အခန်း - ၎
ငါ့သွေးတစက်၊ ငါ့သက်တချောင်း
ငါ့အလောင်းမှ၊ ထောင်သောင်းဆများ၊
သွေးသစ်ပွားသော်၊
ငါကား ဘယ်မှာသေအံ့နည်း။
(မြင်းခြံ လေးမောင်၊ တော်လှန်ရေးသမား)
၁၉၈၈ ခု၊ မတ်လ ၁၇ ရက်
စာကြည့်တိုက်ရှေ့က ကံ့ကော်တောတွင် စိုးအောင် ထိုင်နေသည်။ ကျောင်းသားတွေ စုဝေးမိကြပြန်လေပြီ။ မနေ့က သေပြေးရှင်ပြေး ပြေးခဲ့ရသော ကျောင်းသားတွေသည် သည်နေ့လည်း နောက်မဆုတ်သေး။ အမှန်တရားကို ဖော်ထုတ်မပေးမချင်း နောက်မဆုတ်ဟု မြဲမြဲမြံမြံ သန္နိဌာန်ချ၊ တိုင်ပင်ထားကြသကဲ့သို့ပင်။ မျက်နှာချင်းဆိုင်ရှိ အပန်းဖြေခန်းမ Recreation Centre ၏ အဝင်လမ်းစင်္ကြန်အမိုးကို ဟောပြောပွဲ စင်မြင့်အဖြစ်သူတို့ အသုံးပြုကြသည်။ စင်မြင့်သည် အနေတော်ဖြစ်သည်။ စင်မြင့်ရှေ့ကွက်လပ်ကလည်း အဆင်သင့်ပင်ဖြစ်သည်။
(နောင်တွင် ထိုစင်္ကြန်လမ်းအမိုးကို လူတက်၍ အဆင်မပြေစေရန် သံဆူးချွန်တွေ စိုက်ပစ်လိုက်သည်။ ထို့နောက်တွင်တော့ စင်္ကြန်လမ်းအမိုးအပြားကို လုံးဝ ဖျက်ပစ်ပြီး အမိုးအခုံးအဖြစ် ပြောင်းပစ်လိုက်သည်။)
ဒီနေ့တော့ စိုးအောင်သည် တခြားသူငယ်ချင်းများနှင့် အတူထိုင်နေခြင်းဖြစ်သည်။ သူ့ဘေးတွင် ရူပဗေဒကျောင်းသား မောင်အေး ရှိသည်။ စီးပွားရေးတက္ကသိုလ်ကျောင်းသား ဝင်းစိန်နှင့် လင်းအောင်ရှိသည်။ ဥပဒေကျောင်းသား ဇော်လင်းလည်း ထိုင်နေသည်။
စံရိပ်ငြိမ်ရပ်ကွက်ထဲတွင် ကျောင်းသားတွေ ထမင်းထုပ် အလှူခံကြသည်။ ပြည်သူတွေက အားတက်သရော လှူဒါန်းကြသည်။ စံရိပ်ငြိမ်ရပ်ကွက်ပြည်သူတွေ ကျွေးမွေးသောထမင်းကို ထိုမနက်ခင်းက သူတို့ စားခဲ့ကြသည်။ အလှူခံ၍ရသော ထမင်းထုပ်တွေကို လိုက်ဝေသော ကျောင်းသားတွေထဲတွင် မြန်မာစာကျောင်းသား ညိုထွန်းကိုလည်း တွေ့ရသည်။
ကျောင်းထဲတွင် ဒလျှိုဒလန်တွေလည်း ခြေရှုပ်လာသည်။ မဆလ စစ်အစိုးရက လူသိရှင်ကြား ပြောင်ချထားသည့် သတင်းပေး ဇော်ဝမ်းတူးကိုတော့ ကျောင်းသားတွေက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ထိန်းသိမ်းပြီး ဟိုစစ်သည်မေး လုပ်ကြသည်။ ရောက်တတ်ရာရာ လျှောက်မေးကြခြင်းသာဖြစ်သည်။ တကယ်တော့လည်း ဘာစစ်ဘာမေးလုပ်ရမှန်း ကောင်းကောင်းနားလည်ကြသည် မဟုတ်ပါ။
ထိုနေ့က မင်းဇေယျ စင်ပေါ်တက် တရားဟောသည်ကို စိုးအောင် မှတ်မိသည်။ ထို့နောက် ယုယုမော်လည်း စင်ပေါ်တက် တရားဟောသည်။ တခြားသူများ တရားဟောကြသေးသော်လည်း စိုးအောင် မမှတ်မိတော့။ တရားဟောပြီးတော့ ကျောင်းဝန်းထဲတွင် လှည့်လည်လမ်းလျှောက်ပြီး သူတို့ ဆန္ဒပြကြွေးကြော်ကြသည်။ ဒီနေ့တော့ သူတို့ ကျောင်းဝန်းထဲက မထွက်ဟု ဆုံးဖြတ်ထားကြသည်။ ကျောင်းဝန်းထဲတွင် ငြိမ်ငြိမ်သက်သက် ဆန္ဒပြလျှင် အစိုးရက ချက်ချင်း အင်အားသုံးဖြိုခွဲတာမျိုး မလုပ်လောက်ဟု ခန့်မှန်းထားသည်။
သို့သော် သူတို့အထင် မမှန်ပါ။ ကျောင်းဝန်းထဲတွင် လှည့်လည်ဆန္ဒပြကြပြီးနောက် စာကြည့်တိုက်ရှေ့ ကံ့ကော်တောတွင် သူတို့ ပြန်စုပြီး ခေတ္တနားနေခိုက်တွင် ဂျပ်ဆင်နောက်ဘက်ဆီကနေ လုံထိန်းတပ်သားတွေက လှံစွပ်တပ်သေနတ်တွေ ကိုင်ဆောင်ပြီး စစ်ဆင်ရေးတရပ်ဆင်နွှဲသလို ညာသံပေး ချီတက်လာကြသည်။
ကျောင်းသားတွေ တော်တော်ခံပြင်းနေကြပြီ။ သူတို့လိုက်တိုင်း ထွက်ပြေးနေရတာကို တချို့က မနှစ်မြို့ကြတော့။ ကျောင်းသားအချို့က အလံတိုင်တွေချိုးပြီး ပြန်ခုခံကြသည်။ စိုးအောင်ကတော့ ထွက်ပြေးလေသည်။ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို ထိန်းသိမ်းလိုသောကြောင့် ဘာဘာညာညာ မဟုတ်။ ဒီလောက်လည်း သူ မကြောင်။ ဒီလို ခပ်ကြောင်ကြောင် အတွေးမျိုး၊ လက်တွေ့မကျသော အတွေးမျိုးကို သူဘယ်တော့မှ မတွေး။ သူ့သဘောမှာ သေနတ်ကိုင်ထားသော ရန်သူကို တုတ်ဖြင့်ရင်ဆိုင်ဖို့ သူ စိတ်မကူးလိုခြင်းသာ။ မနိုင်လျှင် မတိုက်ချင်။ နိုင်လောက်လျှင် သူလည်း ခံချမည်သာ။ ပြီးတော့ စစ်သားတွေ၊ လုံထိန်းတွေကို သူ မယုံ။ သူတို့သည် ရက်စက်ဖို့ ဝန်မလေးကြဟု သူ ထင်သည်။ လောလောလတ်လတ် မြင်တွေ့ထားရသော ဖုန်းမော်၊ စိုးနိုင်၊ မြင့်ဦးတို့သည်လည်း သူ့မျက်စိထဲက မထွက်နိုင်သေး။
ကျောင်းသားအများစုကလည်း သူ့လိုပဲ ထွက်ပြေးကြသည်။ အင်းဝဆောင်ထဲသို့ သူတို့ ဝင်ပြေးကြသည်။ တချို့က အင်းဝဆောင်ထဲတွင် ပုန်းအောင်းကျန်ရစ်လေသည်။ စိုးအောင်ကတော့ ဒီလောက်နီးနီးနားနားတွင် မရပ်။ အဆောင်နောက်ဘက်သို့ ဆက်ပြေးပြီး ခြံစည်းရိုး သံဆန်ကာကွက်ကို ကျော်တက်သည်။ သူနှင့်အတူ တခြားကျောင်းသားတွေလည်း ကျော်တက်ကြသည်။ သူတို့ သံဆန်ကာကွက်တွေကို နင်းတက်နေသည့်အခိုက်တွင် လုံထိန်းတွေ နောက်ကရောက်လာသည်။ ခြံစည်းရိုးကိုကျော်နေသည့် ကျောင်းသားတယောက်ကို လုံထိန်းတယောက်က တုတ်နှင့်ရိုက်ချလိုက်သည်။ ထိုကျောင်းသား ပြုတ်ကျသွားသည်။ စိုးအောင်ဆီကိုလည်း လုံထိန်းတယောက် ပြေးလာသည်။ စိုးအောင်သည် ခြံစည်းရိုးထိပ်သို့ ရောက်နေပြီ။ လုံထိန်းက သူ့ကို လှမ်းမရိုက်။ ပုဆိုးကို လှမ်းဆွဲသည်။ စိုးအောင်သည် ပုဆိုးကို ဂရုမထားဘဲ တဖက်သို့ ခုန်ချလိုက်သည်။ ပုဆိုးတစသည် လုံထိန်း၏လက်ထဲတွင် စုတ်ပြဲကျန်ရစ်သည်။ လုံထိန်းသည် တဖက်သို့ ဆက်ပြီး ကျော်တက်၍ လိုက်မလာ။ သူတို့သည် တယောက်ချင်းလိုက်လာလေ့ မရှိ။ အုပ်စုလိုက်လှုပ်ရှားဖို့ လေ့ကျင့်သင်တန်းပေးထားသူတွေ ဖြစ်ကြသည်။
သူနှင့်အတူ ကျောင်းသားတချို့ ဆရာမများ အဆောင်ထဲကို ရောက်သွားကြသည်။ မင်းဇေယျနှင့် ညိုထွန်းတို့လည်း ပါသည်။ လင်းအောင်လည်း ပါသည်။ ကျောင်းသူတွေလည်း တော်တော်များများပါသည်။ ကျောင်းသူလေးတယောက်၏ ထဘီသည် အနီရောင်အောက်ခံပေါ်တွင် အဖြူရောင် အဝိုင်းကွက်လေးတွေပါသည်။ ဆရာမများဆောင် ဧည့်ခန်းထောင့်တွင်လည်း ထဘီတထည်လှမ်းထားပြီး ထိုထဘီသည် ကျောင်းသူလေး၏ထဘီနှင့် ဆင်တူဖြစ်သည်ကို နောင်နှစ်ပေါင်းများစွာကြာသည့်တိုင် သူ မှတ်မိနေသည်။ တခါတလေတွင် လူတို့သည် အကျပ်အတည်း ဆိုက်ရောက်နေသည့်တိုင် ဘာမှမဟုတ်သည့် အသေးအဖွဲကလေးများကို သတိပြုချင် ပြုမိနေတတ်သည်။ ထိုအသေးအဖွဲကလေးကိုပင် အဓိပ္ပာယ်ရေရေရာရာမရှိဘဲ နှစ်ပေါင်းများစွာ တာရှည်စွဲမြဲမှတ်မိချင် မှတ်မိနေလေသည်။
အဆောင်ထဲတွင်လည်း သူတို့ ကြာကြာပုန်းခွင့်မရကြပြန်။ ဖုန်းဝင်လာသည်။ ဆရာမတယောက်က ဖုန်းလာကိုင်သည်။ ဆရာမ၏ အဖြေစကားကို နားထောင်ခြင်းအားဖြင့် တဖက်က မေးသောသူမှာ ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေ ဖြစ်ပုံရလေသည်။ အဆောင်ထဲတွင် ပုန်းနေသော ကျောင်းသားတွေရှိမရှိ မေးပုံရသည်။ ဖုန်းကိုင်သော ဆရာမက သူတို့ကို တချက်လှမ်းကြည့်သည်။ တံတွေးတချက် မြိုချသည်။ ထို့နောက် အသံတုန်တုန်ဖြင့် ရှိပါတယ်ဟု ဖြေလိုက်သည်။ သူတို့ ဆက်ပြေးရပြန်လေသည်။ သည်အချိန်မျိုးတွင် မည်သူ့ကိုမျှ မယုံနိုင်ပါ။
တခြားသူတွေ ဝေးဝေးပြေးသွားကြသော်လည်း စိုးအောင်၊ ညိုထွန်းနှင့် လင်းအောင်တို့သည် ဝေးဝေးမသွား။ ဆရာမများဆောင်၏ ရေချိုးခန်းထဲတွင် ဝင်ပုန်းနေကြသည်။ ရေချိုးခန်းသည် အဆောင်ရှေ့တွင် သပ်သပ်ဖြစ်သည်။ အုတ်ရေကန်ကို မီးခံသွပ်ပြားများဖြင့် ပတ်ပတ်လည်ကာရံပြီး အခန်းဖွဲ့ထားသည်။ အပေါ်က သွပ်ပြားမိုးထားသည်။ နံရံပေါ်တွင် မှန်ကြီးကြီးတချပ်ကိုလည်း ချိတ်ဆွဲထားသည်။ ဘေးဘက် တဖက်တွင်ကာထားသော မီးခံသွပ်ပြားများသည် မြေပြင်အထက် တထွာလောက်မြင့်သည်။ ထိုတထွာဟနေသောနေရာမှ ချောင်းကြည့်လျှင် လမ်းပေါ်ကို မြင်ရသည်။
လမ်းပေါ်မှ ပြေးလွှားသံတွေကို ကြားရသည်။ သားကောင်ကိုလည်း မြင်ရသည်။ မုဆိုးတွေကိုလည်း မြင်ရသည်။ အော်ဟစ်ကြိမ်းမောင်းသံ၊ တောခြောက်သံတွေကိုလည်း ကြားရလေသည်။ ဖမ်းမိသူတွေကို ရိုက်နှက်သံတွေကိုလည်း ကြားရသည်။ ချောင်းကြည့်နေသောကြောင့် အသံတွေကြားရသလို လူတွေကိုလည်း မြင်ရသည်။ မြင်ကွင်းသည် သွေးလန့်ဖွယ်ဖြစ်သည်။ အခြေအနေကလည်း ထိတ်လန့်ဖွယ်ဖြစ်သည်။ သူတို့သည် မုဆိုးနှင့် ခွေးတွေက သားကောင်ကို လိုက်နေကြစဉ် ချုံပုတ်တခုထဲတွင်ဝပ်ပြီး ပုန်းအောင်းနေကြသော ယုန်ကလေးတွေနှင့် တူသည်။ သို့သော် မှန်ရာကို ပြောရလျှင် စိုးအောင် မလန့်။ ဘာ့ကြောင့်မှန်း မသိ။ သူငယ်ချင်းတွေရှိနေသောကြောင့် အားရှိနေသလော မဆိုတတ်။
နောက်တခုက သူတို့ရောက်နေသော နေရာ။ လေးဘက်လေးတန် ကာရံထားသည်။ စိတ်လုံခြုံမှု တစုံတရာ ပေးစွမ်းသည်။ သည်နေရာကတော့ သူတို့အတွက် လုံခြုံပြီဟု ထင်လိုက်သည်။ မှားပြန်သည်။
တော်တော်လေးအချိန်ကြာသောအခါ ပြေးလွှားသံတွေ အနည်းငယ်ငြိမ်သက်သွားသည်။ အခြေအနေ နည်းနည်းငြိမ်သွားတော့ ခံတွင်းတောင် ချဉ်လာသည်။ ဆေးပေါ့လိပ်ကလေးတလိပ်လောက် ဖွာလိုက်ချင် စိတ်ပေါ်လာသည်။ သို့သော် ထိုခဏတွင် ခြေသံကြားရသည်။ စိုးအောင်ရင်ထဲ အေးခနဲ ဖြစ်သွားသည်။ အမြင့်တနေရာမှ လွှတ်ချခံလိုက်ရသကဲ့သို့ပင် လှပ်ခနဲ။ ရန်သူသည် မျှော်လင့်မထားချိန်တွင် ရောက်လာချေပြီတကား။
ညိုထွန်းသည် စိုးအောင်နှင့် လင်းအောင်ကို လက်ကုတ်ပြီး ရေကန်တဖက်သို့ ဆွဲခေါ်သွားသည်။ သူတို့သည် ရေကန်တဖက် ချောင်ထဲသို့ အသံမကြားအောင် တရွေ့ရွေ့ ရွှေ့သွားကြသည်။ ခြေသံဝေးသွားဖို့ တခြားဘက်လှည့်သွားဖို့ သူတို့ တောင့်တမိသည်။ သို့သော် သူတို့ဆန္ဒ မပြည့်။ ခြေသံက နီးလာသည်။ ခြေသံသည် ရေချိုးခန်းဆီတည့်တည့် လျှောက်လာသည်။ သူတို့ကတော့ အခန်းထောင့်တွင် ရောက်နေပြီ။ သူတို့ ချောင်ပိတ်မိလေပြီ။ ပြေးစရာ မြေမရှိတော့။ သည်တခါတော့ သူတို့ အရိုက်ခံ အဖမ်းခံရတော့မည်။ ခြေသံသည် တဖြည်းဖြည်း နီးသထက်နီး၍နီး၍ လာချေပြီ။
********
ဆက်လက်ဖော်ပြပါမယ်။
သူ့ရဲ့ဖေ့ဘုတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment