Thursday, July 18, 2013

အာဇာနည်တွေနေတဲ့ တိုင်းပြည် (ဝင်းထွဋ်ဇော်)

အာဇာနည်ဆိုတာဟာ ဘယ်လိုလူတွေလဲ။ သူတို့တွေ ဘယ်မှာနေကြသလဲ။ အာဇာနည်ဆိုသူတွေဟာ သာမန်လူတွေထက် ထူးကဲတဲ့ တန်ခိုးသတ္တိတွေကို ပိုင်ဆိုင်ထားကြသူတွေလား။ အာဇာနည်ဆိုသူတွေဟာ စူပါမင်းတို့လို ကပ္ပတိန် မားဗဲလ်တို့လို ပုဂ္ဂိုလ်တွေလား။ 

အာဇာနည်ဆိုတဲ့ ဝေါဟာရကို ကျွန်တော် ပထမဆုံးကြားဖူးခဲ့တဲ့အချိန်ကတော့ ၁၉၅၀-၅၁ ခုနှစ်လောက်ကပါ။ ထိုအချိန်တုန်းက ကျွန်တော်ဟာ ကလေးငယ်တစ်ယောက်မျှသာဖြစ်ပါတယ်။ 

ထိုနေ့က ကျွန်တော်တို့မိသားစု ရွှေတိဂုံစေတီတော်ဆီကို ဘုရားဖူးသွားခဲ့ကြတယ်။ အမေရယ်၊ အမေ့ရဲ့အစ်မဖြစ်တဲ့ ကြီးကြီးရယ်၊ အိမ်နီးနားချင်း အမျိုးသမီးကြီးတစ်ယောက်ရယ်။ ပြီးတော့ ကျွန်တော့်အစ်ကို နှစ်ယောက်နဲ့ ကျွန်တော်ရယ်။ ပြီးတော့ ဆွေမျိုးရင်းချာသဖွယ်ဖြစ်နေတဲ့ ကျွန်တော်တို့အိမ်မှာအတူနေတဲ့ လူငယ်တစ်ယောက်ရယ်။ 

ထိုအချိန်တုန်းက ကျွန်တော်တို့မိသားစုနေထိုင်ရာ သင်္ဃန်းကျွန်းကနေ ရွှေတိဂုံဘုရားကိုသွားရတဲ့ခရီးဟာ သိပ်မခက်ခဲလှပါဘူး။ ကျွန်တော်တို့တစ်ဖွဲ့လုံး ဘတ်(စ)ကားပေါ်မှာ ခပ်ချောင်ချောင်ထိုင်လိုက်ရင်း ရွှေတိဂုံဘုရားနဲ့ အနီးဆုံးနေရာ ရွှေဂုံတိုင်ကို ရောက်ခဲ့ကြတယ်။ ဒီနောက် မြင်းလှည်းတစ်စီးနဲ့ ရွှေတိဂုံစေတီရဲ့ ခြေတော်ရင်းကို ရောက်ခဲ့ကြတယ်။ 


ဘုရားဖူးအပြီးမှာတော့ အမေက “ကဲ ကြုံတုန်း အာဇာနည်ခေါင်းဆောင်ကြီးတွေကိုလည်း သွားပြီး ဂါရဝပြုကြရအောင်” လို့ ပြောခဲ့တယ်။ 

“အာဇာနည်ခေါင်းဆောင်ကြီးတွေဆိုတာ ဘယ်သူတွေလဲ၊ သူတို့တွေက ဘယ်နေရာမှာနေကြတာလဲ” 

ထိုအချိန်မှာ ကျွန်တော်ဟာ အာဇာနည်ဆိုတဲ့ ဝေါဟာရကို ပထမဆုံးအကြိမ်အဖြစ် သတိပြုခဲ့မိတယ်။ ဒီနောက် ကျွန်တော်တို့ကလေးတစ်စုဟာ လူကြီးတွေ ဦးဆောင်ရာနောက်ကိုလိုက်ရင်း ရွှေတိဂုံ မြောက်ဘက်မုခ်ကနေဆင်းကာ သွေးဆေးကန်ဘက်မှာရှိတဲ့ အာဇာနည်ကုန်းဆီကို သွားခဲ့ကြပါတယ်။ 

ကုန်းပေါ်မှာတော့ အုတ်ကြွပ်တွေမိုးထားတဲ့ ကြီးမားတဲ့တစ်ထပ် အဆောက်အအုံတစ်ခုကို တွေ့ရတယ်။ ‘ကြီးမားတယ်’ ဆိုတဲ့ ဝိသေသကတော့ ထိုစဉ်က ကလေးတစ်ဦးသာဖြစ်တဲ့ ကျွန်တော့်ရဲ့အမြင်ပါ။ (တကယ်တော့ ကျွန်တော်ဟာ မိမိတို့နိုင်ငံရဲ့ အာဇာနည်ဗိမာန်ဟာ အခြားဘယ်နိုင်ငံရဲ့ အာဇာနည်ဗိမာန်ထက်မဆို သေးနုပ်လှတယ်ဆိုတာကို ကြီးပြင်းလာချိန်မှာတော့ သိရှိလာခဲ့တယ်) 

အာဇာနည်ဗိမာန်အတွင်းကို ရောက်ရှိချိန်မှာတော့ စီတန်းကာတည်ရှိနေတဲ့ အတော်အတန်ကြီးမားတဲ့ အုတ်ဂူကြီးတွေကို တွေ့ရပါတယ်။ အုတ်ဂူကြီးတွေရဲ့ရှေ့မှာတော့ ဂူအသီးသီးရဲ့အတွင်းမှာ လဲလျောင်းနေကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အမည်နာမနဲ့ အသက်တွေကို ကျောက်ပြားပေါ်မှာ ရေးထိုးထားတဲ့ စာတမ်းတွေကို တွေ့ရတယ်။ 

အလယ်မှာရှိတဲ့ အကြီးဆုံးအုတ်ဂူရဲ့ရှေ့မှာတော့ ‘အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ အသက် ( )၊ ( ) နေ့တွင် ----ကွယ်လွန်သည်’ ဆိုတဲ့စာတမ်း။ ကျွန်တော့်အစ်ကိုတစ်ယောက်က အုတ်ဂူတစ်ခုစီမှာရေးထိုးထားတဲ့ စာတမ်းတွေကို အော်ကျယ်ဟစ်ကျယ်နဲ့ ဖတ်နေပါတယ်။ 

“သြော်... ဗိုလ်ချုပ်တို့ကျဆုံးသွားတာ လေးနှစ်တောင်ရှိခဲ့ပြီပဲ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီး သခင်မြ၊ ဦးဘချို၊ မန်းဘခိုင်၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး၊ ဦးရာဇတ်ဆိုတဲ့ ခေါင်းဆောင်ကြီးတွေဟာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ နယ်ချဲ့လက်ပါးစေတွေရဲ့ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ကြရတာကွဲ့” 

အမေက ကျွန်တော်တို့ကလေးတစ်စုကို အာဇာနည် ခေါင်းဆောင်ကြီးတွေနဲ့ပတ်သက်ပြီး အကျဉ်းချုံး ရှင်းပြပါတယ်။ ထိုအချိန်ကစပြီး ကျွန်တော်ဟာ “အာဇာနည်ခေါင်းဆောင်ကြီးတွေ” ပြီးတော့ “အာဇာနည်နေ့” ဆိုတဲ့ ဝေါဟာရတွေကို ကျွန်တော့်ရဲ့ မှတ်ဉာဏ်ချစ်ပ် (Chip) ထဲမှာ သံမှိုနှက်သလို သိမ်းဆည်းထားခဲ့မိတယ်။ 

x x x 

နောက် နှစ်နှစ် သုံးနှစ်လောက်မှာ ထင်ပါတယ်။ ကျွန်တော်ဟာ အမေ တာဝန်ထမ်းရွက်နေတဲ့ ဗိုလ်အောင်ကျော်လမ်း (ယခင် စပတ်လမ်း) နဲ့ အနော်ရထာလမ်း (ဖရေဇာ) ထောင့်မှာရှိတဲ့ အတွင်းဝန်များရုံး (နောင် ဝန်ကြီးများရုံး) ကို အမေနဲ့အတူ လိုက်သွားခဲ့တယ်။ ထိုစဉ်က အတွင်းဝန်များရုံး ဗုဒ္ဓဘာသာအသင်းမှာ ဒုတိယဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေတဲ့ အမေက ကျွန်တော့်ကို ဗုဒ္ဓဘာသာအသင်း ခန်းမဆီကို ခေါ်သွားခဲ့ပါတယ်။ 

အမေဟာ ဗုဒ္ဓဘာသာအသင်းရဲ့ တံခါးမကြီးကို အသင့်ယူဆောင်လာတဲ့သော့နဲ့ ဖွင့်လိုက်ပြီး အခန်းထဲကို ဝင်ခဲ့တယ်။ ကျွန်တော် အမေ့နောက်ကနေ ဝင်လိုက်သွားခဲ့တယ်။

က်ာဇောကြီးတစ်ချပ်ခင်းထားတဲ့ ခန်းမကြီးရဲ့အရှေ့ဘက်ခြမ်းမှာ ကြီးမားတဲ့ ဘုရားကျောင်းဆောင်ကြီးတစ်ခုကို တွေ့ရပါတယ်။ ဘုရားကျောင်းဆောင်ထဲမှာတော့ အလွန်ကြည်ညိုစရာကောင်းတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ရုပ်ပွားဆင်းတုတွေ ပြီးတော့ ဘုရားစင်ရဲ့ရှေ့ပိုင်းမှာတော့ သစ္စာပန်း၊ နှင်းဆီပန်း စတဲ့ ရောင်စုံပန်းတွေနဲ့ ဝေဆာနေတဲ့ဘုရား ပန်းအိုးတွေ။ 

ထိုအခန်းဟာ တစ်ချိန်တုန်းက ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရတဲ့ အစည်းအဝေးခန်း ဗိုလ်ချုပ်အာဇာနည်ခေါင်းဆောင်ကြီးတွေ တိုင်းပြည်အတွက် နောက်ဆုံးအစည်းအဝေးကို ကျင်းပခဲ့တဲ့နေရာပဲလို့ အမေက ကျွန်တော့်ကို ရှင်းပြပါတယ်။ 

ဓာတ်ပုံတွေထဲမှာမြင်ဖူးနေတဲ့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ပုံရိပ်တွေဟာ ကျွန်တော့်ရဲ့အာရုံမှာ ပေါ်ပေါက်လာတယ်။ “ဗိုလ်ချုပ်တို့ အစည်းအဝေးထိုင်ခဲ့တဲ့ စားပွဲရှည်ကြီးဟာ ဟောဒီနားလောက်မှာ ရှိလိမ့်မယ်ကွဲ့” အမေက ခန်းမရဲ့တစ်နေရာကို လက်ညှိုးညွှန်ပြရင်း ကျွန်တော့်ကို ပြောပါတယ်။ 

သေနတ်သံတွေနဲ့ ယမ်းငွေ့တွေဟာ ကျွန်တော့်ရဲ့စိတ်အာရုံထဲကို ရုတ်တရက် ဝင်ရောက်လာတယ်။ ကြမ်းပြင်တစ်နေရာဆီကို ကျွန်တော် စိုက်ကြည့်လိုက်တယ်။ အိုင်ထွန်းနေတဲ့ သွေးကွက်အချို့ကို တွေ့နေရတယ်။ 

x x x 

ကျွန်တော်ဟာ နောက်နှစ် နောက်နှစ်တွေမှာလည်း အာဇာနည်နေ့တွေကို သတိတရနဲ့ ဖြတ်သန်းခဲ့မိတယ်။ ဇူလိုင်လဆန်းတာနဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ကဗျာတွေကို ဖတ်ခဲ့ရတယ်။ 

အာဇာနည်နေ့နီးကပ်လာချိန်မှာတော့ သင်းစာတွေရဲ့ရှေ့မျက်နှာဖုံးမှာ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေထဲက ကောက်နုတ်ချက်တွေကို ဖတ်ရပါတယ်။ 

ကျွန်တော်ကလေးဘဝတုန်းက စိတ်အဝင်စားဆုံး အကြောင်းအရာကတော့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ရောက်တိုင်းမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ် ရောက်လေတိုင်းမှာ စက်ရုံတွေ၊ ရထားတွေ၊ ကားတွေ၊ သင်္ဘောတွေက ဥသြတွေဆွဲကာ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုတဲ့ လုပ်ရပ်ပါပဲ။ 

ဇူလိုင် ၁၉ ရက်ရောက်လေတိုင်း အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်မှာ လမ်းတွေပေါ်မှာ သွားလာနေကြတဲ့ ယာဉ်တွေအားလုံးဟာ ရောက်ရာနေရာမှာရပ်ပြီး တစ်မိနစ်ခန့် ဥသြတွေဆွဲခဲ့ကြတယ်။ လမ်းတွေပေါ်မှာ သွားလာနေကြတဲ့ လမ်းသွား လမ်းလာတွေဟာလည်း ဥသြသံတွေထွက်ပေါ်လာချိန်မှာ မိမိတို့ရဲ့ ခြေလှမ်းတွေကိုတန့်ရပ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခဲ့ကြတယ်။ 

ထိုစဉ်က ကျွန်တော်တို့ဟာ အာဇာနည်နေ့မှာ ပေါ်ထွက်လာတဲ့ ထိုဥသြသံတွေကိုကြားတိုင်းမှာ လွမ်းသလိုလို ကြေကွဲသလို လိုခံစားခဲ့ကြရပါတယ်။ 

x x x 

သို့ပေမယ့် မဆလခေတ်ရဲ့ နောက်ပိုင်းကာလတွေမှာတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓာတ်ပုံတွေ ငွေစက္ကူတွေပေါ်မှာ ပျောက်ကွယ်သွား ခဲ့သလို အာဇာနည်နေ့ရဲ့ အခန်းကဏ္ဍဟာလည်း မှေးမှိန်သွားခဲ့ပါတယ်။

နိုင်ငံပိုင်သတင်းစာတွေမှာ ဗိုလ်ချုပ်မိန့် ခွန်းကောက်နုတ်ချက်တွေကို မဖော်ပြတော့ပါဘူး။ အာဇာနည်နေ့နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ဟုတ်တိပတ်တိ မဖော်ပြတော့ပါဘူး။ အာဇာနည်နေ့မှာ ဥသြဆွဲတာတွေလည်း မလုပ်တော့ပါဘူး။ 

ထိုစဉ်က အာဏာရှင်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက သူ့ရဲ့မိန့်ခွန်းတစ်ခုထဲမှာ “တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းက သာမန်ဗိုလ်ချုပ် (Major General) ပါ။ မိမိက ဗိုလ်ချုပ်ကြီး (General)ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ရာထူးထက် ကြီးသူပါ” လို့ပင် ထုတ်ဖော်ပြောခဲ့တယ်။ 

ဒီနောက် အာဇာနည်ဗိမာန် ဗုံးခွဲခံခဲ့ရတဲ့ ခုနှစ်နောက်ပိုင်းမှာတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ အာဇာနည်နေ့တို့ရဲ့ အခန်းကဏ္ဍဟာ လုံးဝနီးပါး ပျောက်ကွယ်သွားလု အခြေအနေကို ရောက်ခဲ့ရပါတယ်။ 

x x x 

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်မှာ ပြည်သူတစ်ရပ်လုံးရဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တယ်။ 

သို့ပေမဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က ဒီမိုကရေစီအရေးတော်ပုံကြီးကို လက်နက်နဲ့ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းကာ နိုင်ငံကို အုပ်ချုပ်ခဲ့တယ်။ 

၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်တဲ့ လေးဆယ့်နှစ်နှစ်မြောက် အာဇာနည်နေ့မှာ အင်န်အယ်လ်ဒီ (NLD) ပါတီနဲ့တကွ အခြားနိုင်ငံရေးပါတီတွေက မိမိတို့အစီအစဉ်နဲ့မိမိတို့ အာဇာနည်ဗိမာန်ကို သွားရောက်အလေးပြုဖို့ စီစဉ်ခဲ့ကြတယ်။ 

သို့ပေမဲ့ လူထုရဲ့အင်အားကို ကြောက်ရွံ့တဲ့ နဝတ အစိုးရက အာဇာနည်နေ့မှာ တစ်ပါတီကို ၁၀ ဦးသာ တက်ရောက်ခွင့်ပြုမယ်လို့ ကြိုတင်ကြေညာခဲ့တယ်။ နိုင်ငံရေးပါတီတွေမှ တက်ရောက်ကြမယ့်ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကိုလည်း ကြိုတင်တောင်းခံခဲ့တယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားနိုင်ငံရေးပါတီတွေကတော့ အာဇာနည်နေ့ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပကြဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်။ 

သို့ပေမဲ့ ဇူလိုင် ၁၈ ရက်မှာတော့ “အာဇာနည်နေ့မှာ အိမ်ပြင်မထွက်ကြဖို့၊ အာဇာနည်ကုန်းကို သွားရောက်ခြင်းမပြုကြဖို့နဲ့ ယင်းသို့သွားရောက်ခဲ့လို့ ပြဿနာ တစ်စုံတစ်ရာဖြစ်လာမယ်ဆိုရင် မိမိတို့တာဝန်သာဖြစ်လိမ့်မယ်” လို့ ရန်ကုန်မြို့အနှံ့ စစ်ကားတွေနဲ့ လှည့်လည်အော်ဟစ်ကာ ခြိမ်းခြောက်ခဲ့တယ်။ 

ဇူလိုင် ၁၉ ရက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ တိုင်းရုံးတွေနဲ့ အာဇာနည်ကုန်းအကြားမှာ စစ်တပ်တွေ အမြောက်အများ ချထားခဲ့တယ်။ 

ထိုနေ့မနက်က ကျွန်တော်ဟာ လူငယ်လေးငါးယောက်နဲ့အတူ ရွှေဂုံတိုင်အဝိုင်းအနီးကို ရောက်ခဲ့တယ်။ ကျွန်တော်တို့ဟာ မရောက်တာကြာပြီဖြစ်တဲ့ အာဇာနည်ဗိမာန်ဆီကို သွားရောက်လိုတဲ့ဆန္ဒအပြည့်နဲ့ ထိုနေရာကို ရောက်လာခဲ့ကြတာပါ။ ယခုလို အာဇာနည်နေ့ထူးမှာ ခေါင်းဆောင်ကြီးတွေကို ရည်မှန်းပြီး ဂါရဝမပြုခဲ့ရတာလည်း ကြာခဲ့ပါပြီ။ 

သို့ပေမဲ့ ရွှေဂုံတိုင်ကို ကျွန်တော်တို့ရောက်ချိန်မှာတော့ အာဇာနည်ကုန်းဘက်သွားတဲ့ လမ်းမှန်သမျှမှာ သံဆူးကြိုးတွေ ပိတ်ကာချထားပြီး လက်နက်အပြည့်အစုံနဲ့ လုံထိန်းတွေက အဝိုင်းနားကိုရောက်လာတဲ့ အရပ်သားပြည်သူတွေကို တင်းမာတဲ့မျက်နှာထားတွေနဲ့ စိမ်းစိမ်းကြည့်နေပါတယ်။ 

ထိုအနီးအနားတစ်နေရာမှာတော့ လည်ပင်းမှာ အနီရောင် လည်စည်းပုဝါတွေစည်းထားတဲ့ လက်နက်ကိုင် စစ်သည်တွေ အပြည့်ပါတဲ့ စစ်ကားတွေလည်း ရောက်ရှိနေတယ်။ ပြည်သူတွေကတော့ ဟိုတစ်စု ဒီတစ်စု စုဝေးကာ အခြေအနေကို စောင့်ကြည့်နေကြတယ်။ 

များမကြာမီမှာပဲ လူအုပ်ကြီးဟာ များသည်ထက် များလာပါတယ်။ လုံထိန်းကားတစ်စီးပေါ်က လူစုခွဲပြီးပြန်ကြဖို့ အသံချဲ့စက်နဲ့ အော်ဟစ်သတိပေးလာတယ်။ ထိုအချိန်မှာ လူအုပ်ထဲကလည်း တုံ့ပြန်အော်ဟစ်တဲ့အသံတွေ ပေါ်ထွက်လာတယ်။ 

များမကြာမီမှာပဲ ကျွန်တော်တို့ရှေ့မှာရောက်နေတဲ့ လူအုပ်ကို လုံထိန်းတွေက တဖြောင်းဖြောင်းနဲ့ ဝင်ရိုက်နေပါပြီ။ 

အသက်ခြောက်ဆယ်လောက်ရှိတဲ့ တိုက်ပုံဝတ် လူကြီးတစ်ယောက် လဲကျသွားတာကို မြင်လိုက်ရတယ်။ အော်ဟစ်ရန်တွေ့နေတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို လုံထိန်းတစ်ယောက်က တွန်းလှဲပစ်လိုက်တယ်။ 

 “ဟေ့... မတရားမလုပ်ကြနဲ့ ငါတို့ဟာ သူခိုး ဓားပြတွေ မဟုတ်ဘူး။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုဖို့ သွားကြမယ့်လူတွေ” 

လူအုပ်ထဲကအသံတွေ ပေါ်ထွက်လာတယ်။ တစ်ဖက်လမ်းထောင့်တွေမှာလည်း အော်သံဟစ်သံတွေ ပေါ်ထွက်လာတယ်။ လဲပြိုကျသူတွေ ပြေးကြလွှားကြသူတွေကို လှမ်းမြင်နေရပါတယ်။ 

ကျွန်တော်တို့ဘက်ကိုလည်း ဒိုင်းကိုင် လုံထိန်းတွေရာက်လာကြပါပြီ။ “ပြန်ချကြဟေ့” လို့ အော်လိုက်တဲ့ အသံအချို့ ပေါ်လာတယ်။ “ဟေ့... မလုပ်ကြနဲ့ မလုပ်ကြနဲ့၊ တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ဘူး” အသံတစ်သံ ပေါ်ထွက်လာတယ်

ကျွန်တော့်ရှေ့ကလူအချို့ အရိုက်ခံရပါပြီ။ ထိုအချိန်မှာပဲ ကျွန်တော်နဲ့ပါလာတဲ့ လူငယ်အချို့က ကျွန်တော့်လက်မောင်းကို အတင်းဆွဲပြီး ဘေးကိုတွန်းကြပါတယ်။ ခဏအကြာမှာတော့ လူအုပ်စုတွေ ကျဲပါးသွားတာကို တွေ့ရတယ်။ လူအတော်များများကို လည်း လုံထိန်းကားတွေပေါ်ကို တွန်းတင် နေတာကို တွေ့ရပါတယ်။ 

ငါးယောက်တစ်စု ဆယ်ယောက်တစ်စုရှိတဲ့ လူစုတွေက ခပ်လှမ်းလှမ်းမှာရပ်ရင်း တက်တစ်ခေါက်ခေါက်နဲ့ လုံထိန်းတွေ စစ်သားတွေကု လှမ်းကြည့်နေကြတယ်။ ထိုစဉ်မှာပဲ ကျွန်တော်တို့ရဲ့ နောက်ဘက်ဆီက အသံတစ်သံပေါ်ထွက်လာပါတယ်။ 

“တစ်နေ့တော့ တို့အလှည့်ရောက်ဦးမှာပေါ့ကွာ” 

x x x 

ရနံ့သစ်၂၀၁၃၊ ဇူလိုင်လ


 

No comments: