၁၉၉၃ ဧပြီ ၂၆
ကျောင်းသားတပ်မတော် တပ်ရင်း ၂၁၂ နဲ့ လူ့ဘောင်သစ်က ညီအကို ရဲဘော်တွေ ပါတယ်။ တခြား အလယ်ပိုင်းဒေသခံ တပ်ဖွဲ့တွေလည်း ပါသေးတယ်။
ပုံထဲမှာ တောင်ပိုင်း (ပင်လယ်) မှာ ကျသွားတဲ့ ရဲဘော်ဝင်းထိန်နဲ့ အလယ်ပိုင်းမှာ ကျသွားတဲ့ ကိုတင်ဝင်း (ဘိုကလေး) ကို ပြန်တွေ့ရတယ်။ အလယ်ပိုင်းမှာ အဖွဲ့အစည်းကို ပွင့်ပွင့်လင်းလင်းပြောပြီး အမေ့အိမ်ပြန်သွားတဲ့ ရဲဘော်တွေလည်း တွေ့တယ်။ လက်နက်နဲ့ ထွက်ပြေးပြီး ရန်သူဆီ လက်နက်ချသွားတဲ့ ရဲဘော်မြသောင်းကိုလည်း ပြန်တွေ့ရတယ်။ အောင်လေးနဲ့ မောင်ဦး (ဖိုးလုံး) က အမေရိကားနဲ့ ကိုသောင်းဦး (ရဲဘော်စောရဲဝေ) က ဖင်လန်၊ တချို့က နယ်စပ်ပေါ့။
အဲဒီ စစ်ကြောင်းထွက်ခါနီးအထိ ကျနော်နဲ့ ဂုရု (နေလ) က စထွက်မယ့် ဝဲကြီး (သံလွင်) မှာ မရှိကြဘူး၊ ကေအန်ယူ တပ်မဟာ ၃ ဖြူးမြို့ စစ်တောင်းမြစ်အရှေ့ခြမ်းမှာ ရောက်နေကြတယ်။ သံလွင်ကနေ အမြန်ပြန်တက်လာဖို့ ကြေးနန်းသတင်းအရ ကျနော်တို့ ၂ ယောက်နဲ့အတူ လူ့ဘောင်သစ်က ကိုအောင်မိုးဇော်တို့ပါ သံလွင်ဘက်ကို ပြန်တက်လာခဲ့တယ်။
အရင်တုန်းက သံလွင်ကမ်းစပ်က ကေအန်ယူရဲ့ စခန်းထောက်ကြီးတခုဖြစ်တဲ့ စော်ထာရွာကနေ ညောင်လေးပင်၊ ဖြူး၊ တောင်ငူ စတဲ့ ရှေ့တန်းဒေသတွေကို ခရီးထွက်ရတဲ့အခါ လမ်းခရီးက သိပ်သာယာတယ်။ လယ်ကွင်းတွေကို ဖြတ်ရတယ်၊ ယွန်းစလင်းချောင်း တိမ်တိမ်လေးကို အခေါက်ခေါက် ဖြစ်သွားရတယ်။ ထင်းရှူးပင်ကြီးတွေရှိနေပြီး လေတရွှီးရွှီးတိုက်နေတဲ့ တောင်ကုန်မြင့်တွေလည်း ရှိတယ်။ တအားအေးစိမ့်နေပြီး တောင်ပေါ်မျက်ခင်းကြီးတွေရှိတဲ့ နော်ရိုထာလို့ နေရာမျိုးရောက်ရင် ခရီးတလျောက် ပင်ပန်းလာခဲ့သမျှတွေ မေ့ပျောက်သွားရောပဲ။
အဲဒီဒေသခံတွေကတော့ တောင်ပေါ်ကရင်တွေ၊ သင်တိုင်းဖြူအရှည်တွေ ဝတ်ကြတယ်။ အရိုးခံ သစ်တိုက်သားတွေနဲ့ဆောက်ထားတဲ့ အိမ်ကြီးအိမ်ကောင်တွေနဲ့ နေတယ်၊ တပေကျော်ပြီး နက်ပြောင်နေတဲ့ ဝါးသဲပွတ်အထူကြီးတွေကို ကာထား ခင်ထားကြတယ်။ ဧည့်ခန်းက မီးဖိုနဲ့။ ကလေးလူကြီးအားလုံး ဆေးတံခဲတယ်။ သင်တိုင်းဖြူ အပျိုးမ (မုကနော်) တွေ မနက်အစောကြီးထပြီး စပါးထောင်းကြတယ်၊ အဲဒါ အိမ်တိုင်းပဲ။
ပြောချင်တာက ရန်သူမရှိ၊ ဒုက္ခပေးမယ့်သူမရှိတဲ့ လွတ်မြောက်နယ်မြေတခုကို ဖြစ်သန်းသွားရတဲ့ အရသာပေါ့နော်။
အခု ကျနော်တို့တွေ သံလွင်ဘက်ကိုအပြန်မှာ စခန်းထောက်ဖြစ်တဲ့ သံလွင်ကမ်းဘေးက စော်ထာရွာလည်း ရန်သူစစ်တပ်လက်ထဲ ကျရောက်နေတာဖြစ်လို့ အရင်လို ပုံမှန်လမ်းတွေမဟုတ်တော့ဘဲ လမ်းသစ် ရွာသစ်တွေကနေ ကွေ့ပတ်လို့ သံလွင်ကိုဆင်းခဲ့ကြရတယ်။ အဲဒီကတဆင့် စက်လှေနဲ့ သံလွင်မြစ်အတိုင်းဆုံဆင်းပြီး ပေါင်းလောင်းဒေသကိုစထွက်မယ့် ဝဲကြီးစခန်းကို ရောက်ခဲ့ကြတယ်။ အဲဒီတုန်းက ဝဲကြီးမှာ ကလလတ က စခန်းချထားတယ်။ ဝဲကြီးရဲ့ သံလွင်ကမ်းခြေက သဲသောင်ပြင်ကြီးပေါ်မှာတော့ ရဲဘော်တွေ ဆေးတပ်နဲ့ ဆက်သွယ်ရေးတပ်က ရဲမေတွေ တချို့ ရေကူး၊ တချို့ အားကစားလုပ် တချို့ လမ်းလျောက်နဲ့ စည်းကားလို့ပေါ့။
အဲဒီအချိန်က တပ်ပေါင်းစုဌာနချုပ်တွေ ရုံးစိုက်တဲ့ မာနယ်ပလောကို ရန်သူက သဲကြီးမဲကြီး ထိုးစစ်ဆင်နေတဲ့ ကာလ၊ ဗမာပြည်နယ်စပ်တကြောနဲ့ တော်လှန်ရေးအဖွဲ့အသီးသီးက မာနယ်ပလောကို ကာကွယ်ဖို့အတွက် စစ်ကူဝိုင်းပေးနေကြတဲ့ ကာလ၊ အဲဒီတုန်းက အလယ်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ ကလလတ၊ ရလလဖ၊ ကယန်းပြည်သစ်ပါတီ စတဲ့ အဖွဲ့တွေလည်း စစ်ကူလာပေးကြတယ်၊ ဒီအလယ်ပိုင်းသုံးဖွဲ့နဲ့အတူ ဗမာပြည်ကွန်မြူနစ်ပါတီ အမှတ် ၁၂ တပ်ဖွဲ့ကလည်း မာနယ်ပလောအတွက် စစ်ကူပါဝင်ခဲ့ပါသေးတယ်။
ကျနော်နဲ့ ဂုရု ဝဲကြီးရောက်လို့ နှစ်ရက်ကြာပြီးနောက် အလယ်ပိုင်း ပေါင်းလောင်းဒေသခရီးစဉ် စတင်ပါတော့တယ် ...။ ။
ခန့်အောင်
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment