ကလေးငယ်ရယ်...
ရင်ထဲ မချိလိုက်ရပုံက
မင်းရဲ့ ရုန်းကန်နေရတဲ့ ဝင်သက်ထွက်သက်ထဲ
ယမ်းခိုးငွေ့တွေ မြင်နေရတုန်းပဲ...
မင်းရဲ့ မမှိတ်နိုင်သေးတဲ့ မျက်လုံးတွေထဲ
သေနတ်သံတွေ ကြားနေရတုန်းပဲ...
မင်းရဲ့ တုန်လှုပ်ဆွံ့အနေမှုထဲ
သွေးစက်တွေ သံကုန်ဟစ်အော်နေတုန်းပဲ။
ကလေးရယ်...
အခု... မင်းကို လက်ပြနှုတ်ဆက်နေတဲ့
ကောင်းကင်ပြာပြာနဲ့ ကမ္ဘာကြီးဟာ
တကယ်တော့
သိပ်... အအိပ်ဆတ်တဲ့
ချိုးငှက်ကလေးတစ်ကောင်ပါကွာ
ခြေသံလုံလွန်းတဲ့
လူသားတွေကြောင့်သာ
သူ... နိုးထမလာနိုင်သေးတာ။
ကလေးရယ်...
အဆုံးမဲ့နာကျင်မှုတွေ
ညှာတာမဲ့ ခိုစီးထားတဲ့
မင်းရဲ့ မျက်တောင်လေးတွေကို
သံလွင်ခက်လေးတစ်ခက်လို့ ယုံကြည်လိုက်ပါတော့
မင်း မျက်လုံးတွေကို မှိတ်လိုက်ပါတော့
အဲဒီ ဖွဖွလေး မှိတ်လိုက်တဲ့ အသံမှာ
ချိုးငှက်လေးဟာ...
အိပ်ရာက လူးလွန့်လန့်နိုးလို့
မင်းနဲ့ သံလွင်ခက်လေး ကိုက်ချီတမ်းဆော့ကစားဖို့
မင်းကိုစောင့်နေလိမ့်မယ်...
ကလေးရယ်...
မင်း မျက်လုံးတွေကို မှိတ်လိုက်ပါတော့
မင်း ပင်ပန်းလှပြီ။
ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၁၃၊ ဇွန်လ
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment