ဦးကျော်ဇံသာ ။ ။ ဦးဝင်းမင်းတို့ ကိုအောင်သူငြိမ်းတို့က မြန်မာနိုင်ငံကို မကြာခဏ ပြန်သွားတော့ ပြန်လိုက်တိုင်း အရင်ကထက် ဒီနေရာဖြင့် တိုးတက်နေပါလားဆိုတာမျိုးတွေ တွေ့ရပါလား။
ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့။ တွေ့ရပါတယ် ဆရာ။ ဥပမာ နိုင်ငံရေးအကျဉ်းသား လွတ်ပေးဖို့ကိစ္စတွေမှာ အရင်ကဆိုလို့ရှိရင် ကျန်နေတဲ့သူတွေ လွှတ်လာပေးဖို့အတွက် မျှော်လင့်ချက်က တော်တော်နည်းသွားတာကိုး။ နောက်တခေါက် ပြန်ရောက်တဲ့အချိန်မှာ ပြန်လွှတ်ပေးဖို့ အဖွဲ့လေးတစ်ခု ဖွဲ့လာတယ်။ ပြီးတော့ စပြီးတော့ လွှတ်ပေးလာတာတချို့ ရှိလာတယ်။ ဆက်လွှတ်ပေးဖို့လည်း ကတိပေးတာတွေ တွေ့ရတယ်။
အဲဒီအခါကျတော့ အဲဒီလိုမျိုး တိုးတက်မှုမျိုးတွေ တွေ့ရသလို ဒီ တိုင်းရင်းသားပြဿနာမှာလည်း ကချင်နဲ့ပတ်သက်ပြီးတော့ အရင်က ဒီတိုက်ပွဲတွေ အရမ်းဖြစ်ပြီးတော့ ဒီစေ့စပ်နိုင်တဲ့ အလားအလာပေါ့ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်တဲ့ အလားအလာ နည်းများနည်းသွားပြီိလားလို့ စိုးရိမ်နေရတဲ့ကာလကနေ အခုဆိုလို့ရှိရင်တော့ ဒီအပစ်အခတ်ရပ်စဲရေးအတွက် ရှေ့မှာ အလားအလာကောင်းတဲ့ အနေအထားတစ်ခုကို ဒီသဘောတူညီချက်တချို့ရလာတာ တွေ့ရတယ်။ ရှေ့မှာလည်း ဆက်ဆွေးနွေးဖို့အစီအစဉ်တွေ ရှိနေတယ်။ အဲဒါအပြင် သမ္မတကြီးကိုယ်တိုင်ပေါ့ မကြာခင် ဒီလပိုင်းအတွင်းမှာပေါ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမျိုး ဖြစ်လာအောင် ကြိုးပမ်းဖို့အတွက် သန္ဒိဋ္ဌာန်ချထားတယ်။ နိုင်ငံရေးအရ ဆက်ဆွေးနွေးဖို့အတွက် အလားအလာတွေ ရှိနေတယ်ဆိုတာကို ကျနော် အများကြီးကြားခဲ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကိုအောင်သူငြိမ်းအနေနဲ့ ဘယ်လို ပြောချင်ပါသလဲ။ ကိုအောင်သူငြိမ်း တခါတလေ ပြန်သွားတိုင်း မြန်မာနိုင်ငံမှာ အဲဒီလိုပဲ တိုးတက်မှုတွေ တိုးပြီး တိုးပြီး တွေ့လာရပါသလား။
ဦးအောင်သူငြိမ်း ။ ။ ဟုတ်ကဲ့။ မြင်သာတဲ့ တိုးတက်မှုနှစ်ခုတော့ ကျနော် တွေ့ပါတယ်။ အဲဒါကတော့ ကားတွေ သိပ်ကျပ်လာတယ် ခင်ဗျာ။ ဆိုလိုတာကတော့ ကားဝယ်တဲ့သူလည်း များလာတယ်။ ကားတွေ သွင်းလာတာလည်း များလာတယ်ပေါ့။ ဆိုတော့ နောက်တချက်ကတော့ ပုဂ္ဂလိကသတင်းစာတွေလည်း အခုအချိန်မှာ ထွက်လာပြီပေါ့။ ဆိုတော့ ဒါကလည်း သိသာတဲ့ လွတ်လပ်မှုလို့ ပြောလို့ရပါတယ်။ နောက်တခု ကျနော်တို့ မမြင်သာပေမယ့်လည်း တွေ့လို့ရှိရင် ခံစားနိုင်တဲ့ တိုးတက်မှုကတော့ လူတွေက တော်တော်ကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောရဲ ဆိုရဲလာတယ်။ နောက်တခါကျတော့ အစိုးရရဲ့ မူဝါဒတွေ Policy တွေအပေါ်မှာလည်း ဝေဖန်ကြတာတွေ တော်တော်များများ တွေ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း ပြောတဲ့ဟာ ပြန်ပြီးကြည့်ကြမယ်ဆိုရင် တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့ ဒါ အပစ်အခတ်ရပ်စဲရေးအတွက် အလားအလာကောင်းလာတယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် အဓိကပြဿနာက တိုင်းရင်းသားတွေက ကိုယ်ပိုင်အုပ်ချုပ်ရေးထက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် သူတို့ဒေသအုပ်ချုပ်ရေးမှာ သူတို့ရဲ့သြဇာအာဏာ သူတို့ကျင့်သုံးချင်တယ်။ အထက်ကခိုင်းတဲ့ အာဏာ မဟုတ်ဘဲနဲ့။ နောက်ပြီးတော့ သူတို့ဒေသရဲ့ သံယံဇာတတွေကို နေပြည်တော်ကိုချည်းပဲ ပေးရတာထက် သူတို့ဒေသ ဖွံ့ဖြိုးရေးအတွက် သူတို့ကိုယ်တိုင် စီမံချင်တယ်။ အနည်းဆုံး တစိတ်တဒေသအားဖြင့်ပေါ့။ ဒါမျိုးတွေကို သူတို့လိုချင်ကြတယ်။ ဆိုတော့ ဒီလိုမျိုးအခွင့်အရေးမျိုး ရနိုင်မယ့်အလားအလာကော တကယ်ရှိပါရဲ့လား ဒီဆွေးနွေးပွဲတွေမှာ။
ဦးဝင်းမင်း ။ ။ အရင်ထက်စာရင်တော့ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ် ဆရာ။ ဒါပေမယ့် ဒါလည်း တဖြည်းဖြည်းချင်းသွားမယ့် သဘောတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာ ခုနကပြောတဲ့ Autonomy ပေါ့။ ဒီ ကိုယ့်ဒေသတွေမှာ ကိုယ့်လူတွေနဲ့ ရွေးချယ်ခံထားတဲ့လူတွေအနေနဲ့ပေါ့ အုပ်ချုပ်နိုင်ခွင့်၊ ခုနက ငွေရေးကြေးရေးအရ အရင်းအမြစ်တွေကို ကိုယ်ပိုင်စီမံ ခန့်ခွဲနိုင်ခွင့်။ အဲဒီလို အခွင့်အရေးမျိုးတွေရဖို့အတွက် ငြိမ်းချမ်းရေးလုပ်နေတဲ့ မြန်မာ Peace Center လိုမျိုးပေါ့။
အဲဒီမှာ ဆွေးနွေးပွဲတွေ စလုပ်လာတာ တွေ့ရတယ်။ ဆိုလိုတာက ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်နေကြတဲ့ ဝန်ကြီးထိပ်ပိုင်းတော်တော်များများက အခုလိုအခွင့်အရေးမျိုးတွေ တိုင်းရင်းသားတွေကိုပေးပြီးတော့ ဖြေရှင်းမှသာ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာတဲ့ အနေအထားမျိုးတွေ ကျနော် အများကြီးတွေ့ရတယ်။ ဒါပေမယ့် ဝန်ကြီးတွေအားလုံးမှာ ဒီအယူအဆ ရှိနေပြီလားဆိုတာတော့ ကျနော် အဲဒါတော့ အတပ်မပြောနိုင်သေးဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလိုအယူအဆမျိုးရှိဖို့အတွက် ဘယ်အရာက ဟန့်တားထားသလဲ။ ဒီလူတွေက တိုင်းရင်းသားတွေကို မယုံတာလား။ ဘယ်လိုသဘောရသလဲ ကိုအောင်သူငြိမ်း ခင်ဗျာ။
ဦးအောင်သူငြိမ်း ။ ။ ဟုတ်ကဲ့ ကျနော်မြင်တာတော့ တလျှောက်လုံးမှာက ဒီဗဟိုအစိုးရကနေပြီးတော့ အကုန်ကို ချုပ်ကိုင်ပြီးတော့ သွားတဲ့စနစ်နဲ့ တော်တော်ကြာခဲ့တယ်ပေါ့။ ဆိုတော့ ၁၉၆၂ လောက်ကစလို့ရှိရင် ဆယ်စုနှစ် လေးငါးခု ရှိလာတယ်။ အဲဒီအနေအထားမှာ ပြည်နယ်တွေဘက်၊ တိုင်းတွေဘက်မှာကြည့်လိုက်ရင်လည်း အောက်ခြေမှာ တကယ်လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယ ရှိနိုင်ပါတယ်။
ဆိုတော့ နောက်တခုကတော့ ခုန ကိုဝင်းမင်း ပြောတဲ့အချက်ကို ကျနော် နည်းနည်း ဖြည့်စွက်ပြောချင်တာက ဒီ Resources Sharing လို့ခေါ်တာပေါ့။ တိုင်းရင်းသားဒေသတွေကထွက်တဲ့ သစ်တော၊ သံယံဇာတ ဒါတွေကို ပြန်ခွဲဝေပေးမှပဲ သူတို့နဲ့ ပြေလည်မှုရနိုင်မယ်။ ငြိမ်းချမ်းမှု ရနိုင်မယ် စသဖြင့် ဒီလိုမျိုးကို အယူအဆတွေတော့ အစိုးရဘက်အပိုင်းမှာ ရှိလာပါတယ်။ ဆိုတော့ ဒါပေမယ့် ဒါကို လက်တွေ့ဖြစ်အောင် လုပ်မယ်ဆိုရင် ဘယ်လောက်ရာခိုင်နှုန်းနဲ့ ခွဲကြမယ်လို့၊ တကယ့်ကို အသေးစိတ် ဆွေးနွေးဖို့အပိုင်းတွေမှာကျတော့ ကျနော်ထင်တယ် အချိန်ယူရလိမ့်ဦးမယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီတိုင်းရင်းသားပြဿနာကိုလည်းပဲ နိုင်ငံရေးအားဖြင့်ကတော့ ဆွေးနွေးပေမယ့် လက်တွေ့မှာ ပြဿနာဖြစ်ရင် ထိပ်တိုက်တွေ့တာတော့ စစ်တပ်နဲ့တွေ့တာပဲ။ ဒါကြောင့်လည်းပဲ လူတော်တော်များများက စစ်တပ်ဟာ တိုင်းရင်းသားတွေအပေါ်မှာ ပိုပြီး သဘောထားတင်းမာတယ်လို့ ပြောကြတာလည်း ရှိတယ်။ ဆိုတော့ စစ်တပ်ရဲ့ သဘောထားတွေကိုကော ပြောင်းလဲဖို့လွယ်ပါ့မလား။ စစ်တပ်ထဲမှာကော ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောင်းလဲချင်တဲ့ အလားအလာ သဘောထားရှိနိုင်မယ် ထင်ပါသလား။
ဦးဝင်းမင်း ။ ။ ကျနော်ကိုယ်တိုင် ဒီစစ်တပ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်မထိတွေ့ရသေးတဲ့အတွက် တိုက်ရိုက် ခန့်မှန်းပြောဖို့တော့ ခက်တယ်ပေါ့ ဆရာ။ ဒါပေမယ့် ဒီအရင်ဖြစ်လာခဲ့တဲ့ အနေအထားတွေအရဆိုလို့ရှိရင်တော့ စစ်တပ်ခေါင်းဆောင်ပိုင်းမှာ တော်တော်များများက ယူဆထားတာတော့ အခုလို တိုင်းရင်းသားတွေကို တစုံတရာ လွတ်လွတ်လပ်လပ် အုပ်ချုပ်နိုင်ခွင့်ပေးမယ်။ အရင်းအမြစ်တွေကို ခွဲပေးမယ်ဆိုလို့ရှိရင် တချိန်ကျရင် တိုင်းရင်းသားအဖွဲ့တွေက တိုင်းပြည်ကနေ ခွဲထွက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်မျိုးက သူတို့မှာ တောက်လျှောက်ရှိခဲ့တာကိုး။
အဲဒီတော့ အဲဒီလို စိုးရိမ်ချက်မျိုးရှိတဲ့သူလည်း ဆက်ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် ကျနော် ခုနကပြောတဲ့ ငြိမ်းချမ်းရေးကိစ္စမှာလုပ်နေတဲ့ ဒီထိပ်ပိုင်းခေါင်းဆောင်တချို့မှာကျတော့ တိုင်းရင်းသားတွေဘက်က ကိုယ်တိုင်ကိုက သူတို့အနေနှင့် မခွဲထွက်ဘူးလို့ ကတိပေးထားတဲ့အပေါ်မှာ တစုံတရာ သူတို့က ယုံကြည်မှုရလာကြတာကိုး။ အဲဒီအခါကျတော့ ဒီစစ်ခေါင်းဆောင်တွေအနေနှင့် ဒီတိုင်းရင်းသားတွေ ဆွေးနွေးပွဲတွေမှာ စပြီးပါလာမယ်။ အခုဆိုလို့ရှိရင် ကချင်နဲ့ဆွေးနွေးပွဲမှာဆိုလို့ရှိရင် ကျနော်တို့ ဒီ စစ်ခေါင်းဆောင်တွေ ပါလာတာ တွေ့ရတယ်။ အဲဒီလိုမျိုး ဆက်စပ်မှုတွေများလာလို့ရှိရင်တော့ နှစ်ဖက်အပြန်အလှန် ယုံကြည်မှု ပိုတည်ဆောက်လာနိုင်ပြီးတော့ ဒီစစ်တပ်ဘက်မှာလည်း သဘောတူလာနိုင်မယ့် အလားအလာမျိုး ဖြစ်လာနိုင်တယ်လို့တော့ မျှော်လင့်ကြည့်လို့တော့ ရတာပေါ့။ ဒါပေမယ့် အခုလောလောဆယ်အနေအထားမှာ အဲဒီလို အနေအထားမျိုး တိုက်ရိုက်မတွေ့ရသေးဘူး။
ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်းလည်း ပြောပါဦး။ စစ်တပ်နဲ့တိုင်းရင်းသားတွေရဲ့ အပြန်အလှန် သဘောထားတွေ။
ဦးအောင်သူငြိမ်း ။ ။ ဟုတ်ကဲ့။ ကျနော်ထင်တာကတော့ တချို့အချက်တွေအပေါ်မှာ စောင့်ကြည့်ရဦးမယ် ထင်ပါတယ်။ ဆိုတော့ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေမှာ သူတို့ တိုင်းရင်းသားတွေဘက်က တောင်းထားတာက သူတို့နယ်ပယ်ထဲမှာရှိနေတဲ့ စစ်တပ်စခန်း အကုန်လုံးတော့မဟုတ်ဘူးပေါ့ တချို့ကို ပြန်ဆုတ်ပေးဖို့တော့ တောင်းထားတာမျိုးတွေ ရှိပါတယ်။ အဲဒီတော့ ဒါတွေကို ပြန်ဆုတ်ပေး မဆုတ်ပေးဆိုတာ ကျနော်တို့ ကြည့်သင့်ပါတယ်။
ဆိုတော့ နောက်တခုကတော့ အထူးသဖြင့် ဒီ KNU တို့ အပါအဝင် တချို့အဖွဲ့အစည်းတွေကတော့ Code of Conduct ပေါ့ နှစ်ဖက်ရပ်စဲထားတဲ့အချိန်မှာ တဖက်နဲ့တဖက် လိုက်နာရမယ့် ကျင့်ထုံးတွေ ကိစ္စဆွေးနွေးဖို့တင်ထားတာ ကြာပါပြီ။ အခုဆိုရင် တစ်နှစ်ကျော်တောင် ရှိပြီပေါ့။ ဆိုတော့ အဲဒီအနေအထားမှာ စစ်တပ်က တကယ်လို့ လိုက်လျော ဆွေးနွေးလာတယ်ဆိုရင် ဒါတိုးတက်မှုလို့ ကျနော်တို့ ကြည့်လို့ရပါတယ်။ ဆိုတော့ နောက် တတိယအချက်ကတော့ နှစ်ဖက် အပစ်အခတ်ရပ်စဲထားတုန်းမှာ ဒီပြင်ပကနေပြီးတော့ စောင့်ကြည့်လေ့လာတဲ့သူတွေပေါ့ အထူးသဖြင့် ကိုယ့်ပြည်သူလူထုတွေကိုယ်တိုင် စောင့်ကြည့်လေ့လာတဲ့ Mechanisms မျိုးတွေ စစ်တပ်က လက်ခံလာတယ်ဆိုရင် ကျနော် ထင်တယ် ဒါ တိုးတက်မှုလို့ ပြောလို့ရတယ်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက လူတော်တော်များများက သုံးသပ်ကြတယ်။ ၂၀၁၅ ရွေးကောက်ပွဲလည်း နီးလာပြီပေါ့။ ဒီရွေးကောက်ပွဲကာလဟာ မြန်မာနိုင်ငံသမိုင်းရဲ့ အဆစ်အချိုးတစ်ကွေ့ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဆိုတော့ အဲဒီရွေးကောက်ပွဲမှာ သူတို့မျှော်လင့်ထားတာကတော့ ဒီမိုကရေစီကျကျ စစ်မှန်တဲ့ရွေးကောက်ပွဲ လုပ်ဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုး သမ္မတဖြစ်မယ်၊ ဒါ သာမန်တွက်ကြတာပေါ့ဗျာ။ ဒါပေမယ့် ဖွဲ့စည်းပုံထဲမှာ ဒီအတွက် အကန့်အသတ်တွေဟာ ရှိနေတယ်။ ဖွဲ့စည်းပုံပြင်မဲ့ကိစ္စက ပိုပြီးအရေးကြီးနေတယ်ဆိုတဲ့ကိစ္စလည်း ရှိပါတယ်။ ဖွဲ့စည်းပုံ ပြင်မဲ့ကိစ္စဟာ အဲဒီကိစ္စတင်မကပါဘူး၊ တခါ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ကိစ္စကိုလည်း ပြင်သင့်တယ် ပြောနေကြတယ်။ ဆိုတော့ အခု ဖွဲ့စည်းပုံပြင်မယ်ဆိုတဲ့ ဆွေးနွေးချက်တွေလည်းပဲ မြန်မာနိုင်ငံထဲမှာ ကြားလာရပါပြီ။ အဲဒီဟာကော ဘယ်လောက် အလားအလာရှိလဲလို့ တွေ့ခဲ့ရပါသလဲ။
ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ ဒီကိစ္စကိုတော့ အထူးသဖြင့်တော့ ဒီမိုကရေစီဘက်က ခေါင်းဆောင်လို့ ပြောလို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ ဒီပါလီမန်မှာ ဒီအောက်လွှတ်တော် ဥက္ကဋ္ဌပေါ့၊ သူတို့နှစ်ယောက်ကြားမှာ နီးနီးစပ်စပ် ဆွေးနွေးနေကြတဲ့ အနေအထားမျိုးတွေ ရှိတယ်လို့ ကျနော်တို့ တွေ့နေရပါတယ်။
အဲဒီတော့ တချို့အပိုင်းတွေတော့ ပြင်လို့ရနိုင်ပေမယ့် တချို့အပိုင်းတွေတော့ ပြင်ရခက်ဦးမယ် ထင်တယ်။ ကျနော် မြင်တာလေ။ အထူးသဖြင့် ဒီစစ်တပ်ကို တိုက်ရိုက်ထိခိုက်နိုင်တဲ့ စစ်တပ်ရဲ့အာဏာကို တိုက်ရိုက်ဆုံးရှုံးနိုင်တဲ့ ဥပမာ ခုနက ၂၅ ရာခိုင်နှုန်းလိုကိစ္စမျိုး ဆိုလို့ရှိရင်တော့ ပြင်ရခက်ဦးမယ် ထင်တယ်။ ဒါပေမယ့် ခုနက ဒေါ်အောင်ဆန်းစုကြည် သမ္မတ၊ ဒုသမ္မတ ဖြစ်လာဖို့ပေါ့ ကာထားတဲ့ နိုင်ငံခြားသားနဲ့ပတ်သက်တဲ့ကိစ္စမျိုး ဆိုလို့ရှိရင်တော့ ပြင်ရဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စကမကြာသေးခင်က ဒီစစ်တပ်ခေါင်းဆောင်တစ်ဦးကို ဒု-သမ္မတခန့်ဖို့ စဉ်းစားရာမှာလည်း စစ်တပ်ကိုယ်တိုင် ဒီပြန်ပြီးတော့ ခံသွားရသလိုဖြစ်ခဲ့တာကိုး။
ဦးကျော်ဇံသာ ။ ။ ကျနော် တခုစဉ်းစားမိတာက ဒီမှာ စစ်တပ်ရဲ့ပြဿနာကတဲ့ တချို့ဟိုတလောတုန်းက ကျနော် အင်တာဗျူးလုပ်တော့ Professor David Williams က မြန်မာနိုင်ငံ မှာ ဖွဲ့စည်းပုံထဲမှာ စစ်တပ်ကို ၂၅ ရာခိုင်နှုန်းပေးထားရတာက အဓိက ပြဿနာမဟုတ်ပါဘူးတဲ့။ စစ်တပ်ဟာ Civilian အရပ်သားအစိုးရရဲ့လက်အောက်မှာ မရှိဘူး။ ကာကွယ်ရေးဦးစီးချုပ်သည် ဒီတိုင်းပြည်မှာလို သမ္မတတွေဘာတွေ မဟုတ်ဘူး။ အဲလိုဆိုတော့ မြန်မာနိုင်ငံမှာကော စစ်တပ်က ၂၅ ရာခိုင်နှုန်းက မထွက်ရင်လည်း နေပါပေးထားပါ။ ဒါပေမယ့် သမ္မတလို ပုဂ္ဂိုလ်မျိုးအရပ်သားဟာ တကယ့် ကာကွယ်ရေးဦးစီးချုပ် စစ်တပ်ကို အမိန့်ပေးနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်လာနိုင်တဲ့ ပြင်ဆင်ချက်မျိုးကိုကော ဖြစ်လာနိုင်စရာ အကြောင်းရှိပါသလား။
ဦးအောင်သူငြိမ်း ။ ။ ကျနော်ထင်တာကတော့ အချိန်ယူရလိမ့်ဦးမယ်လို့ ထင်ပါတယ်။ ဆိုတော့ ပြဿနာတွေကလည်း တခုနဲ့တခု ချိတ်ဆက်သလိုဖြစ်ပါတယ်။ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားခြင်းအားဖြင့် ဒီစစ်တပ်က ဘယ်သူ့ဘက်ကို ရပ်ပေးမလဲပေါ့။ ရပ်ပေးမယ့်သူက သမ္မတ ဖြစ်သွားပါလိမ့်မယ်။ အဲဒီတော့ စစ်တပ်ရဲ့အခန်းကဏ္ဍက King maker ပေါ့။ ဆိုတော့ ဒီလိုမျိုး Position မျိုးရှိပါတယ်။ တဖက်မှာကျတော့လည်း ဒီစစ်တပ်ကို ၂၅ ရာခိုင်နှုန်းလျှော့ဖို့ဆိုတာ လက်တွေ့အနေအထားမှာတော့ ဆွေးနွေးမယ်ဆိုရင် လွယ်နိုင်မယ့်အနေအထား မရှိသေးဘူးပေါ့။ ဆိုတော့ ဒါမျိုးတွေကတော့ ပြဿနာတွေ တခုနဲ့တခု လုံးခြားလည်လိုက်နေတဲ့အနေအထားပါ။ အဲဒီတော့ စစ်တပ်က ထောက်ခံတဲ့သူမှ သမ္မတဖြစ်တယ်ဆိုရင် သူကိုယ်တိုင်ကလည်း စစ်တပ်က အလိုကျ တချို့ကိစ္စတွေကို ပြန်အပေးအယူလုပ်ရတာမျိုးတွေ ရှိဦးမယ်ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး သမ္မတဖြစ်လာတယ်ဆိုရင် အဓိက စိန်ခေါ်မှုတခုကတော့ စစ်တပ်ရဲ့အခန်းကဏ္ဍကို သူ ဘာပဲဖြစ်ဖြစ် စစ်တပ်ကို အရပ်သား အာဏာစက် လက်အောက်ကိုရောက်အောင်တော့ သူ ကြိုးစားရတော့မှာပဲ။ အဲဒါကော ဖြစ်နိုင်စရာအကြောင်း ရှိပါသလား။ နည်းနည်းကြိုပြီးတော့ ကျနော်တို့ အရှေ့ကို လှမ်းကြည့်မယ်ဆိုရင်။
ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာတော့ လက်ရှိအနေအထားမှာ စစ်တပ်ရဲ့ပါဝါကို လျော့ချလိုက်ဖို့က တော်တော်ခက်ဦးမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘာသာသူတို့ ဒီယန္တရားကြီးကို မောင်းနှင်ခဲ့တာ ကြာပြီဆိုတဲ့အနေအထားမှာ ချက်ချင်းကြီး ဒီစစ်တပ်ရဲ့ အာဏာကိုလျှော့ချဖို့အတွက် မလွယ်သေးဘူး ထင်တယ်။ နောက်တခုကကျတော့ တဖက်မှာ ကျနော်တို့ စင်ပြိုင်လို့ပြောလို့ရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီပေါ့ ဒါမှမဟုတ်ရင်လည်း သူရဲ့မဟာမိတ်တွေကြားထဲမှာ ကျနော်တို့ ဒါကိုမကြိုက်ရင် နောက်တခုကို အစားထိုးရွေးစရာဆိုလို့ ဒီလို မတည်ဆောက်ထားနိုင်သေးဘူးလို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတခုမေးချင်တဲ့ အပိုင်းကတော့ အခုတလော မြန်မာနိုင်ငံမှာ ဖြစ်လာတဲ့ Communal Violence ဘာသာရေးကိုအခြေခံတဲ့ သဘောဆောင်တဲ့ ပဋိပက္ခတွေဖြစ်လာတယ်။ ဒီဟာကကော မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေအတွက် ဘယ်လောက် ကြီးမားတဲ့စိန်ခေါ်မှု ဘယ်လောက်ကြီးမားတဲ့ အဟန့်အတား ဖြစ်စေမယ်ထင်ပါသလဲ။
ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ ဒါတကယ့်ကို အကြီးမားဆုံး စိန်ခေါ်မှုလို့တောင် ကျနော်အမြင် တိုင်းရင်းသားပဋိပက္ခတွေ တစုံတရာ ပြေလည်နေတဲ့ အနေအထားမှာပေါ့ တွက်ချက်ကြည့်လို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလိုဖြစ်လာတဲ့ ဒီမတူတဲ့လူမျိုးတွေ၊ ဘာသာတွေ အဲဒီအကြားမှာ ဖြစ်လာတဲ့ ဒီ Communal Violence မှာ သေသေချာချာ မကိုင်တွယ်နိုင်ဘူး မထိန်းသိမ်းနိုင်ဘူးဆိုလို့ရှိရင် စစ်တပ်က တစုံတရာ ပြန်ဝင်လာဖို့အနေအထား ကြိုးစားမှာအထိတောင် ကျနော်တို့ စိုးရိမ်ရတယ်။ ဆိုလိုတာက ဒီမိုကရေစီနောက် ပြန်ဆုတ်သွားမှာတောင် စိုးရိမ်ရတဲ့ အနေအထားရှိပါတယ် ဆရာ။ အဲဒီအခါကျတော့ ဒီပြဿနာကတော့ ကျနော်တို့ ဆက်ပြီးတော့ စိုးရိမ်နေရစဲ ဖြစ်တယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာက ဒီကောလဟာလသတင်းတွေအပေါ်မှာ ယုံပြီးတော့ ခုနက မတူညီတဲ့ လူမျိုး၊ မတူညီတဲ့ ဘာသာတွေအပေါ်မှာ ဒီမုန်းတီးစိတ်က တစုံတရာ ပြင်းထန်နေတယ်လို့ ပြောရမှာပေါ့ ဆရာ။ အဲဒီတော့ ကျနော်တော့ အဲဒီအပေါ်မှာ စိုးရိမ်ပါသေးတယ်။
ဦးကျော်ဇံသာ ။ ။ အခု မီဒီယာ ကိုအောင်သူငြိမ်းပြောတော့ သတင်းစာတွေဘာတွေ လွတ်လပ်ခွင့်ရှိလာတယ် လူတွေဟာ ပွင့်ပွင့်လင်းလင်း ပြောလာကြတယ်ဆိုရင်တော့ ဒါ ကောလဟာလကိုတော့ တပိုင်းကတော့ သူတို့ ထိန်းကောင်း ထိန်းနိုင်မှာပေါ့လေ အဲဒီဖက်က။ ဒါပေမယ်လည်း မြန်မာပြည်လွတ်လပ်ရေးရခါစကမှာ ပိုပြီးတော့ ဘာသာပေါင်းစုံ ချစ်ခင်ရင်းနှီးမှုတွေ ရှိတယ်။ ဆိုတော့ မြန်မာနိုင်ငံဖြစ်စဉ်က တဖြည်းဖြည်း ဆုတ်ယုတ်သွားတဲ့သဘောလား။ အဲဒီ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်လာတာကြည့်ရင်။
ဦးအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ ပညာရေးနဲ့ဆိုင်တယ်လို့ ထင်တယ် ဆရာ။ တဖက်က ပညာရေး နိမ့်ကျလာတဲ့အခါမှာ ကျနော်တို့ရဲ့ ယေဘုယျ ဒီလူထုကြားထဲမှာ အတွေးအမြင်အရလည်း နိမ့်လာတယ်။ ဆိုတော့ နောက်တခုကတော့ ပြောမယ်ဆိုရင် ဒီနိုင်ငံပိုင်သတင်းစာတွေကနေ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုနှစ်ခုပေါ့ စသဖြင့်မှာ တဖက်ကို တကယ့်ကို ရင့်ရင့်သီးသီး အောက်တန်းကျတဲ့ တိုက်ခိုက်မှုမျိုးတွေလုပ်ခဲ့တဲ့ ရလဒ်တွေပေါ့။ ဆိုတော့ ကျနော် ထင်တယ်၊ ဒီနေ့ ဖြစ်လာတာတွေက ဒီရလဒ်တွေရဲ့ အကျိုးဆက်လို့လည်း ပြောရင်ရတယ် ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်းကော …
ဦးဝင်းမင်း ။ ။ အဲဒီလိုတော့ နိမ့်ကျလာတယ်လို့တော့ ကျနော် မထင်ဘူး။ အဓိကကတော့ အသွင်ကူးပြောင်းရေး ကာလတွေမှာ ခုနက ဖိနှိပ်မှုတစုံတရာလျော့သွားတဲ့ကာလတွေမှာ လူတွေက တစုံတရာပေါ့ အဲဒီလို သူတို့ရဲ့ မကျေနပ်ချက်တွေ ဖော်ထုတ်ခွင့်ရှိတယ်ဆိုတဲ့ အတိုင်းအတာက တခါတလေမှာ အရမ်းလွန်ကဲသွားပြီးတော့ ခုနက လူမျိုးချင်း၊ ဘာသာချင်း ဒီမကျေမနပ်မှုတွေကိုပါ အဲဒီလိုပေါ့ ကိုယ်ထိလက်ရောက် ထုတ်ဖော်လာတဲ့ သဘောမျိုးတွေ ဖြစ်သွားတဲ့အပိုင်းတွေက ဥပမာ အင်ဒိုနီးရှားမှာဆိုလို့ရှိရင်လည်း တရုတ်နဲ့ မွတ်စလင်နဲ့ကြားထဲမှာဖြစ်ခဲ့တဲ့ ပြဿနာမျိုးတွေ ကျနော်တို့ ကြုံခဲ့ရတယ်လေ ဒီအသွင်ကူးပြောင်းရေးကာလမှာပဲ အဲဒီတော့ အဲဒီလိုမျိုး အနေအထားမျိုးတွေမှာ ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီနေရာ အဓိကအရေးကြီးတာက အစိုးရအနေနဲ့ အုပ်ချုပ်မှုအပိုင်းအနေနဲ့ အထူးသဖြင့်တော့ ရဲတပ်ဖွဲ့အနေနဲ့ပေါ့ ဖြစ်လာတဲ့ပြဿနာတွေကို မြန်မြန်ဝင်ရှင်းပေးနိုင်ဖို့ တရားဥပဒေအရဖြစ်ဖို့ အဲဒါက အရမ်းအရေးကြီးပါတယ်။ ။
ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment