အိုကေ... သွားကြစို့ဆိုပြီး ကျနော်ငှားလာတဲ့ လေးဘီးရှေ့ခန်းမှာ သူ့ကိုထိုင်ခိုင်းပြီး ကျနော်က နောက်က သီရိဆောင်ကို ချီတက်ကြတယ်။ အဆောင်ရှေ့ရောက်တော့ သီရိဆောင်သူ ပျိုပျိုချောများက ကြိုလို့ စောင့်လို့ ... ဟယ် ကိုစိုးပိုင်လာပြီ ... ဆိုပြီး ဝိုင်းကြိုကြတယ်။ ဒါပေမယ့် ကိုစိုးပိုင်က ကျနော့်အနားကပ်ပြီး ကိုယ် အပေါ့သွားချင်တယ်လို့ ပြောလာတယ်။ ခုနက သောက်ထားတာတွေ ရွှေပြွန်က သွန်တော့မယ်လေ... ဒါနဲ့ အကြိုတော်တွေကို အိမ်သာလိုက်ပို့ခိုင်းလိုက်ရတယ်။ အဲဒီညက ကိုစိုးပိုင် သီချင်း ၆ ပုဒ် မနားတမ်း ဆိုသွားခဲ့တယ်။ ကျန်တဲ့အဆိုတော်တွေ မှတ်မိတာဆိုရင် မေခလာ၊ ဟေမာနေဝင်း၊ ကံ့ကော်တော မျိုးအာင်။
အဆာင်က ကျူတာ မမချိုကို ကျနော်ကြိုပြောထားလို့ ကိုစိုးပိုင်အတွက်လက်ဆောင်အပြင် သူ့ဇနီး မညိုအတွက် ချိတ်ထမီတထည် လက်ဆောင်ပေးလိုက်ကြပါတယ်။ ကျနော့်အတွက်က ၅ ကျပ်တန် လက်ကိုင်ပဝါ ၁ ထည်၊ ဒါပေမယ့် ကျနော်ဝတ်ထားတာက ဂျင်းဘောင်းဘီနဲ့ အဲဒီခေတ်က ခေတ်စားတဲ့ catalogue shoes လည်ရှည်နဲ့ပေါ့ဗျာ၊ သီရိဆောင် Fan Fair တုန်းက မရွှေချောတို့ကောင်းမှုနဲ့ရတဲ့ ဘတ်ထားတဲ့ပိုက်ဆံနဲ့ ဝယ်ထားတာလေ...။
ကြားဖြတ်ပြီး မိုးကျော်အကြောင်း ရှင်းပြချင်ပါတယ်။ မိုးကျော် မွန်းအောင်ဆီမှာသွားနေတယ်ဆိုတာ မဟုတ်ခဲ့ပါဘူး။ မိုးကျော်က ညဘက်အဆောင်မှာ ဂစ်တာတီးပြီးရင် မွန်းအောင်ရဲ့သူငယ်ချင်း နော်ဂျာ နေတဲ့ ပညာရေးတက္ကသိုလ်ဝင်းထဲက နဝဒေး အမျိုးသားအဆောင်မှာ သွားသွားအိပ်တတ်တယ်။ သူအနေများခဲ့တာက ရန်ကုန်တက္ကသိုလ်ဝင်းထဲက judson ဘုရားရှိခိုးကျောင်းနားက ဆရာအိမ်တအိမ်ဖြစ်တဲ့ အာသာကိုလေး တို့အိမ်ပါ။ အာသာကိုလေးရဲ့ သားတွေဖြစ်တဲ့ ကိုကို၊ ညီညီတို့နဲ့ သွားနေခဲ့တာပါ။ နောက်တချက် ကျနော်ပြန်ရှင်းချင်တာက ကျနော်ရေးတဲ့ထဲမှာ မွန်းအောင်ရဲ့သူငယ်ချင်း Bass ဂစ်တာသမား ဂွတိုဟာ ဗိုလ်ချုပ်ဂွမ်မော် လို့ ရေးခဲ့မိတဲ့ကိစ္စပါ။ တကယ်တော့ မဟုတ်ပါ၊ KIA G-1 R ခေါင်လွမ်း ဖြစ်ပါတယ်ဆိုတာ ပြန်ပြင်ပါရစေ၊ ကျနော့်အမှားပါ (လေးစားစွာနဲ့ တောင်းပန်ပါတယ်)။
မွန်းအောင်နဲ့ ကိုရဲတို့ စတွေ့ခဲ့ကြတာက အင်းစိန်မှာနေတဲ့ အဆိုတော် ဂျမ်ဘို့အိမ်မှာ။ ဂျမ်ဘို ဆိုတာက စိုင်းထီးဆိုင်ရဲ့ စတ္တဇအလွမ်းစီးရီးမှာ တွဲဆိုခဲ့သူပါ။ အရင်တခါနေလာခဲ့တဲ့ဘဝကို ပြန်နေချင်သေးတယ် ဆိုတဲ့ ဂျမ်ဘို။
မိုးကျော်အဆောင်တွေမှာ ညဘက် ဂစ်တာလာလာတီးတဲ့အခါ တခါတလေကျ Ground Sheet အခင်းနဲ့ ရေနွေးဘူးနဲ့ လာတတ်တယ်။ သူအမြဲဆိုနေကြက တေးမြံငှက်၊ နောက်တပုဒ်က ကော်ပီသီချင်း မှတ်မိတဲ့စားသားတွေက နေညိုချိန်မှာ ရေခပ်ဆင်းတဲ့ တောဓလေ့ဟာ၊ ပုလွေသံရှည် ရေတွင်းနားမှာဝေ၊ လပြည့်ညမှာ စကားဝိုင်းဖွဲ့ကာ အကြမ်းအိုးလေးနဲ့ ပျော်ရွှင်စရာ.... ...။
သူနဲ့ကျနော်စာမေးပွဲ ကျခဲ့ကြပေမယ့် စာပေးစာယူပြောင်းတက်ကြမယ်ဆိုပြီး တိုင်ပင်ခဲ့ကြသေးတယ်၊ ဘိုတင့် (ရာပြည့်) အသံသွင်းတဲ့ မေ စတူဒီယိုမှာ ကြယ်ကြွေချိန်အခွေအပြီး နောက်တခွေ (ခွေနာမည်မမှတ်မိဘူး) သွင်းတော့ ကျနော်တို့ ကိုရဲ၊ ကိုမောင်၊ ကိုနေဝင်းအတူ ရှိကြတယ်။ အဲဒီအခွေမှာ သီချင်းအချို့က ကိုမောင့်သီချင်းတွေ ပန်းဇာတ်သိမ်း အပါအဝင်ပေါ့။ ဟာမိုနီ ဆိုအလှည့်ရောက်တော့ ကျနော်တို့သူငယ်ချင်းအားလုံး Vocal ခန်းထဲဝင်ပြီး ဝိုင်းအော်လိုက်ကြတာ အသံဖမ်းနေတဲ့ ကိုရဲခေါင်တော့စိတ်ညစ်မှာပဲလို့ ခုမှ ပြန်တွေးမိတယ်၊ တကယ်တော့ သူ အသံမဖမ်းခဲ့ပါဘူး။ တယောက်တပေါက် ကောင်းကောင်းနဲ့ ဝိုင်းအော်နေကြတာကိုး။ ခဏနားတဲ့အချိန်ကျတော့ အသံသွင်းခန်းမအပြင် ခြံထဲမှာ ကိုဗစ် (ကိုဇာလျမ်း)၊ Drumer အော်စကာသန်းတင်တို့၊ မိုးကျော်တို့ ကက်ဆက်ဖွင့်ပြီး သီချင်းတွေ နားထောင်နေကြတယ်။ (အဲဒီခေတ်က ကက်ဆက်ခေတ်ကိုး)၊ သူတို့တဝိုင်းထဲ အတူတီးနေကြပေမယ့် အကြောင်းကိစ္စမရှိရင် တယောက်နဲ့တယောက် သိပ်စကားမပြောကြဘူး။ ကိုယ့်အတွေးနဲ့ကိုယ်ပဲနေကြတာ။ ခဏနေတော့ ကိုရဲခေါင်က လှမ်းမေးတယ်၊ အတီးပိုင်းမှာ ဘယ်သူတွေ ဘာတွေထပ်ဖြည့်ချင်ကြသေးလဲ တဲ့။ အဲဒီမှာ မိုးကျော်က ကျနော် ထပ်လိုက်ချင်သေးတယ်ဆိုလို့ ကျနော်ပါ မိုးကျော်နဲ့ အတီးခန်းထဲ သူတီးတာ လိုက်နားထောင်တယ်၊ မိုးကျော်က အဲဒီတုန်းက Second Lead တီးတာ။ Lead တီးတာက ပက်ထရစ်၊ မိုးကျော်က သူ့ ဂစ်တာနဲ့ သူလိုမယ်ထင်တဲ့နေရာတွေမှာ Slide လိုက်ဖြည့်တာ။
၁၉၈ဝ မှာ ကျနော်တို့ ဒေသကောလိပ် အမှတ်(၂) မှာ ပန်းချီပြပွဲလုပ်ကြတယ်၊ ကျောင်းပြပွဲပေါ့။ ကျနော်ရယ်၊ လူရွှင်တော်ပိန်ပိန် (ခေါ်) အောင်ကျော်ဦး (စိန်ဂျွန်း) သူကတော့ ကျောင်းမဂ္ဂဇင်းမှာ နာမည်ကြီးပေါ့။ ဓာတ်ပုံဒီဇိုင်းတွေလုပ်ပြီး သူ့နာမည် ဂျွန်းကို ဂျွမ်းထိုးသလို လှိမ့်ထိုးသွားတာ။ နောက် ဝင်းနိုင်ဗိုလ်၊ နောက်တယောက်က ကျော်ဝင်း (အရင်က ရုပ်ရှင်မင်းသား၊ ခု အသုဘမင်းသားလုပ်နေတဲ့ ပြည်သူ့အချစ်တော် ကျော်သူ အဲဒီတုန်းက မင်းသားကျော်သူရယ်လို့ မဖြစ်သေးဘူး)။ အမှတ်တရ အုပ်စုလိုက်ဓာတ်ပုံကတော့ RC2 နှစ်လည်မဂ္ဂဇင်းမှာပါပါတယ်။ ပြပွဲအတွက်ပုံရေးဖို့ ဘာရေးရမှန်းမသိဖြစ်နေချိန်၊ ကိုရဲနဲ့ အင်ကြင်းဆောင်နောက်မှာ မိုးရွာကြီးထဲ ဂစ်တာတီးခဲ့ကြတာကို သတိရပြီး ကိုရဲကို ဂစ်တာပေးမကိုင်ဘဲ တယော ထိုးနေတဲ့ပုံ မှင်လိုင်းရေမျော ရေးဖြစ်ခဲ့တယ်။ နောက်တပုံက သူငယ်ချင်း စပ်ဆိုင်စီရီကစ် (ငကစ်) ရဲ့အမေ ဆရာမ စပ်ခေမာဝတီ (ရင်းနှီးတဲ့သူငယ်ချင်းတွေက မာမီလို့ ခေါ်ကြတယ်) ရဲ့ မင်္ဂလာဆေင်တုန်းက သတို့သမီးပုံကို ခဲခြစ်ရေးပြီး တင်ခဲ့တယ်။ ကိုရဲပုံ ပန်းချီကားကို အီတလီသံအမတ်က ဝယ်သွားတယ်။ ကျပ် ၁ဝဝ နဲ့။ စပ်ဆိုင်အမေပုံကို ဝယ်ပါရစေဆိုတော့ ဒါ ရောင်းဖို့ မဟုတ်ပါဘူး၊ ကာယကံရှင်ကို အမှတ်တရလက်ဆောင်ပေးဖို့ပါဆိုပြီး မရောင်းခဲ့ပါ။
ကိုရဲကို တခါတလေ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမကို ကျနော် ခေါ် ခေါ်သွားတယ်။ Eco Canteen က ကိုအောင်ရင့်လ္ဘက်ရည်ဆိုင်မှာထိုင်ရင်း ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပန်းချီ ကေမြိုးနဲ့ မိတ်ဆက်ပေးခဲ့တယ်။ ကေမြိုးက ကဗျာလည်း ရေးတတ်တယ်လေ။ ကေမြိုးဆိုလို့ ဘာလို့ရရစ်နဲ့ မြိုးတာလဲလို့ မေးလာသူတိုင်းကို ရ ရင်ရစ်တတ်လို့ ရရစ်နဲ့ မြိုးထားတာလို့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို ကျနော်ပြောနေ နောက်နေကြ၊ (လွမ်းပါတယ် ကိုကေမြိုးရေ...)
ကေမြိုးရေးတဲ့ကဗျာ အိပ်မက်မှ နှင်းဆီ ဆိုတာကို ကိုရဲက သံစဉ်သွင်းပေးတယ်။ မွန်းအောင် ဆိုခဲ့တယ်။ အဲဒီသီချင်း သံစဉ်သွင်းပြီးစတုန်းက ကေမြိုး တော်တော်မြူးနေတာ ပြန်မြင်မိတယ်။ ကျနော်တို့က စ တာပေါ့၊ ကိုရဲက ခင်ဗျားကဗျာကို သံစဉ်နဲ့လိုက်အောင် Edit လုပ်ရင်း လုပ်ရင်း နောက်ဆုံးကျတော့ ခင်ဗျားရေးတာဆိုလို့ ခေါင်းစဉ်ပဲကျန်တော့တယ်လို့ ပြောတော့၊ ငါ ... မသားတွေတဲ့...။ နောက် သူ့သီချင်းကို ကျနော်တို့က အိပ်မက်မှ ဘောင်းဘီ ဆိုပြီးပြောင်းဆိုကြတယ်။ ဘောင်းဘီအသစ်သည် စုတ်ပြဲခဲ့ပြီ၊ ဝေးခဲ့ရပြီ မောင့်ဘောင်းဘီ၊ သြော် ... အိပ်မက်မှ ဘောင်းဘီရေ... မောင့်အိပ်မက်မှ ဘောင်းဘီရေ....။
သူ့သီချင်းကောင်းကြောင်းမြှောက်ပေးလိုက်ကြတာ၊ မောင်ကေမြိုးရွှေဘောတော်တွေကျကျနဲ့ ကျနော်တို့ကို အရက် ရက်တော်တော်ကြာကြာ တိုက်သွားခဲ့ပါသေးတယ်... (ကမာရွတ် ဘူတာရုံလမ်းက BE အဖြူဘုံဆိုင်မှာ)။
တရက် စမ်းချောင်းထဲက ကိုရဲမိတ်ဆွေတယောက်အိမ်သွားရှာကြတော့ ကိုရဲ အိမ်နံပါတ်ဘယ်လောက်လဲ လို့မေးတော့...ခြောက်ခြားတဲ့နံပါတ်တဲ့။ ကျနော်ကတော့ သူပြောတဲ့နံပါတ် တန်းသိတာပေါ့၊ ကိုရဲက ခေတ်မီတာ မဟုတ်ဘူး၊ ခေတ်ကိုကျော်နေတာ။ အဲဒီတုန်းက သူပြောတဲ့ ဘန်းစကား ဘယ်သူမှ လိုက်မပြောနိုင်ကြဘူး...။ ဥပမာ ကိုရဲ ဘယ်က လာတာလဲလို့မေးလိုက် သူပြန်ဖြေတာက အိမ်က ဆင်းလာတာတဲ့၊ သူပြောတာက အင်းစိန်က လာတာ...။
ဆက်ပါဦးမည်။
မင်းကျော်ခိုင်
No comments:
Post a Comment