အခန်း - ၁၅
တားမြစ်ချုပ်ချယ်သော လုပ်ရပ်တွေကြောင့်သာ လျှို့ဝှက်ဆောင်ရွက်ချက်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဂျယ်လို ဘီယာဖရာ (အမေရိကန် အစိမ်းရောင်ပါတီ ခေါင်းဆောင်တဦး)
မျက်စေ့ရှေ့မှာပင် ကပ်လွတ်သွားသည်ကို ဗိုလ်ကြီးမြင့်ထူး နည်းနည်းမှ မကျေနပ်။ မန္တလေးကတည်းက သူ့ကို ခြေရာခံလိုက်ခဲ့သည်။ ရွှေကိုင်းမျက်မှန်နှင့် ထိုအမျိုးသမီးကြီးသည် ဆန့်ကျင်ဘက် မြေအောက် ကွန်ယက်၏ အရေးအကြီးဆုံးဆက်သားဖြစ်ရမည်ဟု သူ ယုံကြည်ထားသည်။ ထို့ကြောင့်လည်း အင်အား အကုန်သုံးပြီး နေရာအနှံ့ပိုက်စိပ်တိုက် လိုက်ရှာခဲ့သည်။
မန္တလေးဘူတာတွင် သုံးနာရီကျော်သည့်အထိ သူရောက်မလာသောကြောင့် ရထားကိုပင် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲထားခဲ့သည်။ သုံးနာရီခွဲတော့မှ ရထားကို ထွက်ခွင့်ပြုလိုက်သည်။ သို့သော် ပစ်မှတ်သည် ရထားပေါ်တွင် ဘယ်လိုပါသွားမှန်းမသိလိုက်။ ပါဖြစ်အောင် ပါသွားလေသည်။ ရထားပေါ်တွင် ပစ်မှတ်ပါသွားကြောင်း အတိအကျသိလိုက်ရချိန်တွင် သူကိုယ်တိုင် သာစည်ဘူတာအထိ ကားနှင့် ရှေ့ကကြိုစောင့်ပြီး အပီအပြင်စောင့်ဖမ်းဖို့ ကြိုးစားခဲ့ပြန်သည်။ သို့တိုင်အောင် သီသီကလေး ကပ်လွတ်သွားခဲ့ပြန်သည်။ ရထားပေါ်တွင် ပစ်မှတ်နှင့်အတူထိုင်နေခဲ့သော အူကြောင်ကြောင်ဟု သူ သတ်မှတ်ထားခဲ့သည့်ကောင်လေး၏ ပြောစကားကို လွယ်လွယ်နှင့်ယုံလိုက်မိသည်။
ထိုအူကြောင်ကြောင်ကောင်လေးက သူတို့ကို နှပ်လိုက်ပြီဟု သိလိုက်သည့်အချိန်တွင် ပစ်မှတ်သည် မြေလျှိုးသွားလေပြီ။ သူတို့လုပ်ငန်း၏ အဓိကအခက်အခဲမှာ သာမန်ပြည်သူတွေက သူတို့ဘက်က ပူးပေါင်းရပ်တည်မှုမရှိသော အချက်ဖြစ်သည်။ တာဝန်သိပြည်သူ ဆိုသောစကားမှာ သည်နေ့ခေတ်တွင် သူတို့အတွက် မဟုတ်တော့။ သူတို့၏ရန်သူကို ကူညီခြင်းကိုသာ လူတွေက သူတို့တာဝန် သူတို့သိခြင်းဟု မှတ်ယူနေကြပြီဖြစ်သည်။
မြေအောက်ကွန်ယက်အဖွဲ့သည် အရေးအကြီးဆုံး ညီလာခံတခုကို မြန်မာပြည်မြောက်ပိုင်းတနေရာတွင် တိတ်တဆိတ် ကျင်းပခဲ့သည်။ သူတို့လူစုပုံက အလွန်သေသပ် သိုသိပ်သောကြောင့် ညီလာခံကျင်းပချိန်တွင် သတင်းအချိန်မီ မရလိုက်။ သူတို့သည် ဘုန်းကြီးကျောင်းတကျောင်းတွင် အလှူပွဲတပွဲကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်ပြီး အလှူပွဲကိုအကြောင်းပြ လူစုသွားခဲ့ကြသည်။ ထိုအလှူပွဲကျင်းပနေချိန်မှာပင် သီးခြားအဆောင်တခုတွင် တံခါးပိတ်ပြီး လျှို့ဝှက်ညီလာခံ ပြုလုပ်သွားကြသည်။ ညီလာခံပြီးမှ အတွင်းလူ သတင်းပေး၏ သတင်းပေးပို့ချက်အရ ညီလာခံကျင်းပသွားကြောင်း သိလိုက်ရသည်။ သတင်းပေးကိုယ်တိုင်သည်ပင် ညီလာခံပြီးမှ ညီလာခံကျင်းပကြောင်း သိခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သတင်းပေးသည် အဖိုးတန်သော သတင်းတခုကိုကား ပေးနိုင်ခဲ့သည်။ ထိုသတင်းမှာ အခြားမဟုတ်။ ထိုညီလာခံ၏ ဆုံးဖြတ်ချက်နှင့် လုပ်ငန်းစဉ်များအပါအဝင် စာမျက်နှာ ၅၀၀ ကျော်ပါဝင်သော စာရွက်စာတမ်းများနှင့် အောက်မြန်မာပြည် ကွန်ယက်အဖွဲ့ဝင်တွေ၏စာရင်းကို အထူးဆက်သားတယောက်က သယ်ဆောင်သွားသည်ဆိုသော သတင်းဖြစ်သည်။
ဆက်သားဟု သံသယရှိသောပစ်မှတ်ကို မန္တလေးရောက်မှ အနံ့ခံနိုင်ခဲ့သည်။ သို့သော် ဆက်သားက သိပ်ပါးနပ်သည်။ သူ့ကို အနံ့ခံမိသွားပြီဖြစ်ကြောင်း ချက်ချင်းရိပ်မိသွားသည်။
မြေနေရာလပ် မကျန်အောင် သူ့လူတွေ အထပ်ထပ်ချထားပါလျက်နှင့် မန္တလေးကနေ မျက်စိအောက်မှပင် ရအောင်ထွက်သွားသည်။ ပစ်မှတ်သည် ရန်ကုန်အရောက်သွားလိမ့်မည်ဆိုသောအချက်ကို သိထားပြီးပြီမို့ ဆက်လက် စုံစမ်းနိုင်ခဲ့သည်။ သာစည်ဘူတာတွင် အပိုင်ဖမ်းနိုင်ပြီဟု အသေအချာ ယုံကြည်ထားပြီးကာမှ ဘာမဟုတ်သော အူရိုင်းလေးတယောက်လက်ချက်ဖြင့် လှည့်ကွက်မိခဲ့သည်။ လက်ထဲက မြွေပွေးသည် အသာကလေး လျှောခနဲထွက်သွားပြန်လေသည်။
ပိုဆိုးချင်တော့ ပစ်မှတ်သည် ဆက်လက် မလှုပ်ရှားတော့ဘဲ မြေလျှိုးသွားသည်။ ရွေ့လျားနေသော သားကောင်၏ နောက်တွင်ခြေရာ ကျန်တတ်စမြဲ။ သို့သော် ဝပ်ကျင်းထဲ ငုပ်လျှိုးငြိမ်သက်သွားသော သားကောင်ကို ခြေရာခံဖို့ဆိုသည်မှာ ခက်ခဲပါဘိခြင်း။
တကယ်တော့ သူ့ယူဆချက်အရ ပစ်မှတ်သည် ဆက်လက်လှုပ်ရှားရမည်။ ရန်ကုန်ရောက်အောင် အချက်အလက်တွေ ပေးပို့ရမည်။ အခု သူ ထင်သလိုမဟုတ်ဘဲ ဘာ့ကြောင့် မြေလျှိုးသွားသနည်း။ သူနှင့်တပြိုင်တည်း အခြားလမ်းကြောင်းတကြောင်းကပါ တပြိုင်တည်းသွားနေလေသလား။ ဒီပစ်မှတ်ကို သူတို့မဲနေချိန် နောက်ထပ်တယောက်က ရန်ကုန်ရောက်သွားပြီလား။ သိပ်တော့ သူ မထင်။ လမ်းကြောင်းနှစ်ကြောင်း တပြိုင်တည်းသုံးလျှင် လွတ်လမ်း နှစ်ဆရှိနိုင်သလို မိလမ်းနှစ်ဆရှိနိုင်တာကိုလည်း မြေအောက်သမားတွေ မသိဘဲနေမည်မဟုတ်။
ဒါမှမဟုတ် ကောင်လေးကိုများ အချက်အလက်တွေ လက်ဆင့်ကမ်းလိုက်သလား။ မဖြစ်နိုင်ဟု ယတိပြတ် မဆိုနိုင်။ သို့သော် ဖြစ်နိုင်ချေတော်တော်နည်းသည်။ ကောင်လေးသည် မြေအောက်ဆက်သားနှင့် အချိန်းအချက်လုပ်ထားသော နိုင်ငံရေးသမားပုံစံမျိုးမဟုတ်။ ကောင်လေးသည် ဘယ်လိုနည်းနှင့်မှ လေ့ကျင့်ထားသော ပုံစံမပေါက်။ ကောင်လေးသည် ပြင်ပလောကနှင့်ပင် များများစားစား ထိတွေ့ဖူးပုံ မပေါ်။ ခရီးပင် များများသွားလာဖူးပုံ မရ။ ပုံစံက အူတူတူ အတတပုံစံမျိုးဖြစ်သည်။ အစိမ်းသက်သက် အူရိုင်းပုံစံမျိုး။
ဒီတော့ မြေအောက်နိုင်ငံရေးသမားဖြစ်ဖို့ အခွင့်အလမ်းသိပ်နည်းလှသည်။ မြေအောက်နိုင်ငံရေးသမားများသည် သူတို့နှင့်ဘာမျှမပတ်သက်ဘဲ လမ်းတွင်တွေ့ရသော သူစိမ်းတယောက်ကို ယုံကြည်ပြီး သူတို့၏ အရေးကြီးစာရွက်စာတမ်းများကို အပ်နှံလိမ့်မည် မဟုတ်။ အပ်နှံသူက အပ်နှံဦးတော့ လက်ခံသူက လက်ခံရဲပါမည်လော။ မြေအောက်အဖွဲ့အစည်း၏ စာရွက်စာတမ်းများမှာ အန္တရာယ်သိပ်ကြီးနိုင်သည် မဟုတ်ပါလား။
သို့သော် တခါတရံတွင် ထင်မှတ်မထားတာတွေလည်း ဖြစ်တတ်လေသည်။ ထို့ကြောင့် ဆယ်ရေးတွင် တရေးလောက်တော့ ဖြစ်နိုင်ချေရှိသည်ဟု သူ ပေးတွက်လိုက်သည်။ သည်တော့ ဘာပဲပြောပြော ဒီကောင်လေးကို အနံ့ခံကြည့်လျှင် အကျိုးတော့ မယုတ်တန်ရာ။
သို့သော် ကောင်လေးကို သူ ဘယ်မှာလိုက်ရှာရမည်နည်း။ တော်တော်ခက်ခဲသွားပေပြီ။
သူ လုပ်နိုင်သောနောက်ဆုံးနည်းမှာ ဘူတာရုံက လက်မှတ်အရောင်းစာရင်းထဲမှာ ကောင်လေး၏ နာမည်နှင့် ဇစ်မြစ်ကိုရှာ၊ နောက်တဆင့် သူ့မိဘဆီသွားပြီး သူ ဘယ်မှာရောက်နေသည်ဆိုသောအချက်ကို စုံစမ်းရုံသာ ဖြစ်သည်။ ထိုသို့စုံစမ်းပြီးနောက် ဖမ်းဆီး ရိုက်နှက်စစ်ဆေးလိုက်လျှင် အကုန်လုံး သိလာရနိုင်သည်။ သည်ကောင်လေး ဘာမှမသိဆိုလျှင်လည်း ဘာမှ ပြဿနာမရှိ။ ပြန်လွှတ်လိုက်ရုံသာ။ သူတို့လုပ်ငန်းသဘာဝအရ အပြစ်မရှိသူတွေကို ဒုက္ခမရောက်စေချင်သော်လည်း အန္တရာယ်ကြီးမားသော မြေအောက်လောကသားတယောက် လွတ်သွားမည့်အရေးထက်စာလျှင် အပြစ်မဲ့သူ ၁၀ ယောက်ကို စတေးရစေဦးတော့၊ စတေးမည်သာ။ နိုင်ငံတော်ကို မြေအောက်လောကသားလက်ချက်မှ ကာကွယ်သွားရန်အတွက် သာမန် အရပ်သား ၁၀ ယောက်လောက် စတေးရလျှင်လည်း အရေးမကြီး။
အပြစ်မဲ့သူ ဆယ်ယောက်ကို ဖမ်းချင် ဖမ်းရပါစေ၊ အပြစ်ရှိသူတယောက်ကို လွတ်မသွားစေဖို့ အရေးကြီးသည်။ ဤသည်မှာ ဗိုလ်ကြီးမြင့်ထူး၏ခံယူချက် ဖြစ်သည်။ အပြစ်ရှိသည် မရှိသည် မသေချာစေကာမူ၊ သံသယရှိလျှင် လက်ဦးမှုယူပြီး ဖမ်းဆီးလိုက်သည်က သူတို့အတွက် အကောင်းဆုံးဖြစ်သည်။ ဒါမှလည်း အထက်လူကြီး၏ အပြစ်တင် ဆဲဆိုမှုဒဏ်မှ သက်သာနိုင်မည် ဖြစ်သည်။ ကိုယ်ကသက်ညှာပြီး မဖမ်းမဆီးဘဲလွှတ်ပေးလိုက်သူက မတော်တဆ နိုင်ငံရေးသမားတယောက်ဖြစ်နေခဲ့လျှင် အလုပ်တောင် ပြုတ်ချင်ပြုတ်သွားနိုင်သည်။
သည်ကောင်လေးကိုဖမ်းဖို့ စစ်ကြောရေးလုပ်ဖို့ဆိုသည်မှာ သာမန်အားဖြင့် သိပ်မခက်ခဲလှ။ သူတို့ လုပ်နေကျပုံစံအရ နည်းနည်းပါးပါးဖြစ်ဖြစ် ဖမ်းပြီး ဆော်လိုက်ရလျင် မဆိုး။ သို့သော် အသံကြောင့် နောက်တခါ လန့်ပြေးတာမျိုး မဖြစ်စေချင်။ ဖြစ်နိုင်ချေနည်းသော သားကောင်နောက်ကို သဲကြီးမဲကြီးလိုက်မိသောကြောင့် ပျားအုံကို တုတ်နှင့်ဆွသလို လှုပ်လှုပ်ရွရွ ဖြစ်သွားမှာကိုလည်း မလိုလား။ သူတို့ သဲကြီးမဲကြီးလိုက်နေတာကိုသိပြီး တခါတည်း ခြေရာဖျောက်သွားတာမျိုး မဖြစ်စေချင်။ သူတို့ လိုက်နေတာကို အလိုက်ခံရသူတွေ မသိစေချင်။
ထို့ကြောင့် ဒီကောင်လေးအကြောင်း စုံစမ်းလျှင်တောင်မှ သူ့မိဘဆီသွားမေးတာမျိုးကို မလုပ်ချင်။ မိမိတို့ စုံစမ်းနေသည်ကို အစုံစမ်းခံရသူကိုယ်တိုင် မသိအောင် ဆောင်ရွက်မှဖြစ်မည်။ ဒါဆိုရင်တော့ အချိန်ယူရပေတော့မည်။ ဗိုလ်ကြီးမြင့်ထူး မောသွားသည်။
ဗိုလ်မှူးထွန်းဝင်း၏ နှစ်ပြားမတန်အောင် အပြစ်တင်ပြောဆိုခြင်းကို ခံရဦးတော့မည် မဟုတ်ပါလား။
********
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment