Thursday, September 26, 2013

သေရိုးမရှိတဲ့စိတ်ဓာတ်နဲ့ အတိတ်လွမ်း၊ အရေးတော်ပုံစိတ်ဓာတ်နဲ့ အနာဂတ်မှန်း (ဟံသာဝတီ ဦးဝင်းတင်)

စစ်ငါးမန်းအုပ်ကြား
ဆူနာငွေလှိုင်း ဒုံးစိုင်းသွား
ဖီးနစ် တွန်သံကြား။

ဒီနေ့ စက်တင်ဘာလ ၂၃ ရက်။ လေး-ငါးရက်ဆိုရင် စက်တင်ဘာ ၂၇ ရက်။ အဲဒီနေ့ကို မှတ်မိကြရဲ့မဟုတ်လား။ ငွေကြယ်ဖြူရဲ့အလင်းတန်းအောက် မိုးထောင်မပစ်။ တည့်တည့်ပစ်တဲ့ သေနတ်ပြောင်းဝတွေရဲ့ ရှေ့လျှောက်၊ ကမ္ဘာမကျေဘူး၊ ဒို့အရေး ဟစ်ကြွေးသံတွေ မိုးယံဖောက်တဲ့ မကြောက်တရားနေ့တွေရဲ့အလွန်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီး (ဒီချုပ်) သက်ဝင်ပေါက်ဖွား လှုပ်ရှားရုန်းကန်ခြင်း စတင်တဲ့နေ့လေဗျာ။

အဲဒီနေ့မှာ အဲဒီကဗျာလိုလို စာတိုတိုလေးကို ကျုပ် စာရွက်ပေါ် ရေးချင်တယ်။ ဆူနာမီဆိုတာ ဧရာမ မြေငလျှင်ကြီးရဲ့နောက်ဆက်တွဲ ပင်လယ်သမုဒ္ဒရာ လှိုင်းမဟာကြီးတွေပေါ့။ ဖီးနစ်မီးလျှံငှက်ဆိုတာ သေကိန်းကြုံတိုင်း မီးပုံကြီးထဲ ခုန်ဆင်း၊ မီးလျှံနင်းတက်၊ အသက်ဆက်တဲ့ ဒဏ္ဍာရီငှက် ဖြစ်တယ်။ မြန်မာရိုးရာ ဒဏ္ဍာရီထဲက သေရိုးမရှိတဲ့ ဇာမရီငှက်မျိုးဆိုပါတော့။

တိုက်ဆိုင်လို့ ပြောရဦးမယ်။ စစ်အာဏာရှင်တွေရဲ့ထောင်မှာ ကျုပ် ရက် ခုနစ်ထောင်လောက် နေခဲ့ရတယ်။ ၁၉၈၉ ဂျူလိုင်က ၂၀၁၀ စက်တင်ဘာအထိ။ စက်တင်ဘာ ၂၃ ရက်မှာ ကျုပ် ထောင်ကလွတ်တယ်။ လဒသေကောင်ကို ခွေးတွေဝိုင်းဆွဲကြသလို ထောင်ကြိုထောင်ကြားက ကားအတင်းဖြတ်မောင်းတယ်။ ကျုပ်ကို အိမ်ပြန်ပို့တယ်။

ကျုပ် ထောင်ပြည်တော်မှာ ထောင်နန်းစံတုန်း ပါတီရဲဘော်တစ်ယောက် ရွှေရတုမွေးနေ့ ကြုံတယ်။ ဘာလက်ဆောင်မှ ပေးစရာမရှိ။ ကျုပ် ကဗျာတပုဒ်ရေးပေးလိုက်တယ်။ ဂျပန်ဟိုက်ကု ကဗျာပုံစံ။


စစ်ခွေးသံတိုင်ကြား
ရွှေမြစ်တစင်း စီးဆင်းသွား
ခွပ်ဒေါင်းတွန်သံကြား။

ဒီနေ့ ဒီချုပ်ရဲ့ ၂၅ နှစ်မြောက်မွေးနေ့ဆိုတော့ “ဆူနာမီငွေလှိုင်း ဒုံးစိုင်းတာပေါ့ဗျာ။ ခွပ်ဒေါင်းတွန်သံမကြား၊ ဘာကြောင့်များ မီးလျှံဖီးနစ်ငှက်တွန်သံ ကြားရတာပါလိမ့်။

စောစောကပြောခဲ့သလို မီးလျှံဖီးနစ်ငှက် အာဇာနည်မျိုး သေရိုးမရှိတဲ့ငှက်။ သေကိန်းကြုံတိုင်း မီးလျှံမီးပုံထဲ ခုန်ဆင်းတယ်။ သက်ရှင်သန်စွမ်း ပျံသန်းပြန်သတဲ့။ ဒီငှက်အကြောင်း ကမ္ဘာ့စာပေ၊ တရုတ်ကဗျာတွေ၊ အင်္ဂလိပ်ကဗျာတွေမှာ ကောင်းကောင်းစာဖွဲ့ခဲ့တယ်။ ကမ္ဘာကျော် အင်္ဂလိပ်ကဗျာဆရာကြီး ရှိုက်စပီးယားက ကြံကြံဖန်ဖန်မီးလျှံငှက်နဲ့ လိပ်ကောင်ကို ဇာတ်ဆောင်ထား ကဗျာဖွဲ့ဖူးသေးတယ်။ ဒီနေ့သာ ရှိုတ်စပီးယား သက်ရှိထင်ရှားသေးရင် သေရိုးမရှိ နိုင်ငံရေးဦးသက်ပြင်း ဒီချုပ်ကြီးကို ဖီးနစ်ငှက်နဲ့ နှိုင်းခိုင်းမယ်။ ကဗျာသီဖွဲ့မယ်။ ဒီချုပ်နဲ့ ဖီးနစ်ငှက် ဖီးနစ်ငှက်နဲ့ ဒီချုပ် ထပ်တူသဘောဝေါဟာရတွေ ဖြစ်လာလိမ့်မယ်လားလို့တောင်မှ ကျုပ် တွေးယောင်မိတယ်။

ကျုပ်အတွေးမလွန်ဘူးလို့ အများကလည်း ထင်ကြမှာပါ။

ဖြတ်သန်းခဲ့တဲ့ ဒီချုပ်ကြီးရဲ့ ငွေရောင်နေ့များကို ပြန်ပြောင်းအောက်မေ့ကြည့်လေ။ နိုင်ငံရေး သေမင်းနဲ့ စခန်းသွားခဲ့ရတာ အကြိမ်အခါ အရာအထောင်ထက် မနည်းပါကလား။ အလီလီအလာလာ အခါခါ အထပ်ထပ်ပါကလား။ သိမြင်ကြမှာပေါ့။

ဒီချုပ် စတင်ဖွဲ့စည်းတော့ အမာခံဇာစ်မြစ်က စစ်သွေးစစ်နွယ်တွေ ဖြစ်နေတယ်။ ဘယ်သူက အပျက်မြင်ပြီး၊ ဘယ်သူက အကွက်ဆင်လိုက်မှန်း မသိ။ နေညီနှစ်ယောက် (ဗိုလ်ချုပ်ကြီးနေဝင်း နဲ့ တန်းစီညာညှိခဲ့သူတွေ)နဲ့ လေဒီတစ်ယောက်ပေါင်းပြီး အောင်စုတင်လို့ ဦးထိပ်ပန်ဆင်ခဲ့ကြတာကိုး။ ကံကောင်းလို့ ဒီချုပ် သက်ဆိုးရှည်ခဲ့တယ်။ ဒါတောင် နှစ်လအတွင်း ပါတီနှစ်ခြမ်း ဗျန်းဗျန်းကွဲရော။

မကြာလိုက်ဘူး။ ဒီချုပ် ထိပ်သီးခေါင်းဆောင်တွေ ထောင်ထဲရောက်ကုန်တယ်။ ၁၉၉၀ မှ အထွေထွေ ရွေးကောက်ပွဲကြီး လုပ်တယ်။ ဒီချုပ် ဝက်ဝက်ကွဲနိုင်တယ်။ စစ်အစိုးရက အာဏာမလွှဲဘူး။ နင်အကောင်ကြီးတယ်။ နှစ်ခါပြန်လျှောက်ဆိုတဲ့အကိုင်နဲ့ တိုးတယ်။ ဒီချုပ်အမတ်တွေ အဖမ်းခံရ၊ ပြည်ပပြေးရ၊ ကျန်စစ်သားခေါင်းဆောင်မှုက အမျိုးသားညီလာခံထဲ တန်းစီ ချီတက်သွားတယ်။ ဒေါ်စုလွတ်လာပေလို့။ မနည်းပြန်ဆွဲထုတ်ရတယ်။ ဒါပေမယ့် အဲဒီ “ညောင်နှစ်ပင်” ဒဏ်နဲ့ ဒီချုပ် ဖရိုဖရဲနဲ့ အမွှာမွှာ ကွဲကိုကွဲ၊ အမိန့်တော်အရ ဖြုတ် ထုတ် ကွဲတွေ ပေါ်လိုပေါ်။ နိုင်ငံရေးအမဲလုံးပစ်ခံရလို့ ခေါင်းဆောင်ပိုင်း အပဲ့အကြွေ၊ အကွေအကွာတွေ ဖြစ်လိုဖြစ်။

ဒေါ်စုလွတ်လာပြန်တော့ ပါတီဝင်တွေကို ပတ်တုတ်လို့ ပြန်ပေါင်းထုပ်ဇာတ်ပွဲကို မပျော့်တပျော် ဆင်နွှဲရပြန်တယ်။

အဲဒီမှာ အပဲ့အအက် အပျက်အလိန် နောက်ချိန်ဇာတ်လမ်းလေးတွေဟာ ၂၀၁၀ အာဏာရှင် အမွေခံတွေရဲ့ နိုင်ငံရေးခေါစာပစ်ပွဲ ဘုဉ္စဟိနွှဲကြချိန်ထိ ပါတီရဲ့ကလိစာတွေကို အဖြည်အခွာ အဆုတ်အဖြဲလုပ်နေကြတုန်းပဲ။ ဒါပေမယ့် ပြည်သူတွေရဲ့ နိုင်ငံရေးအပြောင်းအလဲ ဇာတ်လမ်းကွဲတွေက သူ့အရပ်နဲ့ သူ့ဇာတ် မပြတ်မတောက် ဆက်ပျော်ဆက်ကနေကြတာပါပဲ။ ဒီကြားထဲ ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီးမျိုးကို စစ်အာဏာရှင်တွေက ပွဲသွင်းကြတယ်။ ဒီမိုကရေစီဘက်တော်သား တိုင်းသားပြည်သူ ရဟန်းရှင်လူတွေက ရွှေဝါရောင်တော်လှန်ရေးလို နိုင်ငံရေးလှုပ်ရှားမှုကြီးမျိုးကို ပွဲသွင်းကြတယ်။

နောက်ဆုံး ငွေရတုအခါတော်ကြီးကိုရောက်တော့ ဒီချုပ်ဟာ မူလဘူတ မူဝါဒတွေမှာ ပိုမိုစွဲမြဲခိုင်မာလာပြီ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူလူထုကြီးက ၁၉၉၀ ရဲ့ အနိုင်အိပ်မက်တွေကို ဒီချုပ် လက်ရောက်အပ်လိုက်ပြန်ပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံး ပြည်လုံးကျွတ်ညီလာခံကြီး ကျင်းပနိုင်လိုက်ပြီ။ ပါတီဝင်ထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ပွဲတွေနဲ့ ပါတီခေါင်းဆောင်မှု အဆင့်ဆင့်ကို ရွေးတင်လိုက်ပြီ။ အောက်ခြေရပ်ကွက် ကျေးရွာအဆင့်ကနေ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ဗဟိုအထိ အဆင့်ဆင့် ရွေးချယ်လိုက်တာဖြစ်တယ်။

ဟော ဒီအချိန်မှာတော့ မသေကောင်း မပျောက်ကောင်း ဒီချုပ် အကြိမ်ကြိမ် အဖန်ဖန်ရှင် ပြန်ထမြောက်ခြင်းနဲ့ နိုင်ငံရေးလူလားမြောက်ခဲ့ပြီ။

အားလုံး ဝမ်းမြောက်ကြလော့။ အားလုံး ရွှန်လန်းကြလော့။ အားလုံး အားတက်ကြလော့။

အခါတော်ရောက်ပြီမို့ ပြည်တော်ဝင်ကြရတော့မယ်။ အားလုံး အားတင်းကြ၊ အားလုံး မာန်သွင်းကြ။ အားလုံး ဉာဏ်လင်းကြ။

ဖီးနစ်စီးလျှံငှက်စိတ်ဓာတ်သစ်မွေး ခေတ်ဟောင်းက မသေကောင်းမပျောက်ကောင်း နိုင်ငံရေးဘဝဆိုးတွေကို လွမ်းသကြ။

ခွပ်ဒေါင်းအရေးတော်ပုံစိတ်ဓာတ်မွေးကြ အနာဂတ်မှာ ဒီမိုကရေစီလူ့ဘောင်သစ်နဲ့ ပြည်ထောင်စုသစ် ထူထောင် တည်ဆောက်ရေး နိုင်ငံရေးတာဝန်တွေကို ဖြည့်ဆည်းကြ။       ။

ဟံသာဝတီ ဦးဝင်းတင် 
ဒီလှိုင်းဂျာနယ်၊ အတွဲ (၂) အမှတ် (၃၇)


 

No comments: