Sunday, July 21, 2013

ဒီမိုကရေစီပျိုးပင် (ပေးစာ - ၁) - ညီစောလွင်

ဒီလို ရှိတယ်… ညီစောလွင် 

ဖ့ဘွတ်ပေါ်မှာ မင်းတို့တွေ ပြောဆိုနေကြလို့ ငါ့မှာလည်း ပြောစရာရှိလာတယ်။ ဒီမိုကရက်တိုက်ဇေးရှင်းလို့ မင်းတို့တွေ ဘိုဆန်ဆန် ခေါ်နေကြတဲ့ ဖြစ်စဉ်ကြီးအကြောင်းပေါ့ကွာ။ ဒီမိုကရက်တိုက်ဇေးရှင်းဆိုပြီး တရှင်းတည်း ရှင်းနေကြတော့ ငါ့မှာလည်း သံယောင်လိုက်ပြီး ဒီမိုကရက်တိုက်ဇေးရှင်းလို့ပြောမှပဲ မင်းလည်း နားဝင်တော့မယ် ထင်ပါရဲ့ကွာ၊ (ဟဲဟဲ)။ ဒေါ်အောင်ဆန်းစုကြည် စကားအတိုင်းဆိုရင်တော့ ဒီမိုကရေစီ အုတ်မြစ်ချတယ်…။ ဦးနု စကားအတိုင်းဆိုရင်တော့ ဒီမိုကရေစီ အမြစ်တွယ်အောင် လုပ်တယ်ပေါ့ကွာ။ 

ဘာလိုလိုနဲ့ ရွေးကောက်ပွဲအလွန်ကာလဟာ သုံးနှစ်ထဲကို ရောက်နေပြီကွ၊ အပြောင်းအလဲတွေအကြောင်း ရေးလိုက်ကြတာတွေကိုဖတ်ပြီးတော့ မျက်စိလည်နေတယ်၊ တောကြီးမျက်မည်းထဲ ရောက်နေသလိုပဲ မင်းတို့ပြောနေတဲ့ ဒီမိုကရက်ဇေးရှင်းက အခု ဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာကို မသဲကွဲဘူး။ အဲဒီတော့ ဘာတွေ ကျန်သေးသလဲ ဘယ်လောက် ကြာဦးမလဲဆိုတာလည်း မသဲကွဲတော့ဘူး။ သောမတ်စ်ကာရို့သာ့စ်ရဲ့ အဆင့်သုံးဆင့်ကတော့ မပြောနဲ့တော့။ အလွတ်ရနေပါပြီကွာ၊ (ဟဲဟဲ)။ 

ဟိုတလောက ဂျာနယ်တစောင်မှာ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက အခုမှ ဖြေလျှော့တဲ့အဆင့်ပဲရှိသေးတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ သောမတ်စ်ကာရိုသာ့စ်ရဲ့ အဆင့်သုံးဆင့်တွေထဲက opening အဆင့် (ဝါ) လစ်ဘရယ်လိုက်ဇေးရှင်း (Liberalization) အဆင့်လို့ ပြောလို့ရမှာပေါ့ကွာ။ 

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ မီဒီယာတွေကို ဖြေလျှော့ပေးခဲ့တယ်။ အသင်းအဖွဲ့လေးတွေ အတိုင်းအတာတစ်ခုအထိ လွတ်လွတ်လပ်လပ် ဖွဲ့စည်းလာကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေက ပြန်လွှတ်ပေးတယ်၊ တချို့ပည်ပရောက်တွေ ပြည်တော်ပြန်ခွင့်ရတယ်။ ဒါမျိုးတွေပေါ့ကွာ။ 


တကယ်တမ်းကျတော့ Liberalization အဆင့်မှာတင် လူတွေရဲ့ဝင်ငွေတွေ တိုးတက်လာဖို့ လိုသေးတယ်ကွ။ တရားဥပဒေစိုးမိုးမှုရှိလာဖို့ လိုသေးတယ်ကွ။ အတိုက်အခံကို အခုလောက် အကန့်အသတ်နဲ့ ခွင့်ပြုထားရုံလောက်နဲ့လည်း မလုံလောက်သေးဘူး။ 

အဲဒီတော့ လောလောဆယ်မှာ ပထမအဆင့်တောင် မပြီးသေးဘူးလို့ပြောရင် မင်း သဘောတူပါ့မလားတော့ မသိဘူး။ ဆိုလိုတာက မင်းတို့တွေ ဘယ်လောက်ပဲ ဒီမိုကရက်တိုက်ဇေးရှင်းလို့ ပြောပြော၊ ဒီမိုကရက်တိုက်ဇေးရှင်း အဆင့်ကတော့ မစရသေးပါဘူးကွာ။ အဲဒီတော့ နောက်တဆင့်ဖြစ်တဲ့ consolidation အဆင့်ကတော့ အဝေးကြီးပေါ့ကွာ။ ကြားထဲမှာ Democratic Transition အဆင့်ကို ဖြတ်သန်းရဦးမယ်။ လွှတ်တော်ထဲမှာ စစ်သားအမတ်တွေ တစ်ယောက်မှမရှိတော့ဖို့ လိုသေးတယ်။ ကာကွယ်ရေး ဦးစီးချုပ်လက်ထဲက ဝန်ကြီးဌာနတွေ အားလုံးကို ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အစိုးရလက်ထဲကိုလွှဲပေးဖို့ လိုသေးတယ်။ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီနည်းလမ်းမကျတဲ့ ပုဒ်မတွေအားလုံးကို အပြီးတိုင် ဖျက်သိမ်းလိုက်ဖို့ လိုသေးတယ်။ အဲဒီအဆင့်ကို ဖြတ်သန်းပြီးတော့မှ consolidation အဆင့်က စပြီလို့ ပြောလို့ရမှာကိုး။ 

Consolidation ဆိုတာက အခြေခိုင်အောင်လုပ်တယ် မဟုတ်လား။ အဲဒီတော့ အခြေခိုင်အောင်လုပ်ရမယ့် ဒီမိုကရေစီကိုနှိုက်က အစစ်အမှန်ဖြစ်နေဖို့ လိုတယ်ပေါ့ကွာ။ ဟန်ပြတွေ၊ အုတ်ရောရော ကျောက်ရောရော၊ ဖားတပိုင်း ငါးတပိုင်းဖြစ်နေတယ်ဆိုရင် ဘယ်လိုလုပ် အခြေခိုင်အောင်လုပ်တယ်လို့ ပြောလို့ရတော့မလဲ။ ငါပြောတာ မင်းသဘောပေါက်ရဲ့လား။ 

Consolidated အဆင့်ကို တက်လှမ်းနိုင်ဖို့ကတော့ (၁) နိုင်ငံတခု ပီပီပြင်ပြင် ရှိနေရမယ်။ (State = No Democracy) နိုင်ငံရယ်လို့ ပီပီသသမရှိဘဲနဲ့ ဒီမိုကရေစီဆိုတာကို မမျှော်မှန်းနိုင်ဘူးဆိုတဲ့ သဘောပေါ့။ အထူးသဖြင့် ငါတို့နိုင်ငံလို အခုအချိန်အထိ တိုင်းရင်းသားပဋိ့ပက္ခတွေရှိနေတဲ့ နိုင်ငံအတွက် နိုင်ငံသားဖြစ်မှုကနေ ပြည်ထောင်စုပြဿနာတွေအထိ အများသဘောတူလက်ခံတဲ့ နိုင်ငံတစ်ခု (Stateness) ဖြစ်အောင်လုပ်ဖို့က အများကြီး ကျန်ပါသေးတယ်။ 

နံပါတ် (၂) ကတော့ လွတ်လပ်ပြီး ယုံကြည်ရတဲ့ ရွေးကောက်ပွဲနည်းလမ်းကတဆင့် လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရက တိုင်းပြည်ရဲ့ယန္တယားတွေကို တရားနည်းလမ်းတကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအတိုင်း စီမံပိုင်ခွင့်ဖို့ဆိုတဲ့ အဆင့်တစ်ဆင့်ကိုလည်း ဖြတ်သန်းရဦးမယ်။ စောစောက Democratic Transition ဆိုပါတော့ကွာ။ မင်းလည်းသိတဲ့အတိုင်းပဲ ငါတို့ဆီမှာ လုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာက ညစ်နည်းပေါင်းမျိုးစုံနဲ့။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်း ဒီမိုကရေစံနှုန်းတွေနဲ့ ပြဒါးတလမ်း သံတလမ်းပဲ။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲက လွတ်လပ်ပြီး မျှတယ်တယ် ထားဦး။ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဖွဲ့စည်းပုံကိစ္စက ဆက်ရှိနေမယ်။ 

နံပါတ် (၃) ကတော့ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရ ဖြစ်ပါစေဦး။ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ချိုးဖာက်တာ၊ ဖွဲ့စည်းပုံဘောင်ကို ကျော်လုပ်တာ၊ တရားဥပဒေ ပြုရေးမဏ္ဍိုင်ရဲ့ မူဘောင်ထဲက လုပ်ပိုင်ခွင့်တွေကို ဝင်စွက်တာမျိုး မရှိရပါဘူးတဲ့။ a government that rules democratically ပေါ့ကွာ။ 

ဒီအခြေအနေ သုံးရပ်ကို ဖြတ်ကျော်နိုင်ပြီဆိုရင် ဒီမိုကရေစီ အုတ်မြစ်ချနိုင်ပြီပေါ့ကွာ။ ငါပြောတာက စပြီး အုတ်မြစ်ချနိုင်ပြီလို့ ပြောတာ။ 

တကယ်တော့ ဒီမိုကရေစီဆိုတာကို ရွေးကောက်ပွဲနဲ့ ဈေးကွက်စီးပွားရေးလောက်ပဲမြင်နေရင် ဘောင်ကျဉ်းလွန်းတယ်ကွ။ ပိုပြီး အရေးကြီးတာက ဒီလိုမြင်နေရင် ဘယ်တော့မှ ဒီမိုကရေစီစနစ်ထွန်းကားမှာ မဟုတ်တော့ဘူး။ 

နာက်တချက်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတရပ် အောင်မြင်ဖို့ဆိုရင် ပြည်သူတွေကိုယ်တိုင်က ဒါဟာ ငါတို့လုပ်တဲ့ အပြောင်းအလဲ၊ ငါတို့ပိုင်တဲ့ ငါတို့နဲ့ဆိုင်တဲ့ အပြောင်းအလဲလို့ခံယူဖို့က ပိုအရေးကြီးတယ်ကွ၊ လူကြီးမင်းများက အထက်ကနေ အောက်ကိုချပေးနေတဲ့ အပြောင်းအလဲ၊ နိုင်ငံတကာ ဖိအားကြောင့် ပြောင်းလဲလာတဲ့ အပြောင်းအလဲဆိုတာမျိုးလို့ခံယူရင် လမ်းလွဲကုန်လိမ့်မယ်။ လူကြီးမင်းတွေက စေတနာရှိသလောက်၊ ပေးစာကမ်းစာလောက်ပဲယူတဲ့ ပြည်သူတွေ ဖြစ်ကုန်လိမ့်မယ်။ တချို့လည်း တမင်ကိုလမ်းလွဲအောင် လုပ်နေသလားလို့ ငါ ခံစားရတယ်။ 

တကယ်တော့ ဒါဟာ ၈၈ အရေးတော်ပုံရဲ့ အသီးအပွင့်၊ အဲဒီနောက်ပိုင်း လူထု၊ ကျောင်းသား၊ ရဟန်းတွေရဲ့ အရေးတော်ပုံတွေက တွန်းဖွင့်လိုက်တဲ့ ဒီမိုကရေစီလမ်းစဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ ကိုမင်းကိုနိုင် လွှတ်လာခါစက ပြောတဲ့စကားက အတိအကျပဲ။ ကြိုက်လွန်းလို့ ငါ့မှတ်စုထဲမှာ ရေးမှတ်ထားတယ်။ အခု ပြန်ပြီးတော့ ကိုးကားလိုက်တယ်။ 

“ဒီမိုကရေစီဆိုတာ အနှစ် ၂၀ လောက်ပေးဆပ်ပြီးတော့ တိုက်လိုက်တဲ့အခါမှာ အခုအချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကအစ ဒီမိုကရေစီကိုမသွားရင် မရတော့ဘူးလို့ သဘောပေါက်သွားတဲ့ အနေအထားကို ရောက်ခဲ့ပြီ မဟုတ်လား၊ သူတို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒီမိုကရေစီကို သူတို့ ငြင်းလို့မရတော့ဘူး၊ အဲဒါ ပြည်သူ့အောင်ပွဲ မဟုတ်လား” 

ဒီမိုကရေစီစနစ်ကို ခိုင်မာအောင် အုတ်မြစ်ချတဲ့နေရာမှာ ပြည်သူ့ကဏ္ဍ (civil society) အခရာကျတယ်၊ နောက်ထပ် အရေးကြီးတဲ့ မဏ္ဍိုင်ကြီး (၄) ခု ရှိသေးတယ်၊ အဲဒါတွေကတော့ လွတ်လပ်တဲ့ နိုင်ငံရေး အသိုက်အဝန်း(autonomous political society)၊ တရားဥပဒေ စိုးမိုးရေး (rule of Law) ၊ အသုံးဝင်တဲ့ ဗျုရိုကရေစီစနစ် (Usable Bureaucracy) နဲ့ လူမှုနိုင်ငံရေး အခြေအနေပေါ်မှာ စနစ်တကျ တည်ဆောက်ထားတဲ့ စီးပွားရေး အဆောက်အအုံ (Economic Society) တို့ ဖြစ်တယ်။ 

ဒီမဏ္ဍိုင်တွေ တနည်း အုတ်မြစ်တွေကို ဘယ်လိုတည်ဆောက်မလဲ၊ အခက်အခဲတွေက ဘာတွေလဲ၊ ဘယ်လို ကျော်လွှားမလဲဆိုတာတွေကိုတော့ ငါ ဖတ်မိ၊ မှတ်မိသမျှ နောက်တစောင်မှာ ဆက်ရေးတော့မယ်။ ။ 

သတိရစွာဖြင့် 
မင်းရဲ့ 


 

No comments: