Saturday, August 17, 2013

ဒီမိုကရေစီပျိုးပင် (၃) - ညီစောလွင်

ဒီမိုကရေစီပျိုးပင် အပိုင်း (၂) မှာ အီဂျစ်မှာ အရေးကြီးတဲ့ တော်လှန်ရေးအင်အားစုတွေ ညှိနှိုင်းဖို့ အားနည်းခဲ့လို့ ဒီမိုကရေစီကို ပျိုးထောင်တဲ့အချိန်မှာ အခက်အခဲတွေ ကြုံရတဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။ အခု ဒီစာရေးတဲ့အချိန်မှာတော့ အီဂျစ်အခြေအနေက အတော်လေးကို ခြေလွန်လက်လွန်နဲ့ ပဋိပက္ခတွေ ဘယ်အထိ စခန်းသွားဦး၊ သွေးတွေ ဘယ်လောက် ထွက်ဦးမလဲဆိုတာ မပြောနိုင်ပါဘူး။ အခုတွေ့နေရတဲ့ အီဂျစ်အခြေဟာ ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့လည်း ပတ်သက်နေပါတယ်။ အဓိက ပြောချင်တာက အပိုင်း (၂) မှာ ဆွေးနွေးခဲ့တဲ့အတိုင်း လူမှုအုပ်စုတွေ အချင်းချင်းအကြားမှာ ညှိနှိုင်းဖို့ အရေးကြီးတဲ့အကြောင်းပါ။ လူမှုအုပ်စုတွေလို့ ပြောတဲ့အတွက် နိုင်ငံရေး အုပ်စုတွေပါဝင်သလို၊ အရပ်ဘက် အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။ ဒီနှစ်မျိုးစလုံးဟာ ဒီမိုကရေစီ တည်ဆောက်တဲ့နေရာမှာ အဓိက အုတ်မြစ်တွေ၊ မဏ္ဍိုင်တွေပါပဲ။ 

အဲဒီတော့ ပထမအုတ်မြစ်ဖြစ်တဲ့ lively civil society ရှင်သန်အားကောင်းတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအကြောင်းက စကြပါစို့။ အရပ်ဘက်အဖွဲ့အစည်းတွေလို့ဆိုတဲ့အတိုင်း ကိုယ်ထူကိုယ်ထ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ လူထုအခြေပြု အဖွဲ့အစည်း၊ အသင်းအပင်းတွေကို ဆိုလိုပါတယ်။ အကျိုးစီးပွားတူတဲ့ အုပ်စုတွေ၊ စိတ်ဝင်စားမှုတူတဲ့၊ အုပ်စုတွေက လိုအပ်ချက်အလိုက်၊ တန်ဖိုးထားမှုတွေအလိုက် စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို ဆိုလိုပါတယ်။ ဥပမာ အမျိုးသမီးသမဂ္ဂ၊ ဘာသာရေးအဖွဲ့တွေ၊ ပညာရှင်အဖွဲ့အစည်းတွေ၊ အလုပ်သမား၊ လယ်သမား၊ စသဖြင့် အသက်မွေးမှုတွေနဲ့ဆိုင်တဲ့ အဖွဲ့တွေကနေ ရပ်ကွက်သာရေး၊ နာရေးအဖွဲ့တွေအထိ ပါဝင်ပါတယ်။ ဒုတိယအုတ်မြစ်ကတော့ လွတ်လပ်တဲ့ နိုင်ငံရေး အသိုက်အဝန်း(autonomous political society) တွေပါပဲ။ အစိုးရအာဏာအတွက် တရားဝင်တဲ့နည်းလမ်း ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေပါ။ 


လူထုအခြေပြုအဖွဲ့အစည်းတွေ၊ တနည်း လူထုအသင်းအပင်းအဖွဲ့အစည်းတွေဟာ အာဏာရှင် အစိုးကို ဖြုတ်ချနိုင်ပေမယ့် တကယ်တမ်း ဒီမိုကရေစီကိုတည်ဆောက်ဖို့ကတော့ နိုင်ငံရေးပါတီတွေမရှိလို့ မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီကို တည်ဆောက်ဖို့ဆိုရင် နိုင်ငံရေးပါတီ၊ နိုင်ငံရေးအရ ဦးဆောင်မှု၊ ပါတီအချင်းချင်း မဟာမိတ်ဖွဲ့တာ၊ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်း၊ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲနဲ့ အနိုင်ရတဲ့ ပါတီတွေ အမတ်တွေက ဥပဒေပြုတာတွေမရှိဘဲ မဖြစ်နိုင်ပါဘူး။ ဒါကို အရပ်ဖက်အဖွဲ့အစည်းတွေက အသိအမှတ်ပြုဖို့ လိုပါတယ်။ 

ပိုပြီး အရေးကြီးတာက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေအကြားမှာ သီးခြားစီ လွတ်လပ်နေရမယ်ဆိုပေမယ့် တချိန်တည်းမှာ အပြန်အလှန်ဖြည့်ဆည်းပေးရတဲ့ အပိုင်းလည်း ရှိပါတယ်။ အများအားဖြင့် အပြန်အလှန် ဖြည့်ဆည်းရတယ်ဆိုတဲ့အချက်ကို လူတွေက မေ့နေတတ်ပါတယ်။ တဖက်ကိုတဖက် ဖွံ့ဖြိုးခွင့်မပေးဘဲ ချိုးနှိမ်ဖို့ အမြဲတမ်း စဉ်းစားနေတာမျိုး ဖြစ်နေတတ်ပါတယ်။ “အရပ်ဘက် အဖွဲ့အစည်း Vs အစိုးရ” ဆိုတဲ့ ပြိုင်ဘက်လို စဉ်းစားမှု ပုံစံမျိုးပါ။ အကယ်၍ အာဏာရှင်ဆန်တဲ့ အစိုးရတွေအောက်မှာ နိုင်ငံရေးအဖွဲ့အစည်းတွေကို ပိတ်ပင်ထားတဲ့အခါ၊ ရှင်သန်ခွင့်မပြုတဲ့အခါမှာ၊ အင်အားချိနဲ့အောင် ဖိနှိပ်ထားတဲ့အခါ “အရပ်ဘက် အဖွဲ့အစည်း Vs အစိုးရ” ဆိုတဲ့ စဉ်းစားချက်က လိုအပ်ပါတယ်။ အသုံးဝင်ပါတယ်။ တချို့နိုင်ငံတွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေက ဒီမိုကရေစီ တော်လှန်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သူရဲကောင်းနေရာမှာ ရှိတာလည်း အမှန်ပါပဲ။ ဥပမာ အာရတ်နွေဦး လှုပ်ရှားမှုတွေကို ကြည့်ပါ။ ဒါပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့အဆင့်မှာတော့ စဉ်းစားချက်အဟောင်းတွေက ဒုက္ခပေးနိုင်ပါတယ်။ 

ဒီလို ဒုက္ခပေးတဲ့နေရာမှာလည်း နိုင်ငံရေးအဖွဲ့အစည်းတွေဘက်ကရော၊ အရပ်ဘက်အဖွဲ့အစည်းတွေဘက်ကရော နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေရဲ့အမြင်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့အဆင့်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍက အားကောင်းဖို့ မလိုတော့ဘူး၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍကို လျှော့ချသင့်ပြီလို့ သဘောထားတတ်ပါတယ်။ ဒါမှပဲ ဒီမိုကရေစီနိုင်ငံရေး ရှင်သန်နိုင်မယ်လို့ စဉ်းစားတတ်ပါတယ်။ ဒါက မှားယွင်းတဲ့စဉ်းစားချက်နဲ့ ဆင်ခြေပါပဲ။ ဆိုးရွားတဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ဦးတည်သွားတတ်လို့ပါပဲ။ ခိုင်ခံတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ရှင်သန်အားကောင်းမှပဲ အရပ်ဘက် အဖွဲ့အစည်းတွေဟာ အစိုးရအတွက် တခြားတဖက်က ဆင်ခြင်စရာ ပေါ်လစီတွေကို ချပြနိုင်တဲ့အတွက် အသွင်ကူးပြောင်းရေးအတွက် အဓိက မောင်းနှင်အားအဖြစ် အထောက်အပံ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ်တလျှောက်လုံး၊ အဆင့်တိုင်းအတွက် ရှင်သန်အားကောင်းပြီး လွတ်လပ်တဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။ 

ဒီနေရာမှာ အရပ်ဘက်အဖွဲ့အစည်းနဲ့ နိုင်ငံရေးအဖွဲ့အစည်းကြားထဲမှာ မှားယွင်းတဲ့ ဆန့်ကျင်မှုကို ရှောင်ရှားဖို့လိုပါတယ်၊ အထူးသဖြင့် အရပ်ဘက်အဖွဲ့အစည်းတွေဘက်က စံနှုန်းအခြေပြု စဥ်းစားချက်တွေကြောင့် ပေါ်ပေါက်တတ်တဲ့ ပြသနာပါပဲ။ ဥပမာအနေနဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေအကြားမှာ အတွင်းပဋိပက္ခတွေပေါ်ပေါက်တဲ့အခါ၊ အကွဲအပြဲတွေကို မြင်ရတဲ့အခါမှာ လူထုအခြေပြုအဖွဲ့အစည်းတွေဟာ ခါးခါးသီးသီးရှုတ်ချတတ်ပါတယ်။ ဒီလိုပဲ “ဖြန်ဖြေတယ်၊ အလျှော့အတင်း လုပ်တယ်၊ အပေးအယူ လုပ်တယ်” ဆိုတာမျိုးကိုလည်း ကျင့်ဝတ်ပိုင်းအရ သိက္ခာမဲ့တဲ့လုပ်ရပ်အဖြစ် သဘောထားတတ်ကြတယ်၊ တကယ်တော့ ဒါတွေက ဒီမိုကရေစီတည်ဆောက်ရေး၊ ဒီမိုကရေစီ ရင့်ကျက်လာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အဆင့်တွေပါပဲ။ ဒီမိုကရေစီနဲ့ ခွဲခြားမရတဲ့ အသွင်အပြင် လက္ခဏာတွေပါပဲ၊ 

ဒီမိုကရေစီ ရင့်ကျက်လာဖို့ဆိုရင် ဒီမိုကရက်တစ်ပါတီအကြားမှာ မတူတဲ့အယူအဆတွေ၊ မတူတဲ့အမြင်တွေကို စုရုံးပြီး အားလုံးကို ကိုယ်စားပြုနိုင်တဲ့ သဘောတူညီချက်ကို ယူရပါတယ်။ ပဋိပက္ခတွေကို ဒီမိုကရေစီ မူဘောင်အတွင်းက၊ လုပ်ထုံးလုပ်နည်းဘောင်ထဲက ဖြေရှင်းတဲ့ အလေ့အကျင့်ကို ပျိုးထောင်ယူရပါတယ်။ စည်းကမ်းမူဘောင်အတွင်းက ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကို တိုးတက်လာဖို့ ပျိုးထောင်ရပါတယ်။ 

ဒီလိုပဲ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအကြားမှာ ညှိနှိုင်းမှုတွေလည်း လိုအပ်တာပါပဲ။ ဒါဟာ နိုင်ငံရေးပါတီတွေအတွက် တရားနည်းလမ်းကျသလို၊ အမှန်တကယ် လိုအပ်ချက်လည်း ဖြစ်ပါတယ်။ အတိုချုပ်ကတော့ နိုင်ငံရေးအဖွဲ့အစည်းကို အရပ်ဘက်အဖွဲ့အစည်းက ပုံမှန်လိုလို အချက်အလက်တွေနဲ့ တခြားတဖက်က ဆင်ခြင်စရာ မူဝါဒဆိုင်ရာ အကြံပြုချက်တွေကို တင်ပြပြီး အလုပ်ဖြစ်မယ့် သဘောတူညီချက်ကို နှစ်ဖက် ရှာဖွေသွားဖို့ လိုအပ်ပါတယ်။ ဒီလို အပြုသဘော ညှိနှိုင်းမှပဲ ဒီမိုကရေစီပျိုးပင်က ဆက်လက်ရှင်သန်နိုင်တာမျိုးပါ။ ဒီလို ဒီမိုကရေစီ အလေ့အကျင့်တွေကို သည်းမခံနိုင်ရင်၊ နားလည်မှုလွဲကြရင် ဘယ်လောက် အန္တရာယ်ကြီးသွားနိုင်သလဲဆိုရင် အီဂျစ်အဖြစ်အပျက်တွေက ပြနေတယ်လို့ ထင်ပါတယ်။

နောက်တပတ်ကျရင်တော့ ကျန်သေးတဲ့ တရားဥပဒေစိုးမိုးရေး (rule of Law)၊ အသုံးဝင်တဲ့ ဗျူရိုကရေစီစနစ် (usable Bureaucracy)၊ လူမှုနိုင်ငံရေး အခြေအနေပေါ်မှာ စနစ်တကျ တည်ဆောက်ထားတဲ့ စီးပွားရေး အဆောက်အအုံ (economic Society) အကြောင်းကို ဆက်ဆွေးနွေးပါမယ်။   ။


 

No comments: