Tuesday, June 25, 2013

ထောင်ကြွေးကျန်ပုဒ်မ မသုံးတော့ဘူးဆိုတော့ (မောင်ဝံသ)

သိချင်တဲ့သတင်းတွေနဲ့ သိသင့်တယ်လို့ယူဆရတဲ့ သတင်းတွေကို ဖတ်ရှုလေ့လာဖို့ အပတ်စဉ်ထုတ် သတင်းစာ (ဂျာနယ်)တွေကို အားထားနေရတဲ့ဘဝကနေ ခုဆိုရင် နေ့စဉ်ထုတ် သတင်းစာတွေရော၊ အချိန်နှင့်အမျှ တက်နေတဲ့ အွန်လိုင်းသတင်းတွေရော ရှိလာနေလေတော့ ကျွန်တော်တို့မှာ သတင်းတွေ အလျှံပယ်ဖြစ်နေတယ်လို့တောင် ဆိုနိုင်တယ်ဗျာ။ 

သည်ရက်များအတွင်း ဟော့ ဖြစ်ခဲ့တဲ့သတင်းတွေထဲမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးရင် နိုင်ငံတော်သမ္မတ ဘယ်သူဖြစ်လာမလဲဆိုပြီး ဝိုင်းဝန်းတွက်ချက် ထင်ကြေးပေးကြတာတွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီခေါင်းစဉ်ပြီးတော့ လူပြောများတဲ့အကြောင်းအရာတစ်ခုက ၂၀၁၅ ရွေးကောက်ပွဲကစလို့ PR ဆိုတဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို မိတ်ဆက် သွတ်သွင်းသင့်မသင့် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြမယ့်ကိစ္စပါပဲ။ နောက်တစ်ခုက ပုံနှိပ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မပြောမဆိုကြသေးပေမယ့် Face book လောကမှာတော့ တုတ်တစ်ပြက် ဓားတစ်ပြက်လို့တောင် ပြောရမလိုဖြစ်နေတဲ့ မျိုးစောင့်ဥပဒေတော်မူကြမ်းကိစ္စဖြစ်ပါတယ်။ 


လာလောဆယ် ဆုံးဖြတ်ရမှာ မဟုတ် 

ကျွန်တော့်အမြင်ကတော့ အထက်ပါ သုံးခုစလုံးဟာ လတ်တလော အဆုံးအဖြတ်ပေးရမယ့် အကြောင်းအရာတွေ မဟုတ်ပါဘူး။ ငြင်းခုံလို့ကောင်းတဲ့ ခေါင်းစဉ်မျိုးတွေဖြစ်ပေမယ့် စိတ်ခံစားချက်နောက်လိုက်ပြီး တစ်ပွဲတိုး ဖြေရှင်းလို့ရတာ မဟုတ်တာတော့ သေချာပါတယ်။ ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားပြီးမှ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူအများစုကြီးရဲ့ သဘောထားနဲ့ အဂတိတရား လေးပါးကင်းရှင်းစွာ ညှိနှိုင်းဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ (မျိုးစောင့်ဥပဒေနဲ့ပတ်သက်လို့ ၂၂ ဇွန် ၂၀၁၃ 7 Day Daily သတင်းစာမှာ ဆောင်းပါးရှင် ဆရာ အောင်ကိုဦးရေးတဲ့ ‘တွေးရင်းနဲ့ ပူပန်မိ’ ဆောင်းပါးကိုတော့ တိုင်းပြည်ရှေ့ရေး မျှော်တွေးသူတိုင်း ဖတ်ရှုဆင်ခြင်သင့်တယ်လို့ ညွှန်းလိုပါတယ်။) 

ဆင်းရဲမွဲတေမှုလျှာ့ချရေး 

သည်လိုဆို လက်ငင်းပြဿနာတွေက ဘာတွေလဲ ပြောစမ်းပါဦးလို့မေးလာရင် ကျွန်တော်တို့ကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတို့ပါပဲလို့ ထပ်ပြောရမှာ ဖြစ်ပါတယ်။ အဲဒီသုံးခုစလုံးဟာ ယနေ့အထိ အားရစရာ မရှိသေးပါဘူး။ (၁) ဆောင်ရွက်နေဆဲ အဆင့်ရယ်၊ (၂) ဆောင်ရွက်ဖို့လေ့လာမယ်ဆိုတဲ့ အဆင့်ရယ်၊ (၃) ဆောင်ရွက်နေသော်လည်း မည်မည်ရရ ရလာဒ်ကောင်းထွက်မလာဘဲ တိုင်းပြည်ရဲ့ လူဦးရေ လေးပုံတစ်ပုံ ဆင်းရဲတွင်းနက်နေဆဲ အဆင့်ရယ်မှာပဲ ရှိနေပါသေးတယ်။ သတင်းစာဆရာ တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် ခေါင်းစဉ်မည်းကြီးတွေနဲ့ မျက်နှာဖုံးတင်ပြီး သတင်းပေးလောက်တဲ့ အဆင့်ကို မနီးစပ်သေးဘူးလို့ပဲ ပြောရမှာပါ။ 

ပုဒ်မ ၄၀၁ ကိစ္စ သတင်းကောင်း 

သို့ပေမယ့် ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကြားသိလိုက်ရတဲ့ သတင်းတစ်ပုဒ်ကတော့ ကျွန်တော်ကိုယ်တိုင် ခုချိန်ထိ ဘဝင်မကျခဲ့တဲ့ ခိုးလိုးခုလုကိစ္စတစ်ခု ပြေလည်သွားတော့မယ့် အလားအလာဖြစ်တာကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခုအဖြစ် ကြိုဆိုပါတယ်။ 

အဲဒါကတော့ နိုင်ငံရေးအကျဉ်းသားဟောင်းများကို သရော်မော်ကားပြုနေသလိုဖြစ်ခဲ့တဲ့ ထောင်ကြွေးကျန်ပုဒ်မ ခေါ် ပုဒ်မ ၄၀၁ ကိစ္စ ဖြစ်ပါတယ်။ ဒီအကြောင်းကို ရှေ့က ကျွန်တော့်ဆောင်းပါးအချို့မှာလည်း တစ်ကြိမ်မက ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ 

နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့ခေတ် 

ပုဒ်မ ၄၀၁ ကိစ္စမပြောခင် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အသုံးအနှုန်းနဲ့စပ်လျဉ်းပြီး အထစ်အငေါ့လေးတွေဖြစ်ခဲ့တာကို ပြောချင်ပါသေးတယ်။ တကယ်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဆင့်အတန်းတစ်ခုကို မကြားလို မနာလိုဖြစ်ပြီး ဖျောက်ဖျက်ပစ်ခဲ့တာ မဆလ ပါတီ တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဖြစ်ပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်ကရှိခဲ့တဲ့ A Class, B Class နိုင်ငံရေးအကျဉ်းသားတွေကို ဦးနေဝင်းက အတော် မျက်မုန်းကျိုးပုံရတယ်။ သူ့လက်ထက်မှာ အဲဒီအဆင့်အတန်းတွေ လုံးဝဖျက်ပြီး ရာဇဝတ်သားတွေလို့ပဲ သတ်မှတ်ခဲ့ပါတယ်။ 

သို့ပေမယ့် သူ့လက်ထက်မှာပဲ ၁၉၈၀ ပြည့်နှစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာတော့ နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ မည်သည့်ပုဒ်မတွေ အကျုံးဝင်တယ်ဆိုတာကို ထိုစဉ်က နိုင်ငံတော်ကောင်စီက အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့ရပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာကို လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။ 

နဝတ၊ နအဖ အစိုးရများလက်ထက်မှာတော့ ဦးနေဝင်းထက်တောင် ပြတ်သားကြပါတယ်။ နိုင်ငံရေးအရ ဖမ်းဆီးထောင်ချသူတွေ မရေမတွက်နိုင်အောင် များပြားခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိပါဘူးလို့ နှစ် ၂၀ ကျော်မျှကြာအောင် တစ်သမတ်တည်း ပြောခဲ့ပါတယ်။ 

ဘာလီကျွန်း မိန့်ခွန်း 

၂၀၁၁ ခု မတ်လမှာ သမ္မတကြီး ဦးသိန်းစိန် အစိုးရတက်လာတော့ စစ်အစိုးရခေါင်းဆောင် အဆက်ဆက် ပြောဆိုခဲ့ကြတဲ့ မိန့်ခွန်းမျိုးတွေနဲ့ အင်မတန်မှ မတူကွဲပြားခြားနားတဲ့ မိန့်ခွန်းတစ်ခုနဲ့ ပွဲထွက်လာတာရယ်၊ အဲဒီနောက်ပိုင်းမှာလည်း ပြောတဲ့အတိုင်း တစ်ခုပြီးတစ်ခု လုပ်လာခဲ့တဲ့ လုပ်ရပ်တွေရယ်ကြောင့် မြန်မာပြည်သူတွေ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ အကောင်းဘက်ပြောင်းပြီး ရှုမြင်လာခဲ့ကြပါတယ်။ သို့ပေမယ့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့တဲ့ “ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိပါဘူး” ဆိုတဲ့စကားကြောင့် ဟယ်ခနဲ ဖြစ်သွားကြရပြန်ပါတယ်။ 

ကျွန်တော် လေ့လာကြားသိရသလောက် ပြောရမယ်ဆိုရင် အဲဒီစကားက သမ္မတကြီးရဲ့ပုံရိပ်ကို အများကြီး ထိခိုက်သွားစေခဲ့ပါတယ်။ ဒီစကားကို ယုံယုံကြည်ကြည်နဲ့ ပြောခဲ့တယ်ဆိုရင်လည်း ဒါဟာ ပကတိ အရှိတရားနဲ့ ကင်းကွာနေတယ်လို့ ရှုမြင်ခြင်းခံရမှာ ဖြစ်ပါတယ်။ အဲသလိုမဟုတ်ဘဲ ဖိအားတစ်ခုခုကြောင့် ဒီစကားကို ပြောခဲ့တယ်လို့ ယူဆခံရလျှင်လည်း မလွန်ဆန်နိုင်တဲ့ဘဝမှာ ရှိနေသေးတယ်လို့ ရှုမြင်ခြင်းခံရမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ရှုမြင်ခြင်းခံရသည်ဖြစ်စေ သမိုင်းဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို ဦးဆောင် အကောင်အထည်ဖော်နေသူတစ်ယောက်အတွက်တော့ အနုတ်လက္ခဏာတွေချည်းသာ ဖြစ်ပါတယ်။ 

ချက်ကြိုး မပြတ်သေးသလို 

အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြား လွတ်မြောက်လာခဲ့ကြပေမယ့် လွှတ်ပေးပုံ လွှတ်ပေးနည်းကြောင့်ရော၊ သမ္မတကြီးရဲ့ အဲဒီစကားကြောင့်ပါ လွတ်လာသူတွေရော၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါ မသဒ္ဒါရေစာ စားရသလို ခံစားခဲ့ကြရပါတယ်။ မလွှတ်ချင် လွှတ်ချင် ဆောင့်ကြီးအောင့်ကြီး လွှတ်ပေးတာသာဖြစ်တယ်လို့ ခံစားကြရတဲ့အတွက် လက်ရှိအစိုးရဟာ သူ့ရှေ့က စစ်အစိုးရအဆက်ဆက်နဲ့ ချက်ကြိုးမပြတ်သေးတဲ့ အစိုးရဖြစ်တယ် ဆိုတဲ့အမြင် ပြည်သူတွေအကြား ပျောက်ကွယ်မသွားနိုင်သေးတာ ဖြစ်ပါတယ်။ 

အဲဒီလိုဖြစ်ရတဲ့ကိစ္စမှာ အဓိကကျတဲ့အကြောင်းရင်းတစ်ခုကတော့ ပုဒ်မ(၄၀၁)ကိစ္စပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ပြည်သူကို တိုက်ရိုက်ပြောကြားခဲ့တဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ သမ္မတကြီးက သူ့အစိုးရအနေနဲ့ အဲဒီပုဒ်မကို နိုင်ငံရေးအတွက်အသုံးချဖို့ ရည်ရွယ်ချက်မရှိပါဘူးလို့ အတိအလင်း ပြောသွားခဲ့ပေမယ့် ‘ထောင်ကြွေးကျန် ပုဒ်မ’ လို့ အဓိပ္ပာယ်ရတဲ့ အဲဒီပုဒ်မကို မသမာတဲ့ နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချလိုသူတွေရှိနေခဲ့တာလည်း အမှန်ပဲဖြစ်ပါတယ်။ 

လက်ရှိ အစိုးရခေတ်မှာ နိုင်ငံရေးအကျဉ်းသားများကိစ္စနဲ့ပတ်သက်ပြီး တိုးတက်မှုတွေ အတော်အတန်ရှိလာခဲ့တာ အမှန်ပါ။ ထောင်တွင်းအခြေအနေတွေ ပိုကောင်းလာတာ အစ၊ နိုင်ငံရေးအကျဉ်းသားအများစု ပြန်လွတ်လာတာ အလယ်၊ အဖျက်အမှောင့် အဖွဲ့အစည်းတွေအဖြစ် တစ်လျှောက်လုံး သဘောထားလာခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရလူကြီးတွေကိုယ်တိုင် ပူးပေါင်းပြီး လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့နိုင်တာ အဆုံး တိုးတက်မှုတွေရှိခဲ့တာ သံသယရှိစရာ မလိုပါဘူး။ 

အခု နောက်ဆုံးကြားရတဲ့သတင်းအလိုအရတော့ ပုဒ်မ ၄၀၁ ကို နောက်နောင် မသုံးတော့ပါဘူးလို့ နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားတယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် နောင်မှာလည်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းတာ ဆီးတာတွေ ဆက်ပြီးရှိနိုင်သေးတယ်။ ဆိုလိုတာက နိုင်ငံရေးအကျဉ်းသားဆိုတာတွေ ရှိနိုင်သေးတယ်။ ဒီတော့ကာ သူတို့ကို ထောင်ထဲမှာ ဘယ်လိုထားမယ်ဆိုတာကို ဆက်ဆွေးနွေးကြရဦးမယ်ဆိုတဲ့ လေသံတစ်ခုလည်း ထွက်လာပါတယ်။ 

အမြင်မတော် ဆင်တော်နဲ့ ခလောက် 

ကျွန်တော်ကတော့ အဲဒီလိုအသံမျိုးကို သဲ့သဲ့တောင် မကြားချင်ပါဘူး။ ဒီမိုကရေစီနိုင်ငံနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာ အမြင်မတော် ဆင်တော်နဲ့ ခလောက်သဖွယ် မအပ်စပ်တဲ့အရာတစ်ခုပါ။ ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးရဲ့ သမ္မတက ဒီမိုကရေစီနိုင်ငံမှန်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား တစ်ယောက်ရှိတယ်ဆိုရင်တောင် များလွန်းလှပါတယ်လို့ မြန်မာနိုင်ငံရောက်တုန်း ပြောခဲ့တာ အားလုံး မှတ်မိကြမှာပါ။ 

တကယ်တော့ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ နိုင်ငံအတွက် ပေးဆပ်ခဲ့ကြသူတွေဖြစ်တာကြောင့် ဒီမိုကရေစီဖော်ဆောင်နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ သူ့ရှေ့က အစိုးရတွေရဲ့ အမှားတွေကို တာဝန်ယူ ပြုပြင်တဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ကြေမွနေတဲ့ဘဝများ ပြန်လည် ထူထောင်ရေးကို အစိုးရကတောင် ဦးစီးလုပ်ဆောင်ပေးရမှာပါ။ 

အဲသလို မလုပ်နိုင်သေးဘူးဆိုရင်တောင် နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ ပေါ်မလာရေးကို သန္နိဌာန်ချ လုပ်ဆောင်ကြရမှာပါ။ ဒါဟာ မဖြစ်နိုင်တဲ့အလုပ် မဟုတ်ပါဘူး။ ဒီကနေ့လို ဒီမိုကရေစီကဘာက ဧည့်ကောင်းစောင်ကောင်းတွေ ဝင်လာမစဲ တသဲသဲ ဖြစ်နေချိန်မျိုးမှာ သူတို့နိုင်ငံတွေမှာရော နိုင်ငံရေးအကျဉ်းသားတွေရှိသလား မရှိဘူးဆိုရင် မရှိအောင် ဘယ်လိုလုပ်သလဲဆိုတာတွေကို မေးမြန်းစုံစမ်းပြီး အကြံဉာဏ်ရယူသင့်ပါတယ်။ ကောင်းတဲ့ မှန်တဲ့အလုပ်ကို လုပ်တာ သိက္ခာကျစရာ လုံးဝ မဟုတ်ကြောင်းပါဗျာ။ ။ 

၂၃၀၆၂၀၁၃ 
maungwuntha@gmail.com 

ပည်သူ့ခေတ်ဂျာနယ်၊ ၂၇ ဇွန် ၂၀၁၃ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး


 

No comments: