သွေးချင်း သားချင်းအပေါင်းတို့၊ ငါတို့၏ တိုက်ပွဲတို့သည် ဆက်လက်၍ ဆက်လက်၍သာ တိုက်ခိုက်သွားမည်သာတည်း။
တိုက်ပွဲတို့သည် မြေပြင်၌ လည်းကောင်း၊ အလုပ်ရုံများ၌ လည်းကောင်း၊ လယ်တော ယာကွက်များ၌ လည်းကောင်း၊ မြက်ခင်း လွင်ပြင်များ၌ လည်းကောင်း၊ စိမ်းစိမ်းနီနီနှင့် ရဲရဲတောက်လျက်ရှိသော ကြေးနီဖိုကျင်းများ၌ လည်းကောင်း၊ ဆည်းဆာချိန်ဝယ် သတ္ထုကြော အသွင်ဖြင့် လက်၍နေကုန်သော ကျောက်မီးသွေးတွင်းများ၌ လည်းကောင်း၊ ဆက်လက် တိုက်ခိုက်ကာ စစ်ကြောင်းများကို ဖြန့်ထားပါအံ့။
သင်တို့ သေဆုံးသူ၏ သက်သေ သာဓက၊ ဤအလံတော် အမှတ်အသားတို့သည် နွေဦးပေါက် လှုပ်ရှားသော သစ်ရွက်များကဲ့သို့ ငါတို့၏ ရင်ထဲဝယ် ဆထက်ထမ်းပိုး တိုးကာ တဖျပ်ဖျပ် တလူလူ လွှင့်ခတ်၍ နေပါအံ့။
ဤနေရာဝယ် အနှစ်တထောင် ကာလပတ်လုံး ရှပ်တိုက်၍ နေသော ခြေရာအပေါင်းတို့သည်လည်း သင်တို့၏ သွေးကွက်များကို ခြေဖျက်နိုင်မည် မဟုတ်။
ဤတိတ်ဆိတ်ခြင်းကို ရေတွက်ခြင်းငှာ မစွမ်းနိုင်သော အသံဗလံများသည် ရေပွက်ပမာ ထပွက်သော်ငြားလည်း သင်တို့၏ မြတ်သော သေခြင်းကို ထောမနာပြုသော ခေါင်းလောင်း သံသာသည်ကား ပဲ့တင်ထပ်၍ နေမည်သာတည်း။
ဤအကာ နံရံတို့သည် လေမိုးကြောင့် အောက်ခြေအထိ ဆွေးမြည့် ပျက်ယွင်းသွားသော်လည်း အာဇာနည် သူရဲကောင်းတို့ အမည်နာမများ၏ အသွေးအလျှံကိုကား ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်တကား။
ငါတို့သည် နောက်ဆုံးနေ့ကို တမ်းတကြသည့် မျှော်မှန်းချက်အပေါင်းကို လည်းကောင်း၊ ညပေါင်း အထောင်မျှ နှိပ်စက်ညှဉ်းပန်းခြင်း၏ သေဆုံးသော လက်သည် တားဆီးပိတ်ဆို့နိုင်လိမ့်မည် မဟုတ်တကား။
အို ကျဆုံးလေပြီးသော သွေးချင်း သားချင်း အပေါင်းတို့၊ နှိပ်စက်ညှဉ်းပန်း၏ အဆုံးစွန်သောနေ့။
ပြင်းထန်သော တိုက်ပွဲအတွင်းမှ အောင်ပွဲကိုရသော တရားမျှတခြင်းနေ့။
ဤနေ့၌ တိတ်ဆိတ်ခြင်းမှနေ၍ ငါတို့၏ အသံဖြင့် လွတ်လပ်ရေး ကြွေးကြော်သံကို မြည်ဟည်း ဟစ်အော် လွှမ်းကျော်ကြကုန်အံ့။
ထိုအခါ၌ ပြည်သူတို့၏ မျှော်မှန်းချက်သည် မီးလျှံလျှံဖြင့် ပျော်မြူး တောက်လောင်၍ နေပေအံ့။
ပါဗလို နီရူဒါ
ဗမာဘာသာပြန် - ဒဂုန်တာရာ
(ဆရာကြီး ဒဂုန်တာရာ၏ အယ်ဒီတာစားပွဲ၊ စာပေ အနုပညာဝေဖန်ရေးနှင့် ပန်းနုရောင်အို စာအုပ်မှ)
ဝန်ခံချက်။ ။ လက်ရှိဗမာပြည် နိုင်ငံရေးနှင့် တိုက်ပွဲဝင် အဖိနှိပ်ခံ ပြည်သူလူထုကြီး၊ သမိုင်းခေတ်အဆက်ဆက် ကျဆုံးခဲ့ကြကုန်သော တိုက်ပွဲဝင် အရေးတော်ပုံ အာဇာနည်များ နှင့် မနက်ဖြန်တွင် ကျရောက်မည်ဖြစ်သော နိုင်ငံတကာကဗျာနေ့အတွက် ဒီကဗျာကို ဂုဏ်ပြု တင်ဆက်ခြင်းဖြစ်တယ်။
No comments:
Post a Comment