နွေဦးဇာတ်လမ်းတစ်ပုဒ်
၂၀၁၁ ခုနှစ်၊ နှစ်ဦး တူနီးရှားနိုင်ငံမှ အစပြုခဲ့သော ဒီမိုကရေစီ အရေးတော်ကြီးကို နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက ‘အာရပ်နွေဦး’ ဟု အမည်သညာပြုခဲ့ကြသည်။ သို့နှင့်တိုင် အဆိုပါ ‘အာရပ်နွေဦး’ ဇာတ်လမ်းတွဲမှ အထင်ကရနေရာတွင်ရှိခဲ့သော ‘အီဂျစ်နွေဦး’ ဇာတ်ကွက်မှာမူ ၂ နှစ်သာသာကာလအတွင်းမှာပင် မူလမျှော်မှန်းသည်နှင့် ဆန့်ကျင်စွာ ထင်တိုင်းမပေါက် ဖြစ်သွားခဲ့ရချေပြီ။ ဤတွင် “နွေဦးကာလ၊ ဟန်းနီးမွန်း အခါသမယများမှာ၊ ဘယ်လောက်ကြာကြာ ခံမည်နည်း” ဆိုသော ပုစ္စာတစ်ရပ်မှာ မေးသင့်မေးထိုက်စွာ ထွက်ပေါ်လာရလေတော့သည်။
ဇာတ်၏အစကို နောက်ကြောင်းပြန်ရလျှင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်၊ ကိုင်ရိုမြို့တော် တာဟရာရင်ပြင် လူထုစုရုံးမှုကြီးမှ စတင်ရပါလိမ့်မည်။ စုရုံးလာကြသော လူထုကြီးက သမ္မတ မူဘာရက် နှုတ်ထွက်ဖို့ တခဲနက် တောင်းဆိုခဲ့ကြသည်။ ရက်ပိုင်းအတွင်း (၂၀၁၁၊ ဖေဖော်ဝါရီ ၁၁ ရက်) တွင် မူဘာရက် နှုတ်ထွက်သွားသောအခါ လူထုအုံကြွမှုမှာ ပို၍အရှိန်ရလာခဲ့သည်။ သို့တစေ၊ ဒီမိုကရေစီကား လမ်းစ မပေါ်သေး။ အီဂျစ်စစ်တပ်မှ စစ်ကောင်စီဖွဲ့ပြီး နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ နိုင်ငံတကာနှင့် အီဂျစ်လူထု၏ ဖိအားပေးမှုများကြောင့် အာဏာရ စစ်ကောင်စီက အတိုက်အခံများ စုပေါင်းရေးဆွဲထားသော အခြေခံဥပဒေပြင်ဆင်ချက်ကို ဆန္ဒခံယူပွဲဖြင့် အတည်ပြုပေးခဲ့သည်။ ပါလီမန်ရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများ ကျင်းပပေးပါမည်ဟုလည်း ကတိပေးခဲ့ရသည်။
သည်လိုနှင့် ၂၀၁၂ နှစ်ဦးတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ပါသည်။ ပါလီမန်ရွေးကောက်ပွဲတွင် ‘မွတ်စလင်ညီနောင်များအင်အားစု ပါတီ’ မှ အများစု အနိုင်ရခဲ့သည်။ သမ္မတရွေးကောက်ပွဲတွင်လည်း အဆိုပါပါတီမှ သမ္မတလောင်း မိုဟာမက်မော်စီကပင် ၅၁.၇ % ဖြင့် အနိုင်ရသွားသည်။ သို့နှင့်တိုင် အစိုးရအပြောင်းအလဲအထိ ခရီးပေါက်ခဲ့သော အီဂျစ်ဒီမိုကရေစီမှာ နုနယ်ဆဲအဆင့်မှာပင် မနည်းလှသော စိန်ခေါ်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ တစ်ချိန်က အခြေခံဥပဒေကို လက်တွဲပြင်ဆင်ခဲ့ကြသော လစ်ဘရယ်များနှင့် မွတ်ဆလင်ညီနောင်များကြားတွင် ပြင်းထန်သော ဂိုဏ်းဂဏတိုက်ပွဲများ ပေါ်ထွက်နေသည်။ လမ်းပေါ်ဆန္ဒပြပွဲများမှာလည်း အထိမ်းအကွပ်မရှိ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။ သည်လိုနှင့် နောက်ဆုံး အီဂျစ်တပ်မတော်ကပင် သမ္မတမော်စီကို ဖြုတ်ချပြီး တိုင်းပြည်အာဏာကို ပြန်လည်ရယူလိုက်တော့သည်။ ဤသို့ဖြင့် လာခြင်းကောင်းသော နွေဦးတစ်ခုမှာ မည်၍မည်မျှကြာမည် မမှန်းဆနိုင်သော နွေလည်ခရီးကြီးကို ဖြတ်သန်းရပေတော့မည်။
ဘာကြောင့် ဘယ်လို
ဤတွင် အီဂျစ်လို ဒီမိုကရေစီအပြောင်းအလဲကာလကို ဖြတ်ကျော်ရသော နိုင်ငံများအနေနှင့် ထင်တိုင်းမပေါက်ဘဲ နောက်ပြန်လှိုင်းထိစေရသည့် အကြောင်းရင်းခံများကို သုတေသနဖန်ပြားပေါ်တင်ကြည့်လာကြသည်မှာ စိတ်ဝင်စားဖို့ကောင်းလှသည်။ ယခင် အမေရိကန်ဒုသမ္မတ အယ်(လ)ဂိုး ဦးဆောင်သည့် ‘Political Instability Taskforce’ (PITF) သုခမိန်အဖွဲ့က မတည်ငြိမ်ဖြစ်စေသည့် အကြောင်းသုံးချက်ကို ယခုလို ထောက်ပြသည်။
၁။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများက၊ လူထု၏ အခြေခံလိုအပ်ချက်များကို လုံလောက်စွာ ဖြည့်စည်းမပေးနိုင်ခြင်း …။ ဤအချက်က လူထု၏ စိတ်ရှည်သည်းခံနိုင်စွမ်းကို အခြေမှကိုင်လှုပ်လိုက်ရာ အပြောင်းအလဲဖြစ်စဉ်တစ်ရပ်လုံး ကတိမ်းကပါးဖြစ်စေသည့် ပတ်ဝန်းကျင်အခြေအနေတစ်ရပ်ကို ဖန်တီးပေးထားသလို ဖြစ်နေသည်။
၂။ ယခင်စနစ်ဟောင်း၏ ထိန်းချုပ်ရေးယန္တယားများ၊ လျှင်လျှင်မြန်မြန် ပြိုကျနေစဉ်တွင် စနစ်သစ်၏ ‘ဒီမိုကရက်တစ်ကျင့်ထုံးမူဘောင်များ’ (Democratic Institution) မှာလည်း အဆင်သင့်မဖြစ်သေးသည့် စပ်ကူးမတ်ကူး အခြေအနေတစ်ရပ်ရှိနေခြင်း …။ ဤအချက်က ဆင်ခြင်တုံတရားအခြေခံသည့် ‘ရည်မှန်းချက်ရှိရှိနိုင်ငံရေး’ (deliberate politics) ထက်၊ စိတ်လှုပ်ရှားမှုသက်သက်ဖြင့်မောင်းသည့် ‘လှုံ့ဆော်နိုင်ငံရေး’ (agitated politics) တွင် ကျယ်လွှမ်းမိုးစေသော အခင်းအကျင်းတစ်ရပ်သို့ ဦးတည်စေသည်။
၃။ ဂိုက်းဂဏပြဿနာများ …။ နိုင်ငံရေးအင်အားစု အသီးသီးကြား၊ မတူကွဲပြားသော အယူအဆမျိုးစုံရှိရုံမျှဖြင့် ဂိုဏ်းဂဏပြဿနာရှိနေပြီဟု ဆိုနိုင်သည်တော့ မဟုတ်ပါ။ သို့တစေ အဆိုပါသဘောကွဲလွဲမှုများကို ဒီမိုကရက်တစ်မူဘောင်များအတွင်း မဖြေရှင်းနိုင်လျှင်မူ ဂိုဏ်းဂဏတိုက်ပွဲသဘောမျိုးအထိ ဘရိတ်ပေါက်သွားနိုင်သည်။ နုနယ်ဆဲအကူးအပြောင်းကာလမျိုးတွင် ဂိုဏ်းဂဏပြဿနာကိုသာ မထိန်းချုပ်နိုင်ပါက နောက်ပြန်လှိုင်းအတွက် အကောင်းဆုံး ရေခံမြေခံဖြစ်နိုင်သည်ဟု ဆိုပါသည်။
ဆိုခဲ့ပါ အကြောင်းရင်းခံသုံးချက်အပြင် ပညာရှင်အများ၏ ထောက်ပြချက်များမှာလည်း အလားတူ စိတ်ဝင်စားဖို့ကောင်းသည်သာဖြစ်သည်။ ၎င်းတို့ထဲမှ အချက်နှစ်ချက်ကို ဆက်လက်ဖော်ပြလိုပါသည်။
၎။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ‘နိုင်ငံရေးဓလေ့’ (political culture) ကိုယ်တိုင်မှာပင် ဒီမိုကရေစီနှင့် စရွေးမကိုက်သော၊ ‘ရယ်ဒီကယ်တိမ်းညွှတ်မှုများ’ (radical trend) စွဲစွဲခိုင်ခိုင်ရှိနေခြင်း …။ ရယ်ဒီကယ်တိမ်းညွှတ်မှုဆိုသည်မှာ ဆန့်ကျင်ဘက်အချင်းချင်း စေ့စပ်ညှိနှိုင်း အဖြေရှာကြသည်ထက် အပြန်အလှန် ဖယ်ထုတ်ဖို့သာ အားသန်သည့် စိတ်သဘာဝကိုဆို လိုသည်။
၅။ ‘မျှော်လင့်ချက်များကို စနစ်တကျ စီမံခန့်ခွဲမှု မလုပ်နိုင်ခြင်း’ (weak management of expectation)။ အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းမြောက်မြားစွာ ဖြတ်သန်းခဲ့ရသော လူထုဘက်မှ အပြောင်းအလဲတစ်ခု စလိုက်သည်နှင့် အနှစ်နှစ်အလလ ကြိတ်မှိတ်မြိုသိပ်ခဲ့ရသော မျှော်လင့်ချက်များစွာ ပေါက်ကွဲလျှံကျလာတတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ အရေးကြီးသည်မှာ ခေါင်းဆောင်မှုအနေနှင့် အဆိုပါ မျှော်လင့်ချက်များစွာထဲမှ လက်တွေ့ဖြစ်နိုင်သည်မှားကို စနစ်တကျ ကိုင်တွယ်ဖြည့်ဆည်းပေးနိုင်ရေးပင်ဖြစ်သည်။ ဤသို့မဟုတ်ဘဲ အများကြိုက်ပေါ်ပြူလာ နိုင်ငံရေးမီးရှုးမီးပန်းများကို အားပြုလိုက်လျှင် မတည်မငြိမ်အခြေအနေတစ်ရပ်လို့ ဦးတည်သွားစေနိုင်သည်ဟု ဆိုပါသည်။
စာရေးသူမှာ အီဂျစ်နိုင်ငံရေး အလှည့်အပြောင်းမှ အခြေခံပေါ်ထွက်လာသည့် သုံးသပ်စိစစ်ချက်များကို လက်လှမ်းမီသမျှ ရှာဖတ်ရင်း မျက်မှောက်ခေတ် မြန်မာနိုင်ငံရေးအပြောင်းအလဲပေါ် တင်ကြည့်နေမိသည်။
နွေဦးချင်းမတူ - သို့သော်
တစ်ခုတော့ရှိသည်။ မြန်မာ့နွေဦးမှာ အာရပ်နွေဦးနှင့်မတူ။ သူ့ထူးခြားချက်နှင့်သူ ဖြစ်သည်။ ဆိုခဲ့ပြီးသည့်အတိုင်း အီဂျစ်အပါအဝင် အာရပ်ကမ္ဘာအပြောင်းအလဲများမှာ လူထုအုံကြွမှုများမှ စတင်သည်က များသည်။ ‘အောက်မှလာသော အပြောင်းအလဲ’ (transformation from below) ဟု ဆိုနိုင်သည်။ လက်ရှိ မြန်မာ့အပြောင်းအလဲကို ဖွင့်ပေးလိုက်သော ၂၀၁၀ ရွေးကောက်ပွဲမှာ ယခင်အစိုးရကိုယ်တိုင်က ကမကထပြုခဲ့သည်ဖြစ်ရာ ‘အထက်မှလာသော အပြောင်းအလဲ’ (transformation from above) ဖြစ်သည်။ အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ဒီမိုကရက်တစ်အင်အားစုများပါ ပါဝင်လာရာမှ ‘အထက်နှင့်အောက်တွဲလာသော အပြောင်းအလဲ’ (transformation from above and below) ပုံစံဖြစ်သွားသည်။
ဖလောရင့်တက္ကသိုလ်မှ ပါမောက္ခရှမစ်ထာက အဆိုပါအပြောင်းအလဲပုံစံကို ‘သတ်မှတ်ပြဌာန်းပြီး အပြောင်းအလဲ’ (imposed transition) ဟု ဝိဂြိုလ်ပြုပါသည်။ သူကပင် ဆိုခဲ့ပါ အပြောင်းအလဲပုံစံ၏ သဘောသဘာဝများကို ရှင်းပြပြီး အထူးသတိပြုကြရမည့် အချက်သုံးချက်ကို ယခုလို ထောက်ပြခဲ့သည်။
၁။ ဤပုံစံအပြောင်းအလဲမှာ မတူသော အင်အားစုများ လက်တွဲကြိုးပမ်းကြရသည်ဖြစ်ရာ၊ ‘အများညီဘုံတူညီချက်’ (common ground) ရှာဖွေပြီး ရှေ့ဆက်နိုင်ဖို့ အရေးကြီးသည်။ မတူတိုင်း ရန်ဖြစ်နေလျှင် ရှေ့မရောက်ရုံမှမက နောက်ပြန်ဆုတ်နိုင်စရာ ရှိသည်။
၂။ မြန်မြန်ခရီးပေါက်လိုစိတ်ဖြင့် ‘ရှော့(ခ)ရိုက်ကုထုံး’ (shock therapy) နည်းကို အားပြုလို့မဖြစ်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ အရပ်ရပ် အခြေအနေက ရှော့(ခ)ဒဏ်မခံနိုင်လျှင် ‘ဆေးအတွက်လေး’ နိုင်သည်။ သို့အတွက် ‘တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေး’ (gradual change) ကိုသာ အားပြုသင့်သည်။
၃။ အပြောင်းအလဲဖြစ်စဉ် တစ်လျှောက်လုံး ‘ရယ်ဒီကယ်အန္တရာယ်’ (Danger of Radical) ကို အထူးသတိပြုဖို့ လိုလိမ့်မည်။ ရယ်ဒီကယ် တိမ်းညွှတ်မှုများ အပေါ်စီးရသွားလျှင် နောက်ပြန်လှိုင်း အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်သွားနိုင်သည် … စသဖြင့်။
မြန်မာ့နွေဦး နှစ် နှစ်ကျော်ကာလအတွင်း မနည်းလှသော စိန်ခေါ်ချက်များနှင့် ဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ရရာ ပါမောက္ခ ရှမစ်ထာ၏ ဆိုခဲ့ပါ သတိပေးထားသည်များမှာ ပို၍ပင် အသက်ဝင်လာဟန်ရှိသည်။ ထို့ထက် ဆိုခဲ့ပြီးသော အီဂျစ်ဇာတ်လမ်း၏နောက်ကွယ်မှ အကြောင်းတရား ၅ ရပ်ကိုလည်း ယနေ့ မြန်မာ့နိုင်ငံရေးတွင် တွေ့သလောက် တွေ့နေရရာ၊ စာရေးသူအနေနှင့် အမှန်ပင် စိုးရိမ်မကင်း ဖြစ်မိသည်။ မြန်မာနွေဦး ရှေ့ခရီးတွင် ဘာတွေ့ကြုံရမည်နည်း။
လွှတ်တော်နိုင်ငံရေး
ဤသို့ စိုးရိမ်မကင်းဖြစ်မိသည့်တိုင် ယခုရက်ပိုင်းအတွင်း ဖြေသိမ့်စရာအချက်အချို့ကိုမူ ကျကျနန ရလိုက်ပါသည်။ အခြားမဟုတ်။ ကိုယ်တွေ့ကြုံလိုက်ရသော လွှတ်တော်နိုင်ငံရေးပင်ဖြစ်သည်။ အကြောင်းကသည်လို …။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကကြီး၏ ခွင့်ပြုချက်အရ စာရေးသူမှာ လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်လေ့လာခွင့်ရခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့်လည်း တစ်နေရာတည်းတွင် အတူတည်းခိုနေထိုင်ရင်း ရင်းရင်းနှီးနှီး ထိတွေ့ခွင့်ရခဲ့ပါသည်။ ပြောရလျှင် ဤကာလမှာ ဘာမှမကြာလှသေးပါ။ နှစ်ပတ်သာသာမျှသာ ရှိပါသေးသည်။ သို့တိုင်အောင် ဤကာလငယ်လေးအတွင်းမှာပင် ယနေ့လွှတ်တော၏ အားကောင်းချက်နှစ်ရပ်ကို စူးစူးရှရှ သတိပြုမိလိုက်ပါသည်။
ပထမအချက်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆက်ဆံရေးနှင့် သဘောထားပင်ဖြစ်သည်။ သူတို့တတွေမှာ ပါတီပေါင်းစုံမှလာကြသည်ဖြစ်သည့်တိုင် သူတို့ဆက်ဆံရေးမှာ လုပ်ဖော်ကိုင်ဖက်သဘောဆောင်သည်။ လွှတ်တော်တွင် ကိစ္စရပ်များကို အဖြေရှာကြရာတွင်လည်း သက်ဆိုင်ရာ ပါတီအမြင်၊ ပါတီအစွဲဖြင့် မချဉ်းကပ်။ ကိစ္စတစ်ခုချင်းအလိုက် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြသည်ကို တွေ့ရသည်။ RAND မဟာဗျူဟာလေ့လာစောင့်ကြည့်ရေးအဖွဲ့ကြီး အဆိုအရ အမေရိကန်နိုင်ငံရေးဘဝကိုပင် ဒုက္ခပေးနေသည်ဟုဆိုသော ‘ဖြူ - မည်း နိုင်ငံရေး’ (polarized politics) မျိုး မြန်မာလွှတ်တော်အမတ်များကြားတွင် မတွေ့ရသလောက်ရှိ၍ ကျေနပ်မိသည်။
ဒုတိယအချက်မှာ ပို၍ပင် အရေးကြီးသည်ဟု ထင်ပါသည်။ ဆိုရလျှင် စာရေးသူ ကျင်လည်ရသည်မှာ လွှတ်တော်ပြင်ပနိုင်ငံရေးဟု ဆိုနိုင်သည်။ စာပေလောကနှင့် မီဒီယာလောကဖြစ်သည်။ ဤလောကတွင် အကျယ်လောက်ဆုံးကြားနေရသည်မှာ လူအများစိတ်ဝင်စားအာရုံကျသည့်တိုင် လက်တွေ့အဖြေပေါ်ဖို့မလွယ်သော မျှော်လင့်ချက်တွေသာဖြစ်သည်။ စာရေးသူ ထိတွေ့ရသလောက် လွှတ်တော်ကိုယ်စားလှယ်များကမူ ဤသို့မဟုတ်။ လက်တွေ့အရာထင်နိုင်လောက်သည့် ကိစ္စများကိုသာ အာရုံပြုထားကြသည်ကို ဆင်ခြင်မိသည်။ ဤအတိုင်းဆိုလျှင် မျှော်လင့်ချက်များကို တစ်စုံတစ်ရာ စီမံခန့်ခွဲနိုင်သည့် အလေ့အထအစပျိုးနေပြီဟု သဘောရပါသည်။ ဤအချက်မှာ ဖော်ပြခဲ့ပြီးသော နောက်ပြန်လှိုင်း အကြောင်းရင်းခံထဲမှ တစ်ခုဖြစ်ရာ၊ ပို၍အားတက်စရာကောင်းသော အားသာချက်ဟု ယူဆရသည်။
ဤသို့ဆိုသည်နှင့် ယနေ့လွှတ်တော်မှာ ရင့်ကျက်ခိုင်မာသော ဒီမိုကရက်တစ်လွှတ်တော်ဖြစ်ပြီဟု ယတိပြတ်ဆိုလိုသည်တော့လည်း မဟုတ်ပါ။ သဘာဝကျစွာပင် အားနည်းချက်အချို့ ရှိကောင်းရှိပါလိမ့်မည်။ ပြောရလျှင် ရက်သတ္တပတ် နှစ်ပတ်မျှလောက်နှင့်လည်း လွှတ်တော်အကြောင်း ပီပီသသ သိနိုင်လိမ့်မည် မဟုတ်ပါ။ လွှတ်တော် အပါအဝင် တကယ့်နိုင်ငံရေးအခင်းအကျင်းနှင့် ပိုနီးလာလေ၊ ပကတိအရှိကို ပိုဆဝါးနိုင်လေ၊ ‘ပလေရာ’ များအပေါ်ပို၍ နားလည်လာလေဆိုသော တွေ့ရှိချက်များကိုမူ ကိုယ်တွေ့ဆင်ခြင်နိုင်ခဲ့ပါသည်။ ဤသို့သော သဘောပေါက်နားလည်မှုများ ကျယ်ပြန့်ခိုင်မာလာသည်နှင့်အမျှ အပြောင်းအလဲ၏ အန္တရာယ်အသွယ်သွယ်ကို စုပေါင်းကာကွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။
ကျယ်ပြန့်သော နားလည်မှု၊ ရင့်ကျက်သော စိတ်နှလုံးဖြင့် မြန်မာ့နွေဦးကို စုပေါင်းကာကွယ် စောင့်ရှောက်နိုင်ကြပါစေသတည်း။ ။
ကျော်ဝင်း
၁၁၊ ဇူလိုင် ၂၀၁၃
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment