Sunday, June 2, 2013

ပြည်သူသာလျှင် အာဏာပိုင်ရှင်အစစ်ဖြစ်တယ်(ထက်အောင်)

မရှိတဲ့လူမျိုးကို အရှိလုပ်၊ သမိုင်းတုတွေနဲ့ မြန်မာပြည်သူလူထုနဲ့ အစိုးရကိုခြိမ်းခြောက်လာမည်ဆိုရင် အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်တယ်။ 

ဒီကနေ့ သီတဂူဆရာတော်ဘုရားကြီးက မိန့်လိုက်ပါပြီ။ ဧည့်သည်က ဧည့်သည်လိုနေပါတဲ့။ အိမ်ရှင်ငြိုငြင်အောင် မလုပ်ပါနဲ့တဲ့။ အဲလိုပါပဲ။ အာဏာရူးတွေအနေနဲ့လည်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်တယ်ဆိုရင် ပြည်သူ့ဆန္ဒခံယူကြပါ။ မရိုးမသား၊ ပြည်သူကိုလိမ်ညာပြီးတော့ ထိုင်ခုံတွေပေါ်မှာ တက်ထိုင်ဖို့ မကြိုးစားပါနဲ့။ ပြည်သူလူထုတွေဟာ ငတုံးတွေ မဟုတ်ဘူး။ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသကို အမှန်တကယ် ဦးဆောင်မှုပေးနိုင်တဲ့၊ ပြည်သူ့အလုပ်ကို တစ်ကယ်လုပ်မယ့်၊ ပြည်သူ့ဝန်ကို အမှန်တကယ်ထမ်းမည့်သူမျိုးတွေကိုသာ ပြည်သူ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်နေရာမှာ ထားပါလိမ့်မယ်။ လူထုခေါင်းဆောင်ဖြစ်ချင်တယ်ဆိုရင် ပြည်သူလူထုကိုသာ အမြဲတမ်း ဗဟိုပြုနေရမှာဖြစ်တယ်။ ဘာကြောင့်ဆိုတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အာဏာပိုင်ရှင်အစစ်က ပြည်သူဖြစ်တယ်။ 


သတင်းသမားဆိုတာ မှန်ရင် မှန်တယ်၊ မှားရင် မှားတယ်၊ ကောင်းရင် ကောင်းတယ်၊ မကောင်းရင် မကောင်းဘူးဆိုတာ ပြည်သူလူထုမျက်နှာမှလွဲပြီး ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘဲ ရေးရမယ်ဆိုတာ ခေတ်အဆက်ဆက် လူသိထင်ရှားခဲ့တဲ့ သတင်းစာဆရာကြီးတွေ ပြောကြားခဲ့တာတွေကို သင်ယူမှတ်သားခဲ့ဖူးပါတယ်။ ကိုယ့်ဝါသနာအလျှောက် ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့အတွေးအခေါ်တွေကို ကိုယ့်ရဲ့စာဖတ်ပရိတ်သတ်နည်းနည်းလေးဆီကနေ စာဖတ်ပရိတ်သတ်များများဆီကို တိုက်ရိုက် ပို့ဆောင်ပေးလို့ရတဲ့ အခွင့်အရေးကတော့ တစ်နေ့နေ့ ကျွန်တော်ရမယ်လို့ မျှော်လင့်မိပါတယ်… …။ 

အခုတစ်လော ဂျာနယ်စာမျက်နှာတွေမှာ တွေ့တွေ့နေရတဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းသတင်းတွေထဲက အမည်မသိလူတစ်စုဆိုတာကြီးကို သဘောမကျဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ နဝတ လက်ထက်ကတည်းက မြို့နယ်တိုင်းမှာ ရဲတပ်ဖွဲ့ရဲ့ နယ်ထိန်းတွေဆိုတာ သူ့အပိုင်အလိုက် ဘယ်သူဘာကောင်ဆိုတာ တန်းသိတယ်။ ရပ်ကွက်တွေထဲမှာ ဘယ်သူက ချဲရောင်းတယ်။ ဘယ်သူ့အိမ်ကတော့ ဖဲဝိုင်းထောင်တယ်၊ ဘယ်သူ့အိမ်ကတော့ ဘိ ရှိတယ်ဆိုတာ အပ်ကျတာကအစသိနေရတဲ့ နယ်ထိန်းတွေရှိပါတယ်။ ဒါကို အားလုံးလည်း သိပါတယ်။

အော် … ဒီဘက်ခေတ် အရပ်သားအစိုးရလက်ထက်မှာကော စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့၊ BSI လို့ အများသိနေကြတဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ)၊ SB လို့ခေါ်တဲ့ အထူးသတင်းတပ်ဖွဲ့တွေဆိုရင်လည်း ကိုယ်တာဝန်ခံထားတဲ့နယ်မြေတွေမှာ ဘယ်သူ ဘာကောင်လဲဆိုတာ မသိတာတော့ မဖြစ်နိုင်ဘူး။ နဝတအစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ မတရားဖမ်းဆီးချုပ်နှောင်ခံရပြီး အစိုးရသစ်လက်ထက် သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကထွက်လာခဲ့ကြတဲ့ ၈၈၈၈ ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ သွားတဲ့လမ်းခရီးတလျှောက်မှာတောင် မှတ်စုစာအုပ်ကိုယ်စီ၊ ကင်မရာကိုယ်စီ၊ အသံဖမ်းစက်ကိုယ်စီနဲ့ နေရာတိုင်းမှာတွေ့နေရတယ်။ 

ဒါဆိုရင် ဒီအဖွဲ့အစည်းတွေရဲ့တာဝန်ရှိသူတွေက ဆူပူအုံကြွမှုကိုဖြစ်စေတဲ့၊ မဖြစ်ဖြစ်အောင်လုပ်နေကြတဲ့ အမည်မသိ လူတစ်စုဆိုတာကြီးကို သိသလား၊ မသိဘူးလားဆိုတာ ကျွန်တော်နဲ့အတူ စာဖတ်ပရိတ်သတ်များ အလေးအနက်စဉ်းစားဖို့ လိုလာပါပြီ။ သတင်းတွေရဲ့အဆိုအရ ဥက္ကံမှာ ကိုယ်ရင်လေး ဆွမ်းခံကြွတယ်။ ဘာသာခြား မိန်းကလေးတစ်ယောက်နဲ့ မတော်တဆဖြစ်တယ်။ သပိတ်ပြုတ်ကျတယ်။ ရဲစခန်းရောက်တယ်။ ဘာသာခြားက တောင်းပန်တယ်လို့ သတင်းတစ်ပုဒ်က ဆိုတယ်။ ကျန်တဲ့ မဟုတ်တဲ့ကောလဟာလသတင်းတွေကတော့ ဒုနဲ့ဒေးပေါ့။ အဲဒီအချိန်မှာ လူထုက သွေးပူနေတယ်။ သွေးပူနေတဲ့လူထုကို သွေးဆူအောင် ထရပ်ကားတွေနဲ့ အမည်မသိလူတစ်စု ရောက်လာတယ်။ အကြမ်းဖက်ဖို့ လေ့ကျင့်ထားသလိုပဲ။ အဆောက်အအုံတွေကို ရိုက်ခွဲတယ်။ ပြီးတာနဲ့ ကားပေါ်ပြန်တက်ပြီး ချက်ချင်းပျောက်သွားတယ်။ ကဲ စရဖ တို့၊ SB တို့၊ စစစ တို့ ဘယ်ရောက်နေသလဲဆိုတာ မေးခွန်းထုတ်စရာပဲ။ 

ကဲ ကျွန်တော်တို့လို သတင်းစာဆရာတွေဖြစ်ချင်နေတဲ့သူတွေဟာ တိုင်းပြည်ကို သူများတွေထက် ပိုချစ်တတ်တယ်။ တဖက်မှာကလည်း အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ အသံကောင်းကို ကြွေးကြော်ဟစ်အော်ပြီးတော့ အင်တာနက်စာမျက်နှာတွေမှာကော၊ အပြင်မှာကော သူတို့လောက်အမျိုးချစ်တာ မရှိတော့သယောင်ယောင် အမျိုး၊ ဘာသာ၊ သာသနာကို ချစ်သလိုလိုနဲ့ ဘာသာရေး၊ လူမျိုးရေးပဋိက္ခတွေ မဖြစ်ဖြစ်အောင် တမင်တကာ၊ အဓိပ္ပာယ်ရှိရှိ လှုံ့ဆ်ာနေကြတဲ့ အရေးအသားမျိုးတွေကို တွေ့ရတာကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီး အနှောက်အယှက်ဖြစ်စေတယ်။ ကျွန်တော်တို့တစ်တွေ ရှေ့ကို ဆက်သွားမှာလား။ ဒါတွေမဖြစ်ဖြစ်အောင် ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ ဖန်တီးနေတာလဲဆိုတာကို သေသေချာချာ လေ့လာစောင့်ကြည့်ဖို့ လိုအပ်နေပါပြီ။ 

သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ပါ။ ကျွန်တော်တို့မမီခဲ့တဲ့ သမိုင်းတွေထဲမှာ အစိုးရက မော်လဝိနဲ့ယောဂီ စာအုပ်ကို ထုတ်ဝေခွင့်ပြုလိုက်တုန်းကတစ်ကြိမ်၊ နောက်တခါ တရုတ်-ဗမာ အရေးအခင်းတစ်ခုကိုလည်း ကျွန်တော်တို့သမိုင်းမှာ ကြုံတွေ့ခဲ့ရဖူးတယ်။ နောက်တခါ ၁၉၉၆ ခုနှစ် လှည်းတန်းမှာ ကျောင်းသားလှုပ်ရှားမှု အရေးအခင်းကြီးနဲ့အတူ သံဃာတော်တွေ အစ္စလာမ်ဗလီတွေကို ဝင်ဖြိုခဲ့ဖူးတယ်။ ဒါတွေဟာ သမိုင်းမှာ အထင်အရှားရှိခဲ့ပြီးသားပါ။ 

ကျွန်တော်ထောက်ပြချင်တာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို သမ္မတကြီး၊ လွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ကိုမင်းကိုနိုင်တို့ ဦးဆောင်သော ၈၈ မျိုးဆက်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေက ဟန်ချက်ညီညီ လျှောက်လှမ်းနေကြတဲ့ ခုလိုအချိန်အခါမျိုးမှာ စစ်အာဏာရှင်စနစ်ကို နောက်ကြောင်းပြန်လှည့်လိုသူတွေက ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေကို မဖြစ် ဖြစ်အောင် ဖန်တီးကြလိမ့်မယ်ဆိုတာ ပြည်သူလူထုကြီးကို မီးမောင်းထိုးပြလိုက်ရပါတယ်။ 

ကျွန်တော် တစ်ခုဖတ်လိုက်ရပါတယ်။ (စစ်အာဏာရှင်စနစ်နဲ့ နေချင်နေရပါစေတဲ့ ကုလားနိုင်ငံတော့ မဖြစ်ပါရစေနဲ့တဲ့)။ ကျွန်တော် တုန်လှုပ်သွားတယ်ဗျာ။ စစ်အာဏာရှင်စနစ်ကို မလိုချင်ကြလို့၊ တောထဲမှာ လက်နက်တွေကိုင်၊ တချို့ဆို တောထဲမှာသေကြ၊ ကြေကြ၊ တချို့ဆို ထောင်ထဲမှာ ညှဉ်းပမ်းအနှိပ်စက်ခံခဲ့ကြရတယ်။ ထောင်ထဲမှာ သေသွားတဲ့သူတွေလည်းမနည်းသလို ၈၈၈၈ တစ်ပါတီအာဏာရှင်စနစ်ကို အသေခံ၊ မိသားစုဘဝတွေအပျက်ခံပြီး တော်လှန်ရေးဆင်နွှဲခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေရဲ့ ပေးဆပ်မှုတွေကို အဲဒီ့စကားလုံးတစ်လုံးတည်းနဲ့ ပြောပစ်လိုက်တာကို ကျွန်တော် ရင်နာလို့မဆုံးပါပဲ။ 

ကျွန်တော်ဖေ့စ်ဘွတ်မှာ ရခိုင်ပြည်နယ်အရေးအခင်းနဲ့ ပတ်သက်တာလေးကို ရေးခဲ့တာလေးကို ပြန်ပြောရရင် အစိုးရဝန်ထမ်းတွေရဲ့ လစာမလုံလောက်မှုကြောင့် အကျင့်ပျက်ခြစားမှုတွေဖြစ်လာတယ်။ အဲဒီကတဆင့် လူမျိုးခြား၊ ဘာသာခြားတွေက ကျွန်တော်တို့နိုင်ငံရဲ့ အနောက်ဘက်တံခါးကနေ ငွေလမ်းခင်းပြီး ဝင်လာခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ မောင်နှမ သွေးရင်းတွေဖြစ်တဲ့ ရခိုင်ပြည်သူ၊ ပြည်သားတွေက နိုင်သလောက် ခုခံကာကွယ်ခဲ့ကြရတယ်။ ဒါတွေဟာ နှစ်ပေါင်းများစွာရှိခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေလည်း တောင့်ခံနိုင်မှုစွမ်းအားတွေ ကုန်လုနီးပါးဖြစ်နေတော့ သည်းခံမှုအတိုင်းအတာ ကုန်ဆုံးသွားချိန်မှာ ပေါက်ကွဲသံစဉ်တွေ တီးခတ်ခဲ့ကြတာပါပဲ။ ဒါတွေအားလုံးဟာ အဲဒီ့အချိန်ကာလ နယ်စပ်ခြံစည်းရိုးတွေမှာ တာဝန်ကျခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ ကိုယ့်အတ္တကိုယ်ပဲကိုယ်ကြည့်ပြီး လာဘ်ပေးလာဘ်ယူလုပ်ခဲ့တာတွေက အခုဆိုရင် ကိုယ့်အမျိုးကို ပြန်ရောင်းစားတဲ့၊ ကိုယ့်မြေကို ပြန်ရောင်းစားတဲ့ အသားထဲကလောက်ထွက်တဲ့ သမိုင်းတရားခံတွေပါပဲ။ 

ဒီလိုအချိန်မှာ အစိုးရကနေပြီးတော့ နိုင်ငံသားဖြစ်မှုတွေကို ပြန်လည်စစ်ဆေးပေးတော့မယ်ဆိုတာကို သတင်းတွေထဲမှာတွေ့လိုက်ရတော့ အနည်းငယ် ရင်အေးမိပါတယ်။ မရှိတဲ့လူမျိုးကို အရှိလုပ်၊ သမိုင်းတုတွေနဲ့ မြန်မာပြည်သူလူထုနဲ့ အစိုးရကိုခြိမ်းခြောက်လာမည်ဆိုရင် အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်တယ်။ 

ဒီကနေ့ သီတဂူဆရာတော်ဘုရားကြီးက မိန့်လိုက်ပါပြီ။ ဧည့်သည်က ဧည့်သည်လိုနေပါတဲ့။ အိမ်ရှင်ငြိုငြင်အောင်မလုပ်ပါနဲ့တဲ့။ အဲလိုပါပဲ။ အာဏာရူးတွအနေနဲ့လည်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်ချင်တယ်ဆိုရင် ပြည်သူ့ဆန္ဒခံယူကြပါ။ မရိုးမသား၊ ပြည်သူကိုလိမ်ညာပြီးတော့ ထိုင်ခုံတွေပေါ်မှာ တက်ထိုင်ဖို့ မကြိုးစားပါနဲ့။ ပြည်သူလူထုတွေဟာ ငတုံးတွေ မဟုတ်ဘူး။ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသကို အမှန်တကယ် ဦးဆောင်မှုပေးနိုင်တဲ့၊ ပြည်သူ့အလုပ်ကို တစ်ကယ်လုပ်မယ့်၊ ပြည်သူ့ဝန်ကို အမှန်တကယ်ထမ်းမည့်သူမျိုးတွေကိုသာ ပြည်သူ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်နေရာမှာ ထားပါလိမ့်မယ်။ လူထုခေါင်းဆောင်ဖြစ်ချင်တယ်ဆိုရင် ပြည်သူလူထုကိုသာ အမြဲတမ်း ဗဟိုပြုနေရမှာဖြစ်တယ်။ ဘာကြောင့်ဆိုတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အာဏာပိုင်ရှင်အစစ်က ပြည်သူဖြစ်တယ်။ ပြည်သူသာလျှင် အာဏာပိုင်ရှင် အစစ်အမှန်ဖြစ်တယ်ဆိုတာ ပြောကြားရင်း အဆုံးသတ်လိုက်ပါတယ်။    ။

လေးစားစွာဖြင့် 

ထက်အောင်
(၁၈. ၀၅. ၂၀၁၃ (စနေနေ့) ၂၂း၁၄ PM)

(ပြည်တွင်းဂျာနယ်တစ်စောင်ကို ပို့ခဲ့သော်လည်း ဖော်ခြင်းမခံခဲ့ရသောဆောင်းပါး) 


 

No comments: