မြန်မာနိုင်ငံဟာ ၁၉၄၈ လွတ်လပ်ရေးရချိန်ကစလို့ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့တာ ၁၀ နှစ် ကြာမြင့်ခဲ့တယ်။ အဲဒီ ၁၀ နှစ် ၁၀ မိုးကာလအတွင်း တိုင်းပြည်မှာ ပြည်တွင်းစစ်ကြီး တခြိမ်းခြိမ်းဖြစ်နေတဲ့ကြားက လယ်ယာစီးပွားလုပ်သူတွေ ဆက်လုပ်၊ ပြည်ပဆန် တင်ပို့တာတွေလည်း မပျက်မကွက် ဆက်လုပ်၊ အခြား စက်မှုထုတ်ကုန် အိတ်စပို့ အင်ပို့တွေကလည်း အရှိန်အဟုန်နဲ့။
သည်ကြားထဲ ပြည်တော်သာ စီမံကိန်းကြီးဆိုတာတောင် ပေါ်ပေါက်ခဲ့သေး။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးကလည်း ဗုဒ္ဓဘာသာသမိုင်းမှာ မှတ်တိုင်ကြီး ထီးထီးမားမား စိုက်ထူနိုင်ခဲ့။ အရှေ့တောင်အာရှမှာ ဝဲစားနိုင်ငံလို့ ဘယ်သူကမှ မထင်ခဲ့ရုံမက မြန်မာပြည်သားတွေ သွားလေရာ မျက်နှာပန်းလှကာ အိမ်နီးချင်းနိုင်ငံသားတွေရဲ့ မော်ကြည့်ခြင်းကိုခံခဲ့ရတာ အားလုံးအသိပါ။ နိုင်ငံရေးသမားတွေကြောင့် တိုင်းပြည်ကြီးရဲ့ အခြေအနေတွေ ဘက်ပေါင်းစုံက ယိုယွင်းလာနေတယ်လို့ ပြောစရာ တစ်ကွက်မှမရှိခဲ့။
၁၉၅၈ အာဏာသိမ်းပွဲ
အဲသလို ပြည်တော်သာ ခေတ်ကြီးကိုပင် ရှေးရှုနေချိန်မှာ ပြည်တော်မသာခဲ့တာက အာဏာရ နိုင်ငံရေးပါတီကြီးဖြစ်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးပါပဲ။ ဖဆပလကြီး ထက်ခြမ်းကွဲရာကအစပြုပြီး တည်မြဲ ဖဆပလ လိုလားသူ ဆိုရှယ်လစ်ပါတီ လက်ဟောင်း စစ်ဗိုလ်ချုပ်တချို့နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း ပူးပေါင်းကာ ၁၉၅၈ ခုမှာ ဦးနုဆီက အာဏာသိမ်းခဲ့ပါတယ်။ သမိုင်းရေးတဲ့အခါ တိုင်းပြည် မငြိမ်မသက်ဖြစ်နေလို့ ဗိုလ်ချုပ်ကြီး နေဝင်းလက်ကို ဦးနုက အာဏာအပ်လိုက်ရတယ်ဆိုတဲ့အပေါက်မျိုး ရေးသူတွေ ရှိတယ်။
စစ်တပ် ရာဇဝင်ရိုင်းမယ်
တကယ့် အဖြစ်အပျက်က ဦးနုဆီကို ဗိုလ်ချုပ်နေဝင်း အမိန့်အရ အာဏာလာသိမ်းတဲ့ စစ်ဗိုလ်ချုပ် သုံးယောက် (ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်တင်ဖေ) က ဝန်ကြီးချုပ် ရုံးမတက်ပါနဲ့တော့လို့ပြောတော့ ဦးနုက မင်းတို့ စစ်တပ်က အာဏာသိမ်းတာလား၊ အာဏာသိမ်းတယ်ဆိုတာ စစ်တပ်အတွက်လည်း ရာဇဝင်ရိုင်းမယ်၊ တိုင်းပြည်အတွက်လည်း မကောင်းဘူးကွာ၊ သည်တော့ ကျုပ်က ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာလွှဲအပ်မယ်။ ဗိုလ်ချုပ်ကြီး နေဝင်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး ၆ လအတွင်း လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပါ။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီကို အာဏာပြန်လွှဲအပ်ပါလို့ တောင်းဆိုလိုက်တာပါ။ ဦးနုက တိုင်းပြည်ကြီး မငြိမ်မသက် ဖြစ်နေပါပြီ၊ ကျုပ်လည်း မထိန်းသိမ်းနိုင်တော့ပါ၊ ဒါကြောင့် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာလွှဲယူပြီး ကယ်တင်တော်မူပါလို့ တောင်းဆိုခဲ့တာ မဟုတ်ပါ။
ဗိုလ်ချုပ်နေဝင်း စိတ်ဆိုးပုံများ
ဦးနုဆီသွားခဲ့တဲ့ စစ်ဗိုလ်ချုပ် သုံးယောက်ထဲက တစ်ယောက်က ကျွန်တော်နဲ့ အတော် ခင်မင်ရင်းနှီးတဲ့ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ်ဟောင်း၊ ကွယ်လွန်သူ ပြည်သူ့ရဲဘော် ဗိုလ်ထိန်လင်းနဲ့လည်း အတော့်ကို ရင်းနှီးတယ်။ ထိုပုဂ္ဂိုလ်ဟာ လူတော်တစ်ယောက်လို့ သတင်းကြီးပါတယ်။ ဘဝင်လည်း အတော်မြင့်သူလို့ ဆိုပါတယ်။ ဦးနုဆီကိုသွားတာတောင် သူက ဦးဆောင်သွားခဲ့တာ၊ ဗိုလ်အောင်ကြီးက သူ့အဖော်အဖြစ်လိုက်ခဲ့ရတာလို့ ပြောတတ်တဲ့သူမျိုးပါ။
နောင်နှစ်ပေါင်းများစွာ ကြာလာပြီး ထိုပုဂ္ဂိုလ်လည်း သူ ပြောင်းလဲကိုးကွယ်ရာ ဘာသာရေးကိစ္စတွေလုပ်နေရင်း တစ်နေ့ စကားလက်ဆုံကျတော့ ဗိုလ်ထိန်လင်းကို ပြောပြသတဲ့။ ဦးနုစကားကို လက်ခံသဘောတူပြီး သူတို့သုံးယောက် ပြန်လာကာ ဗိုလ်နေဝင်းထံ အစီရင်ခံတော့ စိတ်ဆိုးလိုက်တာဗျာတဲ့။ သူက အဲဒီကတည်းက အပြတ် အာဏာသိမ်းချင်နေတာ။ ကျုပ်တို့က ဦးနု လှည့်ကွက်ထဲဝင်သွားပြီး အာဏာလွှဲတာကို လက်ခံ၊ ပါလီမန်ကိုလည်း မဖျက်ရ၊ နိုင်ငံတော် သမ္မတကြီးကလည်း ရှိနေမယ်။ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို အာဏာလွှဲရမယ်ဆိုတာကိုလည်း သဘောတူခဲ့လေတော့ သူ့ရဲ့ မင်းစည်းစိမ်ခံစားခွင့်က ခဏလေးဖြစ်တော့မှာပေါ့လို့ ဒေါသူပုန်ထသွားဟန် တူတယ်တဲ့။
အာဏာသိမ်းရောဂါတွေ ကူးစက်နေချိန်
အဲဒီကာလဝန်းကျင် ၁၉၅၀ ပြည့်နှစ်များက အီဂျစ်မှာ ဗိုလ်မှူးကြီး နာဆာတို့ အာဏာသိမ်း၊ ထိုင်းမှာလည်း ခဏခဏ စစ်တပ်က အာဏာသိမ်း၊ ပါကစ္စတန်မှာလည်း အာယွတ်ခန်တို့၊ ယာဟီးယားခန်တို့ အာဏာသိမ်း စသည်ဖြင့် စစ်အာဏာသိမ်းရောဂါတွေ ကူးစက်နေချိန်မှာ ဗိုလ်ချုပ်နေဝင်းကလည်း နိုင်ငံရေးအာဏာကို ဖြတ်လမ်းက အပိုင်ကြံခဲ့တာပါပဲ။
သို့သော် သူ့ထက် အဆပေါင်းများစွာ အကွက်မြင်တဲ့ ဦးနုနဲ့ရင်ဆိုင်ရလေတော့ ပထမတစ်ကျော့မှာဖြင့် သူ ခံသွားရပေသပေါ့။ နောက်တစ်ကျော့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်ကျတော့ ဦးနုရဲ့ တစ်ကျော့ပြန်အစိုးရက ကြီးမှူးကာ ပြည်လမ်း အသံလွှင့်ရုံကြီးမှာ ဖက်ဒရယ်မူကိစ္စ ညီလာခံကြီးကျင်းပနေတုန်း၊ တိုင်းရင်းသားခေါင်းဆောင်ပေါင်းစုံလည်း ရန်ကုန်မှာ အစုအဝေးနဲ့ ရောက်နေကြတုန်းမှာ ဗိုလ်ချုပ်နေဝင်းနဲ့ အပေါင်းပါများဟာ ခဲတစ်လုံးတည်းနဲ့ ငှက်အကောင်ပေါင်းများစွာကို အပိုင်ရခဲ့ပါတယ်။ (မှတ်ချက်။ ဒီကိစ္စမှာတောင် ဂိုဏ်းဂဏအစွဲကြီးတဲ့ နိုင်ငံရေး အတိုက်အခံတချို့က ဦးနုဟာ သူ မနိုင်တော့တဲ့ ဖက်ဒရယ်ဇာတ်ရှုပ်ကို ဆက်မကရဲတော့လို့ တိုင်းရင်းသားခေါင်းဆောင်တွေကို ရန်ကုန်မှာ စုပေးပြီး ဦးနေဝင်းလက်ကို အပ်လိုက်တာလို့ စွပ်စွဲတာ ကြားဖူးခဲ့ပါသေးဗျာ)
တကယ်ကတော့ သမ္မတကြီး မန်းဝင်းမောင်ကအစ ဝန်ကြီးချုပ် ဦးနု အပါအဝင် ပထစအစိုးရအဖွဲ့ဝင်တွေ၊ ဖက်ဒရယ်မူဆွေးနွေးမိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အကုန် ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။
တည်မြဲများ ဘေးမသီရန်မခ
အဲဒီတုန်းက ခေါင်းဆောင်ကြီး ဦးဗဆွေတို့ ဦးကျော်ငြိမ်းတို့ အပါအဝင် တည်မြဲဖဆပလတွေ ဘေးမသီ ရန်မခပါပဲ။ တချို့ဆို ဗိုလ်ချုပ်နေဝင်းက တည်မြဲတွေအတွက် အာဏာသိမ်းပေးသလိုလိုတောင် ထင်ကြေးပေးနေကြသေးရဲ့။
နောက်တော့လည်း စစ်အာဏာရှင်လောင်းက မင်းသား ခေါင်းစွပ်ကြီးကို ဖယ်လိုက်ပါတယ်။ တောပြန် ဗကပ တချို့နဲ့ ပမညတ ဆိုရှယ်နီတချို့ကိုသိမ်းသွင်းကာ စစ်တပ်အမာခံပြုတဲ့ တစ်ပါတီစနစ်ကို စတင်ပျိုးထောင်ချိန်မှာတော့ ဖဆပလ ဦးကျော်ငြိမ်းက ကောင်းစွာ အမြင်ရှင်းသွားပါတယ်။ သူက ပါလီမန် ဒီမိုကရေစီစနစ်ကို နှစ်နှစ်ကာကာ ယုံကြည်သူ ဖြစ်တယ်။ ကွန်မြူနစ်တစ်ပါတီစနစ်ကို ခါးခါးသီးသီး မုန်းတီးသူဖြစ်တယ်။ သည်တော့မှ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ဟာ ဗိုလ်ချုပ်နေဝင်းနဲ့ ပြတ်စဲကြတော့တယ်။ မကြာခင် သူတို့လည်း ရေကြည်အိုင် ရောက်သွားကြတာပါပဲ။
ကွဲလွဲတတ်တာ ထုံးစံပါ
သည်အတိတ်ဖြစ်ရပ်တွေကို မျက်မှောက်ကာလ နိုင်ငံရေးလေ့လာသူတွေ သင်ခန်းစာယူသင့်တယ် ထင်ပါတယ်။ နိုင်ငံရေးသမားဆိုတာ တစ်ဦးနဲ့တစ်ဦး သဘောထားကွဲလွဲကြစမြဲပါ။ အထူးသဖြင့် အင်အားကြီးပါတီတွေ၊ အာဏာရပါတီတွေ အထူးသတိထားသင့်ပါတယ်။ အရင်တုန်းက နာမည်ကြီး လက်ဝဲစွန်းပါတီတစ်ခုရဲ့ ဆောင်ပုဒ် ကြားဖူးတယ်။ “တူတာတွေ တွဲလုပ်၊ မတူတာတွေ ခွဲလုပ်ဆိုတာ လက်တွေ့မကျတဲ့ အချောင်သမားဝါဒ ဖြစ်တယ်၊ အခြေခံခံယူချက်ချင်း လူတန်းစား သဘာဝချင်းမတူတဲ့ အင်အားစုတွေဟာ ဘယ်ကိစ္စမဆို တွဲလုပ်လို့ကို မရနိုင်ဘူး၊ တွဲလုပ်လို့ရတယ်ဆိုရင်လည်း တိုင်းပြည်အကျိုးအတွက် မဟုတ်ဘူး၊ ကိုယ်ကျိုးစီးပွားတွေအတွက်ပဲ ဖြစ်မယ်၊ အဲဒီ ညီညွတ်ရေးမျိုးဟာ တံတွေးနဲ့ဆွတ်ပြီးကပ်ထားတဲ့ ညီညွတ်ရေးပဲ ဖြစ်မယ်၊ ဒါကြောင့် အယူအဆ မတူဘူးလား၊ အက်ကြောင်း ပေါ်လာပြီလား၊ ဒါဆို ကွဲအက်ရေးကနေ ခွဲထွက်ရေး လုပ်ကြတော့၊ တော်လှန်ရေးဆိုတာ သန့်သန့်လေး လုပ်ရတယ်”တဲ့ဗျာ။
အဲဒီ ဆောင်ပုဒ်ကို အဲဒီ ပါတီလိုလားတဲ့ ကျွန်တော့်သူငယ်ချင်းတွေ ပြောကြဆိုကြတုန်းက ကျွန်တော်တို့က ဟားခဲ့ကြတယ်။ အခု ပြန်စဉ်းစားကြည့်တော့ “အခြေခံ ခံယူချက်ချင်း လူတန်းစား သဘာဝချင်းမတူတဲ့ အင်အားစုတွေဟာ ဘယ်ကိစ္စမဆို တွဲလုပ်လို့ကို မရနိုင်ဘူး၊ တွဲလုပ်လို့ရတယ်ဆိုရင်လည်း တိုင်းပြည်အကျိုးအတွက် မဟုတ်ဘူး၊ ကိုယ်ကျိုးစီးပွားတွေအတွက်ပဲ ဖြစ်မယ်၊ အဲဒီညီညွတ်ရေးမျိုးဟာ တံတွေးနဲ့ဆွတ်ပြီးကပ်ထားတဲ့ ညီညွတ်ရေးပဲဖြစ်မယ်” ဆိုတဲ့ကောက်ချက်ကို လက်တွေ့များနဲ့ထင်ဟပ်ကာ အဖန်ဖန်တလဲလဲ ဆင်ခြင်နေမိပါတယ်။
ပါလီမန် ဒီမိုကရေစီ သက်ဆိုးရှည်ဖို့
၁၉၅၈ ခုနှစ်က အာဏာလာသိမ်းသူတွေကို ဦးနုက ဖျောင်းဖျပြီး ပါလီမန်ဒီမိုကရေစီ သက်ဆိုးရှည်ရေးအတွက် နောက်ဆုံး ကျည်ဆန်အဖြစ် အာဏာလွှဲခြင်းနဲ့ ရွေးကောက်ပွဲကတိကို အပေးအယူလုပ်ခဲ့တယ်။ ၆ လ အတွင်း ရွေးကောက်ပွဲလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဗိုလ်ချုပ်နေဝင်းက ရက်တွေ တိုးတိုးပြီးတောင်းခဲ့လို့ ၂ နှစ် ကြာသွားတယ်။ အဲဒီတုန်းက ပါလီမန်မှတ်တမ်းတွေကိုပြန်ဖတ်ရင် တည်မြဲ ဖဆပလ အမတ်တွေဟာ မာန်တက်ပြီး အပေါ်စီးကနေ သဟောက်သဟမ်း ဆွေးနွေးပြောဆိုတာတွေ တွေ့ရပါလိမ့်မယ်။ ဝိဓူရဘွဲ့ရသွားတဲ့ နာမည်ကျော်မိန့်ခွန်းကို သာယာဝတီ သခင်ချစ်မောင် ရဲရဲတောက်ပြောခဲ့တာ အဲဒီ ပါလီမန်ပါ။ အိမ်စောင့်အစိုးရ သက်တမ်းမတိုးရေးကို သာယာဝတီ သခင်ချစ်မောင်တို့က လေးလေးနက်နက် အရေးတကြီး အဆိုတင်သွင်း ဆွေးနွေးနေစဉ် တည်မြဲ ဖဆပလ အမတ်တချို့က သရော်မော်ကား ထောက်ကွက်တွေနဲ့ ဝင်နှောက်ခဲ့တာတွေ ဖတ်ရပါတယ်။ နောက်တော့မှ သူတို့တွေလည်း ကျောချမှ ဓားပြမှန်း သိကုန်ကြတော့တာကလား။
ခုတစ်လော ဖတ်နေရ ကြားနေရတဲ့ နိုင်ငံရေး သတင်းတချို့နဲ့ပတ်သက်လို့ စပ်မိစပ်ရာ အတွေးရေလျဉ်ကြောမှာ မျှောကြည့်တာပါ။ အထူးသဖြင့် ငယ်ငယ်တုန်းက ဖတ်စာအုပ်မှာသင်ရတဲ့ ဝံပုလွေနဲ့ သိုးငယ်ပုံပြင်နဲ့လည်း စံထိုးကြည့်မိပါတယ်။
၁၆၊ ၀၆၊ ၂၀၁၃
maungwuntha@gmail.com
ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၀
No comments:
Post a Comment