Sunday, July 21, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၇

အခန်း - ၈ 
အမောင်ပြောက်ကျား၊ ချစ်သူအားကို 
ဘာများမှာခဲ့လိုသနည်း၊ 
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို 
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။ 

(မင်းသုဝဏ်၊ သူ့မှာတမ်း) 

စစ်ကိုင်းမြို့ပေါ်မှ လူပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုသို့ ပျောက်ကွယ်သွားကြသူတွေထဲတွင် မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင်ဟောင်း ဇော်မြင့်လည်း ပါသည်။ ထို့အပြင် ပြုံးလဲ့ယဉ်လည်း ပါလေသည်။ ပြုံးလဲ့ယဉ်သည် စစ်ကိုင်းမြို့မှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေသည်။ သူဘယ်ရောက်သွားသည်ကို ဘယ်သူမှ မသိကြတော့။ 

******** 

အခန်း - ၉ 

ညစ်ဆိုးအဖြစ်သနစ် 
လှစ်ခါပြရရင်တော့ 
တစ်ကိုးရှစ်ရှစ် ခေတ်အခါသမယမှာဖြင့်
မတ္တာအလှတို့ ပျောက်ပျက်မှိန်
အာ်.... သစ္စာဓမ္မတို့ ဖောက်ဖျက်ချိန်။ 

(အသင့်ပြင်ကြလော့၊ ၈ လေးလုံးကာလအတွင်းထွက်ပေါ်ခဲ့သော ကဗျာ ရေးသူ - အမည်မသိ) 

၁၉၈၈ ဇူလိုင်လ - သြဂုတ်လ ရန်ကုန်။ 

ဖွဲမီးသည် တငွေ့ငွေ့တောက်လောင်နေသည်။ မီးအများဆုံးနှင့် လောင်စာ အများဆုံးနေရာမှာ ရန်ကုန်ဖြစ်သည်။ ကျောင်းတွေ ပိတ်သွားပြီဖြစ်သောကြောင့် မျိုးသိန်းလည်း အဆောင်မှ ထွက်ပေးလိုက်ရသည်။ သို့သော် သူသည် ရန်ကုန်မှ မထွက်ခွာသေး။ တိုက်ပွဲကို သူ မစွန့်ခွာနိုင်သေး။ တောင်ဥက္ကလာရှိ အဒေါ့်အိမ်တွင် ဆက်လက်တည်းခိုရင်း လှုပ်ရှားမှုအားလုံးနှင့် အဆက်မပြတ် ထိတွေ့နေသည်။ 

ဇွန်လ မြေနီကုန်းလှုပ်ရှားမှုတွင်လည်း သူ ပါဝင်ခဲ့သေးသည်။ ဇွန်လကုန်ပိုင်းတွင် ပဲခူးမြို့၌ လူထုလှုပ်ရှားမှု ပေါ်ပေါက်လာသောအခါတွင်လည်း သူသွားဖို့ ကြိုးစားလိုက်သေးသည်။ သို့သော် အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သောအခါ သူ မသွားဖြစ်တော့။ ရွှေတိဂုံဘုရားပေါ်က တရားပွဲတွေဆီကိုတော့ သူ မှန်မှန်ရောက်လေသည်။ ကျောင်းသားများသည် ရွှေတိဂုံဘုရားပေါ်တွင် သပိတ်စခန်း ဖွင့်လှစ်လိုက်လေပြီ။ 


တခုသော စနေညတွင် သူသည် ရုပ်မြင်သံကြားရှေ့တွင် ရောက်နေသည်။ ထိုနေ့သည် အရေးကြီးသောနေ့ဖြစ်လိမ့်မည်ဟု သူ မတွေးမိသေး။ ရုပ်မြင်သံကြားရှေ့တွင် သူ့အဒေါ်မိသားစုသည်လည်း လက်ဖက်သုတ် တပန်းကန် ရေနွေးကြမ်း ဓာတ်ဗူးတလုံးနှင့် အေးအေးဆေးဆေးပင် ဖြစ်သည်။ ဘေးအိမ်က ရုပ်မြင်သံကြားလာကြည့်ကြသူတချို့လည်း ရှိနေခဲ့သည်။ ထိုစဉ်က ရုပ်မြင်သံကြား ဝယ်ယူနိုင်သောအိမ်မှာ များများစားစား မရှိသေး။ လက်ဖက်ရည်ဆိုင်များတွင်လည်း ရုပ်မြင်သံကြား မရှိသေး။ ထို့ကြောင့် နီးစပ်ခင်မင်ရာ ရုပ်မြင်သံကြားရှိသည့်အိမ်တွင် စုဝေးကြည့်ရှုတတ်သော အလေ့အထရှိသည်။ 

ထိုနေ့သည် ဇူလိုင်လ ၂၃ ရက်ဖြစ်သည်။ ရန်ကုန် ကျိုက္ကဆံကွင်း၊ ဆရာစံ ခန်းမတွင်ကျင်းပပြုလုပ်သော မဆလ ပါတီ ညီလာခံ၌ ဦးနေဝင်းပြောသည့် မိန့်ခွန်းသည် ရုပ်မြင်သံကြားဖလ်သားပြင်ပေါ်တွင် ပေါ်လာသည်။ အရေးပေါ်ပါတီ ညီလာခံ ကျင်းပပြီး ပြောဆိုသော မိန့်ခွန်းမို့ ထူးတော့ထူးမည်ဟု ထင်မိသည်။ ဘယ်လောက်ထူးမည်ကို သူ မခန့်မှန်းမိ။ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးအေးကို၊ ဦးကျော်ထင်တို့ အနားယူကြတော့မည်ဟု ထုတ်ဖော်ကြေညာလိုက်သည်။ မျိုးသိန်း ဝမ်းသာသွားသည်။ ဒါဆိုရင် အပြောင်းအလဲတခုခုတော့ ဖြစ်ပေါ်လာတော့မည်ဟု သူ ထင်သွားသည်။ သို့သော် သူသည် မဆလ အစိုးရကို မယုံရဲသေး။ နောက်ထပ် ဘာတွေ ပြောဦးမည်နည်း။ ဘာတွေများ လှည့်စားဦးမည်နည်းဟု ရင်တထိတ်ထိတ်ဖြင့် နားထောင်နေမိသည်။ 

တပါတီစနစ်ကို ကြိုက်သလား၊ ပါတီစုံစနစ်ကို ကြိုက်သလားဆိုတာ ဆန္ဒခံယူပွဲလုပ်မည်ဟု ဆိုသည်။ နောက်ကျခဲ့လေပြီ။ ပြည်သူ့ဆန္ဒကို ကျယ်ကျယ်လောင်လောင် ကြားနေရပြီဖြစ်ပါလျှက် အဘယ်ကြောင့် ဆန္ဒခံယူပွဲ လုပ်ချင်ပါသေးသနည်း။ ထိုအချက်မှာ သံသယဖြစ်စရာလည်း ကောင်းလှသည်။ 

“ဟဲ့ မျိုးသိန်း။ ဘာတဲ့လဲ။ ဘာပြောသွားတာလဲ။ ဘာကို ရွေးရမယ်ဆိုလား” 

နားနည်းနည်းလေးသော သူ့အဒေါ်သည် ကောင်းကောင်း မကြားလိုက်သောကြောင့် မျိုးသိန်းကို လှမ်းမေးသည်။ 

“ချာပါတီ စားမလား။ ပလာတာ စားမလားလို့ မေးသွားတာ ကြီးဒေါ်ရေ” 

မျိုးသိန်းက စိတ်တိုတိုနှင့် အငေါ်တူးလိုက်သည်။ ရုပ်မြင်သံကြားကြည့်နေသူများအားလုံး ခပ်အုပ်အုပ် ရယ်လိုက်ကြသည်။ စိတ်တိုနေတာတောင် မနောက်ရ မနေနိုင်သော မျိုးသိန်းဖြစ်သည်။ ကြီးဒေါ်ကတော့ မရယ်။ သူ့ကိုလှောင်ရမလားဟု တဗျစ်တောက်တောက် လုပ်နေသည်။ 

ထိုသို့ ကြီးဒေါ်နှင့် ပူညံပူညံဖစ်နေဆဲမှာပင် သူ့မျက်နှာကို ရေနွေးပူနှင့် အပက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ကြီးဒေါ်ကြောင့် မဟုတ်။ ရုပ်မြင်သံကြားပေါ်က မိန့်ခွန်းကြောင့်ဖြစ်သည်။ မခံမရပ်နိုင်တော့သည်အထိ ပူစပ်ပူလောင် ဖြစ်သွားစေသော စကားတို့သည် ရုပ်မြင်သံကြား ဖလ်သားပေါ်မှ တလုံးချင်း ထွက်လာတော့သည်။ 

“စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်ရင် ဆူတဲ့လူတွေ မသက်သာဘူးလို့သာ မှတ်ပေတော့။” ဟူသော ဦးနေဝင်း၏ နောက်ဆုံးစကားများဖြစ်သည်။ 

ရုပ်မြင်သံကြားကြည့်နေကြသူအားလုံး ငြိမ်သက်သွားကြသည်။ ကိုယ့်ကိုရည်ရွယ်ပြီး ပြောသွားသလိုပင် အားလုံး ခံစားလိုက်ကြရသည်။ 

နာက်ရက်များတွင် အရေးပေါ်ပါတီညီလာခံ ဆက်လက်ကျင်းပသည်ကိုလည်း ရုပ်မြင်သံကြားတွင် မျိုးသိန်းတို့ ကြည့်ကြပြန်သည်။ သည်တခါတွင် ညီလာခံက တပါတီစနစ်ကို မပြောင်းဟု ဆုံးဖြတ်လိုက်ကြောင်း ကြေညာသည်။ ပါတီခေါင်းဆောင် သမ္မတသစ်ကို ရွေးချယ်လိုက်ကြောင်းလည်း ကြေညာသည်။ သမ္မတသစ်ကား အခြားသူမဟုတ်။ ဇူလိုင် ၇ ရက် ကျောင်းသား အရေးအခင်းကြီးတွင် ကျောင်းသားတွေကို ရာချီသေကြေအောင် သတ်ဖြတ်ခဲ့သောကြောင့် ကျောင်းသားများက နာကျည်း မုန်းတီးနေသောသူဖြစ်သည်။ သူကား ဦးစိန်လွင်ပင်တည်း။ 

“ဘယ်သူတဲ့လဲဟဲ့ မျိုးသိန်းရဲ့။ ငါတို့ သမ္မတက ဘယ်သူတဲ့လဲ” 

မျိုးသိန်းအဒေါ်၏နားသည် ချက်ကောင်းဆိုလျှင် မကြားလိုက်ပြန်ချေ။ 

“ဦးစိန်လွင်တဲ့ ကြီးဒေါ်ရေ။ ဦးစိန်လွင်တဲ့ဗျ” 

“ဟောတော် ဦးစိန်လွင်ကြီး။ ဒုက္ခပါပဲ။ ဘာလို့များ သူ့ကို ရွေးလိုက်ပါလိမ့်နော်။ သူက သူများပိုက်ဆံတွေသိမ်းတဲ့ လူကြီးပဲ မဟုတ်လား” 

 ကြီးဒေါ်သည် ရင်ဘတ်ကို လက်ဖြင့်ဖိပြီး ငြီးသည်။ ဦးစိန်လွင်သည် ၁၉၈၇ ခုနှစ် ၇၅ ကျပ်တန်နှင့် အခြားငွေစက္ကူများ တရားမဝင်ကြေညာသည့် ကြေညာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သူလည်း ဖြစ်သည်။ ပြည်သူတို့ မုန်းသော ဦးနေဝင်းသည် အများပြည်သူမြင်ကွင်းမှ ဆုတ်ခွာသွားပေပြီ။ သို့သော် ပြည်သူတို့လိုလားသူနှင့် အစားထိုးခဲ့သည်ကား မဟုတ်။ ပြည်သူတို့ ပိုမိုမုန်းတီးသော ဦးစိန်လွင်ကို အစားထိုးခဲ့ခြင်းသာဖြစ်သည်။ 

လေထုသည် အေးစက်နေသည်။ ရာသီဥတုက မှုန်မှိုင်းနေသည်။ ခံစားချက်အားလုံးတင်းမာ ပြင်းထန်နေသည်။ လူတို့၏ မျက်နှာတွင် ဒေါသနှင့် စိုးရိမ်ပူပန်မှုတို့ ရောထွေးစွန်းထင်နေသည်။ အခြေအနေအားလုံးသည် အဆိုးဘက်သို့ တရွေ့ရွေ့ဦးတည်နေလေသည်။ 

******** 

သြဂုတ်လ လဆန်းပိုင်းတွင် ရန်ကုန်မြို့၌ လူထုဆန္ဒပြပွဲများ တော်တော်များများ ဖြစ်ပွားနေကြလေပြီ။ သြဂုတ်လ ၃ ရက်တွင် ဆန္ဒပြသူ တသောင်းလောက်ရှိလာသည်။ သမ္မတ ဦးစိန်လွင်သည် ရန်ကုန်မြို့ကို စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာပြီး နယ်အသီးသီးက စစ်တပ်များကိုလည်း ရန်ကုန်သို့ ခေါ်ယူကာ အင်အားတိုးမြှင့်ချထားလိုက်သည်။ မဆလ အစိုးရသည် ရန်ကုန်ကို စစ်မြေပြင်ပမာ သဘောထားလိုက်ချေပြီ။ ချေမှုန်းရန် အဆင်သင့်ဖြစ်နေလေပြီ။ ထိုသို့ ချေမှုန်းရန် အသင့်ဖြစ်နေသော အခြေအနေကို လူထုက မသိသလို အရေးအခင်းသည် ရန်ကုန်တွင်သာ ရပ်တန့်နေတော့မည် မဟုတ်သည်ကိုလည်း မဆလ အစိုးရသည် ထိုစဉ်က မရိပ်စားမိသေးချေ။ 

တနိုင်ငံလုံး၌ ၈ ရက် ၈ လ ၈၈ ခုနေ့တွင် ဆန္ဒပြကြဖို့ ကျောင်းသားတွေက နှိုးဆော်လိုက်သည်။ ထိုနှိုးဆော်သံသည် တကယ်ပင် အကောင်အထည်ပေါ်လာပါမည်လော။ ထိုအချက်ကို တော်တော်များများ သံသယရှိကြသည်။ အစိုးရကိုယ်တိုင်သည်လည်း ထိုနှိုးဆော်ချက် အကောင်အထည်ပေါ်လာမည်ဟု မထင်ခဲ့။ မဆလကို ဖြိုချဖို့ဆိုသည်မှာ အုတ်တံတိုင်းကြီးကို ခေါင်းနှင့်ပြေးတိုက်သည်နှင့်သာ တူလိမ့်မည်ဟု မဆလက တစိုက်မတ်မတ် ဝါဒဖြန့်ချိ ပြောဆိုခဲ့သည်။ ထိုဝါဒဖြန့်ချိချက်မှာ အောင်မြင်သည်ဟု သူတို့ ယုံကြည်ကြသည်။ ထို့အပြင် မဆလ အုတ်တံတိုင်းကြီးမှာ ခိုင်မာနေဆဲဟုလည်း သူတို့ ထင်ကြသည်။ ပြည်သူတို့၏ ယုံကြည်မှုဟူသော အခြေခံအုတ်မြစ်မှာ အချိန်အတော်ကြာကပင် တိုက်စားကြေမွသွားပြီ ဆိုသည့်အချက်ကို သူတို့ ရေရေရာရာ သဘောမပေါက်ကြသေး။ 

မျိုးသိန်းကတော့ ၈ လေးလုံးနှိုးဆော်ချက် အကောင်အထည်ပေါ်ပေါက်လာရေးသည် သိပ်အရေးကြီးသည်ဟု ထင်သည်။ ထို့ကြောင့် သြဂုတ်လ ၈ ရက် မနက်ခင်းတွင် မြို့တော်ခန်းမရှေ့သို့ သူ အစောကြီး ရောက်လာခဲ့သည်။ မနက်စောစောတွင် လူသိပ် မများသေး။ သို့သော် နည်းနည်းနေမြင့်သောအခါ လူတွေ အုပ်စုလိုက် တအုပ်စုပြီးတအုပ်စု ရောက်လာသည်။ နေရာအသီးသီးမှ ချီတက်လာကြသော ဆန္ဒပြစစ်ကြောင်းများသည်လည်း မြို့တော်ခန်းမရှေ့သို့ ဦးတည် စုစည်းလာကြသည်။ နောက်ထပ် လူတွေ အများအပြားသည်လည်း ဘတ်စ်ကားတွေနှင့် တစီးပြီးတစီး ရောက်လာကြသည်။ ဆန္ဒပြစစ်ကြောင်းတွေကို မမီလိုက်ကြသော နောက်ထပ်ဆန္ဒပြသူတို့သည် ဘတ်စ်ကားများကို ချောဆွဲပြီး အချိန်မီရောက်အောင် လာကြခြင်းဖြစ်သည်။ ဘတ်စ်ကားဆရာတို့ကလည်း ဆန္ဒပြသူတို့ကို လိုလိုချင်ချင် ကြိုပို့လုပ်ပေးကြသည်။ ဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမနှင့် ဆူးလေဘုရားတို့စုံရာ ကွက်လပ်ကြီးမှာ ဆန္ဒပြပြည်သူတို့ဖြင့် ပြည့်နှက်သွားသည်။ တစ်သိန်းလောက်ရှိမည်ဟုထင်ရသော လူအုပ်ကြီးသည် မြူးတူးနေကြသည်။ နိုင်ငံတော်သီချင်းကို အော်ဟစ်သီဆိုကြသည်။ 

မြို့တော်ခန်းမဘေးတွင် သံချပ်ကာကားများ တန်းစီနေရာယူထားကြသည်။ သံချပ်ကာကားများပေါ်တွင် စစ်သားတို့ နေရာယူထားသည်။ သံချပ်ကာကားများဘေးတွင်လည်း စစ်သားတွေ လုံထိန်းတွေ တန်းစီနေကြသည်။ ထိုသူတို့သည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ကြရမည့်သူတွေ ဖြစ်သည်။ သို့သော် ယခု သူတို့ရောက်ရှိနေကြသည်မှာကား…။ 

ညနေပိုင်းအထိ လူထုသည် ပျော်ရွှင်နေဆဲဖြစ်သည်။ တချို့က သူတို့အောင်ပွဲခံနိုင်ကြပြီဟုပင် ထင်နေကြသည်။ လူထုအင်အားကို အမှန်တကယ်ပြသနိုင်လိုက်သောကြောင့် အစိုးရဘက်က အလျှော့ပေးလိုက်ပြီဟု တချို့က အကောင်းမြင်နေကြသည်။ ညနေ ၅ နာရီခွဲတွင် ရန်ကုန်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးညွန့်က မြို့တော်ခန်းမထက်မှနေ၍ လူထုကို လူစုခွဲဖို့ အမိန့်ပေးသည်။ ဆန္ဒပြသူတွေက မပြန်ကြ။ ဆန္ဒပြသူအများက သည်ည မြို့တော်ခန်းမရှေ့မှာပင် သပိတ်စခန်းဖွင့်ဖို့ ဆုံးဖြတ်ကြသည်။ မျိုးသိန်း စိုးရိမ်သည်။ အခြေအနေမကောင်းဟု ထင်သည်။ အကြိမ်ကြိမ် အမဲလိုက်ခံခဲ့ရဖူးပြီဖြစ်သော မျိုးသိန်းသည် အန္တရာယ် အငွေ့အသက်ကို ခံစားရဘိသကဲ့သို့ စိတ်တွင် မသိုးမသန့်ဖြစ်နေသည်။ သို့သော် မတတ်နိုင်။ လူထုသည် ခေါင်းဆောင် မရှိ။ အမိန့် မရှိ။ ဗဟို မရှိ။ ကိုယ့်အစုနှင့်ကိုယ်သာ တိုင်ပင်ညှိနှိုင်း ဆုံးဖြတ်ကြခြင်းသာဖြစ်သည်။ 

မျိုးသိန်းသည် နောက်ဆံတငင်ငင်ဖြင့်ပင် ထိုနေ့ညနေက တောင်ဥက္ကလာပသို့ ပြန်ခဲ့ရသည်။ 

******** 

မျိုးသိန်း၏ စိုးရိမ်ပူပန်မှုမှာ အမှန်တကယ်ပင် ဖြစ်လာလေသည်။ ထိုညက ည ၁၁ နာရီ ၄၅ မိနစ်တွင် ဆန္ဒပြသူတို့၏ သပိတ်စခန်းကို စစ်တပ်က မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့လေသည်။ လူထုသည် အသေခံ၍ အံတုခဲ့ကြသည်။ သို့သော် ထိုအသေခံအံတုမှုမှာ ပစ်ခတ်သူ စစ်သားတို့၏ နှလုံးသားကို နူးညံ့သွားအောင်ကား မစွမ်းဆောင်နိုင်ခဲ့။ သေဆုံးသူ အရေအတွက်သာ မခန့်မှန်းနိုင်အောင် များပြားခဲ့လေသည်။ တချို့ထွက်ပြေးသူတွေသည် ကုန်သည်လမ်းရှိ အမေရိကန်သံရုံး ခြံစည်းရိုးကိုကျော်တက်ပြီး ဝင်ရောက်ပုန်းခိုခဲ့ကြသည်။ 

သို့တိုင်အောင် ညပိုင်းတွင် တကြိမ်ပစ်ခတ်ရုံဖြင့် လူထုဆန္ဒပြပွဲသည် ငြိမ်သက်မသွား။ နောက်နေ့ မနက်ပိုင်း မျိုးသိန်း ထိုနေရာသို့ ပြန်ရောက်သည်အထိ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ 

ထိုနေ့ သြဂုတ်လ ၉ ရက်သည် ပိုမိုဆိုးဝါးသော နေ့တနေ့ဖြစ်သည်။ မြောက်ဥက္ကလာပ တံတားလေး ကုန်းကျော်အနီး ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ အများအပြား သေဆုံးခဲ့ကြပြန်သည်။ မြောက်ဥက္ကလာသည် ပွဲဦးထွက်တွင် အထိနာခဲ့လေသည်။ ပွဲပြီးသွားသောအခါ လမ်းပေါ်တွင် သွေးကွက်တွေ မြင်မကောင်း။ လက်ကိုင်ပုဝါတွေ၊ ပိုင်ရှင်မဲ့ ဖိနပ်တွေ၊ အချိုရည်ဗူးတွေနှင့်အတူ ကွဲကြေနေသော ဓာတ်ပုံတပုံလည်း တွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ဖြစ်သည်။

မြောက်ဥက္ကလာသည် အများဆုံးသွေးမြေကျခဲ့သော နေရာဖြစ်သည်။ ဒေါသရန်ငြိုးနှင့် လက်စားချေတုန့်ပြန်မှုတို့ ပေါ်ပေါက်ခဲ့သောနေရာလည်း ဖြစ်သည်။ ရဲစခန်းတခုကို လူထုက မီးရှို့လိုက်ပြီး ရဲလေးယောက်ကို သတ်ဖြတ်လိုက်ကြသည်။ မြောက်ဥက္ကလာလမ်းများကို စစ်တပ်မဝင်နိုင်အောင် လမ်းတွေကို ပိတ်ဆို့မှုအမျိုးမျိုး လုပ်ထားလိုက်ကြသည်။ ညနေ ၅ နာရီလောက်တွင် မိုးကောင်းကင်၌ စစ်ဘက်သုံး တိုက်လေယာဉ်ပျံများ နိမ့်နိမ့်လေးပျံသန်း ခြိမ်းခြောက်လာသည်။ လေယာဉ်ပေါ်မှ စာများကြဲချသည်။ ပိတ်ဆို့တားဆီးမှုများကို ရှင်းလင်းမပေးလျှင် ဗုံးကြဲမည်ဟု ဆိုသည်။ 

ထိုရက်ပိုင်းအတွင်းမှာပင် အင်းစိန်ဘက်တွင်လည်း ပစ်ခတ်မှုတချို့ဖြစ်ပွားခဲ့သည်။ ရန်ကုန်ဆေးရုံကြီးတွင်လည်း ကျန်းမာရေးဝန်ထမ်းများကိုပါ ပစ်ခတ်ခဲ့လေသည်။ ဂျနီဗာစာချုပ်ကို ချိုးဖောက်ခဲ့လေပြီ။ နိုင်ငံတကာဥပဒေအရ စစ်ပွဲအတွင်းမှာပင် ပစ်ခွင့်မရှိသော ကျန်းမာရေးဝန်ထမ်းများကို ဆေးရုံနယ်မြေတွင်းအထိ ဝင်ရောက်ပစ်ခတ်ခဲ့လေပြီ။ ရန်ကုန်မြို့တွင် လုံခြုံစိတ်ချရသောနေရာဟူ၍ မရှိတော့သလောက်ပင်။ အစိုးရကို မဆန့်ကျင်သောနေရာဟူ၍လည်း မကျန်တော့သလောက်ပင်။

မန်မာနိုင်ငံ အနှံ့အပြား တခြားနေရာများတွင်ကား…။ 

******** 

ဆက်လက်ဖော်ပြပါမယ်။ 

သူ့ရဲ့ဖေ့ဘုတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments: