“ဒိုင်း ... ဒိုင်း ... ဒိုင်း ... ဒက်ဒက်ဒက် ... ဒက်ဒက်ဒက်”
“ထုန်း ... ထုန်း ... ထုန်း ... ဒိုင်း ဒိုင်းဒိုင်း ... ဒိုင်း”
အဆက်မပြတ် ပစ်ခတ်နေတဲ့အသံတွေက မဏိပူရ ဒုက္ခသည်စခန်းသစ်နောက်ကျောက နို့နှစ်လုံးတောင်ကြောတခုလုံးကို ပဲ့တင်ရိုက်ပြီး တတောလုံး ဆူညံနေတယ်။ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဟာ သိပ်ကိုပြင်းထန်တယ်။
ပစ်ခတ်သံတွေ တော်တော်ကြာလာတော့ ထင်းရှူးပင်အကွယ်က ကိုရဲမြင့်စိုးထွက်လာပြီး သူ့ရဲ့သေနတ်ကို လက်နှစ်ဖက်နဲ့စုံကိုင် ဗိုက်မှာထောက်ရင်း သတ္တိပြောင်ပြောင်နဲ့ အသေခံ ရှေ့တက်လာတယ်။
တောင်ကမူနောက်ကွယ်က စူးစူးဝါးဝါး အသံပေးပြီး သဲကြီးမဲကြီး ပစ်ခတ်နေတဲ့ ကိုလေးပွက (သူ့နာမည်ရင်း ရဲမင်းသိန်းကို တင်အောင်နီရဲ့ ပြာလောင်ကာတွန်းထဲက ဇာတ်ကောင် ကိုလေးပွ ဆံပင်နဲ့ပုံစံနဲ့တူလို့ ကိုလေးပွလို့ပဲ ခေါ်တယ်) ရန်သူကို ဘာမထီတဲ့ဟန်နဲ့ အသေခံပြီး ကျူးကျော်လာတဲ့ ရဲမြင့်စိုးကို သေနတ်နဲ့ သေချာချိန်ပြီး အားရပါးရပစ်ထည့်လိုက်တယ်။
“ဒိုင်းညှောင့်”
ကိုလေးပွ ကျည်ဆံလွဲချော်သွားလား မသိ၊ ရဲမြင့်စိုး လုံးဝမဖြုံ၊ ပြိုလဲမကျ။ ရင်ကိုကော့ပြီး ရှေ့ကို တလှမ်းချင်း တိုးထွက်လာတယ်။ သူ့လိုပဲ နောက်ထပ် ရန်သူတွေတောင် ထင်းရှူးပင်နောက်ကွယ်က တယောက်ပြီးတယောက် ထပ်ထွက်လာတယ်။
“ကျား ... ကျား ... လှံစွပ်တပ် ... ချီတက် ... ကျား ... ကျား ...”
“ပစ် ... ပစ်”
“ဒိုင်းညှောင့် ... မအေးညွန့် ...”
ကိုလေးပွ မကျေမနပ်တွေဖြစ်နေတယ်။
“ကိုရဲ ... သေလေဗျာ ... ကျုပ်ပစ်တာ အပိုင်တွေချည်းပဲ၊ ကျည်ဆံမှန်ပြီး တကိုယ်လုံး ဇကာပေါက်ဖြစ်နေပြီ”
“ဘာကြောင့်သေရမှာလဲ ... မင်းသေနတက ကျည်ဆံမှ မထွက်တာ”
“ဝါးဟားဟားဟား”
ပွဲပျက်သွားပြီ။ ကိုလေးပွကို အားလုံး ဝိုင်းဟားကြတယ်။ တကယ်လည်း သေနတ်ကျည်ဆံက မထွက်။ သေနတ်တွေကလည်း သစ်သားသေနတ်။ သေနတ်သံတွေကလည်း ပါးစပ်က ထွက်နေတာ။ ငယ်ငယ်တုန်းက စစ်တိုက်တန်းကစားသလိုမျိုး။ သေနတ် အတု၊ သေနတ်သံအတုဆိုပေမယ့် စစ်ဆင်ရေးကတော့ တကယ့်စစ်ဆင်ရေးပုံစံ၊ တကယ့်တိုက်ပွဲပုံစံ၊ တကယ့် ခြုံခိုတိုက်ပွဲ လေ့ကျင့်ခန်းအတိုင်း ပြောက်ကျားစစ်ဆင်နည်းတွေ လေ့ကျင့်သင်ကြားရတာဖြစ်တယ်။ ပြောက်ကျားစစ်လေ့ကျင့်ဖို့ တောင်ကုန်းတွေ၊ ကြိုးတန်း၊ ဘားတမ်း ဝပ်ကျင်းတွေနဲ့။
နယ်စပ်ကို ပြန်ပို့ခံရတဲ့နောက် ကျနော်တို့စခန်းကိုပြန်ဝင်လာပြီး ဆရာမန်းရဲ့အစီအစဉ်နဲ့ တပ်ဖွဲ့တွေ ပြန်ဖွဲ့တယ်။ စစ်ရေးလေ့ကျင့်ခန်းတွေပြန်လုပ်တယ်။ ကျနော်တို့လည်း အရင်လို ဆေးရုံဟောင်းရှိရာ စခန်းဟောင်း လေထန်ကုန်းကနေ နို့နှစ်လုံးတောင်ခြေ (မိမိတို့ဖာသာ နာမည်ပေးထားတာ) နားက တောင်ကုန်းကြီးကို ရှင်းလင်းခုတ်ထွင်ပြီး သွပ်မိုး ဝါးထရံကာ စခန်းကြီး ၂ ခု မှာ ပြောင်းရွှေ့ကြတယ်။
ပိုလွတ်လပ်သလို အစောင့်လည်း မတင်းကျပ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် လွတ်လွတ်လပ်လပ် ရေချိုးနိုင်တယ်။ အပြင်လည်း ထွက်လည်နိုင်တယ်၊ အဆောင်ထောင့်မှာ မဏိပူရစစ်သား အစောင့်ကင်းတဲတော့ ရှိတယ်။ ညနေပိုင်း လူစစ်ပြီး စာရင်းပေးရုံပဲ။ လူဦးရေ စာရင်းမပြည့်ရင်လည်း (တချို့ ပြန်သွားရင်) ပြဿနာ မရှိဘူး။ အရင်လို ရိက္ခာပြဿနာမရှိဘူး၊ စခန်းကို တခါတလေ ရောက်လာတတ်တဲ့ မဏိပူရ လူမှုအဖွဲ့အစည်းတချို့က စောင်၊ ခြင်ထောင် နဲ့ လေခေါင်းအုံးတွေ ဝေငှပေးတတ်တယ်။ ခြင်ထောင်မလိုသူတွေက ခြင်ထောင်ရောင်းပြီး မုန့်ဖိုးရှာတယ်။
စခန်းရဲ့တောင်ကုန်းအောက်မှာ ကသဲရွာလေးရှိတယ်။ လက်ဖက်ရည်ဆိုင်လေးလည်း ရှိတယ်။ သူတို့ဖျော်တဲ့ လက်ဖက်ရည်က သောက်လို့လည်းမကောင်းပေမယ့် ဆိုင်မှာထိုင်ပြီး အာရိုက်နေလို့ရတယ်။ နို့ မပါ၊ ချက်နို့ဆီ မပါ၊ ကရဝေးရွက်နဲ့ လက်ဖက်ခြောက်ပြုတ်ထားတဲ့ နှပ်ရည်ကျဲကျဲထဲ သကြားနည်းနည်းထည့်မွှေသောက်ရတဲ့ ကျငမ်း လို့ခေါ်တဲ့ မဏိပူရ လက်ဖက်ရည်ပါ။
နေ့လည်ခင်း စစ်ရေးလေ့ကျင့်ခန်း မရှိရင် ထင်းရှူးတွေ တန်းစီပေါက်နေတဲ့ တောင်ကုန်းပေါ်ကမြေနီလမ်းလေးအတိုင်း တောင်အောက်ဆင်းပြီး ချောင်းထဲဆင်းတယ်။ ခြင်ထောင်ဟောင်းတွေကို ငါးဖမ်းပိုက်လိုအသုံးချပြီး ချောင်းထဲဆင်း ပုဇွန်ဆိတ်နဲ့ ငါးဖမ်းတယ်၊ ဂဏန်းကျင်း နှိုက်တယ်။ တခါတလေ ငါးမျှားကြတယ်။ ငါးမရလည်း ရေချိုးပြန်ပေါ့။ တခါတလေ ကျနော်တို့တတွေ ထင်းခုတ်ရင်း တောလည်ကြတယ်။
ကျနော်တို့ အနီးအနားက မဏိပူရတောင်ကုန်းတွေဟာ သိပ်ပြီး ထူထဲထဲနက်တာတော့ မဟုတ်ဘူး။ ဗမာပြည်လို စားစရာအပင် သိပ်မပေါဘူး။ ပေါက်တာက ထင်းရှူးနဲ့ စကပ်ပင်တွေ များတယ်။ စကပ်ပင်တွေက လူကြီးလက်မောင်း၊ ခြေတလုံးလောက်ပဲတုတ်တာမို့ ခုတ်လှဲခွဲခြမ်းပြီး ထင်းအဖြစ် သုံးတယ်။ ထင်းခုတ်သွားရင်း ဇီးဖြူသီးတို့ ကုန်းသဖန်းသီးတွေ တွေ့ရင်လည်း ခူးလာတာပေါ့။ တောထဲမှာ စားစရာက သိပ်များများစားစား မရှိပါဘူး၊
ကျနော်ကတော့ တောထဲသွားတိုင်း အောက်ကို ဟိုဟိုဒီဒီလိုက်ကြည့်ရင်း တုတ်တချောင်းနဲ့ မြွေ တွေ့လိုတွေ့ငြား လိုက်ကြည့်နေတာပဲ။ မဏိပူရစစ်သားတွေ ကျနော်တို့ မြွေစားတတ်မှန်းသိလို့ မြွေရိုက်ပြီး လာပေးတတ်တယ်။ မြွေကိုခေါင်းဖြတ် အရေခွံကိုဆွဲခွာလိုက်ပြီး ဆား နနွင်း နယ်ပြီး မီးကင်စားရတဲ့ အရသာက ကောင်းတယ်။ ငါးရှဥ့်တောင်စားသေးတာပဲလေ၊ သိပ်မထူးပါဘူး။
မဏိပူရွာသားတချို့ကလည်း တောထဲမှာ ထင်းရှူးပင်တွေ တရားမဝင်ခုတ်လှဲပြီး ထင်းရှူးနှစ်သားတွေကို ရောင်းတတ်တာကြောင့် ကျနော်တို့ကိုလည်း မဏိပူရ တပ်ရင်းမှူးက ထင်းရှူးပင်တွေမခုတ်ဖို့ သတိပေးထားတယ်။ ကျနော်တို့လည်း သူတို့စည်းကမ်း လိုက်နာပါတယ်။ အဲ ... ကိုယ့်နိုင်ငံမဟုတ်လို့လား မသိဘူး၊ ကိုယ့်တောတောင်တွေလို ကြောက်ရွံ့လေးစားမှုတော့ မရှိဘူး။ ရယ်စရာလိုလိုနဲ့ တွေးစရာတခု ပြောအုံးမယ်။
ကျနော်တို့ ဗမာပြည်တောထဲတောင်ထဲမှာဆို အပေါ့အပါးနဲ့ အခင်းကြီးစွန့်မယ်ဆို တောစောင့်နတ် တောင်စောင့်နတ်ဆိုတာကို လေးစားသမှုနဲ့ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ပါးစပ်က “ကန်တော့ ... ကန့်တော့” တို့ “မအောင့်မအီးနိုင်လို့ စွန့်မိတာကို တောစောင့်နတ် တောင်စောင့်နတ်မင်းတို့ ခွင့်လွှတ်ပါ” လို့ တောင်းပန် ခွင့်တောင်းတတ်တဲ့အကျင့်က ပါပြီးသား။ မဏိပူရ တောထဲမှာ အစောပိုင်းကတော့ ဗမာပြည် အကျင့်အတိုင်း “ကန်တော့ ... ကန်တော့”လုပ်မိသေးတယ်။
နောက်ပိုင်းကျတော့လည်း ဟာ ... ဒါကိုယ့်နိုင်ငံမှမဟုတ်တာ တောစောင့်နတ်လည်း ရှိချင်မှရှိမှာ၊ ရှိလည်း ဒီကနတ်တွေ ဗမာစကားနားလည်မှာမှ မဟုတ်တာဆိုပြီး ဘာမှ ခွင့်မတောင်းတော့ဘူး၊ အပင်ကြီးကြီးအောက်လည်း ပန်းထည့်လိုက်တာပဲ။ တကယ်တော့ ကိုယ့်ရေမြေ တောတောင်ကိုပဲ ကိုယ်က တန်ဖိုးထားတတ်တာပါ။ သူများရေမြေတောတောင်ဆိုတာ ကိုယ်ချစ်ခင်တွယ်တာရမယ့်အရာလည်း မဟုတ်တော့ ကိုယ်နဲ့မဆိုင်ဘူးလို့ စိတ်ထဲထင်နေတယ်။
ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေက ကျနော့်တို့တောတောင် သစ်ပင်တွေကို အလေးမမူ တန်ဖိုးမထား ခံစားမှုကင်းကင်းနဲ့ အမြစ်ပါမကျန် စိတ်ကြိုက်ထင်သလို တူးဆွခုတ်လှဲနေတာကို မြင်ရကြားရတော့ ဒေါသထွက်ရတယ်။ တကယ်တော့ သူများပိုင်ဆိုင်တာပဲဖြစ်ဖြစ်သူ့နိုင်ငံပဲဖြစ်ဖြစ် သူ့မြေပဲဖြစ်ဖြစ် တန်ဖိုးထား လေးစားရမယ့်အရာတွေကို လစ်လျှူရှုပစ်ပယ်တာမျိုးက လုံးဝ မလုပ်ကောင်းတဲ့အရာပဲလေ။
မနက်စောစော ချမ်းချမ်းစီးစီးမို့ အားလုံးစောင်ခြုံထဲကွေးနေပေမယ့် ကျနော်ကတော့ စောစောထ ရေဒီယိုဖွင့် သတင်း နားထောင်ရတယ်။ ကျနော်က သီချင်းလေးတွေ ဝါသနာပါတော့ AIR ရေဒီယိုကလွှင့်တဲ့ သီချင်းတွေကို အသံကူးထားတယ်။ ဆောင်းတွင်းဆို၊ ဆောင်းနဲ့ပတ်သက်တဲ့ သီချင်းတွေချည်းပဲ ဆက်တိုက်စီပြီး သွင်းထားတာ။ ဥပမာ ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်၊ ဆောင်းကတ္တီပါ၊ ဒီဆောင်းဟေမာန်၊ မဲဇာမြိုင်ခြေ စသဖြစ်ပေါ့၊ စောစောထပြီး သီချင်းလေးတိုးတိုးဖွင့်ပေးထားရင် ရဲဘော်တွေအားလုံး ကွေးပြီးဇိမ်ခံနားထောင်တတ်ကြတယ်။
ကျနော်သီချင်းဖွင့်ပြီး မနက် ၆ နာရီဆို အိပ်ဆောင်ထဲကို ကသဲစစ်သားတယောက် ဝီစီမှုတ်ပြီး အမြဲဝင်လာတတ်တယ်။ ပါးစပ်ကလည်း “အကိုတို့ ငါ့ညီမ ယူပါ၊ အကိုတို့ ငါ့ညီမ ယူပါ” နဲ့ အော်နေတတ်တယ်။ ဝီစီသံစူးစူးကြောင့် အိပ်မရတော့ အားလုံးထရတယ်။ ပြုံးစိပြုံးစိတွေနဲ့ “အေး ... ယူပါ့မယ်ဟ ယူပါ့မယ်ဟ” နဲ့ သံယောင်လိုက်ရတယ်။ အမှန်တော့ အဲဒီကသဲ ပြောချင်တာက “အားလုံး ထကြပါ၊ အားလုံးထကြပါ” ဆိုတဲ့စကားပါ။ ကျနော်တို့ထဲက ဘယ်သူမှန်းမသိ ဗရတ်ကျပြီး ပေါက်ကရ ဘာသာပြန် သင်ပေးလိုက်တော့ ဘာမှမသိရှာတဲ့ ကိုရွှေကသဲ မနက်တိုင်း သူ့ညီမနဲ့ လူတကာ လိုက်ပေးစားသလို ဖြစ်သွားတာပေါ့။
ကျနော်တို့ မနက်အိပ်ရာထတာနဲ့ ကျန်းမာရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းတွေကို သင်တန်းမှူး ကိုညီညီလွင် ရဲ့ ဦးဆောင်မှုနဲ့ လုပ်ကြတယ်။ မဏိပူရကို ကျနော်တို့ စရောက်ခါစကတည်းက ကိုညီညီလွင်ကပဲ အခြေခံစစ်ပညာနဲ့ ကာယလေ့ကျင့်ခန်းတွေကို သင်ကြားပေးတာဖြစ်တယ်။ သူက တက္ကသိုလ် အရံတပ် (UTC) မှာ တက်ရောက်သင်ကြားခဲ့တော့ စနစ်တကျ သင်ပေးနိုင်တယ်။ မနက် လက်ဖက်ရည်သောက် ထမင်းကျော်စားပြီးရင် စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်တယ်။ တန်းစီ၊ ဘယ်ညာ ညှိ၊ တန်းညှိ၊ ဘယ်ကွေ့ ညာကွေ့ အနှေးလျှောက် အမြန်လျှောက်နဲ့ အမိန့်နာခံမှုတွေ၊ ပစ် ထောက် မှောက် လှိမ့် မိကျောင်းတွား၊ အတက် အဆုတ် စတဲ့ အခြေခံစစ်ပညာတွေကို လပေါင်းများစွာ ထပ်ခါထပ်ခါ သင်ခဲ့ရလို့ လူတော်တော်များများက စိတ်ညစ်နေပြီ။
နောက်ပိုင်း သေနတ်ကိုင်လေ့ကျင့်မယ်ဆိုတော့ စကပ်ပင်သားတွေ၊ ထင်းရှူးသားတွေကို သေနတ်ခုတ်ကြတယ်။ ကွယ်လွန်သွားတဲ့ ကိုစစ်နိုင်နဲ့ ကိုရဲတို့က သေနတ်ကို အဟုတ်လှအောင်ခုတ်ထစ်နိုင်တယ်။ ကျနော်ကတော့ ခပ်ပျင်းပျင်းဆိုတော့ နည်းနည်းကောက်ကွေးကွေး ထင်းချောင်းတချောင်းကို သေနတ်အသွင်ကိုင်လို့ သင်တန်းမှူးက သတိပေးတယ်။ ဘယ်တော့မှ ကိုင်ရမယ်မှန်းမသိတဲ့ သေနတ်ကို စိတ်ကမှန်းပြီး နေပူပူထဲ သစ်သားသေနတ်တွေနဲ့ မငြီးမငြူ စစ်ရေးလေ့ကျင့်ကြတယ်။
သစ်သားသေနတ်သာ ဆိုတယ်၊ အဲဒီသစ်သားသေနတ်ကို မလေးမစားလုပ်ရင် သင်တန်းမှူး ညီညီလွင်က မှတ်ထားပြီး အပြစ်ပေးလေ့ရှိတယ်။ (ညီညီလွင်ရဲ့ အပြစ်ပေးတဲ့မှတ်တမ်းလေး၊ စာဖတ်သူတွေကြည့်နိုင်အောင် အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်)
ဆရာမန်းမြင့်ဆိုင်ကလည်း ၃ လအတွင်း လက်နက်ရစေရမယ်ဆိုပြီး ကတိပေးလိုက်၊ ၃ လပြည့်တော့ ရက်ပေါင်း ၁၀၀ အတွင်း လက်နက်ကိုင်ရမယ်လို့ ဖျောင်းဖျလိုက်၊ ရက် ၁၀၀ ပြည့်တော့ လက်နက်ကိုင်တော်လှန်ရေး မကြာခင် စရတော့မယ်ဆိုပြီး ပျားရည်နဲ့ ဝမ်းချလိုက်နဲ့ မိုးရေးနယ်စပ်မှာထိုင်ပြီး ဆင်ဖြူတော်စီမံကိန်းကြီးတွေ ချပြနေတယ်။
စခန်းကရဲဘော်တွေက ကြာတော့လည်း စိတ်ဓာတ်တွေကျကုန်တယ်။ စစ်ရေးလေ့ကျင့်တော့မယ်ဆို ဝမ်းကိုက်တယ်၊ ဖျားတယ် နာတယ် အကြောင်းပြပြီး ခွေနေတဲ့လူတွေများလာတယ်။ တချို့ရဲဘော်တွေကလည်း ဗြောင်ကျကျပဲ စစ်ရေးလေ့ကျင့်ခန်းဆို သွားမလုပ်တော့ဘူး။ တနှစ်နီးပါး ဒါချည်းပဲလုပ်နေရတော့ စိတ်ပျက်နေပြီ။ ကျနော်လည်း သတင်းနဲ့ပြန်ကြားရေးမှူးရာထူးကို ထိထိရောက်ရောက် အသုံးချတဲ့အနေနဲ့ စစ်ရေးလေ့ကျင့်ခန်းလုပ်မယ်ဟေ့ဆိုရင် ရေဒီယိုသတင်းတွေနားထောင်ပြီး ကူးနေလိုက်တယ်။ အလုပ်တွေ အရမ်းရှုတ်ပြလိုက်တယ်။ သင်တန်းမှူး ညီညီလွင်က ရိပ်မိရင် စခန်းတာဝန်ခံ ဒေါက်တာအောင်ကျော်ဦးကို လက်တို့တိုင်တယ်။ ဒီတော့လည်း စိတ်မပါဘဲ စစ်ရေးလေ့ကျင့်ခန်းလုပ်ရပြန်တယ်။
စိတ်ကျနေတဲ့ ကျနော်တို့အတွက် ရဲဘော်တချို့က ထွက်ပေါက်တခုရအောင် ရှာလာခဲ့တယ်။ ကျနော်က ညမိုးချုပ်၊ မြန်မာ့အသံ ဘီဘီစီ၊ အေအိုင်အာ၊ ဗွီအိုအေ သတင်းတွေကို ရေဒီယိုကနေ အသံဖမ်းတယ်။ ရေဒီယို ကက်ဆက်ကလည်း တလုံးထဲရယ်။ ဒါတောင် အိန္ဒိယ ထောက်လှမ်းရေးကပေးထားတာ။ မနက်နဲ့ညတိုင်း အသံဖမ်းထားတဲ့ ထူးထူးခြားခြားသတင်းတွေကို သတင်းမှတ်တမ်းစာအုပ်ကြီးထဲ လက်ရေးနဲ့ပြန်ကူးပြီး အရေးကြီးတဲ့သတင်းဆိုရင် စခန်းကလူတွေသိအောင် ချက်ခြင်းဖတ်ပြတယ်။ မြန်မာပြည်က သတင်းစာတချို့နဲ့ စာစောင်တွေ သတင်းမှတ်တမ်းတွေကို ကျနော်က ထိန်းသိမ်းထားရတယ်။
တည သတင်းတွေကူးနေတုန်း မျက်မှန်အထူကြီး တပ်လေ့ရှိတဲ့ ကျောက်ခဲ(ကလေးမြို့) ကျနော် အလုပ်လုပ်နေတုန်း ရောက်လာတယ်။ ဘာထူးလဲ ကိုညို ဘာညာနဲ့ပြောပြီး ကျနော့်ဆီက မြန်မာ့အလင်း သတင်းစာအဟောင်းတရွက်လောက် တောင်းတယ်။ သူက စခန်းမှာ စကားအရမ်းနည်းပြီး ခပ်အးအေးပဲနေတတ်တယ်။ သူ တခုခုအသုံးပြုချင်လို့နေမှာပဲဆိုပြီး အရေးမပါတဲ့ သတင်းစာတဖောင်ကို ပေးလိုက်တယ်။ “ကိုညို အလုပ်ပြီးရင် အနောက်ဘက်ထဲ လာခဲ့လေ” လို့ မှာတယ်။
ကျနော်လည်း အလုပ်ပြီးတော့ အဆောင် (၁) နောက်ဘက် စကပ်တောထဲ လိုက်သွားတယ်။ တခါတလေ တောထဲက လရိပ်အောက်မှာ ကျနော်တို့သူငယ်ချင်းတချို့ စားစရာလေးတွေနဲ့ ဟိုအကြောင်း ဒီအကြောင်း၊ သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံဖြစ်ဖြစ်၊ ကြည့်ဖူးတဲ့ ရုပ်ရှင် ဖတ်ဖူးတဲ့စာအုပ်တွေအကြောင်းဖြစ်ဖြစ် ထွေရာလေးပါး ပြောတတ်ကြတယ်။ တခါတရံ စခန်းထဲက လူတချို့ရဲ့ အတင်းအဖျင်းတွေလည်း ပါတယ်။ အများအားဖြစ်တော့ လက်ရှိအနေအထားနဲ့ နိုင်ငံရေးအခြေအနေတွေကို ပြောကြ သုံးသပ်ကြတာပါပဲ။
အဆောင်နောက်ဘက် စကပ်ပင်အောက် ခါတိုင်းထိုင်နေကျနေရာမှာ ဘယ်သူမှမတွေ့ရလို့ အသံပေးခေါ်ကြည့်တော့ ခပ်လှမ်းလှမ်းတောင်ကြောတနေရာမှာ ရဲခနဲ ရဲခနဲ ဆေးလိပ်မီးတွေ့လို့ လိုက်သွားလိုက်တယ်။
သူတို့အနားရောက်သွားတော့ ထူးခြားတဲ့အနံ့တချို့ ရလိုက်တယ်။
“လာ ... ဘရောင်း ... ဘာထူးသေးလဲ”
ဇော်လွင်ထွန်းက ခေါ်ခေါ်မေးမေးပြောလိုက်ရင်း နေရာပေးတယ်။
“သိပ်မထူးပါဘူး၊ အဖမ်းခံရတဲ့ သတင်းတွေချည်းပဲ”
ကျနော် ကြည့်လိုက်တော့ လူတိုင်းပြုံးစိစိအမူအရာတွေနဲ့။ အောင်ဆန်းလင်းက သတင်းစာနဲ့လိပ်ထားတဲ့ ပွတ်ချွန်းတလိပ် လှမ်းပေးတယ်။ မီးညှိပြီးသောက်ကြည့်တော့ အရသာ ခပ်ပေါ့ပေါ့ပဲ၊ အနံ့လည်း ပြင်းတယ်။ လရောင်အောက်က မျက်နှာတွေဟာ ကျနော့်ကို ရီဖြဲဖြဲနဲ့ ကြည့်နေတယ်။ နောက်တော့ ကျနော် ရိပ်မိသွားတယ်။
“မားတွေလား”
ဝါးဟားဟားနဲ့ ဝိုင်းရယ်ကြတယ်။ သူတို့အားလုံး ဆေးခြောက်မှန်နေပြီ။ ကျနော် အတော်လေးစိတ်ဝင်စားသွားတယ်။ ဘိုထိန်က ပလပ်စတစ်နဲ့ထုတ်ထားတဲ့အထုတ်ကြီး ထုတ်ပြတယ်။
“ဘယ်က ရတာလဲ၊ များလှချေလား”
“နွားတင်းကုတ်က”
မနက်က ရဲဘော်တချို့ တောလည်သွားရင်း စခန်းနဲ့ တမိုင်ကျော်လောက်ဝေးတဲ့ ဂေါ်ရခါး ယာတဲတလုံးကို သွားတွေ့တယ်။ ယာတဲထဲထိုင် အပမ်းဖြေရင်း ထပ်ခိုးတနေရာမှာ ဆေးခြောက်ပင်တချို့ ကြပ်တင်ထားတာ တွေ့ကြတယ်။ နည်းနည်းပါးပါးသိတဲ့ ရဲဘော်တယောက်က ဒါ ဆေးခြောက်တွေဆိုတာ ရိပ်မိတော့ ပတ်ဝန်းကျင်ကိုလိုက်ကြည့်ရာမှာ ဂေါ်ရခါး နွားတင်းကုတ်နောက်က လူတရပ်လောက်ရှိတဲ့ ဆေးခြောက်ပင်တွေ တောထနေတာတွေ့လိုက်တယ်။ အလေ့ကျပေါက်နေတာပေါ့။ အိန္ဒိယမှာတော့ ဆေးခြောက်ပင်တွေဟာ လမ်းဘေးမှာ ထူထူထဲထဲ အလေ့ကျပေါက်နေတာပဲ။ ဒီလိုနဲ့ ညစဉ်ညတိုင်း မားကလေး ရှိုက်လိုက်၊ သကြားကလေး ယက်လိုက်၊ မိုးဗြဲဒယ်ကြီးနဲ့ ထမင်းခြောက်တွေ လှော်စားလိုက်၊ ထွေရာလေးပါး အာလိုက်၊ တဟီးဟီး တဟားဟားနဲ့ ကျနော်တို့ရဲ့စိတ်ကျဝေဒနာတွေကို ထွက်ပေါက်အလွဲတွေ ပေးနေခဲ့တယ်။
တနေ့ မိုးရေးကနေ ဆရာမန်းနဲ့ အိန္ဒိယစစ်ထောက်လှမ်းရေးတချို့ စခန်းကိုရောက်လာတယ်။ သူတို့နဲ့အတူ မြန်မာ့တပ်မတော်က အရာရှိတယောက်လည်း ပါလာတယ်။ ဗိုလ်မှူးစိုးမြင့်လို့ ခေါ်တယ်။ အသားညိုညို ခပ်သွယ်သွယ်၊ စစ်သားဥပဓိပဲ။ သူက စခန်းထဲမဝင်ဘူး၊ စခန်းရှိတဲ့ တောင်ကုန်းမရောက်ခင် တနေရာကနေ ရဲဘော်အားလုံးကိုခေါ်ပြီး စကားပြောတယ်။ ဆရာမန်းကတော့ စိတ်ဓာတ်မကျဖို့၊ အားမွေးထားဖို့ မကြာမီ အလားအလာကောင်းတွေ ပေါ်လာမယ်ပေါ့။ ဗိုလ်မှူးစိုးမြင့်ကတော့ သူ မကြာမီ ရဲဘော်တို့ဆီလာပြီး စစ်သင်တန်းပေးမယ့်အကြောင်း၊ ကျောင်းသားတွေ စိတ်ဓာတ်ကို သဘောပေါက်တဲ့အကြောင်း၊ စစ်ပညာ စနစ်တကျမတတ်ဘဲ စစ်တိုက်လို့မရနိုင်ကြောင်း၊ ဗမာ့တပ်မတော်ကို အခုလိုပုံစံမျိုးနဲ့လည်း တိုက်လို့မရနိုင်ကြောင်း၊ ပြောက်ကျားစစ်ဆင်ရေးကို သင်ပေးမယ့်အကြောင်း၊ ပြည်သူတွေက ခင်ဗျားတို့ကို မျှော်လင့်နေကြောင်း၊ စိတ်ဓာတ်မကျဖို့ ပြောသွားတယ်။
တပ်မတော် ဗိုလ်မှူးတယောက် ကိုယ့်ဘက်ပါလာပြီဆိုတော့ ကျနော်တို့ရဲ့ ငုတ်နေတဲ့စိတ်ဓာတ်တွေက ပါးပျဉ်းထလာပြန်တယ်။ ချက်ချင်းပဲ အားတက်ကုန်တယ်။ စခန်းထဲမှာ ပြန်လည်တက်ကြွလာပြီး စိတ်ကူးတွေ ပြန်ယဉ်လာတယ်။ သိပ်မကြာခင် တမူး လူ့ဘောင်သစ်က ကိုတင်ဝင်းနဲ့ အသက် ၄၀ ကျော် ၅၀ ကျော်အရွယ် လူလတ်ပိုင်းတွေ စခန်းထဲရောက်လာတယ်။ ဗိုလ်သင်တန်းဆိုပြီး ထပ်ပြီး သင်တန်းတွေ ပေးပြန်တယ်။ ဒါပေမယ့် ညီညီလွင် သင်ပေးတာလောက်တောင် စနစ်က မကျဘူး။ နောက်တော့လည်း အီလည်လည် ပြန်ဖြစ်သွားတယ်။ ဗိုလ်မှူးစိုးမြင့်အသံလည်း ပြန်ပျောက်သွားတယ်။ အားလုံးဟာ ထုံးစံအတိုင်း ဒုံရင်းဒုံရင်းပြန်ဖြစ်သွားတယ်။
မသေချာတဲ့ မျှော်လင့်ချက်တွေနဲ့နေရတဲ့ဘဝဟာ အတော်လေး စိတ်ပင်ပန်းကြပါတယ်။
ထိုင်းနယ်စပ် ရောက်သွားတဲ့ ကျောင်းသားရဲဘော်တွေက အနိမ့်ဆုံးအဆင့် လက်နက်ကိုင်ရတယ်၊ လက်နက်အစစ်တွေ ပစ်ခတ်လေ့ကျင့်ရသေးတော့ ကျနော်တို့ထက် ကံကောင်းကြတယ်လို့ ပြောရမှာပါ။ ကျနော်တို့ အနောက်ဘက်ရောက် ကျောင်းသားလူငယ်တွေက တနှစ်ပတ်လုံး သစ်သားသေနတ်နဲ့ ပစ် ထောက် မှောက် လှိမ့်တွေ လုပ်လိုက်၊ စိတ်ဓာတ်ကျပြီး လေနေလိုက်၊ တခါ မျှော်လင့်ချက်အသစ်တွေပေးလို့ ဖြစ်လာနိုးနဲ့ စိတ်တွေပြန်တင်းပြီး ပြန်ထောင်တက်လာလိုက်၊ တခါပြန်ပြီးကျသွားလိုက်နဲ့ ကမ်းမမြင် လမ်းမမြင်တဲ့ တော်လှန်ပင်လယ်ကြီးထဲ မြုပ်ချီပေါ်ချီဖြစ်နေကြတယ်။ ရည်ရွယ်ရာကို မနည်းကူးခတ်ရပါတယ်။ လိုအင်ဆန္ဒတွေမပြည့်ဝ၊ အနေအထိုင်လည်း ဆင်းရဲ၊ ရာသီဥတုလည်း ဆိုးဝါးပေမယ့် စိတ်ဓာတ်ဘုန်းဘုန်းမလဲအောင် တင်းထားရတယ်။
စိတ်ထွက်ပေါက်ပိတ်နေတော့ အချင်းချင်းတွေ ရန်ရှာကြတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမစွမ်းသာတဲ့ ခေါင်းဆောင်တွေကို အပြစ်သွားမြင်နေတယ်။ သိပ်ကြီးကြီးကျယ်ကျယ်မဟုတ်ပေမယ့်လည်း အပြစ်တွေမြင်ပြီး တယောက်နဲ့တယောက် မခေါ်မပြောနိုင်ကြဘူး။ လက်နက်ကိုင်တော်လှန်ရေးထက် ခက်ခဲ သိမ်မွေ့တဲ့ စိတ်ဓာတ်တော်လှန်ရေးကို ကျနော်တို့တတွေ ခက်ခက်ခဲခဲ အစမ်းသပ်ခံပြီး ဖြတ်ကျော်ရတယ်။
ထောင်ကျနေတာမဟုတ်ပေမယ့် ထောင်အချုပ်ထဲရောက်နေသူနဲ့မခြား စိတ်ကျဉ်းကျပ်မှုတွေဖြစ်ခဲ့တယ်။ ကျနော်တို့ကိုယ်တိုင် သတိမမူမိဘဲ စိတ်ဓာတ်ရေးရာ ခံနိုင်ရည်အားတွေ ရခဲ့ကြတယ်။ တချိန်မှာ အဲဒီခံနိုင်ရည် စိတ်ဓာတ်တွေကနေ ခွန်အားတွေဖြစ်လာခဲ့ကြတယ်။ အဲဒီ စိတ်ဓာတ်ခွန်အားနဲ့ပဲ အနှစ် ၂၀ ကျော် အကြမ်းမဖက်နိုင်ငံရေးကို နည်းလမ်းမျိုးစုံသုံးပြီး တစိုက်မတ်မတ်လုပ်ခဲ့ကြတယ်။ ပန်းချီစစ်ငြိမ်းအေးရဲ့ ကဗျာတပိုင်းတစကို သွားသတိရလိုက်တယ်။
“အသံသာ ရှိပါစေ
ဒီမှာ ဂီတ ရှိတယ်၊
စိတ်ဓာတ်သာ ရှိပါစေ
ဒီမှာ အောင်ပွဲရှိတယ်”
ကိုညို
မေ ၂၊ ၂၀၁၃
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment