကျနော် ဘေးကထောက်ပေးမယ် မီးစင်ကြည့်ကပေါ့ဗျာ…” ဟုပြောလိုက်သောကြောင့် “ဟုတ်ကဲ့ အစ်ကို” ဟုသာ ပြန်ဖြေလိုက်မိသည်။
ညနေ ၅ နာရီလောက်တွင် ပြည်ရန်အေး စခန်ပေါ်သို့ နောက်ဆုံးပေါ် သိန်းထောင်ကျော်တန် ကားတစီးထိုးဆိုက်လာခဲ့သည်။ ကားပေါ်မှ ရဲဘော်လေးနှစ်ဦးဆင်းလာပြီး စစ်ဦးစီးချုပ်က စခန်းမှာရောက်နေတဲ့ဧည့်သည်ကို ခေါ်ခိုင်းလိုက်လို့ လာခေါ်တာဟု ကိုစောလွင်ကို ပြောနေသည်။ ကိုစောလွင်က ကားပေါ်တတ်ရန် ကျနော့်ကို အချက်ပြလိုက်ပြီး သူလည်း ကားပေါ်သို့ တတ်လိုက်သည်။ ကားကလေးမှာ မိနစ်၂၀ ခန့် တောလမ်းလေးအတိုင်း ကွေ့ပတ်မောင်းနှင်လိုက်သောအခါ ပျဉ်ဆောင်သို့ ရောက်ရှိခဲ့သည်။ ပျဉ်ဆောင်အဝင်တွင်ပင် စစ်ဦးစီးချုပ် သန်းပလန် အိမ်ရှိနေသည်။ အိမ်ရှေ့ ကိုက် ၃၀ ခန့်အကွာတွင် ရဲဘော်ရဲမေ ဘားတိုက်သုံးလုံး သူနေထိုင်သည့် နှစ်ထပ်တိုက်ပုလေးနှင့် အိမ်ရှေ့ရှိ ဂြိုလ်တုစလောင်းကြီးတို့ကို ဦးစွာတွေ့လိုက်ရသည်။
ကားအောက်ဆင်းလိုက်သောအခါ ကိုစောလွင်မှ ဦးဆောင်ပြီး အိမ်ထဲသို့ လှမ်းဝင်ခဲ့ကြသည်။ ဝဝဖိုင့်ဖိုင့်နှင့် ပုဂ္ဂိုလ်ကြီးက ကျနော်တို့ကို ခရီးဦးကြိုဆိုလိုက်သည်။ ကိုစောလွင်မှ “ဒီလူက မဟာမိတ်ကရဲဘော်ပါ ဗိုလ်ချုပ်” ဟု မိတ်ဆက်ပေးလိုက်သောကြောင့် ကျနော်လည်း ခေါင်းငုံအရိုအသေပေးလိုက်သောအခါ အတော်ကျေနပ်သွားပုံရသည်။ သူ့ထံမှစကားသံ စတင်ထွက်ပေါ်လာသည်။ လာဗျာ... လာ, ထိုင်ပါ… အေးအေးဆေးဆေး စကားပြောလို့ရပါတယ်။ ကျနော်တို့ဘက်ကလည်း ကူညီနိုင်တာရှိရင် ကူညီပေးပါ့မယ်ဟု သူက ဆိုလာသည်။ ကျနော်ကလည်း ပြန်လည်ပြီး “ဟုတ်ကဲ့ ဗိုလ်ချုပ် အလည်သက်သက်ပါပဲ ဗိုလ်ချုပ်ကိုလည်း ပြန်ခါနီး လာနုတ်ဆက်တာပါ။ မနက်ဖြန်ကျရင် တပ်ဖွဲ့ရှိရာကို ပြန်မှာမို့ပါ။ အစစအရာရာ ကူညီမှုအတွက်လည်း ကျေးဇူးအထူးတင်ပါတယ်” ဟု ပြောလိုက်သောအခါ ခေါင်းကို တဆက်ဆက်ညိမ့်ရင်း “ထားပါတော့ဗျာ... အခု ဘာသောက်မလဲ ဘာစားမလဲ ဘေးက နံရံပေါ်မှာ အရက်အစုံရှိတယ်။ ဆေးလိပ်ကအစပေါ့ဗျာ… ခေါင်ရည်ကတော့ ဒီမှာရှိတယ်” ဟုဆိုကာ သူ့နံဘေးနား ပိုက်တန်းလန်းနှင့်ချထားသော ခေါင်ရည်အိုးကို ညွန်ပြလိုက်သည်။ ကျနော်ကလည်း “ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ် ဒီကိုမလာခင်ကလေးတင် ကျနော်နဲ့ နိုင်ငံရေးမှူး ထမင်းစားခဲ့ပြီးပြီမို့ ဘာမှမသောက်တော့ပါဘူး” ဟု ပြောလိုက်သည်။ နောက်ပိုင်း ထွေရာလေးပါး ပြောဆိုပြီးသည်နှင့် “ပြန်ခွင့်ပြုပါဦး ဗိုလ်ချုပ် မနက်ဖြန် ခရီးပြန်ထွက်ရမှာမို့ ခွင့်ပြုပါဦး ဗိုလ်ချုပ်” ဟု ခွင့်တောင်းလိုက်သည်။ ထိုအခါ ဗိုလ်ချုပ်သန်းပလန်မှ “အိုကေဗျာ နောက်ကြုံရင်လည်း ဝင်လာခဲ့ကြပါ ကြိုဆိုပါတယ်” ဟု ပြန်လည်နုတ်ဆက်လိုက်သည်။
ကိုစောလွင်နှင့်ကျနော် အိမ်အပြင်လမ်းမတွင် ရပ်ထားသော ကားပေါ်သို့တတ်လိုက်ကြသည်။ ကားပေါ်တွင် ကျနော်တို့နှစ်ဦး တဦးတဦးစကားမဆိုဖြစ်ခဲ့ကြ၊ အတွေးကိုယ်စီရှိနေမည်ထင်သည်။ ကျနော့်မျက်လုံအိမ်အတွင်း၌လည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်သန်းပလန်၏ ပြည့်စုံကြွယ်ဝမှုနှင့် ကိုစောလွင်၏ ချို့တဲ့မှု ထိုနှစ်ခုက လွန်ဆွဲနေခဲ့သည်။ အတွေးတို့က မည်မျှကြာကြာ အမျှင်တန်းသွားသည်မသိ ကားစက်ရပ်မှ စခန်းပြန် ရောက်ခဲ့မှန်းသိလိုက်ရသည်။ စခန်းပေါ်ရောက်တော့ ည ၈ နာရီပင် ထိုးတော့မည်။ အိမ်ထဲဝင်သော ကိုစောလွင်နှင့်ကျနော် ခရီးကိစ္စတိုင်ပင်ကြပြန်သည်။ ကိုစောလွင်က ရဲဘော်ရဲဘက်စိတ်ထား အပြည့်ရှိသည် ဟုဆိုရမည်။
“မနက်ဖြန် ခင်ဗျား ခရီးထွက်မှာဆိုတော့ အစီအစဉ်သေချာ ဆွဲဖို့တော့လိုတယ်ဗျ… ။ လမ်းခရီးမှာလည်း တခုတခုဖြစ်မှာ စိုးရိမ်ရတယ်။ အထဲရောက်ရင်လည်း ဘုန်းကြီးကျောင်းနဲ့ အခြားအိမ်တွေမှာ သွားမအိပ်နဲ့ အန္တရာယ်များတယ် ဗျ…။ တည်းခိုခန်းတွေက လုံခြုံမှုပိုရှိနိုင်တယ်လေ…။ ကျနော့်ဘက်ကလည်း လိုအပ်တာတွေ စီစဉ်ပေးပါ့မယ်။ မနက်ဖြန် ဈေးနေ့လေ ကျနော်ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်” ဟု ဆိုလာသည်။ တဆက်တည်း ကိုစောလွင်မှ “ဆီးဘူးနဲ့တောင်ငူကြားမှာ စစ်တပ်ဂိတ်တွေရှိသလို တခြားလက်နက်ကိုင် အဖွဲ့တွေလည်းရှိတယ်။ ဆီးဘူးကနေ တောင်ငူမရောက်ခင် ဗဟုန်လမ်းခွဲ ကျနော်တို့ပိုင်တဲ့အထိ ခင်ဗျားကို စောင့်ရှောက်ဖို့ ရဲမေနှစ်ဦး ထည့်ပေးလိုက်မယ်” ဟု ပြောလာသည်။
နောက်တနေ့ နံနက်မိုးသောက်သည်နှင့် ကျနော် ခရီးထွက်ရန်အတွက် အဆင်သင့်ဖြစ်နေသည်။ ၅ ရက်တခါသာရှိသောဈေးသို့ ကိုစောလွင်က သူ့ဇနီးနှင့်ကလေးကိုပါ ခေါ်ဆောင်လာခဲ့သည်။ စခန်းမှ ဈေးသို့ အတော်ကလေး လမ်းလျှောက်ရသည်။ သားကလေးကို ပုခုံးပေါ်တင်ရင်း ပြုံးရွှင်ကြည်နူးသော ကိုစောလွင် မိသားစုကိုကြည့်ရင်း အိမ်မှာကျန်ရစ်ခဲ့သော ကလေးများမျက်နှာကလည်း အတွေးပုံရိပ်အတွင်း မကြာခဏ ခလုတ်တိုက်ဝင်ရောက်လာခဲ့သည်။ ထို့နှင့် ကျနော်တို့ ဈေးသို့ ရောက်ရှိခဲ့ကြသည်။ လိုအပ်မည်ထင်သော အသုံးအဆောင်တချို့ကိုလည်း ဝယ်လိုက်မိသည်။ လမ်းခရီးတလျှောက် စိတ်လေလွင့်မှုမရှိစေရန်နှင့် အပန်းဖြေရန်အတွက် နားကြပ်ကက်စက်တလုံးကို ၁၅၀၀ ကျပ် ဖြင့်ဝယ်လိုက်သည်။ ကက်စက်ရောင်းသူမှ အခွေဝယ်ရန်သတိပေးမှ အခွေဝယ်ဖြစ်ခဲ့ပြန်သည်။ ထိုအချိန်က နာမည်ကြီးအဆိုတော် ဇော်ပိုင်၏ “မြို့အဝင်ည” စီးဒီခွေမှာ အတော်ပေါက်ရောက်နေသည်ကို ကျနော် မသိ၊ ဆိုင်ရှင်ညွှန်းမှ ဘုမသိဘမသိ ဝယ်ခဲ့ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဇော်ပိုင်သည် ကျနော့်ခရီးစဉ်တလျှောက် အကောင်းဆုံး ဖျော်ဖြေရေးသမားဖြစ်ခဲ့သည်ကိုတော့ အမှတ်တရ ဖြစ်နေခဲ့သည်။
ဈေးတွင် လှည့်ပတ်ကြည့်၍ သိပ်မကြာလိုက် ယူနီဖောင်းအပြည့်အစုံနှင့် ရဲမေနှစ်ဦး အနားသို့ရောက်လာခဲ့သည်။ သူတို့ကို ဂရုတစိုက် ကြည့်လိုက်တော့ အသက်အားဖြင့် ၁၅ နှင့် ၁၆ နှစ် အတွင်သာရှိမည်။ ရုပ်ရည်သန့်ပြန့်ပြီး ကြည်လင်အေးချမ်းသော မျက်နှာပိုင်ရှင်လေးများ ဖြစ်နေခဲ့သည်။ ကျောင်းတတ်ပြီး ပညာရှာရမည့်အရွယ်ဖြစ်သော်လည်း အခြေအနေအရပ်ရပ် တွန်းပို့မှုကြောင့် ရဲမေဖြစ်နေခဲ့ကြရသည်။ သူတို့ဘဝဇာတ်ကြောင်းတွေကလည်း စိတ်ဝင်စားဖွယ်ရာအတိ၊ သူတို့နှစ်ဦးက ကျနော့်လုံခြုံရေးအတွက် ဆီးဘူးမှ တောင်ငူမရောက်မီ ကျေးကတော့ (ဗဟုန်း လမ်းခွဲ) အထိ တာဝန်ယူရမည်ဖြစ်သည်။ ထိုရဲမေနှစ်ဦး၏ အမည်များကိုလည်း ကျနော့်ဒိုင်ယာရီထဲတွင် မှတ်တမ်းတင်ထားခဲ့သည်။ မေရီနှင့် အေးအေးမြင့် ဟူ၍ဖြစ်သည်။
(ဆက်ပါဦးမည်)
အုပ်ကြီးဖေ ၂၈-၉-၂၀၁၃
No comments:
Post a Comment