Sunday, September 22, 2013

နှလုံးသား ဒိုင်ယာယီ (၁၃) - အုပ်ကြီးဖေ

၁၄ ဇန်နဝါရီ ၂၀၀၂ 

ခဏတာကာလလေးအတွင်း၌ပင် မိတ်ဆွေကောင်းတို့ကိုလည်း တွေ့ကြုံရတတ်သည်။ မှတ်ပုံတင်လက်ဝယ်ရရှိပြီး နောက်တနေ့ ဖရူဆိုမြို့အထွက်ရှိ ဆီးဘူး၊ တောင်ငူ ကားလမ်းခွဲလေးသို့ ရောက်ရှိလာတော့သည်။ ဆီးဘူးသို့သွားရန်အတွက်ဖြစ်သည်။ ဆီးဘူးဆိုသည့်မြို့က မည်သည့်နေရာတွင် ရှိမှန်းမသိ။ အမည်နာမကိုပင် ယခုမှ ကြားဖူးခြင်းဖြစ်သည်။ ၁၀ မိနစ်ခန့်အကြာ လိုင်းကားတစီး ထိုးဆိုက်လာသည်။ ကျနော်လည်း လိုင်းကား ခေါင်မိုးပေါ်တက်ကာ နေရာယူလိုက်သည်။ ကားလမ်းခရီးတလျှောက် ကားစီးရင်း တွေ့မြင်ရသော ဆိုင်းဘုတ်တို့ကိုဖတ်ရင်း ဘယ်မြို့ဘယ်ရွာ စသဖြင့် စိတ်ထဲတွင်သာ မှတ်လာခဲ့သည်။ အချို့မြို့ရွာများကို ကောင်းစွာ မမှတ်မိ။ သံပုံးတောင်၊ သောက်ရေခပ် စသဖြင့် တချို့ကိုတော့ မှတ်မိသည်။ 

အချိန်အတော်ကြာစီးနင်းပြီး နေ့လည်ပိုင်းလောက်တွင် ဆီးဘူးမြို့သို့ ရောက်ရှိသည်။ ကားပေါ်မှဆင်းလိုက်သော်လည်း မည်သည့်နေရာသို့ ခရီးဆက်ရမည်မသိ။ မြန်မာ့တပ်မတော်မှ တပ်မတော်သားတို့ကလည်း ဥဒဟို သွားလာနေသောကြောင့် လိပ်ပြာမလုံ။ ကျောချမ်းနေမိသေးသည်။ 

ဆီးဘူးမြို့အတွင်း လိုက်လံစုံစမ်းလိုက်သောအခါ ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူး ဖလိန်း နေထိုင်ကြောင်း သိလိုက်ရသည်။ မေးပါများ စကားရဆိုသကဲ့သို့ နောက်ဆုံး ဗိုလ်မှူး ဖလိန်းအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျနော် ရောက်ရှိသွားသည်။ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ဗိုလ်မှူး ဖလိန်းကိုလည်း နေအိမ်တွင် တွေ့လိုက်ရသည်။ ဗိုလ်မှူး ဖလိန်းကို တွေ့လိုက်သည်နှင့် မဟာမိတ်ရဲဘော်တဦးဖြစ်ကြောင်း အခြေအနေအရ လုံခြုံမှုလိုအပ်ကြောင်းနှင့် ဥက္ကဋ္ဌကြီး ဦးရွှေအေးနှင့် တွေ့ဆုံဆွေးနွေးလိုသည့်အကြောင်း စသဖြင့် အိတ်သွန်ဖာမှောက် ပြောကြားလိုက်သည်။


ဗိုလ်မှူး ဖလိန်းမှာ အံ့သြမင်တက်ခါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီး ပြန်လည်စကားဆိုလာခဲ့သည်။ “ဒီမှာ မိတ်ဆွေ ဒီနေရာက ခင်ဗျားအတွက် လုံခြုံမှု မပေးနိုင်ဘူး။ ထလရတွေ အဝင်အထွက်များသလို အမြဲတမ်းလည်း စောင့်ကြည့်နေကြတယ်။ အချိန်သိပ်မရှိဘူး ။ ခင်ဗျားကို လုံခြုံတဲ့နေရာ ကျနော်ပို့ပေးမယ်” ဟုဆိုကာ အိမ်နံဘေးတွင် ရပ်ထားသော ဂျစ်ကားပေါ်သို့တက်ခိုင်းကာ ဆီးဘူးမြို့ပြင်ဘက်သို့ မောင်းထွက်လာခဲ့သည်။ ဂျစ်ကားကလေးမှာ အရှိန်အဟုန်ဖြင့် တောင်ကုန်းတခုပေါ်သို့ မောင်းတက်နေသည်။ ကားမှန်ရှေ့ လှမ်းတွေ့လိုက်ရသည်က ရဲဘော်ဘားတိုက် ၃-၄ လုံးနှင့် နေအိမ်တလုံး၊ ရဲဘော်အချို့ကို တွေ့လိုက်ရသည်။ ကားစက်ရပ်လိုက်သည်နှင့် လာရောက်ကြိုဆိုကြသည်။ ဗိုလ်မှူး ဖလိန်းမှ လာရောက်ကြိုဆိုသူများထဲမှ ပုဂ္ဂိုလ်တဦးနှင့် ကျနော့်ကို စတင်မိတ်ဆက်ပေးသည်။ 

“မိတ်ဆွေ သူက နိုင်ငံရေးမှူး ကိုစောလွင်တဲ့ဗျ။ ဒီစခန်းရဲ့တာဝန်ခံပေါ့။ လိုအပ်တာအားလုံးကို သူက ဖြည့်ဆည်းပေးလိမ့်မယ်” ဟု ဆိုလာသည်။ ကျနော်ကလည်း “ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဗိုလ်မှူး” ဟု ပြောလိုက်သောအခါ ဗိုလ်မှူး ဖလိန်းမှ “ရပါတယ်ဗျာ တော်လှန်ရေးသမားအချင်းချင်း ရိုင်းပင်းကူညီကြရမှာပေါ့ ကျနော့်လည်း ကိစ္စလေးတွေရှိလို့ ပြန်ခွင့်ပြုပါအုံး” ဟု ဆိုကာ ဂျစ်ကားလေးဖြင့် ပြန်လည်ထွက်ခွာသွားတော့သည်။ နိုင်ငံရေးမှူး ကိုစောလွင်မှ သူ့အိမ်သို့ ကျနော့်ကို ဦးဆောင် ခေါ်ဆောင်သွားသည်။ 

ပြည်ရန်အေး စခန်းပေါ်တွင် ရဲဘော်အချို့နှင့် နိုင်ငံရေးမှူး ကိုစောလွင်တို့ မိသားစုသာ ရှိသည်။ နောက်ပိုင်း ကိုစောလွင်နှင့်ကျနော် စကားလက်ဆုံ ပြောဖြစ်ကြသည်။ ကိုစောလွင်က ဆီးဘူးမြို့မှကျော်၍ အခြားမြို့ရွာဒေသများသို့ သွားလာခွင့်ကို အစိုးရမှ ပိတ်ပင်ထားကြောင်း သိလိုက်ရသည်။ ဥက္ကဋ္ဌကြီး ဦးရွှေအေးနှင့် သူက ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ (CRPP) ကို ထောက်ခံကြောင်း ထုတ်ပြန်ကျေညာခဲ့ကြသည်။ ထိုအကျိုးဆက်က သူတို့ကို အကျယ်ချုပ်ဖြင့် နေစေခဲ့ခြင်းဖြစ်သည်။ 

ကိုစောလွင်မှာ ၁၉၇၄ ဦးသန့်အရေးအခင်းတွင် ခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့သလို ရှစ်လေးလုံး အရေးတော်ပုံကြီးတွင်လည်း ရှေ့တန်းမှ ပါဝင်လှုပ်ရှားခဲ့သည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်စဉ်ကလည်း ပါဝင်လှုပ်ရှားခဲ့သည်။ ကိုစောလွင်တွင် ကိုယ်ပိုင်အရည်အချင်းပေါင်း များစွာရှိသည်။ စာရေးသားရာတွင် ကောင်းမွန်ထက်မြက်သလို ကဗျာရေးစပ်ရာတွင်လည်း တမူထူးခြားသည်ဟု ဆိုရမည်။ သူရေးစပ်သီကုံးခဲ့သော ‘ကမ္ဘာလောကရဲ့သမီးပျို” ကဗျာမှာ ယနေ့တိုင် နှလုံးအိမ်တွင်း စွဲမြဲနေသည်။ 

နိုင်ငံရေးအရ သူ့ခံယူချက်များကို အလွန်သဘောကျ နှစ်သက်မိသည်။ အခွင့်ထူးခံ တော်လှန်ရေးသမားတဦး မဟုတ်။ လက်တွေ့ကျကျ ပိုင်းခြားဝေဖန်နိုင်သော နိုင်ငံရေးသမား ဖြစ်သည်။ သူနှင့်ပြောဆိုခဲ့စဉ်က စကားအချို့ကို ယနေ့တိုင် မှတ်မိနေဆဲ။ 

“နိုင်ငံရေးသမားတွေမှာ သဘောထားသေးသိမ်သူက သူတပါးအပြစ်ကို မြင်တတ်ပြီး ကိုယ့်အပြစ်ကို ကိုယ်မမြင်တတ်ကြဘူးဗျ။ နိုင်ငံရေးသဘောထားကြီးသူက သူတပါးအပြစ်ကို မြင်တတ်သလို ကိုယ့်အပြစ်ကိုလည်းမြင်တတ်ကြတယ်လေ။ နိုင်ငံရေးသဘောတရား ပြည့်ဝလွန်းတဲ့ လူကတော့ ဘယ်သူ့ကိုမှ အပြစ်မမြင်အပြစ်မတင်တတ်တော့ဘူး။ ကိုယ်နဲ့တိုက်နေတဲ့ ရန်သူအပေါ်မှာတောင်မှ အမုန်းတရားဆိုတာ မရှိတော့ဘူးလေဗျာ။ နိုင်ငံရေးအရ ခွင့်လွှတ်တယ်ဆိုတဲ့ကိစ္စကို အတော်များများက လက်မခံနိုင်ကြဘူး။ နိုင်ငံရေးအရ ခွင့်လွှတ်တာဟာ အရှုံးပေးတာမဟုတ်သလို အနိုင်ယူဖို့လည်း မဟုတ်ဘူး။ နာကျည်းစရာ အတိတ်ဖြစ်ရပ်ဆိုးတွေက ရုန်းထွက်နိုင်ဖို့ ဖြစ်တယ်။ အစိုးရဖြစ်စေ တော်လှန်ရေးဘက်က ဖြစ်စေ နှစ်ဘက်စလုံးမှာ ပြင်ဆင်ခွင့် ရှိဖို့လိုတယ်။ ပြင်ဆင်ခွင့်ကိုလည်း အားလုံးက လိုလိုလားလား လက်ခံရမယ်။ နိုင်ငံရေးသမားဆိုတာ ခေတ်ရေစီးကြောင်းနဲ့အညီ ကိုယ့်ရဲ့အတွေးအခေါ် အယူအဆကိုလည်း ပြောင်းလဲပြင်ဆင်ခွင့် ရှိတယ်။ ပြင်လည်း ပြင်နိုင်ကြရမယ်။ အဲဒါကို ဖောက်ပြန်ရေးသမားလို့ခေါ်ရင်တော့ ကျနော် လက်မခံနိုင်ဘူး။ ခင်ဗျားအနေနဲ့လည်း အများအတွက် အကျိုးရှိမယ်ထင်ရင် ယုံကြည်ချက်အတိုင်း ဆက်ရပ်ပါ။ ဘယ်သူတွေက ဆန့်ကျင်ဆန့်ကျင် တွေဝေမနေပါနဲ့” ဟု ဆိုလာသော စကားများကြောင့် ကျနော်အတော့်ကို အားတက်ခဲ့ရသည်။ 

ပြည်ရန်အေး စခန်းသို့ ရောက်ရှိပြီး ၁၇-၂-၂၀၀၂ ရက်နေ့ တွင် စခန်းပေါ်သို့ ကားတစီးထိုးဆိုက်လာခဲ့သည်။ ကားစက်ရပ်၍အောက်ဆင်းလာမှ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး ဦးရွှေအေး (ငိန်းကယန်းထန်) ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အသားညိုညို ပုပျပ်ပျပ် တည်ကြည်သောမျက်လုံး တောင့်တင်းသောခန္ဓာကိုယ်ပိုင်ရှင်တယောက်ဖြစ်သည်။ ကျနော်လည်း ဥက္ကဋ္ဌကြီးကို ခရီးဦးကြို နှုတ်ဆက်လိုက်သည်။ ကျနော်ကမ်းပေးသောလက်ကို ဥက္ကဋ္ဌကြီးမှ တင်းကျပ်စွာ ဆုပ်ကိုင်ပြီးမှ “အေးဗျာ ခင်ဗျားရောက်နေတယ်ဆိုတာ ကျနော် ကြားပါတယ်။ အခြေအနေအရ ရောက်ရောက်ချင်း လာမတွေ့ဖြစ်ခဲ့ဘူး။ ဒီအတွက်လည်း ခင်ဗျားနားလည်ပေးနိုင်လိမ့်မယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်” ဟု ဆိုလာသောကြောင့် ကျနော် မင်တက်သွားရသည်။ ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှုကင်းသော ဦးရွှေအေးပင် ဖြစ်သည်။ 

ထိုနေ့ ဥက္ကဋ္ဌကြီး၊ ကျနော်၊ နိုင်ငံရေးမှူး ကိုစောလွင်တို့ ရုံးခန်းလေးအတွင်း တွေ့ဆုံဆွေးနွေးဖြစ်ကြသည်။ အဓိကဆွေးနွေးကြသည့် အကြောင်းအရာများမှာ BPA ရပ်တည်ရေးအတွက် ကယန်းပြည်သစ်မှ တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးရေးဖြစ်သည်။ ကယန်းပြည်သစ် ဥက္ကဋ္ဌကြီးမှလည်း ကယန်းပြည်သစ်ပါတီကို မည်သို့စတင် တည်ဆောက်ခဲ့ရသည့်အကြောင်းကို အသေးစိတ်သိရှိရန်အတွက် ပြန်လည်ပြောပြခဲ့သည်။ “ကျနော့်ဇာတိက လယ်ဝေးမြို့နယ် အရှေ့ဘက် မြင်းပြင်ရွာဇာတိပါ။ ကျနော့်ကို နိုင်ငံရေးဇာတ်ခုံပေါ် တွန်းပို့တာက ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ကျောင်းသားလှုပ်ရှားမှုက အစပြုတယ်လို့ ပြောရမယ်။ အဲဒီအချိန်က ကျနော်က တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသား တကသ၊ ဗကသ၊ အဖွဲ့ ၂ ရပ်နဲ့အတူ လူမျိုးစုကျောင်းသားများ အဖွဲ့ချုပ်မှာ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့တယ်။ 

တော်လှန်ရေးကောင်စီက တိုင်းရင်းသားတွေကို ဖိနှိပ်ချုပ်ချယ် ကန့်သတ်ခဲ့တယ်။ တရာတန် ငွေစက္ကူတွေကိုလည်း တရားမဝင်ကြေညာလိုက်တော့ ကယန်းလူထု အတော့်ကို အထိနာခဲ့တယ်။ ဖိနှိပ်မှု မြင်ကွင်းတွေကထပ်လာတော့ သည်းမခံနိုင်တော့ဘူး။ တော်လှန်ရေးလုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပေမယ့် နောက်ခံအင်အားဆိုလို့ လူထုပဲရှိတယ်။ ကိုယ်စွမ်းကိုစနဲ့ပဲ ကြိုးစားလုပ်ကိုင်ရတာပေါ့။ ၁၉၆၄ ခုနှစ် ဇန်နဝါရီလမှာ ကယန်းနယ်မြေကို လျှို့ဝှက်စွာပြန်လာခဲ့ပြီး တော်လှန်ရေးတရပ် ဆင်နွှဲဖို့ စည်းရုံးရေးဆင်းခဲ့တယ်။ ၁၉၆၄ ဇွန်လ ၄ ရက်နေ့မှာ ကယန်းခေါင်းဆောင် ဗိုလ်ဗျန်းနဲ့အတူ ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာမှာရှိတဲ့ ရဲစခန်းကို တုတ်ဓားတွေနဲ့ဝင်စီးပြီး ရရှိလာတဲ့ လက်နက်တွေနဲ့ ကယန်းတော်လှန်ရေးကို စခဲ့တယ်။ နောက်ပိုင်း လက်နက်နဲ့ အလင်းဝင်ရင် ဖမ်းဆီးခြင်းမပြုဘူးဆိုတဲ့ ကမ်းလှမ်းချက်ကြောင့် အတော်များများ အလင်းပြန်ဝင်သွားခဲ့ကြတယ်။ 

ပြန့်ကျဲနေတဲ့ ကယန်းတော်လှန်ရေးအဖွဲ့တွေကို စုစည်းပြီး ၈-၈-၆၄ ခုနှစ်မှာ ကယန်းပြည်သစ်ပါတီကို ပြန်လည်တည်ထောင်ကြပြီး အခြေခံမူ (၁၂)ချက်ကိုလည်း ချမှတ်ခဲ့ကြတယ်။ ပါတီတည်ထောင်ပြီး လပိုင်းအကြာမှာပဲ ဗိုလ်ဗျန်းလည်း အလင်းဝင်သွားခဲ့သလို သူ့နောက်ကိုလည်း အတော်များများ ပါသွားခဲ့ကြတယ်။ တော်လှန်ရေး ဆက်လက်ရှင်သန်ဖို့အတွက် ကျနော်က ဥက္ကဋ္ဌတာဝန်ယူပြီး အိုက်ကဖြူက အတွင်းရေးမှူးအဖြစ် ဝန်ယူခဲ့တယ်။ နိုင်ငံရေးကို ကျနော်က ဦးဆောင်သလို စစ်ရေးနဲ့ စည်းရုံးရေးတာဝန်ကို အိုက်ကဖြူက တာဝန်ယူခဲ့ကြတယ်။ မောင်နီ၊ ဦးဒွေး၊ သန်းချပ်(သန်းစိုးနိုင်)၊ စတဲ့ပုဂ္ဂိုလ်တွေကလည်း ကျရာတာဝန်ကို ထမ်းဆောင်ခဲ့ကြတယ်။ 

စနစ်ကျတဲ့ လက်နက်ကိုင်တပ်အဖွဲ့ဖြစ်ဖို့အတွက် KNU နယ်မြေကို ရဲဘော်တွေလွှတ်ပြီး စစ်ပညာ သင်ကြားပေးခဲ့တယ်။ KNU ကလည်း လိုအပ်တဲ့လက်နက်တွေကိုလည်း ကူညီပံ့ပိုးပေးခဲ့တယ်။ ၁၉၇၈ ခုနှစ်မှာ ကျနော်ဦးဆောင်ပြီး ဗကပ ဌာနချုပ် (ပန်ဆမ်း) ကိုသွားပြီး စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေးသင်တန်းတွေ တက်ရောက်ခဲ့သလို လက်နက်အကူအညီတွေကိုလည်း ရယူခဲ့ကြတယ်။ ၁၉၈၂ ခုနှစ် နိုဝင်ဘာလမှာ ဗကပ တပ်မ ၆၈၊ ပအို့ဝ်နီတို့နဲ့ပူးပေါင်းပြီး တပ်ပေါင်းစု စစ်ဒေသ ဖွဲ့စည်းခဲ့ကြတယ်။ ကယန်းပြည်သစ်ကတော့ ပျဉ်းမနား၊ ဖယ်ခုံ၊ မော်ချီးမြို့နယ်တွေအထိ တာဝန်ယူခဲ့တယ်။ အစိုးရကလည်း အထပ်ထပ် ဖြိုခွင်းခဲ့ကြတယ်။ 

၁၉၈၂ သြဂုတ်လ ၉ ရက်နေ့မှာ အတွင်းရေးမှူး အိုက်ကဖြူ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပြန်တယ်။ နောက်ပိုင်း သစ်ကျိတ်၊ ပေါင်းလောင်းကို အခြေပြုပြီး ဖယ်ခုံ၊ မိုးဗြဲ အနောက်ခြမ်းတွေမှာပဲ အခြေပြုလှုပ်ရှားခဲ့ကြတယ်။ ရှစ်လေးလုံး လူထုအရေးတော်ပုံ အတွင်းရောက်ရှိလာတဲ့ ကျောင်းသားတွေကိုလည်း နွေးနွေးထွေးထွေးကြိုဆိုပြီး အဖက်ဖက်က ကူညီခဲ့ပါတယ်။ ကယန်းပြည်သစ်တပ်မတော်နဲ့ လက်ချင်းတွဲခဲ့တဲ့ မဟာမိတ်တော်တော်များများ နဝတ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်သွားကြတော့ လှုပ်ရှားရတာ ဘေးကျပ်နံကျပ်ဖြစ်လာရတာပေါ့။ မလွှဲသာမရှောင်သာတဲ့ နောက်ဆုံး ၁၉၉၄ ဇူလိုင်လ ၂၆ ရက်နေ့မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးလိုက်တယ်။ အခြေအနေက တွန်းပို့ခြင်းကိုခံရတယ်လို့ ဆိုရမှာပေါ့။

အေးဗျာ ကျနော် ပြောပြတာနဲ့ ခင်ဗျားတောင် အတော်ငြီးငွေ့သွားပြီနဲ့တူတယ်” ဟု ကောက်ကာငင်ကာ မေးလိုက်သည်။ ကျနော်ကလည်း “မငြီးငွေ့ပါဘူး ဥက္ကဋ္ဌကြီးရယ် ဖြတ်သန်းမှုတွေကို နောင်လာနောက်သားတွေအတုယူနိုင်ရင် သိပ်ကောင်းမှာပဲ” ဟု ပြောလိုက်သောအခါ ပြုံးပြရင်း အဝေးတနေရာသို့ ငေးမောနေပြန်သည်။ ထို့နောက် ဆက်၍ပင် “ကျနော့်ဘဝမှာ အတောင့်တဆုံးဆန္ဒတွေ ရှိတယ်။ အဓိက ထိုင်းနိုင်ငံမှာ တိရစ္ဆာန်တွေလို ပြစားခံနေရတဲ့ ကျနော့်လူမျိုးတွေကိစ္စ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမှန်းမသိ ဖြစ်နေတယ်။ ကျနော် တော်လှန်ရေးလုပ်တာ ကျနော့်လူမျိုးတွေ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိနဲ့နေနိုင်ဖို့ တန်းတူအခွင့်အရေးရဖို့အတွက် ရည်ရွယ်ခဲ့တာပါ။ ကျနော်တို့တိုင်းပြည်ကြီးမှာ ပြည်တွင်းစစ်တွေရပ်စဲပြီး စစ်မှန်ငြိမ်းချမ်းတဲ့ ပြည်ထောင်စုစစ်စစ် အမြန်ရောက်စေချင်တယ်” ဟု လေးလေးတွဲ့တွဲ့ ပြောလိုက်သောစကားကြောင့် ကျနော့်နှလုံးအိပ်အတွင်း ကြိမ်ဖန်များစွာ ပေါက်ကွဲစီးမျောနေမိသည်။ 

၂၁-၈-၂၀၀၆ ရက်နေ့တွင် ကယန်းပြည်သစ် ဥက္ကဋ္ဌကြီး ဦးရွှေအေး ဘဝတပါးသို့ ပြောင်းသွားကြောင်း သိလိုက်ရသည်။ ဥက္ကဋ္ဌကြီးမျှော်မှန်းခဲ့သော တန်းတူအခွင့်အရေးနှင့် ငြိမ်းချမ်းသော ပြည်ထောင်စုစစ်စစ်ကို လက်ရှိအစိုးရမှ ပုံဖော်အသက်သွင်းပေးမည်ဆိုလျှင် မျှော်မှန်းချက်များ အထမြောက်ရှင်သန်နေလိမ့်မည်ဟု အကြွင်းမဲ့ ကျနော် ယုံကြည်နေမိသည်။ 

(ဆက်ပါဦးမည်) 

အုပ်ကြီးဖေ 
၂၂- ၉- ၂၀၁၃


 

No comments: