Tuesday, August 6, 2013

ရှစ်လေးလုံး အရေးတော်ပုံမတိုင်ခင် တစ်လအလို (ခင်ငြိမ်းသစ်)

၁၉၈၈ မတိုင်ခင်နှစ်တွေက ဦးနေဝင်းကို ဆန္ဒပြပွဲတွေနဲ့ ဖြုတ်ချနိုင်လိမ့်မယ်လို့ပြောရင် နားထောင်နေကြတဲ့လူတိုင်းက မသေချာ၊ မရေရာတဲ့အရာတစ်ခုကို သွေးရူးသွေးတန်းနဲ့ပြောတယ်လို့ ထင်ကြမှာပါ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အချိန် ၂ ပတ်လောက်အတွင်း အလဲထိုးနိုင်မယ်လို့ပြောလိုက်ရင်လည်း ပြောတဲ့လူကို အရူးလို့သတ်မှတ်တာ ခံရနိုင်ပါတယ်။ အဲဒီ့လောက်အထိ အာဏာကိုတည်မြဲအောင် ချုပ်ကိုင်ထားနိုင်တဲ့ အခြေအနေပါ။ 

ဒါပေမယ့် တိုင်းပြည်ရဲ့ပကတိအခြေအနေကတော့ တော်တော်လေး ယိမ်းယိုင်နေပါတယ်။ လူတန်းစား မညီမျှမှုတွေ၊ အခွင့်ထူးခံမှုတွေကြောင့် ပြည်သူတွေဟာ ဆိုရှယ်လစ်စနစ်အရေခြုံထားတဲ့ အာဏာရှင်တွေကို စိတ်ကုန်နေပါပြီ။ ဒါပေမယ့် ပြည်သူတွေအပေါ်မှာ အကြောက်တရားနဲ့ လွှမ်းမိုးထားနိုင်ခဲ့တဲ့အချိန်လည်း ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်တာဟာ ကြောက်စရာကောင်းတယ်၊ တကယ်လို့များ စစ်ထောက်လှမ်းရေးတွေကသိသွားလို့ ခေါ်ယူစစ်ဆေးခံရတယ်ဆိုရင် အဲဒီလူဟာ အိမ်ကို အကောင်းအတိုင်းပြန်ရောက်လာဖို့ဆိုတာ ခက်ခဲလှတယ်လို့ ပြည်သူအများ နားလည်ထားကြချိန်လည်း ဖြစ်ပါတယ်။


ပြည်သူတွေဟာ မဆလပါတီနဲ့ အာဏာရအုပ်ချုပ်သူတွေကို စိတ်ကုန်နေချိန် ၁၉၈၆ ခုနှစ်မှာ LDC လို့ခေါ်တဲ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်ခဲ့ရပါတယ်။ LDC နိုင်ငံဖြစ်ခဲ့ရတာကို ပြည်သူအများနဲ့ အဲဒီ့အချိန်က အစိုးရဌာနတွေမှာ အရာရှိဖြစ်နေကြတဲ့လူတွေဟာ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ အဲဒီ့အချိန်က အရာရှိဖြစ်နေသူတွေဟာ အများအားဖြင့် ၁၉၆၂ ခုနှစ်က ကျောင်းသားမျိုးဆက်တွေဖြစ်ကြပြီး စစ်တပ်က အာဏာသိမ်းစဉ်မှာ ပထမဦးဆုံး ဆန့်ကျင်တော်လှန်ခဲ့တဲ့ မျိုးဆက်တွေလည်း ဖြစ်ကြပါတယ်။ 

၁၉၈၇၊ စက်တင်ဘာလ ၅ ရက်မှာတော့ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်တွေကို နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးစိန်လွင် လက်မှတ်ထိုးကာ တရားမဝင်ငွေအဖြစ် ကြေညာခဲ့ပါတော့တယ်။ နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ အများပြည်သူတွေဟာ နောက်တစ်နေ့အတွက် စားသောက်စရာဝယ်ဖို့ ငွေမရှိကြတော့တဲ့ဘဝကို ချက်ချင်း ရောက်ရှိသွားခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေဟာ အစိုးရရဲ့လုပ်ရပ်အပေါ်မှာ နာကျည်းသွားခဲ့ကြပါတယ်။ 

၁၉၈၈၊ မတ်လမှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းကို ကိုင်တွယ်ရာမှာ ကျောင်းသားတွေကို မတရားဖိနှိပ်တာကြောင့် ကျောင်းသားထုရဲ့ကြား မကျေနပ်မှုများ ကြီးထွားလာခဲ့သလို ၁၉၆၂ ခုနှစ် ကတည်းက မြစ်ဖျားခံလာတဲ့ ကျောင်းသားတွေရဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်အံတုလိုစိတ်ကို အားပေးအားမြှောက်လုပ်ခဲ့သလိုဖြစ်သွားပြီး ဇွန်လအရေးတော်ပုံကြီးဆက် ဖြစ်ခဲ့ရပါတယ်။ ဇွန်လအရေးတော်ပုံကို လူစုခွဲတဲ့အနေနဲ့ တက္ကသိုလ်ကျောင်းတွေကို ပိတ်ခဲ့ပေမယ့် ကျောင်းသားတွေရဲ့ ဆန့်ကျင်တော်လှန်လိုစိတ်တွေဟာ လျော့ပါးမသွားဘဲ စစ်အာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ သူတို့နဲ့ နီးစပ်သူတွေကိုစုပြီး စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်တော်လှန်ကြပါတယ်။ 

အဲဒီ့အချိန်မှာ ကျောင်းသားအုပ်စုတွေဟာ အစိုးရကိုဆန့်ကျင်တဲ့စာတွေကို ဖြန့်ဝေခဲ့ကြပါတယ်။ ကျောင်းသားအုပ်စုအမျိုးမျိုးက နာမည်အမျိုးမျိုးကိုပေးခဲ့ပြီး အစိုးရကိုဆန့်ကျင်ခဲ့ကြတာဖြစ်လို့ ဖြန့်ဝေတဲ့ အစိုးရဆန့်ကျင်စာတွေဟာ မတူညီခဲ့ကြပေမယ့် အားလုံးတူညီနေတာက စစ်အာဏာရှင်ကို အပြီးတိုင် ဆန့်ကျင်တော်လှန်ပစ်ဖို့နဲ့၊ ဖမ်းဆီးခံနေကြရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ 

ရန်ကုန်တက္ကသိုလ်မှာကတည်းက စာပေအတူတူလေ့လာခဲ့ကြတဲ့ အုပ်စုတွေလည်း ရှိခဲ့ပါတယ်။ အဲဒီ့အုပ်စုမှာပါတဲ့ ကိုညိုထွန်းဟာ ကိုပေါ်ဦးထွန်းဆီကို အမြဲလိုလိုသွားရောက်ခဲ့ပြီး အစိုးရကို ဆန့်ကျင်ဖို့ တိုင်ပင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ အဲဒီ့နောက်တော့ မင်းကိုနိုင်ဆိုတဲ့နာမည်နဲ့ စာတွေဆက်တိုက်လိုလို ထွက်လာခဲ့ပြီး ပြည်သူတွေကြားထဲမှာလည်း အဲဒီ့နာမည်နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ များလာပါတယ်။ 

၁၉၇၄၊ ၇၅၊ ၇၆ ခုနှစ်က ထောင်ကျခဲ့ရတဲ့ ကျောင်းသားဟောင်းတွေကလည်း သူတို့အုပ်စုနဲ့ သူတို့ စတင်လှုပ်ရှားလာပါတယ်။ သူတို့တွေဟာ သူတို့တတ်နိုင်တဲ့ဘက်ကနေ အစိုးရဆန့်ကျင်ရေးအတွက် လှုပ်ရှားနေတဲ့ ကျောင်းသားတွေ၊ လူငယ်တွေကို အကူအညီတွေပေးကြပါတယ်။ ကျောင်းပြီးကာစ လူငယ်တွေကတော့ ကျောင်းသားအုပ်စုတွေနဲ့အတူတူ ရောနှောနေကြတာ များပါတယ်။ အထက်တန်းကျောင်းသားတွေလည်း သူတို့အုပ်စုနဲ့သူတို့ လှုပ်ရှားနေကြပါပြီ။ ကျောင်းသားသမဂ္ဂဖြစ်လာအောင် အစည်းအဝေးတွေကို တောက်လျောက် လုပ်နေကြပါတယ်။ အထက်တန်းကျောင်းသားအုပ်စုတွေထဲမှာတော့ မင်းဇင်တို့က နာမည်ကြီးပါတယ်။ ကျောင်းသား၊ လူငယ်တွေနဲ့ နိုင်ငံရေးအင်အားစုတွေဟာ မြို့လယ်ကောင်လို လူစည်တဲ့နေရာတွေမှာ ဆန့်ကျင်စာတွေ ဖြန့်ဝေတာ၊ လျှပ်တပျက် တရားဟောတာမျိုးတွေကို လုပ်ကြလေ့ရှိပါတယ်။ အဲဒီ့လူတွေဟာ သူတို့ လုပ်စရာရှိတာကိုလုပ်ပြီးတာနဲ့ အများအားဖြင့် ၃၃ လမ်းထိပ်က ရွှေကြည်အေး လက်ဖက်ရည်ဆိုင်မှာ ဆုံကြပါတယ်။ ကျွန်မတို့တွေလည်း ရွှေကြည်အေးကို မကြာခဏ ရောက်ကြလေ့ရှိပြီး အဲဒီမှာဆုံကြပြီဆိုရင်တော့ ကျွန်မတို့တွေ တရင်းတနှီး စကားတွေပြောကြ၊ အတွေ့အကြုံတွေ ဖလှယ်ကြပါတယ်။ 

7 July ရောက်တော့ မတ်လတုန်းက အဖမ်းခံခဲ့ရတဲ့ ကျောင်းသားတွေ ပြန်လည်လွတ်မြောက်လာပါတယ်။ ပြန်လွှတ်လာပြီးနောက် ဇူလိုင် ၁၀ ရက်၊ မေဒီနီကျောင်းတိုက်မှာ ရန်ကုန်တက္ကသိုလ်ထဲက အတူတူအဖမ်းခံခဲ့ရတဲ့ ကိုဝင်းကြွယ်၊ ကိုဌေးကြွယ်၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇော်ဇော်၊ လှမျိုးနောင်၊ ညီစော(ခေါ်) စောလင်းတို့ ကျောင်းသား ၆ ယောက် ဒုလ္လဘဘုန်းကြီး ဝတ်ကြပါတယ်။ ရန်ကင်းမှာက မေဒီနီကျောင်းတိုက်ဆိုရင် ကိုးကွယ်ကြသူတွေများပြီး မေဒီနီ ကျောင်းတိုက်မှာ ဒုလ္လဘလာဝတ်တဲ့ ကျောင်းသားတွေကို ဆွမ်းလှူချင်လို့ ဆွမ်းခံကြွဖို့လာလျှောက်တဲ့လူတွေ တော်တော်များတယ်လို့ အဲဒီ့အချိန်က မေဒီနီကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင် ကျွန်မတို့ကို ပြောပြခဲ့ဖူးပါတယ်။ ပြည်သူတွေဟာ ကျောင်းသားတွေအပေါ် သနားတာရော၊ အားကိုးတဲ့ အနေအထားတွေပါ ရှိခဲ့ပါတယ်။ 

မေဒီနိကျေင်းတိုက်က ဒုလ္လဘကိုယ်တော်တွေကလည်း ဆွမ်းခံကြွလာတဲ့အခါ သပိတ်တွေထဲမှာ အစိုးရဆန့်ကျင်စာတွေကိုထည့်ပြီး ဆွမ်းလှူတဲ့ ဒကာ၊ ဒကာမတွေကို ဝေကြပါတယ်။ သူတို့တွေ ဘုန်းကြီးဝတ်တဲ့အချိန်မှာ ကျောင်းသားအုပ်စုတွေဟာ တစ်ဦးနဲ့တစ်ဦး လျှို့ဝှက်တွေ့ဆုံနေကြပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးကိုအစပျိုးဖို့ ကြိုးပမ်းနေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။ မေဒီနီကျောင်းတိုက်မှာလည်း ဒုလ္လဘ ၆ ပါးကိုအမှီပြုပြီး အစည်းအဝေးတွေ နေ့စဉ်ကျင်းပကြပါတယ်။ အဲဒီ့အစည်းအဝေးတွေကနေ မတ်လ အုပ်စုတွေ၊ ဇွန်လ အုပ်စုတွေဖြစ်တဲ့ မိုးသီးဇွန်တို့၊ မောင်မောင်ကျော်တို့အုပ်စုတွေနဲ့ တွေ့ဆုံနိုင်အောင် ကြိုးစားခဲ့ကြပြီး အဲဒီ့အစည်းအဝေးတွေကနေပဲ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှု အစည်းအရုံးကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ 

အဲဒီ့လို မကဒ အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သလိုပဲ ဇွန်လအရေးတော်ပုံကို ဦးဆောင်ခဲ့သူတွေလည်း တပ်ဦးအသီးသီးကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ကျွန်မကတော့ မောင်မောင်ကျော်ဦးဆောင်တဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ်တပ်ဦး (B.Y.L.F) နဲ့ချိတ်ဆက်မိပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်ပေါ်လာအောင် နိုးဆော်ခဲ့ကြပါတယ်။ 

ကျောင်းသား လူငယ်တွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်ပေါ်လာအောင် အထူးလုံ့လပြုနေကြချိန်မှာ ပြည်သူလူထုအနေနဲ့လည်း ကျောင်းသားတွေ၊ လူငယ်တွေရဲ့လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်အားပေးနေကြချိန် ဇူလိုင်လအတွင်းမှာပဲ တောင်ကြီးမြို့ကနေစတင်ပြီး မွတ်ဆလင်ဘာသာဝင်အချို့နဲ့ ဗုဒ္ဓဘာသာဝင်အချို့ လူမျိုးရေးပဋိပက္ခတွေ စတင်လာခဲ့ပါတယ်။ အစိုးရကိုဆန့်ကျင်ဖို့ နိုးဆော်တဲ့စာတွေကိုသာ ခိုးချောင်ခိုးဝှက်ဝေခဲ့ကြရပေမဲ့ လူမျိုးရေးပဋိပက္ခနဲ့ပတ်သက်တဲ့စာတွေကိုတော့ ဘုံးပေါလအော ဝေငှနိုင်ကြပါတယ်။ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေကိုသာ သတင်းစာထဲမှာ မထည့်ပေးပေမဲ့ လူမျိုးရေးပဋိပက္ခအကြောင်းကိုတော့ နိုင်ငံပိုင် သတင်းစာတွေကနေ ဝေဝေဆာဆာ တင်ပြခဲ့ကြပါတယ်။ ဒုလ္လဘကိုယ်တော်တွေကတော့ ဒီပဋိပက္ခတွေကို အစိုးရကိုယ်တိုင် ဖန်တီးထားတာဖြစ်ပြီး နိုင်ငံရေးအရ ဖြစ်ပေါ်လာတဲ့ အကြပ်အတည်းကို ဖောက်ထွက်ဖို့ ကြိုးစားတာဖြစ်တဲ့အကြောင်းနဲ့ ဒီပဋိပက္ခတွေနောက်ကို လိုက်သွားရင် နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ လူထုအုံကြွမှုကနေ လမ်းလွဲသွားမှာဖြစ်တဲ့အကြောင်းတွေကို မကဒ ရဲ့ ပထမဦးဆုံး လက်ကမ်းစာစောင်အနေနဲ့ ဝေငှဖြစ်ခဲ့တယ်လို့ မကဒကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်က ပြောပြခဲ့ဖူးပါတယ်။ 

ကျွန်မတို့ B.Y.L.F အဖွဲ့အနေနဲ့ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာဖို့နဲ့ လူမျိုးရေး ပဋိပက္ခတွေကို ကာကွယ်ဖို့အတွက် နယ်တွေကို လူခွဲဆင်းကြပါတယ်။ ကျွန်မတို့လိုပဲ အခြားအဖွဲ့အစည်းတွေကလည်း စည်းရုံးရေးခရီးစဉ်တွေကို စတင်ကြပါတယ်။ အဲဒီ့အချိန်လောက်က နိုင်ငံရေးလှုပ်ရှားမှုတွေထဲကို ဝန်ထမ်းလူငယ်တွေလည်း ပါဝင်လာကြပြီး ဝန်ထမ်းငယ်တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို သူတို့ရဲ့ အထက်အရာရှိတွေက ရိပ်စားမိပေမဲ့ မတားမြစ်တဲ့အပြင် အားပေးအားမြှောက်တောင်မှ လုပ်ခဲ့ကြပါသေးတယ်။ အဲဒီ့အချိန်က ပြည်သူတွေ အားလုံးလောက်နီးပါးဟာ မအောင်မြင်တဲ့ ဆိုရှယ်လစ်စနစ်ကိုချီတက်နေရတဲ့ အခြေအနေကနေ ရုန်းထွက်ချင်နေကြတဲ့အချိန်ဖြစ်ပါတယ်။ 

ဇူလိုင်လထဲမှာ ကျွန်မတို့ နယ်တွေကို စည်းရုံးရေးခရီးစဉ်ထွက်ကြပါတယ်။ ကျွန်မရယ်၊ မတင်တင်ဦးရယ်၊ ကျော်စိုးဝင်းရယ်၊ တာရာမင်းဝေဖြစ်လာမယ့် ချစ်ညီညီရယ်ပါ။ ကျွန်မတို့က ဧရာဝတီတိုင်းထဲက ပုသိမ်နဲ့ ဟင်္သာတမြို့တွေကို သွားရမှာပါ။ ကျွန်မတို့စီးတဲ့ သင်္ဘောပေါ်မှာ စစ်သားတစ်ယောက် ပါပါတယ်။ ချစ်ညီညီက ကျွန်မတို့ကို စပြောတာက စစ်သားကိုလည်း စည်းရုံးသင့်တယ်တဲ့။ ဒါကြောင့် ကျွန်မတို့တွေ ခေါင်းချင်းဆိုင်တိုင်ပင်လိုက်ကြပြီး အဲဒီ့စစ်သားနဲ့ စကားသွားပြောဖြစ်ပါတယ်။ စစချင်းကတော့ မိတ်ဆက်ပြီး ဟိုပြော၊ ဒီပြော ပြောနေတာကနေ ကျွန်မတို့တိုင်းပြည်ရဲ့ လက်ငင်းအခြေအနေဆီကို ပြောင်းလိုက်ပါတယ်။ အဲဒီ့အချိန်မှာ စစ်သားကလည်း သူရဲ့အမြင်ကိုပြော၊ ကျွန်မတို့ကလည်း ကျွန်မတို့အမြင်ကိုပြောရင်းကနေ သင်္ဘောပေါ်ကလူတွေက စိတ်ဝင်တစားနဲ့ နားထောင်လာပါတယ်။ ကျွန်မတို့ရှိတဲ့နေရာမှာ လူတွေကစုရုံးပြီး နားထောင်နေကြတာ ဖြစ်ပါတယ်။ အဲဒီ့အချိန်မှာပဲ သင်္ဘောပေါ်ကိုပါလာတဲ့ လူတစ်ယောက်က ထပြီး ဟောက်စားထလုပ်လို့ ကျွန်မတို့နဲ့ ရန်ဖြစ်လုနီးပါးဖြစ်ခဲ့ရပါတယ်။ ကျွန်မတို့နဲ့ အဲဒီ့လူ စကားတွေထများတော့မှ တခြားလူကြီးတွေက ဝင်ထိန်းပြီး ကျွန်မတို့ကို သတိပေးပါတယ်။ အခုလိုအခြေအနေမျိုးမှာ မိုက်ရူးရဲမဆန်ဖို့၊ လူတိုင်းကို လွယ်လွယ်မယုံနဲ့လို့ စေတနာထား မှာကြားတဲ့ လူကြီးတွေနဲ့လည်း ဆုံတွေ့ခဲ့ကြရပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့တွေဟာ အသက် ၂၀ ဝန်းကျင်ပဲရှိသေးတဲ့ ငယ်ရွယ်တက်ကြွသူတွေဖြစ်ပြီး ဆင်ခြင်တုံတရားထက်စာရင် ကိုယ်လုပ်ချင်ရာကိုပဲ စဉ်းစားတတ်ကြတဲ့အရွယ်တွေပါ။ ကျွန်မတို့ဟာ အန္တရာယ်များတယ်ဆိုတာသိကြပေမယ့် ကိုယ့်ရဲ့တိုင်းပြည်အတွက် အရာရာကိုစွန့်ဖို့ ဝန်မလေးကြတဲ့ အရွယ်တွေလည်း ဖြစ်ကြပါတယ်။ အခုအချိန်မှာ ပြန်စဉ်းစားကြည့်မိရင် အဲဒီတုန်းကလိုလုပ်ဖို့ သတ္တိမရှိတော့ပါဘူး။ 

ကျွန်မတို့ ပုသိမ်မှာ၊ ဟင်္သာတမှာ ရှစ်လေးလုံးအတွက် စည်းရုံးခဲ့ကြသလို လူမျိုးရေးပဋိပက္ခမဖြစ်အောင်လည်း တားဆီးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကျွန်မတို့လိုပဲ အခြားကျောင်းသားအဖွဲ့အစည်းတွေကလည်း ကြိုးပမ်းခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ ကြိုးပမ်းမှုအောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ လူမျိုးရေးပဋိပက္ခတွေဟာ တောင်ကြီးနဲ့ ပြည်မြို့လောက်ကလွဲရင် အခြားနေရာတွေကို ရောက်မလာခဲ့ပါဘူး။ 

ကျွန်မတို့ကျောင်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်တွေအပေါ်မှာ မျှော်လင့်ချက်ထားခဲ့ကြပါတယ်။ အဲဒီ့အချိန်က ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် နေမကောင်းလို့ သူ့အမေကို လာရောက်စောင့်ရှောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း မြန်မာပြည်မှာ ရှိနေပါတယ်။ ဩဂုတ်လဆန်းမှာပဲ ပြန်လွတ်လာတဲ့ ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ ကိုဌေးကြွယ်နဲ့ ကိုအံ့ဘွယ်ကျော်ကို ဒေါ်အောင်ဆန်းစုကြည်က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ သူတို့နဲ့တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် နိုင်ငံရေးလောကထဲကို ဝင်ရောက်လာပါမယ်လို့ မပြောခဲ့ပေမယ့် ပြည်သူတွေပါဝင်လာအောင်စည်းရုံးဖို့နဲ့ ကျောင်းသားထုကို သူ့အနေနဲ့ အားကိုးတဲ့အကြောင်း ပြောခဲ့တယ်လို့ ကိုအံ့ဘွယ်ကျော်က ပြောပြခဲ့ပါတယ်။ 

တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံဟာ ကျယ်ပြန့်လွန်းလို့ လူတစ်ယောက်တည်းက အားလုံးသိနေဖို့ဆိုတာခက်ခဲတဲ့ အခြေအနေတစ်ရပ်ပဲဖြစ်ပါတယ်။ ကျောင်းသားတွေ၊ လူငယ်တွေ၊ အစိုးရ ဝန်ထမ်းတွေအားလုံးဟာ ရှစ်လေးလုံးတိုက်ပွဲအတွက် တညီတညွတ်တည်း ရှိနေခဲ့တာပါ။ အားလုံးရဲ့ဆန္ဒဟာ အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်ဖို့ပဲဖြစ်ပြီး လုပ်တဲ့ပုံသဏ္ဍန်တွေကတော့ ကွာခြားတာကတော့ ကိုယ့်ရဲ့အမြင်တွေအတိုင်းပဲ ဆောင်ရွက်ခဲ့ကြလို့ပါ။ နိုင်ငံရေးသမားဟောင်းကြီးတွေဆီကနေ အကြံဉာဏ်တွေရယူခဲ့သလိုပဲ ကျောင်းသားသမဂ္ဂဝင်ဟောင်းတွေဟာ ကျွန်မတို့တွေရဲ့ သင်ဆရာ၊ မြင်ဆရာတွေ ဖြစ်ခဲ့ကြပါတယ်။ တကယ်တော့ ၈၈ အရေးတော်ပုံကြီးဆိုတာ မျိုးဆက်တွေအားလုံး စုဆုံခဲ့ကြတဲ့နေရာတစ်ခုဖြစ်ပဲ ဖြစ်ပါတယ်။ 

ရှစ်လေးလုံး အရေးတော်ပုံမတိုင်ခင်မှာတော့ ပြည်သူတွေအားလုံးဟာ ကိုယ်ကျတဲ့နေရာကနေ တာဝန်ကျေအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း အရမ်းခိုင်မာနေပြီလို့ သူတို့ကိုယ်သူတို့ ထင်နေခဲ့တဲ့ မဆလပါတီဟာ ရက်ပိုင်းအတွင်းမှာပဲ မယုံနိုင်လောက်အောင် ပြိုလဲခဲ့ရတာပါ။ သေနတ်နဲ့ အနိုင်ယူခဲ့တဲ့သမိုင်းကို ပြောင်းပြန်လှန်ခဲ့နိုင်တာကြောင့်လည်း ကမ္ဘာကြီးကတောင် အံဩလက်ဖျားခါခဲ့ရပါတယ်။ ကြီးမားကျယ်ပြန်တဲ့ ဒီသမိုင်းကိုရေးတဲ့အခါမှာ ကျွန်မမြင်တွေ့ခဲ့ရတဲ့၊ ပတ်သက်ခဲ့တဲ့ နေရာကွက်ကွက်ကလေးကိုပဲ ရေးသားနိုင်ခဲ့တာမို့ ရှစ်လေးလုံး အရေးတော်ပုံသမိုင်းနဲ့ပတ်သက်လာရင် ဒီထက်နက်ရှိုင်းမှုတွေ အများကြီးရှိနေတာ သေချာပါတယ်။ 

ဘာပဲဖြစ်ဖြစ် ၈.၈.၈၈ ရဲ့သမိုင်းဟာ ၂၅ နှစ်တိုင်ခဲ့ပါပြီ။ ဒီနှစ် ၂၀ အတွင်းမှာ ရှစ်လေးလုံး ကျောင်းသားတွေရဲ့ ဘဝတွေဟာ အမျိုးမျိုးပြောင်းလဲခဲ့ရပါတယ်။ ထောင်တွေထဲမှာ၊ တောတွေမှာ လူမသိ၊ သူမသိ သေဆုံးသွားခဲ့ကြသူတွေ၊ မိသားစုတွေနဲ့ ထာဝရ ဝေးကွာသွားခဲ့ရသူတွေလည်း အများကြီးပါ။ တိုင်းပြည်ရဲ့အနာဂတ်အတွက် ကြိုးစားရုန်းကန်နေကြရင်းက သူတို့တွေရဲ့ အနာဂတ်တွေကို ပေးဆပ်ခဲ့ကြရတာပါ။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ဒီကနေ့တိုင်းပြည်အခြေအနေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ နဲ့ဘာမှ မကွာလှသေးဘူးဆိုတာကိုပါပဲ။ ဒါကြောင့် နိုင်ငံရဲ့အခြေအနေ အကောင်းဘက်ကို ပြောင်းဖို့ဆိုရင်တော့ တိုင်းသူပြည်သားအားလုံး မျှတပြီး တိုင်းပြည်ရဲ့ဝန်ကို ထမ်းနိုင်ခဲ့ကြမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိတ်ချနိုင်တဲ့ အခြေအနေတစ်ခုကိုရောက်လိမ့်မယ်လို့ မှတ်ယူမိပါတယ်။      ။

ခင်ငြိမ်းသစ် 


 

No comments: