Saturday, August 10, 2013

၈၈ ကား စီးဆင်းဆဲ (သစ္စာနီ)

ထိုတဒင်္ဂမှာတော့ ကျွန်တော်မင်သက်မိနေသည်။ ကျွန်တော့်အာရုံငါးပါးလုံးကို မြင်ကွင်းအားလုံးက တိတိကျကျ စုတ်မြိုထားသည်။ ဒါ မဖြစ်နိုင်ဘူး။ ဒါ ဖြစ်ခဲ့တယ်။ အိပ်မက်ထဲမှာပင် ပုံဖော်ရန်ခက်ခဲသော အရာတွေက အခု ကျွန်တော့်ရှေ့မှာ တကယ့်ဖြစ်ရပ်အဖြစ် ရုပ်လုံးကြွလျက်ရှိသည်။ 

သဲသဲလှုပ်လှုပ် အုတ်အုတ်ကျက်ကျက် လူများ။ လူတန်းစားအမျိုးမျိုး။ အရွယ်အစားအဖုံဖုံ။ မြို့တော်သည် လူများဖြင့် လျှံဖိတ်နေသည်။ လမ်းပေါ်တွင်သာ ပြည့်သိပ်နေသည်မဟုတ်။ မြင့်မားသော ဝဲယာတိုက်တာများ၏ ဝရံတာနှင့် ပြတင်းပေါက်များမှာလည်း လူတွေသီးပြွတ်နေသည်။ ထိုတိုက်များ၏ အခန်းတိုင်းမှာပင် မဆလ အလံ (စပါးနှံနှင့် ပင်နယံ) များကို ဇောက်ထိုးတစ်ဝက် လွှင့်ထူထားကြသည်။ ဘယ်သူက စတင်လိုက်တာလဲ။ စတင်လိုက်သူများ ဧကန်ပင် စိတ်ကူး၊ စိတ်သန်းကောင်းသူဖြစ်ရမည်။ 

လမ်းမပေါ်မှလူအုပ်ကြီး ချီတက်ရင်းကိုင်ဆောင်လာတာက လွတ်လပ်ရေးရပြီးကတည်းက အသုံးပြုခဲ့သော အလံဟောင်းနှင့် ခွပ်ဒေါင်းအလံများ၊ ရှေ့ဆုံးမှလူများက ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ဓာတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံများကို ကိုင်ဆောင်လာကြသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည်ကား တော်လှန်ရေး၏သင်္ကေတ။ စစ်အာဏာရှင်ကို ဆန့်ကျင့်ခဲ့သည့် အရေးတော်ပုံတိုင်းကို အသက်ရှိစဉ်က အစဉ်တစိုက် အားပေးခဲ့သူ။ ဤလေးမြတ်မှုနှင့် အရေးကြုံတိုင်း ဆရာကြီးပုံများကို ရှေ့တန်းတင်ခဲ့ကြသည်။ (ဒါကိုပင် စစ်ဝါဒီအုပ်စိုးသူတွေက လက်ဝဲဝါဒပုံရိပ်ဟု အသရေဖျက်တတ်သည်။) ဗိုလ်ချုပ်အောင်ဆန်းကတော့ ပြည်သူတွေ၏ ရင်ထဲဝယ် ထာဝရ ရှင်သန်နေသော စင်ကြယ်သန့်ရှင်းသည့် လူထုခေါင်းဆောင်။ 

အဖြူရောင်နောက်ခံကောင်းကင်မှာ ရဲရဲတောက်ဝေ့ဝဲနေသည့် ခွပ်ဒေါင်းအလံနီနီများ၊ ကြွေးကြော်သံတွေက ဘဝဂ်ညံ၍နေသည်။ 


"ဒီမိုကရေစီရရှိရေး ... တို့အရေး" 

ဆန့်တန်းလိုက်သော လက်မောင်းတွေက အင်အားအပြည့်။ သူတို့အားလုံး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ လူငယ်အတော်များများမှာ နီရဲသော နဖူးစည်းများနှင့်။ သူတို့မျက်နှာများမှာ နဖူးစည်းများနှင့်အပြိုင် ရဲရဲတောက်နေသည်။ ဒါ ဇာတ်တိုက်ထားတာမဟုတ်။ ဒါနဲ့တောင် မြန်မာပြည်တစ်ပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ကြရာ၌ ဘာကြောင့် ယိမ်းကနေသလို ညီညွတ်လှပနေရတာလဲ။ ကျွန်တော်ကတော့ အလှတရားတွေအားလုံးထဲတွင် အမှန်တရား၏အလှကို မီနိုင်သောအလှဟူ၍ ရှာမတွေ့ခဲ့။ 

ကျွန်တော် ထိုအချိန်ကခံစားရမှုကို စစ်စစ်မှန်မှန် ခွဲခြမ်းစိတ်ဖြာပြရလျှင် ကဗျာတပုဒ်ကိုဖတ်ရချိန်၌ခံစားရသည့်ပီတိနှင့် ဆင်တူနေသည်ကို တွေ့ရသည်။ ဒါ ကဗျာတပုဒ်၊ မြင်ရတဲ့မြင်ကွင်း၊ ကြားရတဲ့အသံ၊ ရှုရှိုက်ရတဲ့လေက အစ၊ ဒါ ကဗျာပဲ၊ တစ်မြို့လုံး ကဗျာဖြစ်သည်။ တစ်နိုင်ငံလုံး ကဗျာဖြစ်နေသည်။ ကျွန်တော်သည် ထိုကဗျာထဲပြုတ်ကျကာ နစ်မြုတ်နေသည်။ သို့မဟုတ် ကျွန်တော်ကိုယ်တိုင် ကဗျာဖြစ်နေသည်။ 

လူထုလူတန်းစားပေါင်းစုံသည် သမဂ္ဂဟူသော ဆိုင်းဘုတ်အသီးသီးကိုကိုင်ကာ အဆက်မပြတ်သော ကြွေးကြော်သံများဖြင့် မြေပြင်တုန်ခါမတတ် ချီတက်သွားကြသည်။ ဘေးနှစ်ဖက်မှကြည့်ရှုနေသူ လူအုပ်စုကြီး၏ လက်ခုပ်သံများက ကြွေးကြော်သံများနှင့် ပျော်ဝင်ထွေးယှက်သွား၏။ ရက်ပိုင်းအတွင်းမှာ အစိုးရအဆက်ဆက်ပြောင်းသွားသည်။ နာတာရှည်ရောဂါကို ဆေးမြီးတိုနှင့်ကုစားရန်ကြိုးစားခြင်းမှာ အောင်မြင်စရာလမ်းမရှိတော့။ တော်လှန်ရေးမှာ ရင့်မာ၍နေလေပြီ။ ဇူလိုင် ၇ မှစ၍ ၇၄၊ ၇၅၊ ၇၆ မှိုင်းရာပြည့်၊ ဦးသန့်အရေးအခင်း၊ အထွေထွေအလုပ်သမားသပိတ်။ ပြည်သူတို့သည် ဖိနှိပ်သူကိုဆန့်ကျင်ရန် သမိုင်းအဆက်ဆက်၊ ကိုယ့်မျိုးဆက်နဲ့ကိုယ် တာဝန်ကျေခဲ့ကြသည်။ အထွေထွေ ချွတ်ခြုံကျမှုမှ ပေါက်ဖွားလာသော လူထုလူတန်းစားပေါင်းစုံ၏ အထွေထွေအုံကြွမှု၊ တစ်နိုင်ငံလုံးကူးစက်ပြန်သွားပုံမှာ မီးတောက်နှင့်တွေ့သော ဓာတ်ဆီကဲ့သို့ လျှင်မြန်လှသည်။ နိုင်ငံတကာသတင်းဌာနတွေက အဆက်မပြတ် ထုတ်လွှင့်ပေးနေသည်။ ကမ္ဘာ့သမိုင်းမှာပင် မော်ကွန်းတွင်ရစ်မည့် ပြည်သူ့တော်လှန်ရေး။ ပြင်သစ်တော်လှန်ရေးနဲ့လည်း ယှဉ်ရဲသည်။ အမေရိကန်တော်လှန်ရေးနဲ့လည်း ယှဉ်ရဲသည်။ တော်လှန်ရေးအဆက်ဆက်မှ စွန့်စားရဲသူ သူရဲကောင်းတို့၏အရိုးဖြင့် ခင်းခဲ့သောလှေကားထစ်များ။ ဗျည်းအက္ခရာမလောက်ငှအောင် များပြားသည့် အညတရအာဇာနည်တို့၏ အမည်နာမများ။

အရာအားလုံးမှာ ငွေရတုတိုင်အောင် လတ်ဆတ်ဆဲရှိသည်။ သေနတ်သံများ ပဲ့တင်ထပ်ဆဲ၊ သွေးကွက်များ မခြောက်သွေ့သေး။ ယမ်းနံ့မပျယ်သေး။ နှင်းခဲမပျော်တပျော်။ မြန်မာ့နွေဦးပေါက်။ တော်လှန်ရေး၏ အသီးအပွင့်များ။ ခွပ်ဒေါင်းအလံများ လွှင့်ထူထားဆဲ။ လက်သီးများ ဆုပ်ထားရဆဲ။ ၈၈ စိတ်ဓာတ်များ ပူနွေးဆဲ။ တိုက်ပွဲခေါ်သံကို ပြောင်ပြောင်တင်းတင်း မကြားရ။ မဟာဗျူဟာမြောက် နည်းဗျူဟာမြောက် နိုင်ငံရေးအခင်းအကျင်းများ၊ ရှုပ်ထွေးများမြောင် ထွေပြားလေးနက်။ ဇာတ်ကွက် ခပ်စိပ်စိပ်၊ အလှည့်အပြောင်း ခပ်များများ၊ ရွေ့လျားမှု မြန်မြန်ဆန်ဆန်။ အတိမ်းအစောင်းမခံ။ ထိရှလွယ်လွန်းသည်။ 

၈၈ အရေးတော်ပုံကို အဟောသိကံ မဖြစ်စေရ။ အရပ်သားနိုင်ငံရေး၊ စစ်သားနိုင်ငံရေး၊ ကျောင်းသားနိုင်ငံရေး၊ သံဃာနိုင်ငံရေး၊ ခရိုနီနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ အာဏာရှင်နိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး၏ဆုံမှတ်က ဘယ်မှာလဲ။ ပဋိပက္ခသည် အကျိုးစီးပွားပေါ် အခြေခံသည်။ အကျိုးစီးပွား မညီညွတ်ဘဲ အမျိုးသားညီညွတ်ရေးမရနိုင်။ အနာဂတ်ဒီမိုကရေစီရေးမှာ စိမ်ခေါ်မှုများစွာက စောင့်ကြိုနေသည်။ လက်ငင်းမှာပင် ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခ၊ စစ်တပ်နှင့် နိုင်ငံရေးသမား၊ ပါတီအချင်းချင်း ကွဲလွဲမှု၊ လစ်ဘရယ်ဝါဒနှင့် အမျိုးသားရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေး၊ ညွှန့်ပေါင်းအစိုးရ၊ ခရိုနီကတ်ပီတယ်လစ်ဇင်း၊ ကပြားဒီမိုကရေစီ (Hybrid Democracy)၊ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ပီအာရ်စံနစ်ရွေးကောက်ပွဲ၊ မီဒီယာလွတ်လပ်ရေးနှင့် လယ်သမားတို့၏ ထွန်တုံးတိုက်ပွဲနှင့် အလုပ်သမားသပိတ်များ ပြဿနာပေါင်သောင်းခြောက်ထောင်။ ကျွန်တော်ကတော့ လူထုကို ယုံသည်။ တော်လှန်ရေးစိတ်ဓာတ်ကို ယုံကြသည်။ ပြည်သူသည် နိုင်ငံရေးအသိ မြင့်မားသည်။ ၈၈ မီးရှူးတိုင်ကို အောင်မြင်ရေးမုခ်ဦးဆီသို့ ခိုင်ခိုင်မာမာ ဆက်လက်သယ်ဆောင်သွားလိမ့်မည်။ ။ 

သစ္စာနီ 

နွယ်နီမဂ္ဂဇင်း ၂၅ နှစ်ပြည့် အထူးထုတ်မှ .....


 


 

No comments: