မကြာသေးခင်ကပဲ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဝန်ကြီးဦးအောင်မင်း လူသိရှင်ကြားပြောလိုက်တဲ့ကိစ္စတခု ရှိပါတယ်။ ကျောင်းသားတပ်မတော်လို့ ခေါ်တဲ့ ABSDF ခေါင်းဆောင်ဟောင်းတွေ အပါအဝင် လက်ရှိအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စများနဲ့ဆက်စပ်လို့ တရားစွဲဆိုတာ အရေးယူတာမျိုး နိုင်ငံတော်က မလုပ်ပါဘူးတဲ့။ သို့သော်လည်း အတိတ်က ရာဇဝတ်မှုကျူးလွန်ထားတာတွေရှိလို့ ကျူးလွန်ခံခဲ့ရတဲ့ ပြည်သူတွေထဲက တစုံတဦးက တရားစွဲဆိုမယ်ဆိုရင်တော့ ရုံးတော်မှာရင်ဆိုင်ရလိမ့်မယ်လို့ ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ ဒီစကားကို အစိုးရနဲ့ ABSDF နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပွဲအပြီးမှာ ပြောလိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အတော်များများက မှတ်ချက်ချပါတယ်။ ဘာတုန်းဆိုတော့ အစိုးရဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းတွေမှာ အဆင့်နှစ်မျိုးထား နှစ်ဖက်ခွပြီး လုပ်နေတာလို့ ဆိုကြပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတုန်းကလည်း တခါထဲ အပြီးသတ် လွှတ်ပေးလိုက်တာမျိုးမဟုတ်ဘဲ ပုဒ်မ ၄ဝ၁ နဲ့ ထောင်သက်ကို အကြွေးချန်သလို ချန်ထားပြီးမှ လွှတ်ပေးတာမျိုး ဖြစ်နေတာကို ကြည့်ပါလားဆိုပြီး ထောက်ပြလာသူတွေလည်း ရှိပါတယ်။ မှန်ပါတယ် ဒါဟာလည်း နှစ်ဖက်ခွထားတဲ့ ပေါ်လစီမျိုးလို့ ဆိုနိုင်ပါတယ်။ အစိုးရခေါင်းဆောင်တွေ မကြည်မသာဖြစ်တဲ့အချိန်မှာ ပြန်ဖမ်းလို့ရတယ်၊ တရားရုံးပို့လို့ရတယ်၊ ထောင်ချလို့ရတယ်လို့ ပြောတာနဲ့အတူတူပဲ ဖြစ်ပါတယ်။ တနေရာမှာ အဖုကလေး အထစ်ကလေး ချန်ထားတယ်လို့လည်း ပြောမယ်ဆိုရင်လည်း ရပါတယ်။
ဝန်ကြီးဦးအောင်မင်း အဲသလို ပြောကြားလိုက်တာဟာ သာမန်အားဖြင့်ကြည့်မယ်ဆိုရင် ABSDF တခုထဲသာ ညွှန်းဆိုတယ်လို့ ထင်စရာရှိပါတယ်။ သို့သော်လည်း ဒီစကားဟာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင် ကြီးငယ်လတ်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။ နိုင်ငံရေးအရ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပေမယ့် နိုင်ငံသားတဦးဦးက သူတို့အပေါ်မှာ ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ အမှုဖွင့်လာရင် ရုံးတော်မှာ ရင်ဆိုင်ရလိမ့်မယ်ဆိုတဲ့ သတင်းမက်ဆေ့ခ်ျကို ပေးလိုက်တာနဲ့လည်း အတူတူ ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် KIO က အစိုးရနဲ့ အပစ်အခတ်ရပ်စဲလိုက်ပြီ ဆိုပါစို့။ ကချင်နယ်မြေထဲမှာ တိုက်ပွဲတွေလည်း မရှိတော့ဘူး ဆိုပါစို့။ သို့သော်လည်း တချိန်တုန်းက ကေအိုင်အေတပ်က ဘယ်သူဘယ်ဝါက ဆက်ကြေးမပေးလို့ဆိုပြီး ရွာသားသုံးဦးကို သတ်ခဲ့တယ်လို့ အသတ်ခံရတဲ့မိသားစုဘက်က စွပ်စွဲပြီး တရားစွဲမယ်ဆိုပါစို့။ အဲဒီ ကေအိုင်အေတပ်က တာဝန်ရှိသူဟာ ဝန်ကြီးဦးအောင်မင်းအဆိုအရ ပြောရမယ်ဆိုရင် ရုံးတော်မှာ အမှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါမျိုးဟာ ရာဇဝတ်မှုမြောက်နေတာကိုး။
အစိုးရဟာ နှစ်ဖက်ခွထားတဲ့ လုပ်ထုံးလုပ်နည်းကို ကျင့်သုံးနေတယ်လို့ ထောက်ပြသူများရှိနေတာကို အထက်မှာ ပြောခဲ့ပြီးပါပြီ။ ထင်မယ်ဆိုလည်း ထင်လောက်ပါတယ်။ လူတွေအနေနဲ့ အစိုးရကို ခေတ်အဆက်ဆက် အယုံအကြည်မှ မရှိခဲ့တာကိုး။ သို့သော်လည်း ဒီနေရာမှာ ကျနော့်အနေနဲ့ ပြောင်းပြန်စဉ်းစားမိပါတယ်။ အတိတ်တုန်းက အစိုးရစစ်တပ် အပါအဝင် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်တွေဘက်က ရာဇဝတ်မှုကျူးလွန်ခဲ့သူ မည်သူမဆို သက်ဆိုင်ရာ မိသားစုများက အခုလိုအချိန်မှာ တရားစွဲဆိုမယ်ဆိုရင် စွဲလို့ရနိုင်တယ်လို့ ဝန်ကြီးဦးအောင်မင်းက ABSDF ကို ကြားခံထားပြီး သွယ်ဝိုက်ပြောတာမျိုးကော မဖြစ်နိုင်ဘူးလား။ ဘာဖြစ်လို့တုန်းဆိုတော့ ဝန်ကြီးဦးအောင်မင်းက ABSDF တခုထဲကိုသာ တရားစွဲလို့ရနိုင်တယ်၊ အစိုးရစစ်တပ် အပါအဝင် ကျန်တဲ့ လက်နက်ကိုင်တပ်များ ရာဇဝတ်မှုကျူးလွန်ခဲ့တာကို တရားစွဲလို့ မရဘူးလို့ အတိအလင်း ပြောမထားတာကြောင့် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှာ နိုင်ငံသားပေါင်း အနည်းဆုံး သုံးထောင်လောက်ဟာ လမ်းမတွေပေါ်မှာ အစိုးရစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ တချို့တွေကတော့ ထောက်လှမ်းရေး စစ်ကြောရေးစခန်းတွေမှာ အသတ်ခံခဲ့ရတယ်။ တချို့တွေကတော့ ထောင်တွေထဲမှာ၊ အလုပ်ကြမ်းစခန်းတွေမှာ နှိပ်စက်ခံရရင်း သေဆုံးခဲ့ကြပါတယ်။ တချို့သော နိုင်ငံသားများကတော့ တိုင်းရင်းသား ရှေ့တန်းနယ်မြေတွေမှာ အစိုးရစစ်တပ်ရဲ့ ရမ်းကားမှုကြောင့် သေဆုံးခဲ့ရပါတယ်။ ဥပမာတခုလောက်ပြောရရင် ချင်းပြည်နယ်ထဲမှာ အစိုးရစစ်တပ်က ခရစ်ယန်ဘုရားကျောင်းကို မီးရှို့ပြီး ရွာသားတချို့ကို သတ်ဖြတ်ခဲ့တာမျိုးတွေလည်း အကျုံးဝင်ပါတယ်။ အဲတာတွေအားလုံးဟာ တရားဥပဒေမျက်စေ့နဲ့ကြည့်ရင် ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။ မိမိရဲ့မိသားစုဝင်တွေ အဲသလို အသတ်အဖြတ်ခံရပြီး ဆုံးရှုံးခဲ့ရတဲ့အပေါ်မှာ ကျန်တဲ့မိသားစုဝင်တွေက အခုလို ခေတ်ပြောင်းကာလမှာ တရားစွဲမယ်ဆိုရင် ရနိုင်တာပေါ့။ ဝန်ကြီး ဦးအောင်မင်းလည်း ဒီသဘောကို ပြောထားတာပဲ မဟုတ်လား။ နောက်တချက် ကိုးကားရမယ်ဆိုရင် ဟိုတလောတုန်းက လွှတ်တော် ဥက္ကဋ္ဌကြီး ဦးရွှေမန်းကိုယ်တိုင်လည်း အတိအလင်း ပြောထားတာရှိပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး ဆိုတာဖြစ်ပါတယ်။ အားလုံး မှတ်မိကြမယ် ထင်ပါတယ်။
နောက်တချက်ကတော့ ကနေ့ကာလမှာ မြန်မာနိုင်ငံသား တိုင်းရင်းသားအပေါင်းဟာ ဘယ်တုန်းနဲ့ကမှ မတူအောင် နိုင်ငံတကာမှာ ပျံ့နှံ့နေထိုင်နေကြပါတယ်။ မြောက်အမေရိက၊ ဥရောပက နိုင်ငံတွေ အပါအဝင် သြစတေးလျှ၊ နယူးဇီလန် အစရှိတဲ့ နိုင်ငံတွေမှာ အနှံ့အပြား အခြေခြနေထိုင်နေကြပါတယ်။ အစိုးရဟောင်းတုန်းက ရာဇဝတ်မှုကျူးလွန်ထားခဲ့သူတွေ၊ အစိုးရသစ်လက်ထက်မှာ ရာဇဝတ်မှု ကျူးလွန်ထားခဲ့သူတွေ၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်တွေက ရာဇဝတ်မှုကျူးလွန်ထားသူတွေ အကယ်၍ ထိုထိုသော နိုင်ငံတွေကို အကြောင်းအမျိုးမျိုးနဲ့ သွားရောက်ခဲ့ရင် ဟိုနိုင်ငံမှာရောက်နေတဲ့ နစ်နာခဲ့တဲ့ မိသားစုဝင်တွေက တရားစွဲမယ်ဆိုရင် တရားစွဲလို့ ရပါတယ်။ အင်္ဂလန်မှာ ဆေးလာကုတဲ့ တချိန်တုန်းက ချီလီနိုင်ငံရဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီး ပင်နိုရှေး အင်္ဂလန်မြေပေါ်မှာ တရားစွဲခံရတဲ့ သာဓကကလည်း ရှိခဲ့တယ်မဟုတ်လား။ ဝန်ကြီးဦးအောင်မင်း ပြောသလို ရာဇဝတ်မှုကတော့ ရာဇဝတ်မှုပါပဲ။ စစ်ရာဇဝတ်မှုက ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါတွေကို ဖျောက်ဖျက်ပစ်လို့ မရစကောင်းပါဘူး။
ကျနော် ထင်ပါတယ်။ မကြာခင်ကာလတွေမှာ ရာဇဝတ်မှုကျူးလွန်ခံခဲ့ရတဲ့ မိသားစုတွေက ကျူးလွန်တဲ့သူတွေအပေါ်မှာ တရားဥပဒေကြောင်းအရ တရားစွဲတာတွေ ဖြစ်လာနိုင်စရာရှိပါတယ်။ မြန်မာပြည်က ရှေ့နေရှေ့ရပ်များလည်း နားလို့မှမရနိုင်အောင် အလုပ်များကြပါလိမ့်မယ်။ အစိုးရစစ်တပ်ကပဲဖြစ်ဖြစ် လက်နက်ကိုင် သူပုန်အဖွဲ့ကပဲဖြစ်ဖြစ် ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေအနေနဲ့ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတာကို လက်တွေ့ ရင်ဆိုင်ကြရပါလိမ့်မယ်။ မကျူးလွန်ခဲ့သူတွေအဖို့ကတော့ ဒါတွေအတွက် ပူပင်စရာမလိုပါဘူး။ ရာဇဝတ်မှုကျူးလွန်တာဟာ ကျူးလွန်တာပဲ၊ နိုင်ငံရေးအရ သဘောထားခြင်း မတိုက်ဆိုင်လို့ တိုက်ရခိုက်ရတာမျိုးနဲ့ မတူဘူးဆိုတာကို ABSDF ကိုကြားခံထားပြီး လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့တဲ့ ဝန်ကြီးဦးအောင်မင်းလည်း နောင်မှာ ဒီသဘောထားအတိုင်း အစဉ်တစိုက် ဆက်လက်ရပ်တည်ပေးလိမ့်မယ်လို့ ယူဆပါတယ်။
နောက်တချက်ကတော့ တဦးနဲ့တဦး တဖက်နဲ့တဖက် မပြီးနိုင်မစီးနိုင် အပြန်အလှန်တရားစွဲနေကြရင် တိုင်းပြည်အတွက် လိုအပ်တဲ့ အဖြေမှန်တခုကို ရအောင်ရှာနိုင်ပါ့မလားလို့ စဉ်းစားမိပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ ဖြစ်စဉ်ကိုကြည့်ရင် လူဖြူအုပ်စိုးသူတွေကို အုပ်ချုပ်ခံလူမဲတွေက အတိတ်ကကျူးလွန်ခဲ့တဲ့ ဖိနှိပ်မှုတွေ ရာဇဝတ်မှုတွေအတွက် အမှုဖွင့် တရားရုံးတင်ပြီး တရားစွဲတာမျိုး မဟုတ်ပါဘူး။ တောင်အာဖရိကနိုင်ငံမှာတုန်းကတော့ လူမျိုးရေး ခွဲခြားဖိနှိပ်တဲ့စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းနေတဲ့ ကြားကာလမှာ ကျူးလွန်ခံခဲ့ရသူတွေနဲ့ ကျူးလွန်သူများ ကြားထဲမှာ ပြန်လည် ဝန်ချတောင်းပန်တဲ့ ဖြေသိမ့်တဲ့ လုပ်ငန်းစဉ်တခု ရှိခဲ့ပါတယ်။ Truth and Reconciliation Commission အမှန်တရားပြန်လည်ဖော်ထုတ်ရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး ကော်မရှင်လို့ လူသိများခဲ့ပါတယ်။ အဲဒီ ကော်မရှင်ကို အလယ်မှာထားပြီး သက်ဆိုင်ရာ နယ်မြေအလိုက်ဒေသအလိုက် ကျူးလွန်ခဲ့သူတွေကလည်း သူတို့ကျူးလွန်ခဲ့တဲ့ လူများအပေါ် ဝန်ချတောင်းပန်ခဲ့ကြပါတယ်။ ကျူးလွန်ခံခဲ့ရသူများကလည်း ခံစားချက်တွေ နာကျဉ်းချက်တွေ ရှိနေဆဲဖြစ်ပေမယ့် တိုင်းပြည်အတွင်း လူ့အဖွဲ့အစည်းအတွင်း ရေရှည် ငြိမ်းချမ်းရေးအတွက် တဖက်က ဝန်ချတောင်းပန်လာတာတွေကို နားထောင်ပေးခဲ့ပါတယ်။ ခွင့်လွှတ်တယ် ဒါပေမယ့် မမေ့ဘူး ဆိုတဲ့ ခံစားချက်ကတော့ ရှိနေဆဲပါ။
မြန်မာနိုင်ငံမှာလည်း ကျူးလွန်ခဲ့သူများနဲ့ ကျူးလွန်ခံခဲ့ရသူများအကြားမှာ အလားသဏ္ဌာန်တူကော်မရှင် တခုခုဖွဲ့စည်းပြီး ဆောင်ရွက်နိုင်ရင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် မကောင်းပေဘူးလားလို့ တွေးမိပါတယ်။ တည်နေတဲ့ အမုန်းတရားတွေ သိုနေတဲ့ အမျက်တွေ တတ်နိုင်သလောက် ပြေပြောက်စေဖို့ အဲသလို ကော်မရှင်မျိုးများဖွဲ့မယ်ဆိုရင် “မျက်ဖြေကော်မရှင်” လို့ ကျနော်ကတော့ အမည်ပေးလိုပါကြောင်း။ ။
ဇော်မင်း
၁၅ ရက်၊ သြဂုတ်လ၊ ၂ဝ၁၃ ခုနှစ်
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment