“အမေငို၍ ပြောသည်၊ ဧရာဝတီ ငို၍ပြောမည်၊
မျက်ရည်ချောင်းစီး မြစ်ကြီးနဒီ၊ တရားပျောက်တဲ့ ဗမာပြည်၊
မြန်မာပြည်သားသမီးတွေ၊ အပြစ်မဲ့ကလေးတွေ၊ ပြည်သူတွေ၊ ရဟန်းတွေ၊
စစ်ဖိနပ်အောက် ပြားပြားမှောက်ဝပ်ရင်း လည်စင်းပေးရသည်၊
သွေးချောင်းစီးတဲ့ ဗမာပြည်”
အမှန်ပါပဲ။ ၈၈ အရေးအခင်းကြီးဟာ နယ်ချဲ့ဗြိတိသျှကိုလိုနီဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ၁၃၀ဝ ပြည့်အရေးတော်ပုံကြီးဖြစ်ပွားအပြီး နှစ်ပေါင်း ၅၀ အကြာမှာ ပေါ်ပေါက်ခဲ့တာပါ။ ဒီအရေးတော်ပုံကြီးမှာ ၈၈ အရေးအခင်းလိုပဲ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ရဟန်းရှင်လူပြည်သူအများ တစ်ပြည်လုံးနိုးကြားတက်ကြွစွာ ပါဝင်ခဲ့ကြတယ်။ ဒီအရေးအခင်းမှာ နယ်ချဲ့ဗြိတိသျှအစိုးရလက်ချက်ကြောင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်နဲ့ မန္တလေးက အာဇာနည် ၁၇ ဦးသာကျဆုံးခဲ့ကြရပေမယ့် ကိုယ့်မင်းကိုယ့်ချင်း မဆလအစိုးရ လက်ထက်မှာတော့ ရဲဘော်ဖုန်းမော် အပါအဝင် ကျောင်းသား ပြည်သူ၊ ရဟန်းရှင်လူများစွာတို့ဟာ အဓိပတိလမ်းမပေါ်မှာ ကြွေကျခဲ့ကြတဲ့ အနီရောင်စိန်ပန်းပွင့်များပမာ ရေတွက်လို့မရအောင် များပြားခဲ့ရပါတယ်။ မြို့ပြရဲ့ မည်းနက်ပြောင်လက်နေတဲ့ ကတ္တရာလမ်းတွေအားလုံးလိုလိုဟာ သွေးနီရောင် လွှမ်းသွားပါတော့တယ်။ လမ်းတစ်လျှောက်မှာတော့ အိုက်ခမန်းရဲ့ငရဲခန်းပမာ ပိုင်ရှင်ပျောက်သွားတဲ့ ဖိနပ်ပေါင်းများစွာ ကြဲပြန့်နေပါတယ်။ နောက်မကြာခင် ပျောက်သွားတဲ့ ဖိနပ်ပိုင်ရှင်တွေရဲ့ ခြေသံဖွဖွကို အိမ်ကြိုအိမ်ကြား၊ လမ်းကြိုလမ်းကြားတွေထဲမှာ သဲ့သဲ့မျှ ကြားရတတ်ပါတယ်။ နောက်ဆုံးတော့ ဒီခြေသံတွေဟာ နံရံလေးဖက်ကြား၊ မှော်ရုံတောကြား၊ နယ်စပ်မျဉ်းအနားဆီ တိုးဝင်ကွယ် ပျောက်သွားခဲ့ကြပါပြီ။ ၂၅ နှစ်ဆိုတော့လည်း မျိုးဆက်တစ်ဆက်လောက် ကြာခဲ့ပြီပေါ့။ ဒါပေမယ့် နာကျင်ကြေကွဲစရာ ခံစားမှုတွေကတော့ မနေ့တစ်နေ့ကလို လတ်ဆတ်သစ်လွင်ဆဲပါပဲ။
သမိုင်းရေးရာ သင်ခန်းစာ
ဘယ်လိုပဲဖြစ်ဖြစ် ၂၀ ရာစုနှစ်ကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီလောက်ကြီးကျယ်ခမ်းနား၊ တန်ဖိုးကြီးမားစွာ ပေးဆပ်ထားရတဲ့ လူထုလှုပ်ရှားမှုသမိုင်း ဒရာမာကြီးကို မမေ့အပ်သလို ခါးသီးနာကြည်းစရာ၊ နောင်ကြဉ်စရာကောင်းလှတဲ့ Tragedy ဇာတ်သိမ်းပိုင်းကိုလည်း လျစ်လျူရှု ကျောခိုင်းမထားသင့်ပါ။ အာဇာနည်များ၏ သွေးဖြင့်ရေးဖွဲ့ထားသည့်သမိုင်းကို ဖြစ်နိုင်သမျှ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းနိဂုံးချုပ် သင်ခန်းစာထုတ်ရန် လိုအပ်ပါလိမ့်မည်။ ယင်းသို့ နိဂုံးချုပ် သင်ခန်းစာထုတ်ခြင်းမှာ သမိုင်းတရားခံရှာရန်အတွက် မဟုတ်ပါ။ “အတိတ်က သင်ခန်းစာကို ယူ၊ နောင် မမှားအောင်ပြုရေး” ဆိုတဲ့ မူသဘောသာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ပါတီစွဲကင်းရှင်းကာ ဓမ္မဓိဋ္ဌာန်ကျစွာ ပကတိဖြစ်ရပ်များအပေါ် အခြေခံ၍ ပြန်လည်သုံးသပ်ရန်သာ ဖြစ်ပါတယ်။
“အာဏာနိုင်ငံရေးသမားများ၏ စဉ်းစားအားထုတ်မှုမှာ နောက်တစ်ကြိမ် ရွေးကောက်ပွဲအတွက်သာဖစ်တတ်ကြ၍ တိုင်းပြုပြည်ပြု နိုင်ငံရေးသုခမိန်များ၏ အလေးထားအားထုတ်မှုမှာ နောက်မျိုးဆက်များအတွက်သာ ဖြစ်ရပါလိမ့်မည်”
ဒီလို သုံးသပ်နိဂုံးချုပ်ရာမှာ အဓိကအဖြေရှာရမှာက ဒီမျှ ကြီးကျယ်တဲ့ လူထုလှုပ်ရှားမှုကြီးမှာ ဘာကြောင့် အဆုံးသတ် အောင်ပွဲမရခဲ့တာလဲ။ ၈၈ အရေးအခင်းကြီးက မဆလ တစ်ပါတီ အာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့ပါတယ်။ တစ်ပြည်လုံးမှာ အစိုးရယန္တရားကြီး ရပ်ဆိုင်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ဇာတ်သိမ်းခန်းရောက်တော့ စစ်အာဏာရှင်စနစ်နဲ့ နိဂုံးကမ္ပတ် အဆုံးသတ်သွားခဲ့ရတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ အတော်စဉ်းစားဖို့ ကောင်းပါတယ်။ ဒီမှာ အဆုံးအဖြတ်ပေးမယ့် အဓိကကျတဲ့ ပြဿနာသုံးရပ်ရှိမယ်လို့ ထင်ပါတယ်။ အဲဒါတွေကတော့...
(၁) ခေါင်းဆောင်မှုပြဿနာ
(၂) တိုက်ပွဲသဏ္ဍာန်ပြဿနာ
(၃) အာဏာပြဿနာတွေပဲဖြစ်မယ်လို့ ယူဆပါတယ်။
(၁) ခေါင်းဆောင်မှုပြဿနာ
တကယ်တော့ နိုင်ငံရေးခေါင်းဆောင်ဆိုတာ မိုးကျရွှေ ကိုယ်တွေ မဟုတ်ကြပါဘူး။ နိုင်ငံရေးလှုပ်ရှားမှုအတွင်း လူထုတိုက်ပွဲက မွေးထုတ်ပေးလိုက်တာချည်းပါပဲ။ ၈၈ အရေးအခင်းအတွင်းက ခေါင်းဆောင်ဖြစ်ချင်လို့ စင်ပေါ်တက်ခဲ့သူတွေ အများကြီးပါပဲ။ ဒါပေမယ့် နိုင်ငံရေးလှုပ်ရှားမှုအတွင်း လူထုက ရွေးချယ်မွေးထုတ်ပေးလိုက်တာကတော့ အောင် (ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး)၊ စု (ဒေါ်အောင်ဆန်းစုကြည်)၊ နု (ဝန်ကြီးချုပ်ဟောင်း ဦးနု)၊ တင် (ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး) တို့ပါပဲ။ ဒါပေမယ့် သူတို့လေးဦးစလုံးဟာ နိုင်ငံရေးဖြတ်သန်းမှုလည်း မတူ၊ အတွေးအခေါ်နဲ့ စဉ်းစားနည်းလည်းမတူညီတော့ ခိုင်မာပြတ်သားတဲ့ နိုင်ငံရေးသဘောထားတစ်ရပ်ကို တညီတညွတ်တည်း မချမှတ်နိုင်ခဲ့ကြဘူး။ ရေတိုကာလလေးတစ်ခုမှာသာ လက်တွဲနိုင်ခဲ့ကြပြီး အချိန်တစ်ချိန်၊ အချိုးအကွေ့တစ်ခုမှာတော့ ခွာပြဲသွားခဲ့ကြတာပါပဲ။ ဒီနေရာမှာလည်း ကျောင်းသားနိုင်ငံရေးသမားနဲ့ အာဏာနိုင်ငံရေးသမားတွေရဲ့ သဘောထားနဲ့ အနေအထားကလည်း ကွဲပြားခြားနားမှု တစ်စုံတစ်ရာရှိပါတယ်။ အကျိုးစီးပွားမပါတဲ့ ကျောင်းသားနိုင်ငံရေးသမားတွေမှာ စွန့်လွှတ်တိုက်ပွဲဝင်လိုစိတ် လွှမ်းမိုးနေတော့ သဘောထားမတူတာတွေရှိပေမယ့် နှိုင်းယှဉ်မှုအရ အကွဲအပြဲ နည်းပါးတတ်ကြပါတယ်။ ဒါကြောင့်လည်း ရှစ်လေးလုံးအရေးအခင်းကြီးရဲ့ ငွေရတုသဘင်ကာလအထိ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ စတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီရေးအတွက် ဒီနေ့အထိ အတူလက်တွဲ ရပ်တည်နိုင်ခဲ့ကြတာပေါ့။
၈၈ အရေးအခင်းအတွင်း “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” တောင်းဆိုတဲ့ကာလတစ်ခုအထိတော့ အောင်၊ စု၊ နု၊ တင်တို့လည်း သဘောတူညီညွတ်ခဲ့သယောင်တော့ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် မကြာခင် ဝန်ကြီးချုပ်ဦးနုက ၁၉၆၂ ခုနှစ်မှာ သူ့ထံက သိမ်းယူခဲ့တဲ့အာဏာကို ပြန်အပ်ဖို့ ဦးနေဝင်းကို တောင်းဆိုလိုက်ပါတယ်။ တစ်ချိန်တည်းမှာ အာဏာပြန်အပ်ရေး တောင်းဆိုချက်နဲ့အတူ ဝန်ကြီးလောင်းတွေပါဝင်တဲ့ အစိုးရအဖွဲ့ပါ ဖွဲ့စည်းလိုက်တဲ့အခါ တံတွေးကပ်ထားတဲ့ အောင်၊ စု၊ နု၊ တင် ညီညွတ်ရေးလည်း ကွာကျခဲ့ရပါတယ်။ တကယ်တော့ ဝန်ကြီးချုပ်ဟောင်းဦးနုအနေနဲ့ အာဏာပြန်အပ်ဖို့ တောင်းဆိုခွင့် အမှန်ပဲရှိပါတယ်။ ဒါပေမယ့် ဒီအချိန်မျိုးမှာ ခေါင်းဆောင်မှုညီညွတ်ရေးက အာဏာပြန်အပ်ရေးထက် ပိုပြီး အရေးကြီးပါတယ်။ ဒါ့ထက် ပိုအရေးကြီးတာက အာဏာဆိုတာ ဒီလို လက်ဝါးဖြန့်တောင်းလိုက်ရုံနဲ့ ပြန်ရနိုင်ကောင်းတဲ့အရာ ဟုတ်ပါသလားဆိုတာပါပဲ။
အာဏာဆိုတာကို လက်ဖြန့်တောင်းရုံနဲ့မရနိုင်သလို အစိုးရအဖွဲ့ဆိုတာကလည်း ကြေညာချက်လေး ထုတ်လိုက်ပြီး ဝန်ကြီးရာထူးခန့်လိုက်ရုံနဲ့ ဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။ အစိုးရ အာဏာကို ဩဇာသက်ရောက်အောင် ကျောထောက်နောက်ခံပြုပေးမယ့် စစ်တပ်ကြီးတစ်တပ်ရှိနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အာဏာကို ဖြန့်ကြက်အကောင်အထည်ဖော်ပေးမယ့် အစိုးရယန္တရားတစ်ရပ်လည်းရှိဖို့ လိုအပ်ပါသေးတယ်။ အရေးတော်ပုံအတွင်း အစိုးရယန္တရားကြီး ပြိုလဲရပ်ဆိုင်းသွားတာကို အာဏာရပြီထင်ပြီး အစိုးရအဖွဲ့ ဖွဲ့ဖို့ စိတ်ကူးယဉ်ခဲ့ပုံရပါတယ်။ ဒီလို စိတ်ကူးယဉ်ပြီး အာဏာရတော့မည် ထင်လိုက်တာနဲ့ တစ်ပြိုင်နက် ခေါင်းဆောင်မှုထဲမှာ အာဃာတတွေ၊ ဂိုဏ်းဂဏတွေနဲ့ နေရာလုပွဲတွေဖြစ်ပြီး ညီညွတ်ရေးလည်း ပြိုကွဲတော့တာပါပဲ။
တော်လှန်ရေးတစ်ရပ်မှာ ခေါင်းဆောင်မှုက ပြတ်သား မှန်ကန်တဲ့စိတ်ဓာတ်နဲ့ ညီညွတ်စွာ လူထုကို ခေါင်းဆောင်မှုပေးသွားရင် အောင်ပွဲကို အရယူနိုင်တယ်ဆိုတာ ဖိလစ်ပိုင်ပြည်သူ့ အာဏာထူထောင်ရေးတိုက်ပွဲက သက်သေထူပြခဲ့ပြီး ဖြစ်ပါတယ်။ ဖိလစ်ပိုင်တော်လှန်ရေးမှာ နိုင်ငံရေးခေါင်းဆောင် ကိုရာဇွန်အကွီနိုနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဖီဒယ်ရားမို့စ်တို့ ညီညွတ်ကြံ့ခိုင်ပြတ်သားစွာ ပြည်သူလုထုကို ခေါင်းဆောင်မှုပေးနိုင်ခဲ့လို့ အာဏာရှင်မားကို့စ် ထွက်ပြေးခဲ့ရပြီး ပြည်သူ့အရေးတော်ပုံ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင် ပြည်သူ့တော်လှန်ရေးနှင့် မြန်မာနိုင်ငံရဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးတို့အကြား ခြားနားကွာဟသွားတာ တစ်ချက်ပဲရှိပါတယ်။
“မြန်မာပြည်မှာ ကိုရာဇွန် အကွီနိုလို နိုင်ငံရေးခေါင်းဆောင်မျိုးရှိနေခဲ့ပေမယ့် ဖိလစ်ပိုင်က ရားမို့စ်လို စစ်ခေါင်းဆောင်မျိုး မရှိခဲ့ခြင်းပါပဲ”
(၂) တိုက်ပွဲသဏ္ဍာန်ပြဿနာ
သမိုင်းတစ်လျှောက်မှာ သူရဲကောင်းပြည်သူတွေက သွေး အသက်ပေါင်းများစွာ စတေးတန်ဖိုးပေးခဲ့ကြပေမယ့် တော်လှန်ရေးခရီးလမ်းက ကြမ်းတမ်းရှည်ကြာပြီး အောင်ပွဲမရနိုင်ဘဲ သန္ဓေသားလျှောသွားခဲ့ရတာ ခေါင်းဆောင်မှုက အခြေအနေနဲ့ ကိုက်ညီမှန်ကန်တဲ့ ပေါ်လစီမူဝါဒတွေကို မချမှတ်နိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။ တော်လှန်ရေးတစ်ရပ်ကို အောင်ပွဲဆီတွန်းတင်နိုင်ဖို့အတွက် အရေးပါတဲ့ မဟာဗျူဟာ မူဝါဒတစ်ရပ်ဟာ တိုက်ပွဲသဏ္ဍာန် ပြဿနာဖြစ်ပါတယ်။ အရေးတော်ပုံတစ်ရပ် အောင်ပွဲခံနိုင်ရေးအတွက် နိုင်ငံရေးတိုက်ပွဲသဏ္ဍာန်၊ စီးပွားရေးတိုက်ပွဲသဏ္ဍာန်၊ စစ်ရေးတိုက်ပွဲသဏ္ဍာန်၊ ဥပဒေတွင်း၊ ဥပဒေပ တိုက်ပွဲသဏ္ဍာန် စတဲ့ တိုက်ပွဲသဏ္ဍာန်မျိုးစုံကို တော်လှန်ရေးဖြစ်ပေါ်တိုးပွားမှု အခြေအနေနှင့် လျော်ညီစွာ ပေါင်းစပ်ကျင့်သုံးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်မှုအနုပညာကို နားလည်ကျွမ်းကျင်ဖို့ လိုပါလိမ့်မယ်။ ဂန္ဒီလမ်းစဉ်ဆိုတာ ငြိမ်းချမ်းရေး ရွှေပြည်အေးဝါဒသက်သက်မဟုတ်သလို မော်စီတုံးလမ်းစဉ်ဆိုတာလည်း အကြမ်းဖက် လက်နက်ကိုင် တိုက်ပွဲသဏ္ဍာန်မျိုးစုံနဲ့ ပေါင်းစပ်တိုက်ပွဲဝင်နိုင်ခဲ့ကြလို့ အောင်ပွဲရခဲ့တာ ဖြစ်ပါတယ်။ တောင်အာဖရိက အသားရောင်ခွဲခြားမှုတော်လှန်ရေး အောင်ပွဲရခဲ့ခြင်းဟာ တိုက်ပွဲသဏ္ဍာန်မျိုးစုံ ပေါင်းစပ်ကျင့်သုံးနိုင်ခြင်းရဲ့ စံနမူနာဖြစ်တယ်။
ဒီလို တိုက်ပွဲသဏ္ဍာန်မျိုးစုံကို မှန်ကန်စွာ ပေါင်းစပ်ကျင့်သုံး နိုင်စွမ်းရှိ၊ မရှိဆိုတာ တော်လှန်ရေးတစ်ရပ်မှာ ခေါင်းဆောင်မှု အနုပညာရေချိန်ကို စမ်းသပ်တိုင်းတာတဲ့ နိုင်ငံရေးစိန်ခေါ်မှုတစ်ရပ်သာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ တော်လှန်ရေးဖြစ်ပေါ် တိုးပွားမှုရဲ့အဆင့်တစ်ဆင့်မှာ ဘယ်တိုက်ပွဲသဏ္ဍာန်က အဓိက၊ ဘယ်ဟာက အရန်ဆိုတာ မှန်ကန်စွာ ရွေးချယ်နိုင်ရေးနဲ့ ယင်းတို့ကို သင့်လျော်စွာ ပေါင်းစပ်ကျင့်သုံးနိုင်ရေးဆိုတာ တော်လှန်ရေးတစ်ရပ်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိတဲ့၊ အရေးပါတဲ့ အကြောင်းအချက်ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့တိုက်ပွဲထဲမှာ ဖြစ်တတ်တဲ့ တိမ်းစောင်းမှုက နိုင်ငံရေးတိုက်ပွဲအရှိန်အဟုန် မြင့်မားနေပြီဆိုရင် စစ်ရေးတိုက်ပွဲရဲ့ အဆုံးအဖြတ်ပေးနိုင်မှုကို ပစ်ပယ်ထားတတ်ကြတယ်။ ဥပဒေတွင်းတိုက်ပွဲတွေ အားကောင်းနေပြီဆိုရင် ဥပဒေပတိုက်ပွဲတွေကို မေ့လျော့ထားတတ်ကြတယ်။ ခေါင်းဆောင်မှုအနေနဲ့ တော်လှန်ရေးဖြစ်ပေါ်တိုးပွားမှု ရဲ့ ဘယ်အဆင့်မှာ ဘယ်တိုက်ပွဲသဏ္ဍာန်ဟာ အဓိကဖြစ်ပြီး အရန်တိုက်ပွဲသဏ္ဍာန်တွေ ဘယ်လိုပေါင်းစပ်ရတယ်ဆိုတာ နားလည်နေရပါလိမ့်မယ်။ ဒီလိုတိုက်ပွဲသဏ္ဍာန်ဆိုင်ရာ တော်လှန်ရေးအနုပညာကို ကောင်းစွာနားမလည်ရင် ခေါင်းဆောင်မှုအနေနှင့် တော်လှန်ရေးကို အဆုံးသတ်အောင်ပွဲဆီ တွန်းတင်ပေးနိုင်စွမ်းရှိမှာ မဟုတ်ရုံမက ရေစုန်မျောစေကာ စုန်းစုန်းမြုပ်သွားစေနိုင်ပါတယ်။
၈၈ အရေးတော်ပုံကြီးရဲ့ အစောပိုင်းအဆင့်တွေမှာ ဒီမိုကရေစီအရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတဲ့ လူထုတိုက်ပွဲသဏ္ဍာန်ဟာ အဓိကသဏ္ဍာန်ဖြစ်နေခဲ့ပြီး ဥပဒေတွင်း ဥပဒေပ မြေပေါ်မြေအောက် လှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်နိုင်ခဲ့ကြလို့ အရှိန်အဟုန် ကြီးမားကျယ်ပြန်လာခဲ့ပါတယ်။ ဒီမှာတင် လွတ်လပ်စွာ စည်းရုံးဖွဲ့စည်းခွင့်၊ လှည့်လည်ဆန္ဒပြခွင့်တွေရလာတာကို ခေါင်းဆောင်မှုက ဒီမိုကရေစီရပြီလို့ ယုံမှတ်ခဲ့ကြတယ်။ လူထု အင်အားနဲ့ မဆလပါတီ ဆိုင်းဘုတ်တွေ ဖြုတ်ချခွင့်၊ ကောင်စီရုံးတွေ ဖြိုချခွင့်ရလာချိန်မှာ တော်လှန်ရေးအောင်ပွဲခံတော့မယ်လို့ ထင်မြင်ခဲ့ကြတယ်။ ဒါကြောင့်လည်း ခေါင်းဆောင်တွေက စိတ်ကူးယဉ်ပြီး “ကြားဖြတ်အစိုးရ” ဖွဲ့ရေးကို ဝိုင်းဝန်းတောင်းဆိုခဲ့ကြတာပေါ့။ ဝန်ထမ်းတွေ၊ အရာထမ်းတွေ အစိုးရရုံးဌာနတွေက ထွက်လာပြီး သပိတ်စခန်းတွေထဲ ဝင်ရောက်လာကြချိန်မှာတော့ အာဏာရတော့မယ်လို့ ထင်မှတ်မှားခဲ့မိကြပုံပါပဲ။ ဒါကြောင့်လည်း တကယ်တမ်း အာဏာကို ဖန်တီးပေးနိုင်စွမ်းရှိတဲ့ လက်နက်ခဲယမ်းတွေကို သရက်တောကျောင်းတိုက်အောက်က ထင်းပုံကြားထဲမှာ ထိုးထားခဲ့ကြတာပေါ့။ ဒီအဖြစ်တွေကိုတော့ အာဏာအကြောင်း ကောင်းကောင်းသိထားတဲ့ ဦးနေဝင်းက အာဏာရဲ့ကျောရိုးဖြစ်တဲ့ စစ်တပ်ကြီးကို ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားရင်း ပြုံးပြုံးကြီး ကြည့်နေခဲ့တာ ဖြစ်ပါလိမ့်မယ်။
(၃) အာဏာပြဿနာ
“တော်လှန်ရေးဆိုတာ ဇာပန်းထိုးတာ မဟုတ်ဘူး။ ပန်းအလှပြင်တာ မဟုတ်ဘူး။ လူတန်းစားတစ်ရပ်က လူတန်းစားတစ်ရပ်ကို အကြမ်းဖက်ချေမှုန်းတာ ဖြစ်တယ်။ နိုင်ငံရေးအာဏာဆိုတာ သေနတ်ပြောင်းထဲက ထွက်တယ်”
(မော်စီတုံး)
တကယ်တော့ ၈၈ အရေးတော်ပုံကြီး အရှိန်အဟုန်မြင့်မား အားကောင်းနေချိန်က တစ်ပြည်လုံးမှာရှိတဲ့ မဆလပါတီဆိုင်းဘုတ် အားလုံးနီးပါးလောက် ဖြုတ်ချပြီးပါပြီ။ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရ အုပ်ချုပ်ရေးယန္တရား အလုံးစုံနီးပါးမျှလည်း ရပ်ဆိုင်းသွားခဲ့ကြပါပြီ။ မြို့နယ်ပေါင်း ၃၀ဝ နီးပါးမျှမှာရှိတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်အာဏာသုံးရပ်ကိုလည်း ကျောင်းသား၊ သံဃာ၊ ဝန်ထမ်းပြည်သူတွေ ပါဝင်တဲ့ သပိတ်ကော်မတီအရပ်ရပ်က ချုပ်ကိုင်ထားလိုက်ကြပါပြီ။ ဒါပေမယ့် ဒီသပိတ်ကော်မတီတွေ မသိနားမလည်တာက ရှေ့ဘာဆက်လုပ်ရမလဲဆိုတာပါပဲ။ ဒါကြောင့် လမ်းညွှန်ချက်တွေရဖို့ တစ်ပြည်လုံးမှာရှိတဲ့ သပိတ်ကော်မတီတွေက ခေါင်းဆောင်ကြီးတွေဆီကို မျှော်ကြည့်နေခဲ့ကြပါတယ်။ စစ်ကိုင်း၊ တန့်ဆည်စတဲ့ မြို့နယ်တချို့ကတော့ ချုပ်တည်းစောင့်စည်းနိုင်စွမ်း ကုန်ခန်းသွားတဲ့အလျောက် လူထုကို အစဉ်အဆက် ဖိနှိပ်လာတဲ့ ရဲစခန်း၊ ရဲဌာနတွေကို ရရာလက်နက်နဲ့ ဝင်ရောက်စီးနင်းပြီး အသက်ပေး သွေးမြေကျခံကာ တိုက်ခိုက်ခဲ့ကြပါတယ်။ လူထုက အခုလို အကြမ်းဖက် အာဏာလုယက်ရေးလမ်းကြောင်းပေါ် ချီတက်ဖို့ ကြိုးပမ်းနေချိန်မှာ ခေါင်းဆောင်ကြီးတွေကတော့ အာဏာလာအပ်နိုးနိုး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ လာကမ်းလှမ်းနိုးနိုး စေ့စပ်ဆွေးနွေးဖို့ ဖိတ်ခေါ်နိုးနိုး၊ နိုးပေါင်းများစွာနဲ့ ထိုင်စောင့်နေခဲ့ကြပါတယ်။
ဆိုခဲ့သလို အရေးတော်ပုံခေါင်းဆောင်ကြီးများအနေနဲ့ တိုက်ပွဲသဏ္ဍာန်မျိုးစုံ ပေါင်းစပ်ကျင့်သုံးဖို့ မကြိုးစားခဲ့ကြပေမယ့် အာဏာပါးဝလှပြီဖြစ်တဲ့ ဦးနေဝင်းကတော့ နည်းပရိယာယ် သဏ္ဍာန်မျိုးစုံသုံးပြီး လူထုတိုက်ပွဲကို ဦးချိုးအရှိန်ကျအောင် အစွမ်းကုန် ကြိုးပမ်းခဲ့တယ်။ ဖောင်းကားစား သမ္မတကြီး ဦးစိန်လွင်လက်ထက်မှာ ဝေသာလီပြည်ထဲ ဘီလူးသဘက်တွေဝင်သလို မြို့ထဲကို တပ်တွေလွှတ်ပြီး ဆန္ဒပြသမားတွေကို မီးကုန်ယမ်းကုန် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့တယ်။ ဦးစိန်လွင်ရဲ့ ကမ်းကုန်အောင် ရက်စက်မှုအောက်မှာ လူထုအုံကြွမှု လှိုင်းတံပိုး ကျိုးကျမသွားဘဲ ပိုမိုပြင်းထန်လာချိန်မှာ ဒေါက်တာမောင်မောင်ကို သမ္မတလုပ်ခိုင်းပြီး အပျော့ဆွဲနည်းနဲ့ လူထုတိုက်ပွဲ အားနည်းပြိုကွဲအောင် ကြိုးပမ်းခဲ့ပြန်တယ်။ အခြားတစ်ဖက်မှာလည်း ဦးနေဝင်းရဲ့ ထောက်လှမ်းရေးမှူးကြီးက ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ပြာ အရောင်မျိုးစုံထုတ်ပြီး နာဠာဂီရိဆင်ကို အရက်ကိုးမောင်းတိုက်ကာ အဆိပ်ခတ်ပွဲ၊ ခေါင်းဖြတ်ပွဲတွေနဲ့ ရေနှောက်ပြီး ငါးခြောက်ဖို့ လုပ်ခဲ့ပါသေးတယ်။ ဦးနေဝင်းအနေနဲ့ ဘယ်လိုနည်းပရိယာယ်နဲ့ ကောက်ကျစ်ယုတ်မာတဲ့ နည်းလမ်းတွေပဲသုံးသုံး နောက်ဆုံး ရဲတွေသာမက လေတပ်နဲ့ ရေတပ်တချို့ပါ လူထုနဲ့ ပူးပေါင်းလာတဲ့အခါမှာတော့ စက်တင်ဘာ ၁၈ ရက်မှာ ဗိုလ်ချုပ်ကြီးစောမောင်ကို အာဏာသိမ်းဖို့ မီးစိမ်းပြလိုက်တော့တာပါပဲ။ ဒီ ပွဲသိမ်း စစ်ဆင်ရေးဟာ အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး လူသတ်ပွဲဖြစ်တာနဲ့အမျှ ပြည်သူလူထုအနေနဲ့ သွေးမြေကျမှု အများဆုံး၊ တန်ဖိုးအကြီးမားဆုံး ပေးဆပ်ခဲ့ရတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဇာတ်သိမ်းခန်းက အလွန်အရုပ်ဆိုး အကျည်းတန်လှပါတယ်။ ဒီနေ့ ဒီအချိန်လို ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး ၂၅ နှစ်မြောက် ငွေရတုအခါသမယမှာ ဒီလို ခါးသီးနာကြည်း နောင်ကြဉ်စရာကောင်းလှတဲ့ သမိုင်းသင်ခန်းစာကို လေးနက်သင့်ကြပါပြီ။
ဒီလို ဇာတ်သိမ်းခန်းမလှခဲ့ရတာ ပြန်ပေါင်းချုပ်ကြည့်ရင် ခေါင်းဆောင်မှုပြဿနာပါ။
ခေါင်းဆောင်မှုမှာ တော်လှန်ရေးစကားလုံးသာရှိပြီး တော်လှန်ရေးစိတ်ဓာတ်နဲ့ လုပ်ငန်းစဉ်ပီပီသသ မည်မည်ရရ မရှိခဲ့ကြပါဘူး။ အရေးအခင်းအတွင်း ပြည်သူလူထုက တော်လှန်ရေး အုံကြွမှုတစ်ရပ်ဆီ ဦးတည်ချီတက်နေစဉ် ခေါင်းဆောင်မှုက ပြုပြင်ရေးလုပ်ငန်းစဉ်တွေကြားမှာ စိတ်ကူးဖဲရိုက်နေခဲ့ကြတယ်။ ခေါင်းဆောင်နေရာနဲ့ ဝန်ကြီး ခွဲတမ်းတွေချနေကြပေမယ့် အာဏာရဲ့ သဘောသဘာဝကို နက်နက်ရှိုင်းရှိုင်း နားမလည်ခဲ့ကြပါဘူး။ “မှိုနှင့် မျှစ်ကို နုတ်ချင်၏၊ ကျည်တုပ်ခံဝံ့၊ မခံဝံ့” ဆိုတဲ့သဘောထားမျိုးလည်း မရှိခဲ့ကြဘူး။ ခေါင်းဆောင်တစ်ယောက်ကဆိုရင် လူထုရဲ့ နိုးကြားတက်ကြွမှု အမြင့်ဆုံးအချိန်မျိုးမှာတောင် “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” ဆိုတဲ့စကားနဲ့ လူထုရင်ဝကို ဆောင့်ကန်ခဲ့ဖူးပါတယ်။ တကယ်တော့ တပ်မတော်ကိုလည်း ပြစ်မှားနေစရာ မလိုပါဘူး။ ဦးနေဝင်းရဲ့ တစ်လက်ကိုင် လက်ကိုင်တုတ်ဘဝက တပ်မတော်ကို လူထုဘက်ပါလာအောင် နည်းသဏ္ဍန်အမျိုးမျိုးနဲ့ ဆွဲဆောင်စည်းရုံး သိမ်းသွင်းယူကြမှာပါပဲ။ တပ်မတော်က ပြည်သူလုထုဘက်ကနေ ရပ်လာရင်တော့ ပွဲသိမ်းပြီပေါ့။ ဒီလိုမဟုတ်ခဲ့တော့လည်း ဇာတ်သိမ်းဘယ်လှတော့မှာလဲ။ ဒီတော့လည်း ဆရာဦးမြတ်လေး အားပေးညွှန်ပြခဲ့သလိုပဲ...
“အို...ခွပ်ဒေါင်းသည် လွတ်ကြောင်းရည်
ဘယ်မှာရှိ လမ်းပြပါဘိ။
အို... ခွပ်ဒေါင်းသည် တောင်ပံရိုက်၊
တို့ဆက်တိုက်မည်”
ဒီနေ့လို သပြေနုချိန် ငွေရတုအချိန်အခါသမယမှာ ရှစ်လေးလုံး အရေးအခင်းကြီးအတွင်း ကျဆုံးခဲ့ရသူ အာဇာနည်များအားလုံးကို လေးစားဂုဏ်ပြုဦးညွှတ်လျက်ပါ။ ။
မော်ကွန်းမဂ္ဂဇင်း အမှတ်(၇) မှ သန်းစိုးနိုင်၏ ရှစ်လေးလုံး ငွေရတုဆောင်းပါး
No comments:
Post a Comment