Monday, June 24, 2013

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၈

အလှူခံဖို့လာနေကြတယ် ဟူသော သတင်းကြောင့် မခင်အေး တွေ့သမျှ ပိုက်ဆံဆွဲကာ အဆောင်ပေါ်မှ ပြေးဆင်းလာပြီး ဝေဖာတထုပ် ဝယ်လိုက်သည်။ တောင်းတလုံးကို ဝါးလုံးလျှိုထမ်း၍ စိုက်စိုက်လာနေသော ဖေသောင်းနှင့် သူရကိုမြင်သော် သူမ လက်တွန့်သွား၏။ 

တောင်းထဲတွင် ငှက်ပျော်သီး နှင့် မုန့်ထုပ်များ တွေ့ရသည်။ “ရှင်မစားနဲ့” ဟု ဆူအောင့်အောင့်ပြောကာ မခင်အေး တောင်းထဲထည့်လိုက်၏။ ဖေသောင်းရယ်ကာ “ဝေဖာ ကျနော် ကြိုက်တယ်ဗျ စားမှာပဲ” ဟု ပြန်နောက်၏။ 

“ဒီလိုမှန်းသိရင် ရှင့်အတွက် မှန်တချပ် လှူလိုက်ချင်တာ …” 

မခင်အေးစကားကို ဖေသောင်းနားမလည် … “ဘာလုပ်ဖို့လဲဗျ ကျနော် ရုပ်ရည်လှပတာ ကျနော် သိပြီးသားပဲ ကျောင်းထဲလာလေဗျာ တရားပွဲရှိနေတာပဲ” ဟု ခေါ်သည်။ 

သူမ တရားပွဲ မကြာခဏ နားထောင်သော်လည်း ရှင်းမပြချင်။ ဖေသောင်းအားစိတ်တို၍ “ရှင့်ရုပ်ကိုပြန်ကြည့်ဖို့ မဟုတ်ဘူး ကျောခိုင်းရာမှာ ဘာဖြစ်ကျန်ခဲ့မှန်းမသိသူတွေအတွက် နောက်ကြည့်မှန်တချပ် လှူချင်တာ” ဟု ဆောင့်ကြီးအောင့်ကြီး ပြောလိုက်သည်။ 

xxxxx xxxxxx xxxxxx 


တရွှီးရွှီးနှင့် လေတိုးသံများကြားမှစကားများကို ညို အားစိုက်နားထောင်နေရသည်မှာ အားမလိုအားမရရှိလှသည်။ ရေဒီယိုလိုင်းမှာ ပြည်ပခရီးဝေးမှ လွှင့်ထုတ်နေ၍ တိုးတခါ ကျယ်တလှဲ့။ ကြားရသမျှနှင့်ပင် ညို့မျက်စေ့ထဲ ပုံဖော်ကြည့်သည်။ အများနည်းတူ လှုပ်လှုပ်ရွရွဖြစ်နေသော ကျောင်းသားအုပ်ထဲ ဟိုပြေး ဒီပြေးလုပ်နေမည့် ဖေသောင်းကို မှန်းဆကြည့်ရင်း အသဲတထိတ်ထိတ်ဖြစ်လာ၏။ 

“ညို ရန်ကုန်သွားကြည့်ချင်တယ်” 

အဖေ့အား မပူစာစဘူး ပူဆာမိသည်။ အဖေသည် အင်း ... ဟု သံရှည်ဆွဲပြီး “ဘယ်သူ့ဆီမှာနေမလဲ နင့်ဒေါ်လေးတွေ အိမ်နဲ့ ကျောင်းကလည်း အဝေးကြီး ဘယ်သူ့လိုက်ပို့ခိုင်းမလဲ” ဟု ပြန်မေး၏။ 

“မခင်အေး ရှိတာပဲ သူ့အဆောင်ကို သွားရင် မရဘူးလား” 

ဆန္ဒပြင်းပြနေသော သမီးအတွက် ဦးရွှေခင် အကြံထုတ်နေစဉ် ဒေါ်တင်တင်ထ၍ 

“ဟဲ့ ... မျောက်က ဒုက္ခအထုပ်သွားမဖြည်နဲ့ဦး ရောယောင်ပြီး အဆွဲခံရလို့ ...” 

ညို မျက်နှာစူ၍ ညို ကြည့်ချင်တယ် ညို ကြည့်ချင်တယ် ဟူ၍သာ တစာစာအော်နေသည်။ 

xxxxx xxxxx xxxxx 

လက်ခုပ်သံတဖျောင်းဖျောင်းနှင့် ကျောင်းသားပရိတ်သတ်ထဲ အရပ်ထဲမှ မိန်းမ လူကြီးများနှင့်အတူ ညို ဝင်သာလာရသည် ရင်က တဒိတ်ဒိတ်ခုန်နေဆဲ … မခင်အေးလက်ကို မလွှတ်တမ်းကိုင်၍ အဓိပတိလမ်းပေါ် ညို ရောက်လာချိန် အပမ်းဖြေရိပ်သာရှေ့တွင် အသာချဲ့စက်တင်ထားသည့် စင်မြင့်နှင့်အတူ ဖွေးနေသော ကျောင်းသား ပရိတ်သတ်ကိုမြင်၍ အားတက်လာသည်။ 

“ဘာမှ မကြောက်နဲ့ … ငါ ရှိတယ်” ဟု မခင်အေးအားပေးရင်း ဖေသောင်းဆိုသည့် လေလို အဖမ်းရခက်သူကို ဘယ်လို မိအောင်ကြံရပါ့ဟု တွေးပူနေမိ၏။ စာကြည့်တိုက်သစ်ရှေ့တွင် ညိုအား နေရာချကာ “ဒီမှာထိုင်နေနော်၊ ဘယ်မှမသွားနဲ့ ငါ လိုက်ရှာလိုက်ဦးမယ်” ဟုမှာကာ ညိုအား မခင်အေး ထားရစ်ခဲ့သည်။ 

အခုနေ ရုတ်ရုတ်သဲသဲ ဝင်ဖမ်းရင် ဒုက္ခပဲ၊ ငါတော့ ဘယ်ပြေးရမှန်းမသိဘူး ဟု အားငယ်ရင်း တရားပွဲမှဟောပြောချက်ကို အာရုံစိုက်မိသည်။ 

အဓိပတိလမ်းကစခဲ့တဲ့ ပထမအကြိမ်ကျောင်းသားသပိတ်ကပဲ ကိုလိုနီစနစ်ထမ်းပိုးအောက်မှ လွတ်မြောက်ရေးအတွက် မီးရှူးမီးပန်းဖြစ်ခဲ့တယ်ဟု အစချီကာ ဟောပြောနေသော ကျောင်းသားတဦး၏ စကားဝယ်မျောပါရင်း ညို အကြောက်ပြေလာသည်။ 

ဝေါခနဲ ပွဲလှန့်လိုက်၍ ရုတ်ရုတ်သဲသဲဖြစ်သွားသော ပရိတ်သတ်ကို ကျောင်းသားများ ပြာပြာသလဲ ထိန်းနေရ၏။ ညိုမှာ ထိုင်ရာကထပြီး အားကိုးရာမဲ့ ပြေးပေါက်ရှာနေရသည်။ မခင်အေးမှာ စိတ်ပူပြီး ချက်ချင်းပြန်ရောက်လာ၏။ 

“မပြေးနဲ့ညို ဘာမှမဖြစ်ဘူး၊ တွေ့အောင်ကိုရှာပြီး ငါ သူ့ကို ပြချင်တယ်” 

ပရိတ်သတ် ပြန်ငြိမ်သော် မခင်အေး ပြန်ထွက်သွားသည် ညို ရင်တဖိုဖို ကျန်ခဲ့ပြန်၏။ ဟိုဘက်က ဝိဇ္ဇာဆောင်တွေဆိုတော့ ကိုဖေသောင်းတို့စာသင်ဆောင်က ဒီဘက်ကပေါ့ဟု သူမ လှမ်းမျှော်ကြည့်လိုက်၊ ဟောပြောချက်များကို တလန့်လန့်နှင့် နားထောင်လိုက်။ 

လေးဘီးကားတစီးပေါ်လှမ်းတက်လိုက်သည့် ဖေသောင်းကိုမြင်၍ “ကိုဖေသောင်း” ဟု မခင်အေး ကျယ်လောင်စွာ ဟစ်ခေါ်လိုက်သည်။ ဖေသောင်း လှည့်ကြည့်ပြီး “ဟာ ... လိုက်မလား အာစီသရီးက အဖွဲ့တွေကို သွားကြိုမလို့” ဟု ဖိတ်ခေါ်သည်။ 

“ညို ရောက်နေတယ် ... စာကြည့်တိုက်ရှေ့မှာ စောင့်နေတယ် လိုက်ခဲ့” 

သူ့မျက်နှာပေါ်မှ အံ့သြသွားခြင်း လက္ခဏာကို မခင်အေး မြင်လိုက်ရ၍ ကျေနပ်မိသည်။ 

သူ ကားပေါ်မှ ပြန်ဆင်းရမလိုလို ဖြစ်နေ၏။ “ဟေ့ကောင် လိုက်ခဲ့ဦးလေကွာ … ဟိုမှာချိန်းထားပြီးတော့” ဟု ထွန်းသက်က သတိပေး၏။ သူ ဆင်းမည်ပြုပြီး တန့်နေသည်။ မခင်အေး ထွန်းသက်ကို မျက်စောင်းထိုး၍ “ရှင်တို့ဖာသာ သွားခေါ်ကြပါလား ဟိုမှာ လိုက်လာရတာ တောက သနားပါတယ်” ဟု ငေါက်ဆတ်ဆတ် ပြောလိုက်၏။ 

တွေဝေနေသော ဖေသောင်းအား ထွန်းသက်က “ဟေ့ကောင် ပြန်လာမှတွေ့တော့ ကိုယ်ရေးကိုယ်တာ ဦးစားမပေးနဲ့ ဟိုမှာ ချိန်းထားတာ မင်းပါမှ ဖြစ်မယ်” ဟု သတိပေးသည်။ 

“ဘာလုပ်နေတာလဲ … ဆင်းခဲ့လေ ... ဟိုမှာနေပူကြီးထဲ တယောက်ထဲ” 

စိတ်မရှည်ဘဲ ဟောက်လိုက်သော မခင်အေးအား သူ မျက်နှာချိုသွေး၍ “အခုချက်ချင်း ပြန်ခဲ့မယ်ဗျာ ... ရော့ ... နေပူရင် ဦးထုပ်ကလေး ဆောင်းပေးထားလိုက်” ဟုဆိုကာ ခေါင်းပေါ်ဆောင်းထားသော ဦးထုပ်ကိုချွတ်၍ ကမ်းပေးပြီး ကားပေါ် ပါသွားတော့၏။ 

မခင်အေးမှာ အငိုက်မိပြီးယူမိသော ဦးထုပ်ဖြူကိုသာ ဒေါမာန်ပါပါဖြင့်လုံးချေလျှက် … တောက်ခနဲ တက်ခေါက်ကာ “အေးပါ ရှင့်ထိုက်နဲ့ရှင့်ကံ နောက်မှ အဆိုးမဆိုနဲ့ ... အခုတော့ ညို့ထိုက်နဲ့ညို့ကံပါ” ဟု အော်ဟစ်ကျန်ခဲ့သည်။ 

ကား၏ နောက်ကြည့်မှန်ထဲ ကျန်ခဲ့သော မခင်အေးအား ဖေသောင်း မကြည့်ရဲ ကြည့်ရဲ ကြည့်ရင်းပင် ဝေး၍ ကွယ်ပျောက်သွားရ၏။ 

xxxxx xxxxx xxxxxx 

ဆက်လက်ဖော်ပြပါမည်။ 



No comments: