Sunday, July 28, 2013

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၂၃

ဒီတခါ အဖေပေးသော တာဝန်ကို အုန်းသိန်း လိုလားစွာထမ်းဆောင်ရန် ကတိပြုလိုက်၏။ ရပ်ထဲရွာထဲမှာ သတိထားကြည့် ဟိုအဖွဲ့တွေ လှုပ်ရှားတာတွေ့ရင် ချက်ချင်းသတင်းပို့စမ်း၊ ဆူချင်ပူချင်တဲ့ကောင်တွေကို ဆုံးမရဖို့ ငါ့မှာတာဝန်ရှိတယ်ဟူသော အဖေ့စကားကို အုန်းသိန်း မနောခွေ့လှသည်။ 

အုန်းသိန်းတို့ ဘယ်လောက်အရာရောက်တယ်ဆိုတာ သိရမှာပေါ့၊ မခင်အေးနဲ့ပေါင်းပြီး အုန်းသိန်းကို အရေးမလုပ်ချင်တဲ့ ညို၊ ဘယ်သူတွေက ပိုစွမ်းသလဲဆိုတာ သိရစေ့မယ် ငါထင်တဲ့အတိုင်း ဖြစ်နေလို့ကတော့ ခြေသလုံး လာဖက်ရပြီသာမှတ်ဟု ကြိမ်းဝါးလိုက်တော့၏။ 

xxxxx xxxxx xxxxx 

အိမ်ပြန်ရောက်ပြီး ရက်ပိုင်းမျှ ကုပ်နေရသည်ကိုပင် စိတ်မရှည်ချင်။ ဟိုက သည်က သတင်းလာမေးသမျှ အမေနှင့် မရီနွယ်က စိတ်တပူပူဖြင့် ကြောင့်ကျမဆုံး။ သူရနှင့် ထွန်းသက်တို့ အိမ်သို့လာခွင့်မရ၍ အဝေးမှ ကိုယ်ဟန်တပြပြ။ ဖေသောင်းကလည်း ပြတင်းဝက ပြူတစ်တစ်။ 


လူလစ်သည်နှင့်တွ့ကြပြီး အခြေအနေကို အကြမ်းဖျင်း ဖလှယ်ကြသည်။ ဆက်လုပ်ကြမယ်ဆိုသော အဖြေသာရ၏။ ထိုရက်ထဲတွင် သူတို့စောင့်ကြည့်နေသော အဆိုပါဘက်မှ အစည်းဝေးတခုလုပ်ကာ အပေါ်ယံပြောင်းလဲမှုတခုဖြင့်သာ နှစ်သိမ့်လိုက်၏။ လူတွေက ဝေဖန်မဆုံး။ 

ဖသောင်းတို့ လိုတာမရသေး၍ အိမ်မှာနေလို့မဖြစ် အကုန်ထွက်၍ ဆက်တိုက် ဆက်တိုက် တိုက်ပွဲဝင်ရန်သာ ဆုံးဖြတ်ကြ၏။ စည်းရုံးရေးအတွက် နယ်မြေ ခွဲကြသည်။ ဖေသောင်းက မြေပုံကို လက်ထောက်၍ ငါ ဒီနယ်တဝိုက် သွားပါရစေ ဟု ဆန္ဒပြုသည်။အပြန်အလှန်ဆွေးနွေးကြရင်း အဆုံးသတ်၌ ဟုတ်ပြီ ဆက်သွယ်ရန်နာမည် ဖေသောင်း နယ်မြေ ... ဟု သူရ က မှတ်သားလိုက်သည်။ ဖေသောင်းရင်မှာ အတွေးနှင့်ပင် နွေးထွေးလာ၏။ 

ဇူလိုင်မိုးစက်များကြား သူ အိတ်တလုံးဆွဲ၍ ယုံကြည်ချက်တခု မျှော်လင့်ချက်တခုနှင့်အတူ ခြေလှမ်းများ သွက်နေသည်။ ကောင်းကင်တခုလုံး ညိုနေသည်ကိုပင် တောက်ပသော အပြုံးဟု သူ သတ်မှတ်ထားသည်။ အားလုံးကို လက်ဆွဲ နှုတ်ဆက်၍ သူ ပေါ့ပေါ့ပါးပါး ထွက်လာခဲ့ပြီ။ 

xxxxx xxxxx xxxxxx 

ကားဂိတ်ဘက် သွားရမှာတောင် ခပ်လန့်လန့်။ သူမတို့မသွားခင် အုန်းသိန်းက ကားဂိတ်တဝိုက် သူ့တပည့်အချို့ဖြင့် စွန်ရဲများ ဝဲသလို ဝဲနေကြပြီ။ ကိုမြင့်ဇော်နှင့် ခက်ခက်ခဲခဲ ဆက်သွယ်ပြီး ဆုံခိုက်အခြေအနေကို မခင်အေး အထိတ်တလန့် ရှင်းပြရ၏။ 

“ကိစ္စမရှိဘူး ဒီအချိန်မှာ ဒီလိုကောင်မျိုးတွေ တက်ကြွပြနေတတ်တာပဲ … ရှောင်ရသရွေ့ရှောင် နောက်ဆုံး မရှောင်သာရင် ပြန်ချရုံပဲ” 

ကိုမြင့်ဇော်စကားကြောင့် မခင်အေး ပုခုံးတွန့်ကာ ကြောက်တတ်ပါတယ်ဆိုမှ သရဲခြောက်တဲ့အိမ်ကြီးမှာ အိပ်ခိုင်းနေပြန်ပါပြီ ဟု ညည်းတွားသည်။ ကိုမြင့်ဇော်က ဂျာကင်ထဲမှ လေးခွကိုလှစ်ပြ၍ ဒါ ပစ်တာလောက်တော့ ကျင့်ထားဖို့ လိုတယ်။ ကျားမ မရွေး လိုအပ်ရင် ခံချရမှာပဲဟု ပြော၏။ 

မခင်အေး ကြောက်ဒူးတုန်နေစဉ်ပင် ညိုက ညို နည်းနည်းပါးပါးပစ်တတ်တယ် ဟု အားတက်သရော ဝင်ပြောသည်။ ကိုမြင့်ဇော်ပြုံး၍ ညို့ခေါင်းကိုပုတ်ကာ ကျင့်ထားဟု တိုက်တွန်း၏။ ညို အိမ်ပြန်ရောက်သည်နှင့် မာလကာကိုင်းကို လွှဖြင့် တိုက်သည်။ အဘမောင်က ဘာလုပ်တာလဲဟု ဆိုကာ အနားဝင်ထိုင်၏။ ညို အမှန်အတိုင်းပင် ဝန်ခံလိုက်သည်။ အဘမောင် ပြုံး၍ ပေးပေး ကျုပ် လုပ်ပေးမယ်ဟု ဆိုကာ အကျအန ထိုင်လုပ်နေတော့၏။ 

xxxxxx xxxxxxx xxxxxxx xxxxxxxx xxxxxxx

ရေအိုးစင်ကိုဖြည့်ရန် ပုံးဆွဲ၍လာခိုက် လယ်သမားတယောက် ထွန်တုံးနှင့်နှင်တံကိုင်ကာ ခပ်သောက်နေသည်ကိုမြင်၍ ညို ရပ်စောင့်နေရသည်။ မိုးတိမ်တွေ ညိုနေသည်မှာ မနေ့ကလိုပင် အသဲအဖွဲ ရွာချဦးမည့်ဟန်ပင်။ ရွှံ့စက်များပေကျန်နေသော ထိုလယ်သမား၏ခြေတွင် ဝဲများပြည့်နေ၍ ညို စိတ်ပျက်စွာကြည့်နေမိရင်း ... ဆေးလေး ဘာလေး လိမ်းဖို့တောင် အချိန်မရဘူးထင်တယ်ဟု တွေးမိကာ သနားမိသည်။ 

“သာဓုပါဗျာ … သာဓုပါ ဒေါ်ကျွဲမကြီးရယ်” 

လယ်သမား၏ စကားသံထွက်လာသည်နှင့် ညို့လက်မှ ရေပုံးလွတ်မကျသွားအောင် မနည်းထိမ်းလိုက်ရ၏။ ရင်ဝသို့ ဒိန်းခနဲ အရာတခုက ဆောင့်တက်လာပြီး ညို တကိုယ်လုံးတုန်ရင်း ကျန်ခဲ့၏။ 

“အမလေး ... ဘာ ... ဘာ” 

ညို အော်သံမဆုံးခင် ဝါးခမောက်ကို မော့ပြသော ဖေသောင်းမျက်နှာနှင့် တည့်တည့်တိုး၍ ညို ငိုမလို ရယ်မလို မျက်နှာဖြင့် ရေပုံးကို ဂွမ်းခနဲပစ်ချကာ ဖေသောင်းရင်ဘတ်ကို လက်သီးဖြင့် တဒုံးဒုံး ထုလိုက်သည်။ ဖေသောင်း ရယ်မောလျှက် အုန်းသိန်း မရှိဘူးလား ဟု မေး၏။ ကားဂိတ်ဘက်ကို မသင်္ကာလို့ စွန်လို ဝဲနေတယ်။ မြန်မြန်လာ အိမ်ကိုပြေးရအောင်ဟု ညို ကမန်းကတန်း ခေါ်ခဲ့ရသည်။ ဒေါ်တင်တင် အိမ်ဝမှမြင်သော် ဟဲ့ ဟဲ့ အော်ကာ ... ဝမ်းသာဝမ်းနည်း ကြိုသည်။ 

xxxxx xxxxx xxxxx 

သူ ရေချိုးနေစဉ် ညိုက မခင်အေးကို သွားခေါ်မယ်ဆိုကာ လှစ်ခနဲ ထွက်သွား၏။ ညိုတယောက်ထဲပြန်လာပြီး “မခင်အေး ဓားသွေးနေတယ် ကိုဖေသောင်းကို ခုတ်မလို့တဲ့” ဟု ရယ်မောမပျက် သတင်းပေးသည်။ 

ညနေပိုင်း မခင်အေးမှာ ဝဲဆေးတဗူးနှင့် ရောက်ချလာပြီး “ရှင့်ကို ခုတ်ချင်နေတာ အမှုဖြစ်မှာစိုးလို့” ဟု ကြိမ်းမောင်းရင်း ညို လက်ထဲ ဝဲဆေးဗူးကို ပေးသည်။ ဖေသောင်းက “ဆေးစုံနေပြီ မပျောက်ဘူး ဘာမှ ကြောင့်ကြမနေကျနဲ့ ကုတ်လေ ပွားလေ” ဟု ညည်းတွားသည်။ 

“လက်မှာလည်း ပွနေတာပဲ ဘယ်လို ထမင်းစားလဲ” ဟု ညို ဂရုဏာသက်စွာပြောရင်း ဆေးလိမ်းပေးနေသည်။ “ကိုမြင့်ဇော်တို့က ရန်ကုန်ကအဖွဲ့တွေနဲ့ သိပ်ဆက်ချင်နေတာ ဘယ်လိုတွေ့ပေးရင်ကောင်းမလဲ” ဟု မခင်အေး တီးတိုးမေး၏။ “အမေကြားသွားလို့ လန့်နေဦးမယ် တိုးတိုး” ဟု ညိုက လေသံဖြင့် သတိပေးသည်။ 

သူတို့ ခေါင်းသုံးလုံးဆိုင် တွတ်ထိုးနေစဉ် “ကြည့်လုပ်နော် ကြည့်လုပ် မျောက်သုံးကောင်ဖြစ်လာပြီ ငါတော့ ဘောင်းဘီဝတ်ထားရတော့မယ်” ဟု ဒေါ်တင်တင် ပြူကြည့်ရင်း ရင်မောသံဖြင့် ဝေဖန်၏။ 

xxxxx xxxxx xxxxx 

မခင်အေးကိုယ်တိုင်လည်း မသွားရဲ၊ အဖော်လည်း မလိုက်ဝံ့။ ဖေသောင်း ရေးပေးလိုက်သောစာနှင့် မခင်အေး၏ ထောက်ခံချက်ကို ညိုယူ၍ ရှပ်အင်္ကျီကောက်ဝတ်ကာ အိတ်ထဲအကျအန ထည့်သည်။ 

“မယ်မင်းကြီးမရယ် … ငါပါ ပုံစံ ငပိစားရတော့မယ်ထင်တယ်” ဟု မခင်အေး မျက်စိပျက်မျက်နှာပျက် ရေရွတ်နေ၍ ဖေသောင်း မစချင်တော့ဘဲ “မပူပါနဲ့ဗျာ ... ညို ဒီလောက်တော့ အဖြစ်ရှိပါတယ်” ဟုသာ အားပေးရ၏။ 

မနက်က အမေ့ကို ဈေးမှဝယ်ခိုင်းသော ပိတ်စကိုကိုင်ကာ ညို စက်ဘီးပေါ်တက်၍ ဟန်မပျက် ထွက်သွားခဲ့သည်မှာ ဘာမှ မထူးခြားသည့်ဟန်။ မိန်းမအင်္ကျီချုပ်ဆိုင်ထဲ ညို ဝင်၍ အထက်ဆင်တပ်ချင်လို့ ဟုပြောကာ ကိုမြင့်ဇော်၏ညီမ မသူဇာနံဘေး ဝင်ထိုင်သည်။ 

လူလစ်သည်နှင့် “အစ်မ အကို ကို ပေးပေးပါ၊ သိတယ် မဟုတ်လား” ဟု တီးတိုးပြောရင်း စာခေါက်ကို လက်ထဲ ထိုးထည့်၏။ မသူဇာမှာ ဝန်းကျင်ကို လှစ်ခနဲကြည့်ရင်း “သဘောပေါက်တယ်၊ သိပ်မရဲနဲ့ဦး” ဟုသာ တုံ့ပြန်ပြီး အပ်ချုပ်စက်ပေါ် ညို့ပိတ်စကို ဖြန့်တင်လိုက်၏။ 

xxxxx xxxxx xxxxx 

တနေ့လုံး တညလုံး ညို့အိမ်မှာအောင်း၍ ဖြစ်သမျှဇာတ်ကြောင်းစုံကို ခင်းရသည်မှာ ဖေသောင်းအတွက် ဝဲကုတ်ရသည့် အရသာပင်။ မမြင်ရသော လှုပ်ရှားမှုများနောက် ကောက်ကောက်ပါနေသည်။ 

ညိုသည် ကြမ်းပေါ် ခေါင်းအုံးချ၍ အားပါးတရ လျောင်းကာ ဇိမ်အကျဆုံးညပဲ ဟု ကျေနပ်စွာ တွေးနေမိ၏။ ဇာတ်ကြောင်းပြန်ပြီး၍ ဦးခင်ရွှေနှင့် ဖေသောင်း ရှေ့ရေး တိုင်ပင်နေချိန်၌ ညိုမှာ နံဘေးတွင်ပင် ခွေခွေကလေး အိပ်ပျော်နေပြီဖြစ်သည်။ 

xxxxx xxxxx xxxxxx 

ဆက်လက်ဖော်ပြပါမည်။ 


 

No comments: