Friday, August 23, 2013

ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)

ညောင်ရွှေမြို့သို့ ဗြဟ္မစိုရ်ခရီးဆက်နေစဉ် ၁၉. ၈. ၂ဝ၁၃ ရက်နေ့ ညနေပိုင်းအချိန်တွင် ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်သွားကြောင်း ကြားသိခဲ့ရသည်။ ညောင်ရွှေမြို့မှ အောင်ပန်းမြို့ရှိ ဆရာကြီး၏ နေအိမ်သို့သွားရောက်ရန် ခရီးဆက်ခဲ့သည်။ ဆရာကြီးသည် ငြိမ်းချမ်းစွာ လှဲလှောင်းနေသည်ကို တွေ့မြင်ခဲ့ရသည်။

ဦးစွာပထမ ဆရာကြီးအား ဂါရဝပြု ကန်တော့ခဲ့ပြီးနောက် ဈာပနအခမ်းအနားအား ဆရာကြီး၏တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီနှင့် တွေ့ဆုံကာ နာရေးကိစ္စရပ်များအား အောင်ပန်းမြို့ရှိ နာရေး ကူညီမှုအသင်းနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ၂၁. ၈. ၂ဝ၁၃ ရက်နေ့ နေ့လည် ၂းဝဝ နာရီအချိန်တွင် ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆရာကြီး၏ အရိုးပြာများတို့အား အောင်ပန်းမြို့ရှိ ဆရာကြီး ဒဂုန်တာရာ ပိုင်ဆိုင်သည့် မြို့ပြင်ရှိ သုံးဧကအကျယ် ခြံဝန်းအတွင်းတစ်နေရာ၌ ငြိမ်းချမ်းရေး ချိုးငှက်ပုံ ကျောက်တိုင်ထုလုပ်ထားရှိရန် ကျွန်တော်တို့ အကြံပြုခဲ့သည်။


၂ဝ. ၈. ၂ဝ၁၃ ရက်နေ့တွင် ညောင်ရွှေမြို့မှ တောင်ကြီးမြို့သို့ ဗြဟ္မစိုရ်လူမှုရေး ခရီးစဉ်အား ဆက်လက် ထွက်ခွာခဲ့သည်။ ယင်းနေ့တွင် တောင်ကြီးမြို့၌ ကွယ်လွန်သွားခဲ့သော ဒေါ်ရွှေဥ အသက် (၇ဝ) နှစ်၏ ဈာပနအား နာမ့်ခုံး ရှမ်းများပရဟိတအသင်းနှင့်အတူ ပူးပေါင်း၍ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင်၍ ကူညီပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့သည်။ ထို့နောက် ဦးကျော်သူမှ တောင်ကြီးမြို့ရှိ နာမ့်ခုံး ရှမ်းများ ပရဟိတအသင်းအား မေတ္တာရပ်ခံ၍ အထူးနိဗ္ဗာန်ယာဉ်ကြီးဖြင့် ဆရာကြီး ဒဂုန်တာရာ၏ နောက်ဆုံးခရီးအား ကူညီဆောင်ရွက်ရန် သဘောတူရရှိခဲ့သည်။

၎င်းနိဗ္ဗာန်ယာဉ်ကြီးဖြင့် ဆရာကြီး၏ရုပ်ခန္ဓာအား သယ်ဆောင်ရန် အောင်ပန်းမြို့သို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ၂၁. ၈. ၂ဝ၁၃ ရက်နေ့ နံနက် ၉းဝဝ နာရီအချိန်တွင် “နာမ့်ခုံး ရှမ်းများပရဟိတအသင်း” နှင့်အတူ နိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် တောင်ကြီး မြို့မှ အောင်ပန်းမြို့သို့ စတင်ထွက်ခွာခဲ့ရာ လမ်းတစ်လျှောက် မြို့အသီးသီးရှိ လူမှုရေးအသင်းအဖွဲ့များ ဖြစ်သော “သာဓု လူမှုနာမှုကူညီရေးအသင်း” (အေးသာယာ)၊ ပင်းတယသွေးလှူရှင်အဖွဲ့၊ ညောင်ရွှေမြို့ရှိ “ရွှေမေတ္တာ လူမှုကူညီရေးအသင်း”၊ ရွှေညောင်မြို့ရှိ ပရဟိတအသင်းများ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာဖြင့် အောင်ပန်းမြို့သို့ နံနက် ၁၁းဝဝ နာရီအချိန်တွင် ရောက်ရှိခဲ့ကြသည်။

ထို့နောက် အောင်ပန်းမြို့ နာရေးကူညီမှုအသင်းတို့နှင့်ပူးပေါင်း၍ ဆရာကြီး၏ ဈာပနအခမ်းအနားအား နေ့လည် ၂းဝဝ နာရီအချိန်တွင် နိုင်ငံရေးအဖွဲ့များ၊ အနုပညာရှင်များ၊ စာပေပညာရှင်များ၊ ဂီတပညာရှင်များ၊ ရာဇာနေဝင်း၊ ဟေမာနေဝင်း၊ သန္တာနေဝင်းတို့နှင့် မြို့မိမြို့ဖများတို့သည် နေအိမ်မှ ၂ မိုင်ကျော်ရှိ အောင်ပန်းမြို့ သုဿန်သို့လမ်းလျှောက်ကြပြီး ဆရာကြီး၏ ရုပ်ခန္ဓာအား နာမ့်ခုံး ရှမ်းများပရဟိတအသင်း၏ နိဗ္ဗာန်ယာဉ် ပေါ်တင်ဆောင်၍ သုဿန်သို့အရောက်သယ်ဆောင်ခဲ့ပြီး ဆရာကြီးအား မီးသင်္ဂြိုဟ်ရန် ပြင်ဆင်ထားရှိသည့် နံ့သာထင်းပုံပေါ်တင်၍ ဒေသဓလေ့ ထုံးတမ်းစဉ်လာအတိုင်း စီစဉ်ကျင်းပပြုလုပ်ခဲ့သည်။

နောက်ဆုံးတော့ မီးခိုးနဲ့ပြာ … ပါသွားမှာက ကုသိုလ်/အကုသိုလ်ပင်ဖြစ်တော့သည်။ သို့သော် ဆရာကြီး၏ခန္ဓာအား လောင်ကျွမ်းခြင်းဖြင့် ထွက်ပေါ်လာသော မီးခိုးနှင့် ပြာမှုန်တို့သည် ရှမ်းပြည်နယ်တစ်ခုလုံး လွှမ်းခြုံသွားသည်ကို တွေ့မြင်မိတော့သည်။ ထိုမီးခိုးနှင့်ပြာမှုန်တို့သည် ငြိမ်းချမ်းရေးမီးခိုးနှင့် ငြိမ်းချမ်းရေး ပြာမှုန်အလား ခံစားမိတော့သည်။ “ရန်သူမရှိ မိတ်ဆွေသာရှိ … မုန်းသူမရှိ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” ဟူသော ဆရာကြီး၏ ဆိုစကားအတိုင်း မြန်မာပြည်သူ/သားများ၊ တိုင်းရင်းသားပေါင်းစုံ အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်မည်ဆိုပါက ငြိမ်းချမ်းရေးကိုရရှိမည်ဟု ကျွန်ုပ်တို့ သိရှိခဲ့ရသည်။

ထိုနည်းတူစွာ တိုင်းပြည်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖ.ဆ.ပ.လ ညီလာခံတွင် မိန့်ကြားခဲ့သော “ဗြဟ္မစိုရ်တရား ခေါင်းပါးနေသရွေ့ကာလပတ်လုံး တိုင်းပြည်သည် ကပ်ဘေးအမျိုးမျိုး ဆိုက်ရောက်နေပေလိမ့်မည်” ဟူသော မိန့်မှာချက်အား ကျွန်ုပ်တို့နားထဲတွင် ပဲ့တင်ထပ် ကြားသိရပြီး “ဒေါင်းဆိုတာ .. ကမှ လှတယ်။ ငှက်ဆိုတာ တေးသီမှ အေးချမ်းတယ်။ ငါးဆိုတာ ကူးခတ်နေမှ ကြည်နူးတယ်။ ခွေးဆိုတာ .. အမြှီးလေးနှံ့နေမှ ပျော်မြူးတယ်။ လူဆိုတာ ဗြဟ္မစိုရ်တရားလက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်” ဟူ၍ ကျွန်တော် ၂ဝ၁ဝ ခုနှစ်တွင် ရေးသားခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့မိတော့သည်။

တိုင်းရင်းသားပေါင်းစုံ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသား ပြည်သူလူထု အပေါင်းတို့အပြင် စာပေပညာရှင်များ၊ နိုင်ငံရေးသမားများတို့၏ စည်းလုံးညီညွတ်မှုသည် အောင်ပန်းမြို့တွင် မြန်မာပြည်ကြီး၏ ငြိမ်းချမ်းရေးပြယုဂ် (သို့) ငြိမ်းချမ်းရေးကျောက်တိုင်တစ်ခု ထူထောင်နိုင်ခဲ့ပြီဖြစ်သည်။


ထို့ကြောင့် တိုင်းရင်းသားစည်းလုံးမှုကို ၁၉၄၇ ခုနှစ် ပင်လုံကျောက်တိုင်မှ ၂ဝ၁၃ ခုနှစ် အောင်ပန်း တွင် ဆရာကြီးဒဂုန်တာရာအတွက် ရည်စူးထူထောင်ခဲ့သော ငြိမ်းချမ်းရေးကျောက်တိုင်တို့သည် ကျွန်တော် တို့ မြန်မာနိုင်ငံ၏ အနာဂါတ်သမိုင်းကို ထင်ဟပ်စေလိမ့်မည်ဟု မျှော်လင့်တောင့်တမိပါတော့သည်။

(ကျော်သူ) 


 

No comments: