ကိုရဲပြန်သွားပြီး နောက် ၂ နာရီလောက်ကြာတော့ ကိုရဲအမျိုးသမီး တယ်မီ (Tammy) ရောက်လာတယ်။ ဒါနဲ့ ကျနော်လည်း တယ်မီနဲ့တခါ မီးသတ်သက်သာ လ္ဘက်ရည်ဆိုင်မှာပဲ စကားပြောရပြန်တယ်။ မင်းကျော်ခိုင် ကိုရဲကို သီချင်းရေးဖို့ နင်တိုက်တွန်းစမ်းပါဟာ... ငါကတော့ သူ့ကို နေ့တိုင်း သီချင်းရေးဖို့ ပြောပြောနေရတာ မောလှပြီ။ ဒါကြောင့် နင့်ကိုလာပြီး ဝိုင်းပြောပေးဖို့ ငါ လာပြောတာတဲ့။
တယ်မီ ခုနကပဲ ကိုရဲ ငါ့ဆီ လာသွားတယ်၊ နင် သူ့ကို သီချင်းရေးပါ သီချင်းရေးပါ ဆိုပြီး သွားနားပူနားဆာမလုပ်နဲ့၊ သူတို့အကြောင်း ငါ အသိဆုံး၊ သီချင်းရေးတယ်ဆိုတာ ရေးချင်တဲ့အချိန် ကောက်ရေးလို့ရ ရအောင် စက်ရုံကထုတ်တဲ့ပစ္စည်းမျိုး မဟုတ်ဘူး...၊ သူတို့ Mood ဝင်တဲ့အချိန်၊ ရေးချင်စိတ်ပေါ်လာတဲ့အချိန် နောက် ပတ်ဝန်းကျင်နဲ့လည်း ဆိုင်တယ်။ တိတ်ဆိတ်တဲ့နေရာ၊ တိတ်ဆိတ်တဲ့ညမျိုးတွေ သူ အတွေးနယ်ချဲ့ပြီး စဉ်းစားရေးရတာမျိုး၊ သံစဉ်ရှာရတာမျိုး၊ နင် အဲလို ကိုရဲကို နေ့တိုင်း သီချင်းရေးခိုင်းနေရင် သူလည်း စိတ်ညစ်မှာပဲ၊ သူရေးချင်တဲ့အချိန်ကျ သူရေးမှာပေါ့... သူ့ကို စိတ်ညစ်အောင်မလုပ်ပါနဲ့ဟာ... လို့ပြောရတယ်။
မဟုတ်ပါဘူးဟာ၊ ငါ သူ့ကို ချစ်ပါတယ်၊ သူ့ကိုလည်း ဘယ်တော့မှ စိတ်မညစ်စေချင်ပါဘူး၊ ခု ငါတို့က အိမ်ထောင်ကျနေကြပြီလေ၊ ဒီတော့ ဘာပြောပြော အိမ်အတွက်က ငွေလိုတာပဲ ဒါကြောင့်ပါဟာ... ဆိုတော့ ကျနော် တယ်မီ့ကို ခုနက ကိုရဲလာပြီး သူ့သီချင်းပေါင်းချုပ်စာအုပ်ထုတ်ဖို့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ လာသွားတဲ့အကြောင်းပြောပြလိုက်တော့ လုပ်ပါဟာ ဖြစ်စေချင်တယ် ငါ့မှာ စုထားတဲ့ပိုက်ဆံတော့ရှိတယ် အရင်းဘယ်လောက်ကျမလဲသာပြော ငါ ပေးပါ့မယ် မင်းကျော်ခိုင်ရယ်ဆိုပြီး အားတက်သရောပြောလာတယ်။
အေးပါဟာ ငါကူညီပါ့မယ်၊ ခုဟာက စမလို့ပဲရှိပါသေးတယ်၊ ဖြစ်အောင်လုပ်ရမှာပေါ့ဟာ... နောက် နင့်ကိုငါ ကြိုပြောထားမယ် ကိုရဲတို့ အနုပညာသမားတွေက သူတို့အနုပညာကို ချစ်တယ်၊ တန်ဖိုးထားတယ်၊ တချို့က အနုပညာသမားတွေအပေါ် နားမလည်ကြဘူး၊ သူတို့ အနုပညာကိုဖန်တီးကြတာတွေက လွယ်တယ်လို့ ထင်ကြတယ်၊ အဲဒါ မှားတယ် အနုပညာကိုဖန်တီးကြတဲ့သူတွေမှာ သူတို့အရင်းအနှီးတွေက အရမ်းကြီးကြတယ်၊ စွန့်လွှတ်ခဲ့ကြတာတွေ အများကြီးပဲ၊ အဲဒါကြောင့် နင် ကိုရဲကို နားလည်ပေးစေချင်တယ်၊ ကိုရဲကို သီချင်းရေးလေ... ရေးလေနဲ့ ဘယ်တော့မှ နားပူနားဆာမလုပ်ပါနဲ့ဟာ လို့ ပြောလိုက်တော့ အေးပါဟာ ငါ သူ့ကို မပြောတော့ပါဘူး... သူ ထုတ်ချင်တဲ့ သူ့သီချင်းစာအုပ်ကိုပဲ ထုတ်ဖြစ်အောင်ထုတ်ပေးလိုက်ပါဟာ... ငါ နင့်ကိုကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်စရာမလိုပါဘူး ကိုရဲဆိုတာ ငါ့အကိုကြီးပါပဲ သူ့အတွက် ငါ အတတ်နိုင်ဆုံးလုပ်ပေးမှာပါ။ အေးဟာ နင် အဲဒီစာအုပ်အတွက် အရင်းလိုပြီဆို ငါ့ပြော၊ ငါ ကိုရဲနဲ့ပေးလိုက်မယ် လို့ ပြောပြီး Tammy ပြန်သွားတယ်။
ကျနော်လည်း သူတို့အတွက် အဆင်ပြေအောင် အကူအညီပေးဖို့ ဆုံးဖြတ်ထားပြီးသားပါပဲ...။ နောက် ၃ ရက်လောက်ကြာတော့ ကိုရဲနဲ့ ကျနော် သိမ်ကြီးဈေးက ဘိုစိန်ဆီ ချီတက်ကြတယ်။ ဘိုစိန်ဆိုတာက ရန်ကုန်မြို့ သိမ်ကြီးဈေးက အမွှေးတိုင်လုပ်ငန်းရှင် မြန်မာပြည်ဖွား အိန္ဒိယအမျိုးသား၊ အရမ်းသဘောကောင်းတယ်။ ကိုရဲ၊ ကိုတိုး၊ ကိုမောင်တို့ဆို သူက အရမ်းခင်တယ်၊ အရမ်းလည်း လေးစားတယ်၊ ဘာအကူအညီလိုလို အချိန်မရွေး လိုတဲ့အကူအညီပေးတတ်တယ်။ သိမ်ကြီးဈေးထဲ ရွှေတိဂုံဘုရားလမ်း ကုန်တိုက် ၁ နဲ့ မျက်နှာချင်းဆိုင်။ ဈေးထဲဝင်ရင် ကိုအုန်းမြင့် (ရီဇော်) တို့ရဲ့ ဒေါ်ရီ ကွမ်းယာပစ္စည်းဆိုင်ကို အရင်ဖြတ်ရမယ်၊ ဒေါ်ရီဆိုတာက ကိုအုန်းမြင့်တို့ရဲ့ အမေပါ။ သူတို့ဆိုင်မှာက အန်တီရီ၊ ကိုအုန်းမြင့်၊ ကိုထွန်းဝင်း (ဒိန်း)၊ ကိုကျော်ဇော၊ ကိုထွန်းလင်း၊ ချိုတူး (ချိုချိုမြိုင်) ချိုတူးကိုလည်း ရင်းနှီးတဲ့ သူ့သူငယ်ချင်းတွေက ဒိန်း လို့ ခေါ်ကြတယ်၊ သူတို့မိသားစု ဈေးမှာထိုင်ကြတယ်။ နောက်ပိုင်း သူတို့မိသားစုက ရန်ကုန်မှာ အောင်မြင်လာတဲ့ ဒေါ်ရီနဲ့သားများ အထည်ဆိုင်ဆိုပြီး ဖွင့်ခဲ့ကြတယ်။ ချိုတူး(ချိုချိုမြိုင်)က ကမ္ဘောဒီးယားက ဖနွမ်းပင်မှာ ဧရာဝတီ မြန်မာထမင်းဆိုင်ဖွင့်ထားပါတယ်။
ကိုရဲတို့အုပ်စုက ကိုအုန်းမြင့်တို့ဆိုင်လည်း ဝင်တယ်။ ကိုအုန်းမြင့်က လ္ဘက်ရည်မှာတိုက်မယ် အားလုံးကို၊ သူတိုက်တဲ့လ္ဘက်ရည်သောက် ပြီးရင် ဘိုစိန့်ဆိုင်ဆက်သွားကြတာလေ၊ လမ်းစရိတ်လိုရင်တောင် ကိုအုန်းမြင့်ဆီက ဆွဲကြတာ။ ကိုရဲနဲ့ ကျနော် ဘိုစိန့်ဆိုင်ရှေ့ရောက်တော့ ဘိုစိန်က ကိုရဲ ဘယ်လိုလဲဆိုပြီး သူ့အိန္ဒိယသံဝဲတဲ့မြန်မာစကားနဲ့ နှုတ်ဆက်တယ်။ ကိုရဲက ဘိုစိန် ကိုယ်တို့ ၇ မိုင်က အိုအေစစ်စတူဒီယိုမှာ ကိုယ့်သီချင်းစာအုပ်မျက်နှာဖုံးအတွက် ဓာတ်ပုံသွားရိုက်မလို့ အဲဒါ RASU ထဲက ဓာတ်ပုံဆရာကို ဝင်ခေါ်ပြီးသွားမလို့ ဘိုစိန်ဆီက ကားအကူအညီလာတောင်းတာလို့ ပြောတော့၊ ဘိုစိန်က အိုကေ ကိုရဲ ကျနော့်ကားယူသွား ကျနော့်ဒရိုင်ဘာကို ပြောလိုက်မယ်၊ ကိုရဲတို့ကိစ္စပြီးမှ ကားပြန်လွှတ်လိုက်ပေါ့ လောလောဆယ် လ္ဘက်ရည်သောက်သွားလေဆိုတော့ သောက်ပြီးပြီဘိုစိန် ကိုအုန်းမြင့်ဆီမှာ သောက်ခဲ့ပြီးပြီ လို့ပြောပြီး ဘိုစိန့်ကားနဲ့ ၇ မိုင်က အိုအေစစ် စတူဒီယိုကို ထွက်ခဲ့ကြတယ်။ အိုအေစစ် စတူဒီယိုဆိုတာ အဲဒီအချိန်က ဖြူသီရဲ့ သီချင်းခွေတွေသွင်းခဲ့တဲ့ စတူဒီယို၊ ဘိုစိန်ပေးလိုက်တဲ့ကားကလည်း ကြည့်အုန်း... သူ့အမွှေးတိုင်တွေ တင်ပို့လုပ်တဲ့ ဒေါ့ဂျစ်ကားကြီး။
အဲဒီကားကြီးနဲ့ ဘိုစိန့် ကားဒရိုင်ဘာရယ်၊ ကျနော်ရယ်၊ ကိုရဲရယ် လေးယောက်သား RASU (ရန်ကုန်တက္ကသိုလ်) ထဲဝင် ဓာတ်ပုံဆရာ(နာမည်မမှတ်မိ) ကိုဝင်ခေါ် ပြီးတော့ အိုအေစစ်ကို ချီတက်ခဲ့ကြတယ်။ အိုအေစစ်ကိုရောက်တော့ အဲဒီနေ့မှာ အသံသွင်းသူ မရှိဘူး၊ စတူဒီယိုက အားတယ်။ တာဝန်ရှိတဲ့သူတွေက တံခါးဖွင့်ပေးရင်း ကိုရဲ ဘယ်ကဘယ်လိုရောက်လာတာလဲ၊ ကျနော်တို့ ဘာအကူအညီပေးရမလဲ တလေးတစားမေးကြတယ်။ ကိုရဲက ကိုယ်တို့ထုတ်မယ့် သီချင်းစာအုပ်အတွက် အဖုံးဓာတ်ပုံလာရိုက်တာလို့ ပြောတော့ ဝိုင်းကူညီကြပါတယ်။ သူတို့စတူဒီယိုခန်းမကို ဖွင့်ပေးပြီး ဓာတ်ပုံရိုက်ဖို့လိုတဲ့ အကူအညီပေးကြတယ်။ ခန်းမထဲက ဂစ်တာတွေနဲ့ပဲ ကိုရဲကို ကျနော်က ဂစ်တာကို ဘယ်လိုစတိုင်နဲ့ ဘယ်လိုကိုင် ဘာညာနဲ့ ဆရာကြီးလုပ်ပြောပြီး RASU က ဓာတ်ပုံဆရာနဲ့ ပုံတော်တော်များများ ရိုက်ခဲ့ကြတယ်။
နောက်နေ့ ကိုရဲနဲ့ ကျနော်တွေ့ကျတော့ ကိုရဲက တယ်မီက သီချင်းစာအုပ်ရိုက်တဲ့အခါသုံးဖို့ ငွေ ၂ဝဝ ကျပ်ပေးလိုက်တဲ့အကြောင်း ပြောတယ်။ သုံးတဲ့စားရိတ်တွေကို လက်ခံပြေစာယူခဲ့ဖို့လည်း မှာတယ်တဲ့၊ ဒါပေမယ့် အဲဒီငွေ ၂ဝဝ လည်း ပြေစာမရတဲ့ အသုံးစားရိတ်ထဲ ပါသွားတာပါပဲလေ... ဟိုကောင်း ဒီကောင်းပေါ့။ နောက်ဆုံးတော့ ထုံးစံအတိုင်း သိမ်ကြီးဈေးက ဘိုစိန်ပဲ ရှင်းပေးခဲ့ပါတယ်။ ကျနော်တို့သုံးခဲ့တာတွေကိုပါ။ စာအုပ်ကတော့ ဘာမှမလုပ်ရသေးဘူး။
ကြားထဲ စကားဖြတ်ပြောပါရစေ။ ဘာလဲဆိုတော့ ကိုရဲ အမေရိကားမလာခင် သူနဲ့ကျနော် ခဏခဏ ဖုန်းပြောဖြစ်တယ်။ အဲဒီအချိန်တုန်းက သူ YMCA မှာနေ နေတဲ့အချိန်၊ YMCA ဖုန်းနံပါတ်က မွန်းအောင်ဆီကရတာ။ သူ့ကို ကျနော် မနက်စောစော ၇ နာရီပတ်ဝန်းကျင် ခေါ်ရတယ်။ ဘာလို့ဆို ကိုရဲက စောစောထပြီး မနက်စာ ဆင်းဆင်းစားတတ်တယ်ဆိုတာ သိထားလို့။ ဒါတောင် တခါတလေ ဖမ်းမမိချင်ဘူး၊ ကျနော် ဖုန်းခေါ်တိုင်း အော်ပရေတာကို ကျနော် မင်းကျော်ခိုင်ပါ၊ နယူးယောက်က ခေါ်ပါတယ်၊ ကိုရဲလွင်နဲ့ စကားပြောချင်လို့ပါလို့ဆိုလိုက်ရင် ခဏကိုင်ထားပါနော်ဆိုပြီး မြန်မာပြည်ထုံးစံအတိုင်း သူ အော်ခေါ်တဲ့အသံ ကြားနေရတယ်။ ဦးရဲလွင် အမေရိကား နယူးယောက်က ကိုမင်းကျော်ခိုင် ဖုန်းခေါ်ပါတယ်၊ ဦးရဲလွင် ဖုန်း... ဖုန်း... နဲ့ ကိုရဲကို အကြောင်းကြားနေတဲ့အသံ အမြဲကြားနေရတယ်။
တရက် ကိုရဲနဲ့ဖုန်းပြောတော့ ကိုရဲအသံက တမျိုးဖြစ်နေတယ်။ မိုင်ကျော်ခင်း ကိုယ် ကိုယ့်ဖုန်းနံပါတ်ပေးမယ် လက်ကိုင်ဖုန်း အိုကေ နောက်ဆို ကိုယ့်ဆီ မိုင်ကျော်ခင်း ဒါရိုက်ခေါ်လို့ရပြီဆိုပြီး သူ့ Cell Phone နံပါတ်ပေးတယ်။ သြော်... ဒါကြောင့် သူအသံက ဝမ်းသာအားရပြောတဲ့အသံ ဖြစ်နေတာကိုး။ ကျနော်နဲ့ သူ အချိန်မရွေး ဖုန်းခေါ်ပြောလို့ရပြီလေ... အချိန်မရွေး စကားပြောလို့ရပြီလေ...။
နောက်တပတ်လောက်အကြာ သူ့ Cell Phone ကိုခေါ်တော့ ကိုရဲက မိုင်ကျော်ခင်းကို ကိုယ်ပြောစရာရှိတယ်၊ ပြောဗျာ ကိုရဲဆိုတော့ ကိုယ့်မှာ ပြဿနာတခုရှိတယ်ကွာ မိုင်ကျော်ခင်းရာ... ကိုယ် အပြင်သွားစရာရှိတဲ့အခါ ဘာအင်္ကျီဝတ်ရမှန်းမသိဘူးကွာ... ရွေးရခက်တယ်၊ ခု အဲဒါ အဆင်ပြေသွားပြီ၊ ကိုယ့်ကို အမျိုးသမီးတယောက်က လုံးဝ အကူအညီပေးတယ်၊ သူ ရွေးပေးတယ်၊ ခု ကိုယ်ကိုင်နေတဲ့ဖုန်းကလည်း သူပဲ ဝယ်ပေးတာလေ၊ အဲဒါ ကိုယ် သူနဲ့ တော်တော်အဆင်ပြေတယ် မိုင်ကျော်ခင်းရေဆိုပြီးပြောလာတော့၊ ကျနော် တော်တော်အံ့သြရင်း ဒါကြောင့် ကိုရဲ ဒီနေ့ ကိုရဲအသံ ခါတိုင်းနဲ့မတူဘူး... တော်တော်လန်းနေတယ်လို့ဆိုတော့ ကိုရဲအသံ ဟိုး... ငယ်ငယ်ကလို ဟဲဟဲ တဲ့ လူကြီးရှက်ရီရီတဲ့အသံနဲ့...။
ကျနော်က ပြန်မေးလိုက်တယ်။ နေပါအုန်း ကိုရဲမှာ အဝတ်အစားရွေးဝတ်ဖို့ ခက်နေရအောင် ဘယ်နှစ်စုံတောင်ရှိလို့လဲဆိုတော့ ... အင်္ကျီ လုံချည် ၃ စုံ တဲ့။ ဒါများကိုရဲရာ နေပါအုန်း အဲဒီအမျိုးသမီးက ဘယ်သူလဲ ဘယ်ကလဲ မေးခွန်းတွေမေးရင်း ကိုရဲကို အဲလောက်တောင် ဂရုစိုက်တယ်ဆိုရင် ကိုရဲ ဘာမှစဉ်းစားမနေနဲ့ ယူလိုက်ဗျာ ကိုရဲအတွက် ဘာပဲဖြစ်ဖြစ်အဖော်ဆိုတာ လိုတယ်၊ ကိုရဲလည်း အသက်ကြီးပြီ ကိုယ့်အပေါ် အဲလိုနားလည်ပေးနိုင်တဲ့ ပြုစုပေးမယ့်အဖော်တော့လိုတယ် လို့ ပြောလိုက်တော့၊ ကိုရဲက မိုင်ကျော်ခင်း ကိုယ် အိမ်ထောင်ကျဖူးတာ သိတယ်နော်လို့မေးတော့ သိတယ်လေ ကိုရဲ တယ်မီနဲ့ အိမ်ထောင်ကျဖူးတာလေ၊ တယ်မီ့ကို ကောင်းကောင်းသိတာပေါ့ဆိုတော့ ကိုရဲက ... အေး ခုနက ကိုယ့်ကို ဂရုစိုက်တယ်ဆိုတဲ့အမျိုးသမီးက တယ်မီပဲလေ တဲ့။
Ko Yeh and Tammy
Photo Credit: Zin Wai Latt (သားငယ်)
ဆက်ပါဦးမည်။
မင်းကျော်ခိုင်
No comments:
Post a Comment