ပြူတင်းပေါက် မရှိ၊ တံခါး မရှိတဲ့ အဆောက်အဦကြီးတခု။ နံရံကြီးတွေနဲ့ တိုင်လုံးကြီးတွေက စကျင်ကျောက်တွေနဲ့ဆောက်ထားသလို ဖွေးဖွေးဖြူနေတယ်။ မှန်တွေနဲ့ အမိုးလုပ်ထားပြီး အလင်းရောင်က စူးစူးဝါးဝါး ရနေတယ်။ တနေရာမှာ တစုံတခုကို လူတွေ စုပြုံတိုးဝှေ့ကြည့်နေတယ်။ ကျနော်လည်း အဲဒီလူတွေကြားတိုးဝင်ပြီး အလယ်က သူတို့ကြည့်နေတဲ့အရာကို တိုးဝှေ့ကြည့်လိုက်တယ်။ မှန်နဲ့လုပ်ထားတဲ့ ခေါင်းတလားလိုလို၊ အလုံပိတ် သေတ္တာရှည်ရှည်ကြီးတခု တွေ့တယ်။ အထဲမှာ လူတယောက် ပက်လက်ကလေး အိပ်ပျော်နေတယ်။ မျက်နှာက မသဲကွဲလို့ နီးအောင်တိုးပြီး ခါးကုန်းကြည့်လိုက်တယ်။
“ဟာ ... မော်ကျွန်း”
မော်ကျွန်းမျက်နှာကို သဲသဲကွဲကွဲ တွေ့လိုက်တယ်။ “သူ အိပ်ပျော်နေတာပါ” ကျနော့်ကို အနားကလူတယောက်က တိုးတိုးလေးနှစ်သိမ့်ပြီး ပြောလိုက်တယ်။ ကျနော်လည်း စိတ်ပေါ့သွားတယ်။ အဲဒီမှာတင် ကျနော် လန့်နိုးသွားတယ်။ အိပ်မက် မက်နေတာပါ။ အဲဒီအိပ်မက်ကြောင့် စိတ်ထဲလေးသွားတယ်။ စခန်းမှာကျန်ခဲ့တဲ့ မော်ကျွန်း တခုခုဖြစ်နေပြီလား မသိဘူး။
မော်ကျွန်းနာမည်ရင်းက ဇော်မိုးထွန်း၊ ဧရာဝတီတိုင်း မော်ကျွန်းမြို့က။ နာမည်ရင်းမခေါ်ဘဲ မြို့တပ်ခေါ်ရာက သူ့မြို့က သူ့နာမည်ဖြစ်သွားတာ။ ပိန်ပိန်သေးသေး၊ ဟောင်ဖွာဟောင်ဖွာ၊ အူကြောင်ကြောင်ရုပ်နဲ့ ဟိုလူပြောလည်း အဟုတ်ထင်၊ ဒီလူပြောလည်း တကယ်သွားလုပ်နဲ့ စခန်းမှာ မကြာခဏ ဟာသ တကောင်ဖြစ်နေသူ။
ဒီတခါပါနဲ့ဆို လိပ်ခွန်းစခန်းကအကြောင်းမက်တာ ၂ ခါရှိပြီ။ အရင်တခါကလည်း တောင်ကုန်းကြီးတခုပေါ်က ကောက်ရိုးတွေတင်ထားတဲ့ ယာတဲကြီးတလုံးမီးလောင်တာကို စခန်းကလူတွေ ဝိုင်းဝန်းမီးသတ်ကြတယ်။ ဆရာမန်းမြင့်ဆိုင်ကိုယ်တို င်အပေါ်အင်္ကျီကျွတ်နဲ့ ရေပုံးဆွဲပြီး မီးသတ်တယ်၊ နောက်ဆုံး တဲကြီးတခုလုံး ပြာကျသွားတယ်။ အဲဒီအိပ်မက် မက်ပြီး စခန်းမှာ အခြေအနေမကောင်းဘူး တခုခုတော့ဖြစ်နေပြီလို့ပဲ နမိတ်ကောက်လိုက်တယ်။
အခန်းထဲက လူတွေ မထကြသေးလို့ အိပ်မက်အကြောင်းတွေးရင်း မှေးခနဲအိပ်ပျော်သွားတုန်း “ မောင်ညိုရေ ... မောင်ညိုရေ ...” ဟိုဘက်အခန်းက ဦးဇင်း ဦးအောင်ချမ်း တံခါးသံတိုင်ရှေ့ကနေလှမ်းခေါ်လို့ လန့်နိုးတယ်။ “မော်ကျွန်းကြီး ဝင်လာတယ်ဟ၊ အခု မျက်နှာသစ်နေတယ်” လို့ လှမ်းပြောတော့၊ ကျနော်လည်း အံ့သြပြီး ကြက်သေ သေသွားတယ်။ ဦးဇင်းကပြောပြီး သူ့အခန်းသူပြန်သွားတယ်။
ကျနော်က အရင်က ဦးဇင်းနဲ့အခန်းတူပေမယ့် နောက်ပိုင်းတော့ မတူတော့ဘူး။ ဒီလိုပဲ ၂ လ တခါ ၃ လ တခါ လူတွေပြောင်း အခန်းပြောင်းတတ်တယ်။
မော်ကျွန်း ပြန်ပြောပြလို့ စခန်းရဲ့ နောက်ဆုံးဖြစ်ပျက်မှုတွေ သိရတယ်။ သူကတော့ စခန်းမှာမနေချင်လို့ နယ်စပ်ကနေပြန်ဖို့ထွက်လာတော့ ရဲကဖမ်းပြီး ထောင်ထဲပို့တာတဲ့။ စခန်းမှာလည်း အစောပိုင်းတွေက စိတ်ဓာတ်မြှင့်တင်ရေးအနေနဲ့ ယူနီဖောင်းဝတ်ပြီး စစ်ရေးလေ့ကျင့်ကြတဲ့အကြောင်း၊ ကုန်ကျစရိတ်ကို ကိုရဲသူရိန်(မန္တလေး) က သူပါလာတဲ့ အဖိုးတန် လက်ဝတ်ရတနာတချို့ ထုခွဲပြီး ပြောက်ကျားဝတ်စုံတွေနဲ့ ဖိနပ်တွေ၊ ဦးထုတ်တွေဆင်ပေးတယ်လို့ သိရတယ်။
စခန်းမှာ တပ်မတော်က ဗိုလ်မှူးစိုးမြင့် နဲ့ ဆရာမန်းတို့ သင်တန်းလာပေးတယ်။ သင်ကြားတဲ့ စစ်ပညာတွေကတော့ အမှန်အကန်ပါ၊ ပင်လည်းပင်ပမ်းကြတယ်။ လက်နက်မကိုင်ရတာ တခုပဲ။ နောက်ဆုံးတွေးကြည့်ပြီး အဖြေထွက်လာတာက အိန္ဒိယအစိုးရရဲ့ထောက်လှမ်းရေးက အစောပိုင်းမှာ ချွေးသိပ်နေတဲ့ လက်နက် ထောက်ပံ့ရေးအစီအစဉ်ဆိုတာ လိမ်စင်ကြီးဆိုတာကိုပါ။
အဲဒီတော့ အနှစ်ချုပ်ပြောရရင် ဒီနေရာမှာ အိန္ဒိယအကူအညီ မရနိုင်ဘူး၊ သင်တန်းရော လက်နက်ရော မရနိုင်ဘူးဆိုတာ အားလုံး တိတိကျကျ သိသွားတယ်။ ဗိုလ်မှူးစိုးမြင့်နဲ့ ကျောင်းသားတချို့ ပြည်တွင်းထဲ လျှို့ဝှက်ဝင်သွားတယ်။ ဆရာမန်းကလည်း ဗဟိုအစိုးရနဲ့ စကားပြောမယ်၊ ထိုင်းဘက်က အင်အားစုတွေနဲ့ အချိတ်အဆက်လုပ် တွေ့မယ်လို့ပြောပြီး ထိုင်းဘက်ထွက်သွားသတဲ့။ အဲဒီနောက် စခန်းမှာ ခေါင်းဆောင်မှုမရှိဘဲ ရဲဘော်တွေ ဦးတည်ရာမဲ့ဖြစ်နေတယ်။
အမှန်တော့ ဆရာမန်းကလည်း အိန္ဒိယကို တော်လှန်ရေးလုပ်ဖို့ ရည်ရွယ်ချက် သက်သက်နဲ့လာတာ မဟုတ်၊ ဟသာင်္တမှာ သပိတ်ခေါင်းဆောင်လုပ်ခဲ့တော့ အာဏာသိမ်းချိန်မှာ ဧရာဝတီ တိုင်းမှူး ဗိုလ်မှူးချုပ်မြင့်အောင်က သူ့ကို အသေရရ အရှင်ရရ မဲနေလို့ တိမ်းရင်းရှောင်ရင်း သူနဲ့ ပြည်ချစ်တော်လှန်ရေးခေတ်က အိမ်ထောင်ကျခဲ့တဲ့ ထိုင်းနိုင်ငံသူ ဇနီးဆီ သွားဖို့ပါ။ သူ့ သီးသန့် ရည်မှန်းချက်တခုခုရှိရင်လည်း ရှိမှာပေါ့၊ ဒါပေမယ့် ကျနော်တို့ အိန္ဒိယနယ်စပ်မှာ ခေါင်းဆောင်မဲ့ပြီး ဖရိုဖရဲဖြစ်နေတာကို မနေနိုင်လို့ ဦးဆောင်လှုပ်ရှားခဲ့တယ်ဆိုတာ သူကိုယ်တိုင် အစည်းအဝေးမှာ ပြောဖူးတယ်။
ဒီနေရာမှာ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေက အိန္ဒိယ အစိုးရကို ဘယ်လောက်အထိ မျှော်လင့်အားကိုးပြီး လှုပ်ရှားမှုတချို့လုပ်ခဲ့တယ်ဆိုတာ နည်းနည်း ရှင်းပြဖို့လိုမယ်။ ၈လေးလုံးအပြီး ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးက မြန်မာကျောင်းသားတချို့ကို ပိုက်ဆံပေးပြီး အိန္ဒိယနယ်စပ်သွားခိုလှုံဖို့ အားပေးတယ်။ ကျောင်းသားတွေကလည်း တကယ်အကူအညီပေးမယ်လို့ ထင်ခဲ့တယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး(နောင် ဝန်ကြီးချုပ်ဖြစ်) နာရာဆင်မရောင်းဝ် ကိုယ်တိုင် ၈ လေးလုံးဆန္ဒပြပွဲတွေ အရှိန်ရနေတော့ မြန်မာ့ဒီမိုကရေစီတောင်းဆိုမှုကို အိန္ဒိယက ထောက်ခံတယ်လို့ ကုလသမဂ္ဂမှာ ဘယ်နိုင်ငံမှမပြောခင် သူ့သဘောထားကိုထုတ်ပြီး ဒီမိုကရေစီဘက် ခပ်ရှင်းရှင်းပဲ ရပ်တည်ခဲ့တယ်။
၁၉၈၉ လောက်က မြန်မာ့တပ်မတော်ကိုထူထောင်ခဲ့တဲ့ ဂျပန်စစ်ပြန် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် (ဒီငြိမ်း ပါတီ) က ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီကို စာတစောင်ရေးပို့ပြီး စစ်ရေးအကူအညီတောင်းခဲ့တယ်။ အဲဒီစာကို နယ်စပ်ဖြတ်ကျော်ပြီး ယူဆောင်လာသူက ဒီငြိမ်း စည်းရုံးရေးမှူး ပျော်ဘွယ်က ဦးမျိုးညွန့်ပါ။ စာထဲမှာ ဗိုလ်မှူးအောင်က အိန္ဒိယနဲ့ မြန်မာရဲ့ လွတ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ်လပ်စ တိုင်းပြည်ထူထောင်ရေးကာလတွေမှာ ချစ်ကြည်ရင်းနှီးစွာ လက်တွဲခဲ့ပုံ၊ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် တိုင်းပြည်ဆုတ်ယုတ်သွားပုံ၊ ယခု အိန္ဒိယမှ အကူအညီလိုတဲ့အကြောင်း၊ ဒီမိုကရေစီတော်လှန်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက် အကူအညီပေးဖို့ ရေးသားထားတာပါ။ ဒါပေမယ့် စာယူလာတဲ့ ဦးမျိုးညွန့်(ပျော်ဘွယ်)က မိတ္ထူတစောင်ကူးပြီး သူ့အိမ်မှာထားခဲ့ရာကအစပြုလို့ လုံခြုံရေးတပ်တွေ မိတ္ထူစာကို မိသွားတယ်။
အဲဒီနောက် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်ခင်ညွန့် သတင်းစာရှင်းပွဲလုပ်ပြီး ဖော်ထုတ်ပါလေရော။ အဲဒီမှာတင် အိန္ဒိယက သံတမန်ရေးဘက်က လှုပ်ရှားမှုတွေ အရှိန်တန့်သွားတယ်။ ၁၉၈၉ ကျနော်တို့ စခန်းမှာရှိနေတုန်းက BBC ရေဒီယို သတင်းတပုဒ်မှာ ထိုင်းဘက်ကနေ လက်နက်ခဲယမ်းတွေသယ်ဆောင်လာတဲ့ စက်လှေတစီး အိန္ဒိယကိုအလာ ပင်လယ်ထဲမျောပြီး မြန်မာအာဏာပိုင်တွေဆီ အလင်းဝင်သွားကြောင်း ကြားခဲ့သေးတယ်။
အဲဒီ အလင်းဝင်သွားတဲ့ ဗိုလ်စိုးလွင်နဲ့အဖွဲ့ဟာ ဦးနုရဲ့သား ဦးအောင် ဦးဆောင်တဲ့ ဒညတ အဖွဲ့ဝင် (ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု) တွေဖြစ်ပြီး အနောက်ဘက်ဒေသမှာ စစ်မျက်နှာတခုဖွင့်နိုင်အောင် အိန္ဒိယရဲ့အားပေးမှုနဲ့ လှုပ်ရှားတဲ့ အစီအစဉ်တခုလို့ နောက်ပိုင်း ပြန်သိရတယ်။ ထိုင်းမှာအခြေစိုက်တဲ့ အိန္ဒိယသံရုံးကလည်း DAB အဖွဲ့ရော၊ NCGUB ကိုရော ငွေကြေးအလုံးအရင်းနဲ့ ကူညီခဲ့ဖူးတယ်။ အိန္ဒိယဟာ အဲဒီလို ဗြောင်ကျကျတမျိုး၊ မသိချင်ယောင်ဆောင်ပြီးတသွယ် အားပေးထောက်ပံ့ခဲ့ပါတယ်။ ကျနော်တို့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ အားနည်းချက်တွေကြောင့် အလုပ်မဖြစ်ခဲ့တာပါ။ ရဲဘော်သုံးးကျိပ်ဝင် ဗိုလ်မှူးအောင်ဆီက အနောက်ဘက်ဒေသရဲ့ စစ်သုံးမြေပုံတောင် ဦးမျိုးညွန့်သယ်လာခဲ့တယ်လို့ ကြားဖူးတယ်။
အင်ဖားထောင်ထဲမှာ ကျနော်တို့ ကျောင်းသားတွေသာမက မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ မှောင်ခိုမှု၊ ခိုးဝင်မှု၊ ခိုက်ရန်ဖြစ်မှုတွေနဲ့ ထောင်ထဲရောက်နေတဲ့ မြန်မာတွေအများကြီးပါပဲ။ အကျဉ်းသားတချို့ဆိုရင် တမူးကနေ မိုးရေးမြို့ထဲ ဆန်အထမ်းပို့ရင်း မိုးရေးရဲက လှမ်းခေါ်လို့အသွား ဖမ်းပြီး ထောင်ထဲပို့လိုက်တာပါ။
ထောင်တံခါးဖွင့်ပေးရင် ကိုယ့်လူတွေစုပြီး ဝိုင်းဖွဲ့စကားပြောကြတော့ ကျနော်တို့ မတတ်တခေါက်နဲ့ပြောတဲ့ နိုင်ငံရေးနဲ့ သမိုင်းရေး၊ အမြင်တွေကို သူတို့က တလေးတစား နားထောင်ကြတယ်။ ကျနော်တို့ရဲ့ မဟုတ်မခံ စိတ်ဓာတ်နဲ့ စစ်အာဏာရှင်ကို ခံတိုက်ခဲ့တာလည်း တန်ဖိုးထားဆက်ဆံတယ်။ သူတို့တတွေ စီးပွားရေးအခြေအနေ၊ မိသားစုအနေအထားနဲ့ ဆင်းရဲတဲ့ လူနေမှု ဘဝတွေကြောင့် ဖြတ်လမ်းက ငွေရှာရင်း တိုင်းတပါးထောင်ကို ရောက်လာပေမယ့် ဗမာဗမာချင်း စည်းလုံးတဲ့စိတ်၊ အားကိုးယုံကြည်စိတ်တော့ ရှိကြတယ်။ တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီး မိဝေးဖဝေးနဲ့ မိသားစုကိုစွန့်ခွာ၊ ကိုယ့်ဘဝတိုးတက်မှုတွေ ဖြုတ်ချထားပြီး အများပြည်သူအတွက် လုပ်ဆောင်နေသူတွေဆိုတဲ့ စွန့်လွှတ်မှုကို သူတို့ လေးစားကြောင်း အမူအရာနဲ့လည်း ပြတယ်၊ နှုတ်ကလည်း ပြောဆိုတယ်။
တကယ်တော့ သူတို့ကသာ ကျနော်တို့ဘဝတွေကို နားလည်မှုပေးပြီး သနားကြင်နာနေတယ်ဆိုပေမယ့် သူတို့ဘဝက ကျနော်တို့ထက်တောင် ပိုပြီးကြမ်းတမ်းပါတယ်။ တမူးနယ်က မူးယစ်ဆေး သယ်ဆောင်သူတွေတချို့ဆို အန္တရာယ်ရှိမှန်းသိရက် မိသားစု ထမင်းအိုးအတွက် သူများပိုင်ပစ္စည်း အနည်းအကျဉ်းလောက်နဲ့ အမှုကြီးကြီးတပ်ခံရသူတွေလည်းပါတယ်။ ကျနော်တို့ တကိုယ်ရည်မို့ လွတ်လပ်ပြီး ဖြစ်ချင်ရာဖြစ်နိုင်ပေမယ့် သူတို့က နောက်ကွယ်မှာ ကိုယ့်အပေါ်မှီခိုနေတဲ့ သားသမီး ဇနီးမယားမျက်နှာတွေ၊ ကိုယ့်လူမှုပတ်ဝန်းကျင်က အခြေအနေတွေရဲ့ ရိုက်ခတ်မှုတွေရှိနေပြီး သူတို့မျက်နှာပေါ်မှာ အမြဲတစေ ညှိုးနွမ်းသိမ်ငယ်တဲ့အရိပ်တွေ၊ လွမ်းဆွတ်တဲ့မျက်လုံးတွေ၊ စိုးရိမ်ပူပန်နေတဲ့အပြောအဆိုတွေနဲ့ နေ့စဉ် ငြီးတွားနေကြတာပါ။
ခက်တာက ထောင်ထဲမှာ စာမရေးရဘူး။ ဘောပင် ဖောင်တိန် ကိုင်ခွင့်မရှိဘူး။ တလတခါတော့ Video လာပြတယ်။ သတင်းစာလည်း မဖတ်ရဘူး။ ထောင်စာကြည့်တိုက်တော့ ရှိတယ်။
ကျနော်တို့အဆောင်ဘယ်ဘက်မှာ ထောင်ထဲ ကျနော်တို့ရောက်စက သွပ်ပြားခြားပြီးကာထားတဲ့ အဆောင်(၁)မှာ ကသဲသူပုန်တွေ၊ နိုင်ငံရေးသမားကို ချုပ်နှောင်ထားတယ်။ အဆောင်(၂)က ကျနော်တို့ကို အခန်းထဲထည့်ချိန်မှ သူတို့ကို လွှတ်ပေးတယ်။ သူတို့က ထောင်အခွင့်အရေး ပိုရတယ်။ စာကြည့်တိုက် စာဖတ်ခွင့်၊ စာအုပ်ငှားရမ်းခွင့်၊ စာရေးခွင့်၊ မကျေနပ်တာ တောင်းဆိုတင်ပြခွင့်နဲ့ အစားအသောက်ကို လိုသလောက် ယူပိုင်ခွင့်ရှိတယ်။ သာမန်အကျဉ်းသားတွေရဲ့ အခွင့်အရေးအတွက်လည်း သူတို့က အာဏာပိုင်တွေဆီ တောင်းဆိုပေးတတ်တယ်။ အစာငတ်ခံဆန္ဒပြတာတွေလည်း ရှိတယ်။ ထူးခြားတာတခုက သူတို့ထဲက အရေးပါသူတချို့ကို တရားရုံးကလွှတ်မိန့်ကျလို့ ညနေထမင်းစားပြီးချိန် အခန်းထဲကထုတ်ပြီး လွှတ်လိုက်တယ်။ အဲဒီညတွင်းချင်း ရဲကပဲ ထောင်ဗူးဝကနေ ပြန်ဖမ်းပြီး ထောင်ထဲပြန်ထည့်လိုက်တယ်။ အဲလို မကြာမကြာ တွေ့နေရတယ်။
ကသဲမြေအောက်သူပုန်တချို့ဟာ မြန်မာစကားကို ရေလည်အောင် ပြောတတ်တယ်။
တနေ့ အသားဖြူဖြူ ဗလကောင်းကောင်း၊ အရပ်ပုပု၊ မျက်ခုံးထူထူနဲ့ သူပုန်တယောက်က ကျနော့်ကို “နေကောင်းလား၊ ဗမာပြည်ကလား” လို့ ဗမာစကားသဲဝဲဝဲနဲ့ မိတ်ဆက်တယ်။ ကျနော်က က ဝမ်းသာအားရနဲ့ ဗမာလို ဆက်တိုက်မေးတော့ သူ ကောင်းကောင်းမတတ်ဘူး။ ဒါပေမယ့် ဗမာလိုရေရေလည်လည်ပြောနိုင်တဲ့ သူ့အဖော်ကိုခေါ်ပြီး မိတ်ဆက်ပေးတယ်။ သူ့နာမည်က ဇော်ဝမ်းတဲ့။ ရုပ်ရှင်မင်းသား ဇော်ဝမ်းနဲ့ ခပ်ဆင်ဆင်တူတယ်။ ကျနော်က ဗမာစကားဘယ်လိုတတ်သလဲမေးတော့ ကချင်ပြည်နယ်မှာ စစ်သင်တန်းတက်တော့ တတ်လာတာလို့ ပြောတယ်။ ဟုမ္မလင်းကို ရောက်ဖူးတယ်။ ကသဲမြေအောက်သူပုန်တွေဟာ KIA ထံက လက်နက်ကိုင်သင်တန်းနဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ရတယ်။ ဗမာစကားရော၊ ကချင်စကားရော တတ်တယ်။
သူတို့ကြောင့် ကျနော်တို့ အိန္ဒိယထုတ် သတင်းစာတွေ ဖတ်ရတယ်။ ပြီးတော့ စာရေးဖို့ ဘောလ်ပင်မင်ချောင်းလည်း ပေးတယ်။ တခါတော့ ဦးဇင်း ဦးအောင်ချမ်းတို့အခန်းက ကသဲတယောက် ထောင်စည်းကမ်းချိုးဖောက်လို့ အခန်းထဲကလူအားလုံးကို လေးဘက်ထောက် (ဒိုက်ထိုးတဲ့ပုံစံ)နေခိုင်းတယ်။ ထောင်ထဲမှာ တယောက်မှားရင် အားလုံးကို အပြစ်ပေးတယ်။ ကျနော်တို့က ဘုမသိဘမသိ အပြစ်မရှိဘဲ အရိုက်ခံရတယ်။ ဂိုင်စီ၊ ထွန်းထွန်းနဲ့ ချိုစံမောင်တို့ဆိုရင် ခြေသလုံးနဲ့ပေါင်ပေါ်က အရှိုးရာ အမာရွတ်တွေ ထောင်ကထွက်တဲ့အထိ မပျောက်ဘူး။ အဲဒါကို ကျနော်တို့ မကြိုက်ဘူး။
တခါက ကျနော်တို့အခန်းမှာ ဆူဆူညံညံနဲ့ စကားပြောနေလို့ဆိုပြီး ရဲက တခန်းလုံး ထိုင်ထလုပ်ဖို့ အပြစ်ဒဏ်ပေးတယ်။ ကျနော်က ကိုယ့်ဖာသာ ငြိမ်ငြိမ်နေတာ၊ စကားပြောဖော်လည်း မရှိဘူး။ ထောင်စည်းကမ်းဆိုတော့ အောင့်သက်သက်နဲ့ ထရတယ်။ တခါလောက်တော့ ထိုင်ထ လုပ်မိသေးတယ်။ ဒါပေမယ့် ဆက်ပြီး လုပ်ချင်စိတ်မရှိတော့ဘူး။ မတရား စည်းကမ်းလို့ ထင်တယ်။ အဲဒါနဲ့ ထိုင်ထဆက်မလုပ်ဘဲ ခပ်တည်တည် ထိုင်ချလိုက်တယ်။ အဲဒီတော့ ရဲက ကျနော့်ကိုကြည့်ပြီး “မင်း ဗမာလား” လို့ မေးတယ်။ ဟုတ်တယ်လို့ပြောတော့ အခန်းထဲက ကျန်တဲ့ဗမာတွေကိုပါ ထိုင်ခိုင်းတယ်။ အသက်ကြီးသူတွေကိုပါ ထိုင်ခိုင်းတယ်။ ဆိုလိုတာက မဏိပူရထောင်အစောင့်ရဲတွေဟာ သူတို့စည်းကမ်းကို အပြစ်မရှိသူတွေဆီမလုပ်မိအောင် ကြိုးစားတယ်။ အဆင်ပြေအောင် လုပ်ပေးတယ်။ လှေနံဓားထစ်တွေ မဟုတ်ဘူး။ အခုလည်း ဦးဇင်း မတရားအပြစ်ပေးခံရတာကို ညီညီလွင်က ကသဲသူပုန် ဇော်ဝမ်းကို သွားပြောတယ်။ သူက ဘုန်းကြီးတယောက်ဖြစ်တယ်၊ အသက်လည်းကြီးပြီ၊ ဒါမျိုးအပြစ်ပေးတာ မသင့်လျှော်ဘူးဆိုတော့ ဇော်ဝမ်းက ရဲကို သွားပြောတယ်။ ဦးဇင်းကို ရဲက သက်သာခွင့်ပေးလိုက်တယ်။
ထောင်ထဲက ကသဲ နိုင်ငံရေးသမားတွေဟာ ထောင်ရဲတွေ၊ ထောင်အရာရှိတွေကို သြဇာလွှမ်းတယ်။ ကသဲ မြေအောက်တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေကို တိုင်းပြည်အတွက် စွန့်လွှတ်လုပ်ကိုင်နေသူတွေ၊ သူတို့ မဏိပူရပြည်သူတွေအတွက် အိန္ဒိယအာဏာပိုင်တွေရဲ့ နိုင်ငံရေး၊ စီးပွားရေး လွမ်းမိုးချုပ်ကိုင်မှုကနေ လွတ်မြောက်အောင် ဘဝစွန့်လုပ်နေတဲ့ တော်လှန်ရေးသမားတွေဆိုပြီး မဏိပူရ ဝန်ထမ်းတွေ၊ အစိုးရအရာရှိတွေ၊ နိုင်ငံရေးပါတီတွေကအစ လေးစားတယ်။ တန်ဖိုးထားတယ်။ ကိုယ်ကျိုးမပါဘဲလုပ်နေတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားတွေကို မစော်ကားဘူး၊ အထင်သေး ရှုံ့ချတာမျိုး မလုပ်ဘူး။ ဗြိတိလျှ ကျွန်ဘဝက လွတ်မြောက်ခဲ့တာချင်းအတူတူ နိုင်ငံရေးယဉ်ကျေးမှုက ဒီမိုကရေစီအမြစ်တွယ်နေတဲ့ အိန္ဒိယမှာ ခိုင်မာအားကောင်းတယ်။ ရင့်ကျက်တယ်။
ကိုညို
၀၅ ဇွန် ၂၀၁၅
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment