မနက် မနက် စောစောထထ
ဘယ်နိုင်ငံမှ စုံအောင်မရောက်တဲ့
စလောင်းပဲ့ စကာကွက်နဲ့
နိုင်ငံတကာမြင်ကွင်းစုံကို
အပီအပြင် ဆယ်ယူဖို့ကြိုးစားတတ်ကြတဲ့အဖြစ် ….။
မောင်ဘညွှန့်တို့ဆီမှာ ဂြိုလ်တု စတက္ကလိုက် တလုံးရှိတယ် ...။ စလောင်းပေါ့ဗျာ ...။ တော်တော်ကြီးပါတယ် ...။ ရီစီဗာဆို ဗုံးလောက်ကြီးကြီးပဲ..။ ဒါပေမယ့် ရီစီဗာက မကောင်းဘူးဗျ ...။ ကြည့်ရတာ မန်မိုရီမကောင်းတာထင်ပါတယ်။ ပိတ်လိုက်လို့ ပြန်ဖွင့်လိုက်ရင် လိုင်းတွေမှန်သမျှ အကုန်ပျောက် … ပြန်ဖမ်းပေါ့ ...။
မောင်ဘညွှန့်တို့ရုံးမှာ အဲ့ဒီစလောင်းကို အပီအပြင်နိုင်နင်းတာ ကိုငြိမ်းချမ်း (ခုတော့ အမေရိကား) တယောက်ပဲရှိတယ်ထင်တယ်။ မောင်ဘညွှန့်ရဲ့ လက်ဦး လေးအောက်ဆရာတယောက်ပါပဲ။ အမယ် … သူက လေးအောက်သင်တော့သာ စိတ်မရှည်တာ ..။ သွားမေးမိလို့ မင်းတို့ မှတ်မထားဘူးလားလိုဆိုပြီး .. အဆူ အဟောက်တောင် ခံလိုက်ရသေး ...။ သို့ပေမယ့် … ဒီစလောင်း လိုင်းဖမ်းတာကျ စိတ်လိုလက်ရသင်တယ်ဗျ။ မောင်ဘညွှန့်တို့လည်း သင်တာပေါ့ ..။ သင်ရင်း ကလိ .. ကလိရင်း သင် ... ဟိုလိုင်း ဒီလိုင်းတွေလည်း အင်တာနက်ထဲကြည့် ဖမ်းပေါ့ ...။ ဆရာတဆူပဲ ...။ နောက် ကိုသက်နိုင် (ဦးအောင်စောဦးတူ) လည်း ဖမ်းတယ်ထင်တယ် … သေချာတော့ မမှတ်မိတော့ဘူး။
သတင်းစာတိုက်ဆိုတော့ သိတဲ့အတိုင်းပဲ ..။ နိုင်ငံတကာမြင်ကွင်းကို စုံအောင်ရောက်မှ ..သိမှ မြင်မှ .. ဖတ်မှ မှတ်မှ။ မိခင်စကားလည်း လိပ်ပတ်လည်အောင် သိထားမှ ..။ မျက်နှာဖြူစကားလေးလည်း မီးကျိုး မောင်းပျက်လောက်တော့ ထိထားမှ ...။ ဒါမှ ကမ္ဘာ့ရေးရာတွေ အကြောင်း … ဗမာရေးရောတွေအကြောင်းလာတော့မှ .ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပါးစပ်လေး ဟပြီး ခေါင်းလေးတငြိမ့်ငြိမ့်နဲ့နေမှ ...။ မောင်ဘညွှန့်တို့ကတော့ မိခင်ဘာသာစကားတောင် စကားပြောရင် သနဲ့ရ နဲ့ ကွဲလေတယ်မဟုတ်တော့ … မျက်နှာဖြူစကားဆို … ငါးပိသံမပြောနဲ့ ...ဆားသံတောင် မပေါက်ဘူး ...။ စာလေး ဘာလေးတော့ နဲနဲဖတ်ထားရတာပေါ့။ Buffalo Liver Cake = မုန့်ကျွဲသဲ ..ဆိုတာမျိုးပေါ့ .. ။ (မှတ်ချက် အနှီ အဓိပ္ပါယ်သည် ဗမာပြည်တွင် တခေတ်တခါက တနိုင်ငံလုံးသို့ လွှင့်နေလေသော မြန်မာ့တယ်လီဗေးရှင် ရုပ်မြင်သံကြားပေါ်က မင်းကျော်မင်းမိသားစု၏ အင်္ဂလိပ်စကားဖြစ်ပါသည်။ မှတ်မိသူများ ရှိကောင်းရှိနိုင်ပါသည်။ မုန့်ကျွဲသဲကို အဲလို ခေါ်လား မခေါ်လားဆိုတာ မောင်ဘညွှန့်တော့ မသိရေးချ မသိပါ။ မှတ်ထားခြင်းမျှသာ ..။
မနက်ဆို အယ်ချုပ်ကြီးရဲ့ အမိန့်အရ .. ကမ္ဘာရေးရာတွေ ဘာတွေ ကြည့်ရတာပေါ့ဗျာ ...။ ရုံးမှာ အငယ်ဆုံးတွေဖြစ်တဲ့ မောင်ဘညွှန့်နဲ့ စောဒီထူး (နယူးဇီလန်) တို့လည်း မျက်နှာဖြူစာတိုးအောင် အယ်ချုပ်အမိန့်ရ ထိုင်ပြီး ငိုင်တိုင်တိုင်လေးတွေပေါ့ဗျာ ...။ ဆရာတွေ ပါးစပ်ဟရင် လိုက်ဟ ..ဆရာတွေ ခေါင်းငြိမ့်ရင် လိုက်ငြိမ့်နဲ့ .. ဟဲဟဲ ဟန်ကိုကျလို့ ...။ တမျိုးတော့ ဆိုးသဗျ … အဲ့စလာင်းက သတင်းဖမ်းမယ်ဆို နေ့တိုင်းဖမ်းမမိဘူး ..။ မောင်ဘညွှန့်တို့လည်း မနက်စောစောစီးစီး နေ့တိုင်း မထချင်ဘူး ..။
+++++
မှတ်မိပါရဲ့ဗျာ တစ်ခု ..
အကျိုးပေးမကောင်းတဲ့ ဒီစလောင်းပဲ့က
တမျိုးတော့ ချီးကျူးဖို့ကောင်းတယ် …။
ဘောလုံးပွဲဆို…
ဒီဂျစ်တယ်* ရော … အဲန်နာလော့**ကော
လိုင်းပေါင်းစုံက အကုန်ရတယ်…
စိတ်ပျက်စရာ သတင်းပေါင်းစုံကလွဲလို့ပေါ့ ..။
အမယ်သူက မနက် သတင်းကြည့်တဲ့အချိန်သာ မကောင်းတာ … ဘောလုံးပွဲဆို ဒီဂျစ်တယ်နဲ့ဖမ်းမလား ..အဲန်နာလော့နဲ့ ဖမ်းမလား .. ကြိုက်သလိုဖမ်း မိတယ် ...။ အယ်ချုပ်မရှိတဲ့အချိန်ဆိုတော့ လိုင်းက ပိုကြည်သလားတောင် ထင်ရတယ် ...။
မှတ်မိသေးတယ်ဗျာ .. အဲ့တုန်းက ကျနော်တို့ရဲ့ ပထမဦးဆုံး အေဘီစီဒီ ဆရာက အင်္ဂလန်က .. ဂျမ်မာထင်တယ် … အသက်ကတော့ သိပ်မကြီးသေးဘူး ...။ ဖော်ဖော်ရွှေရွှေလည်းရှိတယ် ...။ အဲ့အချိန်က ကမ္ဘာ့ဖလားပွဲတွေ လာနေတဲ့အချိန် ...။ ည အိပ်ပျက်ခံပြီး ဘောပွဲတွေ ကြည့်နေတဲ့အချိန် ..။ ဆရာမလေးလည်း သနားပါတယ် … သူ့ နိုင်ငံပွဲစဉ်တိုင်း လာအားပေး ...။ အားပေးတိုင်းလည်း မနိုင် ...။ မောင်ဘညွှန့်တို့က ဘေးကနေ သနားလို့ ...။
မောင်ဘညွှန့်တို့ဆီမှာ စလောင်းနဲ့ပတ်သက်လို့ ကြုံခဲ့ရတာတွေ အတော်များပါတယ်။ နောက်ပိုင်းတော့ ကိုငြိမ်းချမ်း စလောင်းဖမ်တဲ့အတတ်ပညာ ဘာကြောင့် စိတ်လို လက်ရ သင်ပေးခဲ့တယ်ဆိုတာ သဘောပေါက်ပါတော့တယ်။ တချို့အချိန်တွေများဆို ရုံးမှာက အမျိုးသမီးတွေလည်း ရှိကြတာကိုး ..။ ဇာတ်ကားလေး ဘာလေးကြည့်ချင်လို့ရှိရင် မောင်ဘညွှန့်နာမည်၊ နောက် ကိုသက်နိုင်နာမည် တကြတော့တာပဲ ..။ အဲ့နောက်ပိုင်း မောင်ဘညွှန့်လည်း ရီစီဗာမကောင်းမချင်း မကိုင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထန်းတက်လက်မှတ်ကို စွန့်လိုက်ပါတယ်။
နောက်ပိုင်း စလောင်းကြီးလည်း ဟိုရွှေ့ ဒီရွှေ့နဲ့ ကြိုးတွေက တန်းလန်း .. ဇကာကွက်တွေ အခြမ်း အခြမ်းနဲ့ ဘယ်ရောက်ကုန်မှန်းမသိတော့ပါဘူး ...။ တခါသားတော့ မောင်ဘညွှန့်တို့ ဇနပုဒ်ကနေ ရေမီးစုံတဲ့ ဝင်ဒါမီယာ ရပ်ကွက်ပေါ် ရွှေ့အပြီးမှာ နောက်လာတဲ့ လက်သစ်ကလေးတွေက .. ဇကာကွက်တွေနဲ့ ငါးဖမ်းဖို့ လုပ်နေတာတော့ အမှတ်တမဲ့ တွေ့လိုက်မိသေးတယ် ...။ ခုများတော့ … ဘယ်ချောင်ကို မင်းရောက်နေလဲပေါ့ ...။
+++++++
ဒက်စတော့တွေ ဘေးနား
လာအနားယူတဲ့
လက်တော့နဲ့ ဦးလေးကြီးခမျာလည်း
ကျုပ်တို့ရဲ့ ဘော်ရှီဗစ်သမိုင်းကို
အောက်မေ့ကောင်း အောက်မေ့လိမ့်မယ် …။
မောင်ဘညွှန့်တို့ဆီမှာ လူအမျိုးမျိုး စိတ်အစုံစုံရှိတယ်ပေါ့ဗျာ ...။ အဲ့အထဲက မှတ်မှတ်ရရဆို လက်တော့ပ်နဲ့ ဦးလေးကြီးဆိုတဲ့ ဦးအောင်စိုး (အရင်က အညာသားပဲထင်။ နောက်မှ အင်းသားမှန်သိ) ပါပဲ ...။ အသားညိုညို ဝဝဖိုင့်ဖိုင့် ထောင်ထောင်မောင်းမောင်းဆိုတော့ .. မှတ်မိလွယ်တာလည်း ပါမယ်ထင်ပါတယ် ...။ နောက် ထူထဲတဲ့မျက်မှန်နဲ့ဆိုတော့ ပိုသတိထားမိပါတယ်။ နောက် ပိုထူးခြားတာက အလုပ်အတော်လုပ်နိုင်လို့ပါ ..။ သူ့လက်တော့ပ်လေးနဲ့ မနက်ကနေ ညအထိ (ထမင်းစားချိန်ကလွှဲလို့) မလှုပ်မယှက်။ မောင်ဘညွှန့်တို့တော့ မနေနိုင်ပါဘူး။ ဒီထူးဆို စာဖတ်သလိုလိုနဲ့ မျက်လုံးတဖက်မှိတ်ပြီး အိပ်နေကျ။
အခု သူလည်း မောင်ဘညွှန့်တို့ဆီမှာ ရဲဘော် ရဲဘက်စာရင်းလာဝင်တာပေါ့ ..။ အဲ့အချိန်က လက်တော့ပ်သုံးတယ်ဆိုတော့ ဆရာ့ ဆရာပေါ့ ...။ နောက် ခေတ်မှီတာလဲ ပါပါတယ်။ အီးလိုကောင်းတော့ အစုံဖတ်နိုင်လေတော့ သူသိတာတွေ မောင်ဘညွှန့်တို့ကု ရှဲလ်တဲ့အခါ ဗဟုသုတရပါတယ်။ သူက အယ်ချုပ်ရဲ့ ဘော်ဘော်ပါပဲ ...။ အယ်ချုပ်က ဘေးနားထိုင်ပြီး တိုင်းမ်မဂ္ဂဇင်းလေး ဖတ်ချင် ဖတ်နေတဲ့အချိန် .. ခုန ဦးလေးကြီးက ထပြီး ဆဲချင် ဆဲတော့တာပါပဲ …(တော်လှန်ရေးသမားဆိုတော့လဲ) ။ အယ်ချုပ်လည်း မျက်လုံးလေး ကလယ် ကလယ်နဲ့ ...။ မောင်ဘညွှန့်တို့သာ ထလုပ်ကြည့်လိုက် … ထန်းလက်တောင် ရှာချိန်ရှိမယ်မထင်ဘူး ...။ မောင်ဘညွှန့်တို့ မပြောနဲ့ မောင်ဘညွှန့်တို့ စီနီယာတွေတောင် …(အင်း စီနီယာတွေက မောင်ဘညွှန့်တို့ထက် လိမ္မာတာကိုး) ...။
ဘော်ရှီဗစ်သမိုင်းဆိုတော့ အထင်ကြီးကုန်ကြပြီထင်တယ်။ မကြီးကြပါနဲ့ ...။ အမှန် မောင်ဘညွှန့်တို့ရဲ့ ဘော်ရှိဗစ်သမိုင်းက ဒီလို ...။ ရုံးမှာ ဆိုဗီယက်တော်လှန်ရေးလား (သေချာမမှတ်မိတော့ပါ) … စာအုပ် (၂) အုပ်ရှိတယ်။ လက်နဲ့ ရေးထားတာတွေ ..။ မောင်ဘညွှန့်တို့က အဲ့ဒါတွေကို ပြန်ရိုက်ရတာပေါ့ ...။ မောင်ဘညွှန့် ..၊ ဒီထူး၊ သန်းထွန်းအောင် သုံးယောက်ပေါင်းပြီး ရိုက်ကြရတာ … ။ ဒါပေမယ့်ဗျာ ...မောင်ဘညွန့်ုတို့ ဒက်စတော့တွေက လက်များတယ်။ လက်များဆို ကွန်ပျူတာ (၇) လုံးလောက်မှာ လူပေါင်း ၃၀ ကျော်လောက် မျှသုံးရတာ ..။ မောင်ဘညွှန့်တို့တတွေက ရိုက်ပေါ့ ...။ လက်များတော့ ထုံးစံအတိုင်းပဲ … မောင်ဘညွှန့်တို့ အတွဲ ၁ ပြီးလို့ အတွဲ (၂) ကိုရိုက် ...။ ပြီးခါနီးလောက်ကျ အတွဲတစ်က ပျောက်သွားပါလေရော ..။ အယ်ချုပ်မသိအောင် အတွဲ (၁) ကိုပြန်ရိုက် ...၊ ပြီးခါနီးလောက်ကျ .. အတွဲ (၂) က ပျောက်သွားပြန်ပါလေရော ..။ မောင်ဘညွှန့်တို့ အဖွဲ့လည်း မျက်စိ သူငယ် နားသူငယ်နဲ့ပေါ့ ...။
မောင်ဘညွှန့်တို့ရဲ့ ဗော်ရှီဗစ်သမိုင်းဟာ တော်တော်ကို ရွာလည်ခဲ့တာပါ။ နောက်ဆုံး မနေနိုင်လို့ ... စီနီယာ ..ကိုစောထူးတို့ .. ကိုသူရစိုး (ယခု အမေရိကား - ယခင် အယ်ချုပ်ရဲ့ပီအေ) တို့ ဝင်ကူမှ … ... ဗော်ရှီဗစ်လည်း …. သမိုင်းလှခဲ့တာပါ ...။
ဆက်လက်ရေးပါဦးမည်။
No comments:
Post a Comment