"လက်ပံတောင်းမှာ မြွေရှိတယ်။ အဲဒီမြွေဟာ သူ့ဖာသာ ခွေနေတာ ကြာပြီ။ သိပ်ကို ထိပါးစော်ကားလာလို့ ပါးပျဉ်းထောင်လာတာ ဖြစ်တယ်။ ဒေါသူပုန်ထလာတာ ဖြစ်တယ်။ ဒီမြွေကို မီးလောင်ဗုံးနဲ့ တိုက်ခဲ့တယ်။ အရေခွံတွေ ကွာကျအောင်လုပ်ခဲ့တယ်။ မောင်းထုတ်ခဲ့တယ်။ ဒါပေမယ့် လက်ပံတောင်း မြွေရဲ့အစွယ်ကိုတော့ သူတို့ မချိုးနိုင်ခဲ့ဘူး။ လက်ပံတောင်းမြွေဟာ အဆိပ်ပြင်းတယ် ..."
ဗမာပြည် မတ်လသမိုင်းဟာ ထကြွတယ်၊ ပုန်ကန်တယ် နိုးကြားတယ်ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ပါ။ ဖက်ဆစ်တွေကို တော်လှန်ခဲ့တာလည်း မတ်လပဲ။ အာဏာရှင်တွေကို ပုန်ကန်ခဲ့တာလည်း အဲဒီ မတ်လပဲ။ အာဏာရှင် လက်ရုံးတပ်တွေကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကို မြန်မာပြည်ရဲ့ လူ့အခွင့်အရေးနေ့လို့ (၁၉၈၉ ခုနှစ် ဖုန်းမော်နှစ်ပတ်လည်မှာ) ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြေငြာပေးခဲ့တာပါ။
တိုက်တိုက်ဆိုင်ဆိုင် လူ့အခွင့်အရေးနေ့ ငွေရတုပြည့် မတ်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပံတောင်းက လူ့အခွင့်အရေး တောင်းဆိုသံတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်သွားခဲ့တယ်၊ ကြားသွားခဲ့တယ်။ ကျနော်ကတော့ အဲဒီအသံတွေဟာ လက်ပံတောင်းက မြွေတွန်သံတွေလို့ မှတ်ယူလိုက်တယ်။ လက်ပံတောင်းမြွေတွေဟာ ပါးပြင်းတွေထောင်ကြတယ်၊ မာန်တွေနဲ့ တရှုးရှုး မှုတ်တယ်။
ဖေ့စ်ဘွတ်ထဲက Video ရိုက်ကွက် အတိုအစတွေမှာ “ဦးပိုင်၊ ဝမ်ပေါင် ဖျက်သိမ်းရေး” “လက်ပံတောင်းတောင်စီမံကိန်း ဖျက်သိမ်းရေး” ကြွေးကြော်သံတွေနဲ့ ကြေးနီစီမံကိန်းရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ပြောကြားချက်တွေ၊ ကော်မရှင် အကြံပြုချက်နဲ့ ဆုံးဖြတ်မှုအပေါ် ပေါက်ကွဲ ဒေါသနဲ့ မျက်ရည်ကျနေတာတွေ၊ ဆန္ဒပြသူတွေကို ဂရုဏာမျက်လုံးနဲ့ ကြည့်ပြီး စိတ်မကောင်းဖြစ်နေတာတွေ၊ မိမိတိုင်းပြည်အပေါ်ထားတဲ့ စေတနာနဲ့ တာဝန်ယူမှုတွေအပေါ် ဂရုဏာဒေါသယှက်ပြီး ရှင်းပြနေတဲ့မြင်ကွင်းတွေဟာ ကျနော်တို့စိတ်ထဲ မချမ်းမမြေ့ခံစားရပါတယ်။
ပြည်သူတွေအပေါ်ချစ်တဲ့စိတ်၊ ဒေါ်စုအပေါ် စာနာနားလည်တဲ့ စိတ်တွေနဲ့ ကျနော်တို့ အပြင်ကလူတွေ မျက်ရည်လည်ရပါတယ်။ ငိုကြွေးဆန္ဒပြနေတဲ့ ကျေးလက်ပြည်သူတွေ မြင်ကွင်းကလည်း စိတ်ထိခိုက်စရာပါ။ အောင်ဆန်းစုကြည်ကို အားကိုးမိတာ မှားသလိုလို၊ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေဘက်မရပ်တည်တာလိုလို အထင်လွဲမှားနေတာလည်း မြင်ရတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ တိုင်းပြည်မှာ နေစရာမရှိအောင် ဒုက္ခပေးပြီး အခုအချိန်ထိလည်း တာဝန်မဲ့၊ သူရဲဘောကြောင်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ ကြံ့ဖွတ် အစိုးရအပေါ်လည်း ပြည်သူတွေက အခဲမကြေဖြစ်ရတယ်။
မုံရွာနယ်တဝိုက်က လက်ပံတောင်းတောင်၊ ကြေးစဉ်တောင်တွေအကြောင်း ကျနော်တို့ငယ်ငယ်က ပထဝီဘာသာသင်ရင်း ရင်းနှီးခဲ့တယ်။ ကနေဒါက အိုင်ဗင်ဟိုးကုမ္ပဏီ နဲ့ ဦးပိုင်တို့ ပေါင်းပြီး တူးဆွဖြိုဖျက်လိုက်ကတည်းက ဓာတုအဆိပ်သင့်တဲ့ဒါဏ်၊ လယ်ယာမြေပျက်ဆီးဆုံးရှုံးတဲ့ဒါဏ် အလုပ်လက်မဲ့ဒါဏ်တွေကို နှစ်အတန်ကြာကတည်းက ကျနော် ကြားဖူးတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အဲဒီနယ်က လယ်သမားတချို့နဲ့ ကျနော် အိန္ဒိယနယ်စပ် မီဇိုရမ်နယ်မှာ တွေ့ခဲ့တယ်။ သူတို့က အလုပ်လက်မဲ့ဖြစ်ပြီး တဖက်နိုင်ငံနယ်စပ် ထွက်လာပြီး ယက္ကန်းလာခတ်ကြတာ၊ တချို့လည်း တောထဲမှာ သစ်ခုတ် လွှဆွဲ အလုပ်ကြမ်းတွေ လာလုပ်တာ။ ကျနော် သူတို့နဲ့ အင်တာဗျူးလုပ်ပြီး ရေဒီယိုက သတင်းလွှင့်ဖူးတယ်။ စက်ရုံက စွန့်ထုတ်လိုက်တဲ့ ဓာတုဆေးရည်တွေ မြောင်းထဲက တဆင့် လယ်ထဲစီးပြီး လယ်မြေတွေ ပျက်ဆီးရပုံ၊ သောက်သုံးရေတွေမသန့်လို့ အမည်မသိ ရောဂါတွေဖြစ်ရပုံ၊ ရွာက ကလေးတချို့ ဗိုက်ပူနံကား ဝေဒနာနဲ့ သေဆုံးခဲ့ရပုံတွေကို သိခဲ့ရတယ်။
အဲဒီဒေသက လူတွေ လယ်လုပ်လို့မရတော့ စက်ရုံမြောင်းထဲကနေ မိမိတို့လယ်ထဲ စီးလာတဲ့ ဒုတ္တာရေတွေကို (သူတို့ ဒုတ္တာပြောလို့ ဒုတ္တာ လိုက်ရတာပါ၊ ဘာ ဓာတုအရည်မှန်း အသေအချာတော့မသိ) ဘိနပ်မပါ လက်အိပ်မပါ ပုံးနဲ့ခတ်ပြီး ဒုတ္တာချက်တဲ့အလုပ်ကို လုပ်တဲ့အကြောင်း၊ ကြာတော့ ခြေဖျားကနေ ခြေတလုံးတလျောက်၊ လက်မှာရော ဝဲစို ဝဲခြောက်တွေအနှံ့ပဲ။ ဓာတုဆေး အဆိပ်ကြောင့် အရည်ပြားတွေလောင်ကျွမ်းပြီး ယားနာလိုလိုတွေနဲ့ သေရာပါပဲ။ သူတို့ရွတ်ပြတဲ့ စာချိုးလေးတွေထဲက တကြောင်းတောင် အခုထိ မှတ်မိနေတယ်။ ဘာတဲ့ “ဒုတ္တာချက်တော့ ... ရပ်ပါပျက်တယ်” ဆိုတာလေး ...။
ပြောချင်တာက ကျနော်တို့ဆီက လယ်သမားတွေ အကာအကွယ်မဲ့နေတယ်ဆိုတာပဲ။ ပဒေသရာဇ်ကျေးကျွန်တွေလို နှစ်ပေါင်းမြားစွာ အုပ်ချုပ်သူတွေရဲ့ ဗိုလ်ကျ အနိုင်ကျင့်ခံရတယ်။ မထီမဲ့မြင်ခံရတယ်။ လိုရင် လိုသလို အသုံးချခံရတယ်။ သီးနှံတွေ အလုခံရတယ်၊ မြေယာတွေ သိမ်းဆည်းခံရတယ်။ ဒီလယ်သမားတွေဘဝ ကမ်းကုန်သွားပြီ။ ဟိုဘက်ကမ်းတောင် မရှိတော့ဘူး။ ဒီအချိုးမျိုး ဆက်ချိုးရင် အသေခံတိုက်ဖို့ပဲရှိတော့တယ်။ အခုကိစ္စက လက်ပန်တောင်းပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာ မဟုတ်ဘူး၊ မတရားမှုကို တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက ချစ်ပြီးသား၊ လေးစားပြီးသား၊ အားကိုးပြီးသား။ ဒီကော်မရှင်ကို တာဝန်ရှိသူတွေက တာဝန်မသိလို့ ပြီးတော့ သူရဲဘောကြောင်လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ပီပီ သတ္တိရှိရှိ တာဝန်ယူရတာ ဖြစ်တယ်။
လက်ပံတောင်းမှာ မြွေရှိမှန်း နိုင်ငံရေးသမားတိုင်းသိသလို ဒေါ်အောင်ဆန်းစုကြည်လည်း ကောင်းကောင်းသိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျင့်ဝတ်ကို အလေးထားတယ်။ တာဝန်ပေးရင် ခေါင်းမရှောင်ဘူး၊ ရဲရဲဝံ့ဝံ့ယူတတ်တယ်။ ဒါကို ကျနော်တို့ အကဲခတ်မိတယ်။ ဒေါ်စုအနေနဲ့ “ကော်မရှင်ကို စဖွဲ့တုန်းက ဘယ်သူမှ သိပ်ပြီး ဒီကော်မရှင်အလုပ်ကို မလုပ်ချင်ကြလို့ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ဥက္ကဋ္ဌအနေနဲ့ ကျမ ဦးဆောင်ခဲ့တာ” လို့ အဲဒီခရီးစဉ်မှာ ရှင်းရှင်းပဲ ပြောခဲ့တယ်။ “နိုင်ငံရေးလုပ်တယ်ဆိုတာ လူကြိုက်များအောင် လုပ်တာမျိုးမဟုတ်၊ နိုင်ငံအတွက် ကောင်းစေချင်တဲ့ စိတ်ဓာတ်မျိုးနဲ့လုပ်တာ” လို့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ပြောသွားသေးတယ်။
တကယ်တော့ တာဝန်ရှိ အစိုးရက ကြောက်လို့ လက်ပံတောင်းမှာ ဒေါ်စုလက်နဲ့ မြွေနှိုက်ခိုင်းတာဖြစ်တယ်။ အစောပိုင်းက လက်ပံတောင်းကို မြွေဖမ်းဖို့သွားတဲ့ ၈၈ တွေထဲက ကိုဂျင်မီ မြွေတွန်လို့ ပြန်ခေါက်လာခဲ့သေးတယ်။ ၈၈ အုပ်စုတွေလည်း လက်ပံတောင်းကိစ္စ မဝင်ရဲဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝါကို အသိအမှတ်ပြုထားတယ်လို့ မှတ်ထင်ရမှာပဲ။ ဝန်ကြီး ဦးအောင်မင်းလည်း ကျေးဇူးရှင်နာမည်တပ်တာ မှားသွားလို့ (လယ်သမားက ကျေးဇူးရှင်လား၊ တရုတ်က ကျေးဇူးရှင်လား မခွဲခြားတတ်လို့) ခေါင်းမဖော်ရဲအောင် ဖြစ်သွားခဲ့တယ်။
တခုပြောစရာရှိတာက ဒေါ်စုဟာ လွှတ်တော်ပြင်ပ နိုင်ငံရေးလမ်းကြောင်းမှာ ရွေးချယ်စရာ အများကြီးရှိပေမယ့် လက်ပံတောင်း ကော်မရှင်ကို ဦးဆောင်ခဲ့တာ ဒေါ်စုရဲ့ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲလွန်းတယ်လို့ သုံးသပ်လို့ ရပါတယ်။ ပြည်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်နိုင်မှု အရည်အသွေးကို ယုံကြည်ကြပါတယ်။ ဒီလိုယုံတာက ပြည်သူနဲ့ ဒေါ်စု တသားထဲ ရှိတယ်လို့ ခံယူထားလို့ပါ။ ဒါပေမယ့် တချက်တချက်မှာ ဒေါ်စုကိုယ်တိုင် အများဆန္ဒနဲ့လွတ်ပြီး တကိုယ်တော် ဆုံးဖြတ်ချက်တွေနဲ့ သူရဲကောင်းဆန်ဆန် လုပ်ဆောင်မှုတွေဟာ နိုင်ငံရေးခြေကျွံမှုလို့ မြင်ပါတယ်။
ဒီကနေ့ ပုဆိန်နဲ့ထွင်းနေရတဲ့ လက်ပံတောင်းပြဿနာဟာ အစောပိုင်း ဦးပိုင်ကုမ္ပဏီရဲ့ မပွင့်မလင်း မရိုးသားမှုနဲ့ ပြည်သူအပေါ် စေတနာမရှိဘဲ လှည့်ဖျားမှုတွေကြောင့် ဖြစ်ပါတယ်။ အတိတ်က ဆိုးမွေကြောင့် ဒီအကျိုးဆက်တွေဖြစ်နေတာ အားလုံးကသိပေမယ့် အတိတ်ကိုချန်လှပ်ပြီး အနာဂတ်နဲ့ ပစ္စုပ္ပန်ကိုပဲ ရှေ့ရှုမယ်လို့ ဒေါ်စုရဲ့ဆုံးဖြတ်ချက်ဟာ အနာဂတ်တလျှောက်လုံး အဖြေမထွက်ဘဲ ဖြေရှင်းနေရမယ့်ပြဿနာလို့ မြင်တယ်။
ဦးသိန်းစိန် အစိုးရကလည်း လက်တွေ့မကျတဲ့ အဲဒီအတွေးအခေါ်နဲ့ပဲ လျှောက်နေပါတယ်။ နောက်ထပ် အနှစ် ၅၀ အလားတူပြဿနာတွေ မီးခိုးကြွက်လျှောက် လိုက်နေအုံးမှာပါ။ နောက်တခုက ဒေါ်စုအနေနဲ့ ပွဲပြီးမီးသေ “ကျမ တာဝန်ယူတယ်၊ မဖြစ်စေရဘူး”လို့ အလွယ်တကူပေးတဲ့ ကတိနဲ့ လယ်သမားတွေရဲ့ နာတာရှည်ဒါဏ်ရာတွေကို မပျောက်ကင်းစေဘူး။ ဒေါ်စုရဲ့ ကတိကဝတ်တွေဟာ ရိုးသားမှု ရှိချင်ရှိမယ် ဒါပေမယ့် စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌတယောက်ရဲ့ လုပ်ပိုင်ခွင့်ဘောင်ထက် ကျော်လွန်နေတာ တွေ့ရတယ်။ စုံစမ်းရေးကော်မရှင်ဟာ ပြဿနာကို မပြီးအပြတ် ဖြေရှင်းပေးဖို့ အခွင့်အရေးပါ ရထားသလား မေးခွန်းထုတ်စရာပါ။
တကယ်လို့ ပြဿနာပါတပါတည်း ရှင်းပေးရတဲ့ ကော်မရှင်ဆိုရင် သိပ်ကောင်းပါတယ်။ နောင်အနာဂတ်ထိ ပြေလည်မယ့်၊ ချောမောမယ့် အဖြေမျိုးကို လိုချင်လို့ပါ။ ဆေးမြီးတိုကုထုံးတွေ ခေတ်အဆက်ဆက်က လုပ်ခဲ့ပြီးပါပြီ။ အကျိုးမရှိပါ၊ နောက်ပြဿနာအသစ်တခုဖြစ်လာဖို့ မွေးပေးတာနဲ့ အတူတူပဲ။ ကျနော်တို့ကတော့ အစီရင်ခံစာဟာ နောက်ကွယ်မှာ နိုင်ငံရေးပါနေသလို မြင်ရပါတယ်။ နိုင်ငံရေးကစားကွက်တခုခုများ ရှိနေသလားလို့ပါ။ ဒါကလည်း စုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌအတွက် ဗမာပြည်မှာ လူရိုသေ ရှင်ရိုသေဆိုလို့ ဒေါ်အောင်ဆန်းစုကြည်တယောက်ထဲကိုပဲ မြင်ရလို့လည်း ဖြစ်ကောင်းဖြစ်မှာပါ။
တကယ်တမ်းဆို စုံစမ်းရေးကော်မရှင်ဟာ နိုင်ငံရေးဘက်ကင်းတဲ့၊ အများပြည်သူ ကြည်ညိုလေးစားတဲ့ ပညာရှင်အုပ်စုနဲ့ ဖွဲ့စည်းတာမျိုး ဖြစ်သင့်တာပါ။ ဒေါ်စုအပေါ်ယုံကြည်ပေမယ့် ရှင်ကြီးဝမ်းထဲရော ရှင်ငယ်ဝမ်းထဲရော နေခဲ့ဖူးတဲ့ အဖိနှိပ်ခံ ပြည်သူတွေက ဒေါ်စုယုံတဲ့ ကြံ့ဖွတ်အစိုးရကို မယုံသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “သမ္မတကြီးကို ကျမ ယုံပါတယ်”လို့ အင်တာဗျူးတိုင်းမှာဖြေပြီး ကြံ့ဖွတ်အစိုးရနဲ့ရော တပ်မတော်နဲ့ပါ ယုံကြည်မှုတည်ဆောက်နေတာကို အားပေးနားလည်ပေးလို့ရပေမယ့် ကာယကံရှင် အာဏာရအစိုးရကတော့ ပြည်သူတွေအပေါ် ယုံကြည်မှု မပေးသေးပါဘူး။ သူရဲ့အာဏာတည်တံ့ရေးလမ်းကြောင်းကို မျက်ခြေပြတ်မခံသေးတာပဲ တွေ့နေရတယ်။
ဒါကြောင့် ပြည်သူတွေက သံသယကြီးတဲ့ အစိုးရကို နောက်ခံထားပြီး လက်ဆုတ်လက်ကိုင် နတ္တိနဲ့ ဂတိလွန်တာဟာ တိုင်းပြည်အနာဂတ်မှာ အန္တရာယ်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်လိုတယောက်ကို မြန်မာပြည်သူတွေ ရှာတွေ့ဖို့ မလွယ်ကူပါဘူး။ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူတွေဟာ မတရားမှုတွေကို ရိုးရိုးသားသားပဲ အံတုခဲ့တာပါ။ အာဏာသိမ်း စစ်အစိုးရက ရာစုနှစ်တဝက်လောက် အချိန်ဆွဲပြီး အခွင့်အရေးတွေ ဗလပွယူပြီး မရိုးမသားတွေနဲ့ အာဏာရှင်မျိုးဆက်ကို အုတ်မြစ်ခိုင်အောင် တည်ဆောက်ခဲ့ကြတယ်။ ဗမာပြည်မှာ အမှန်တရားက အနာဂတ်ကို မပိုင်ပါဘူး။ မတရားမှုတွေကသာ ပြည်သူတွေရဲ့အနာဂတ်ကို သိမ်းပိုက်ထားတာ ဖြစ်တယ်။
တကယ်တော့ ပြည်သူ့သဘောထားအမှန်က လက်ပံတောင်းတောင် စီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ ဖြစ်တယ်။ ဦးပိုင်ကုမ္ပဏီကို မယုံကြည်တော့သာ ဖြစ်တယ်။ ဝမ်ပေါင်ကို တပ်ခေါက်ပြန်ခိုင်းတာ ဖြစ်တယ်။ လက်ပံတောင်းတောင်ဟာ အဲဒီဒေသခံတွေရဲ့ ပဒေသာပင်ဖြစ်တယ်။ ဘုရားပေးတဲ့ လက်ဆောင်ဖြစ်တယ်။ သဘာဝတရားကကြီးရဲ့ အထောက်အပံ့ဖြစ်တယ်။ မြန်မာသမိုင်းရဲ့ ကျက်သရေအလှဖြစ်တယ်။ အခုတော့ အဲဒီဒေသဟာ အဆိပ်သင့်နေတယ်။ မြေစိုင်မြေခဲ၊ ကျစ်စာတုံးတွေနဲ့ အရုပ်ဆိုးနေတယ်။ အရှင်လတ်လတ် သယံဇာတကျိန်စာသင့်နေတယ်။ ဒီလက်ပံတောင်းဒေသ တောင် ၃၃ လုံးကို တူးဆွပြီးရင် ဘယ်သူတွေက အကျိုးခံစားမှာလဲ။ ဦးပိုင်က ဘယ်လောက်ထိ ရှင်းရှင်းရှင်းလင်းလင်းရှိလို့လဲ။ ဘယ်တုန်းကရော ပြည်သူသိအောင် ရှင်းပြဖူးလို့လဲ။
ဒါဆို ပြည်သူက ဘာကြောင့်ယုံရမှာလဲ။ ဦးပိုင် နဲ့ ဝမ်ပေါင်ဟာ ကျနော်တို့မိတ်ဆွေ မဟုတ်ဘူး။ သူတို့ဟာ ဘယ်တုန်းကမှလည်း လူထုနဲ့ မိတ်ဆွေမဖွဲ့ခဲ့ဘူး။ လူထုအကျိုးစီးပွားသာ လုယူ ဖျက်ဆီးခဲ့၊ လူထုကိုပဲ ဒုက္ခပေးခဲ့တာ ဖြစ်တယ်။ အခု သဘာဝပတ်ဝန်းကျင်ရော၊ ယဉ်ကျေးမှုရော၊ သမိုင်းအမွေရော ဖျက်ဆီးပစ်လိုက်တယ်။ အခုလို လက်လွန်ခြေလွန်ဖြစ်နေပြီဆိုပေမယ့် လူထုက နေပါစေတော့ဆိုပြီး ဆက်လွှတ်ထားမယ့်ဆန္ဒ မရှိတော့ဘူး။ စီမံကိန်းဖျက်သိမ်းရေးကို ဆက်တိုက်ကြမှာ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကနေ့ကာလဟာ နိုင်ငံရေးပွင့်လင်းရာသီထဲ ရောက်နေပါတယ်။ ပြည်သူတွေမှာလည်း ဆက်တိုးဖို့ကလွဲလို့ နောက်ထပ်ရွေးချယ်စရာ မရှိပါဘူး။ ပြည်သူတွေက လက်ပံတောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့အမြင်တွေ ခံစားချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း တိုင်တည် ပြောဆိုခဲ့တာ မရိုင်းပါဘူး။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ကြတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ဆုံးဖြတ်ချက်ကို အားမရတာဖြစ်တယ်လို့ပဲ မြင်ပါတယ်။ ပြည်သူနဲ့ ခေါင်းဆောင်တွေ အကျိုးစီးပွားနဲ့ အမြင်ချင်းကွာခြားရင် နိုင်ငံတကာမှာ ဒီလိုပဲ ပူညံညံဖြစ်တတ်တာပါပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာ ဒါ မဆန်းဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မထိ မတို့သင့်တဲ့ ဘုန်းရှင် ကံရှင်လို့လည်း မမြင်သင့်ဘူး၊ ဒေါ်စုကိုထိရင် ကံကြီးထိုက်မယ်ဆိုတဲ့အမြင်တွေလည်း ဖယ်ရှားသင့်ပါတယ်။ ခေါင်းဆောင်ကို အလွန်အကျွံ ကိုးကွယ်ပြီး မပြောရဲ မဆိုရဲနဲ့ မြှောက်ပင့်နေတာဟာ ဒီမိုကရက်တစ် အလေ့အထမဟုတ်သလို ဒီမိုကရေစီ ယဉ်ကျေးမှုလည်း မဟုတ်ဘူး။ ခေါင်းဆောင်ကိုးကွယ်တဲ့ဝါဒဟာ အာဏာရှင်ဝါဒဖြစ်တယ်။
ကြားရတဲ့သတင်းတချို့အရ ဒေါ်အောင်ဆန်းစုကြည် မိမိဆုံးဖြတ်ချက်နဲ့ မိမိ ငါ့လှေငါထိုးနေတာ တကိုယ်တော်စွန့်စားခန်းတွေလုပ်နေတာဟာ ဒေါ်အောင်ဆန်းစုကြည်ကိုချည်းကပ်ပြီး ကပ်ဖားယပ်ဖား ဝန်းရံနေသူတွေ၊ မြှောက်ပင့်နေသူတွေ ၊ သတင်းအမှားပေးနေသူတွေကြောင့် ဖြစ်တယ်။ ခေါင်းဆောင်ကို ဖျက်ဆီးတဲ့ မိတ်ဆွေတု မိတ်ဆွေယောင်တွေကြောင့် ဖြစ်တယ်။ ကျနော်တို့ ခေါင်းဆောင်ကိုချစ်ရင် ပြည်သူ့လိုအင်တွေ ပကတိဆန္ဒတွေ ခေါင်းဆောင် အားနည်းချက်တွေနဲ့ အမှားတွေကို ရိုးရိုးသားသား ထောက်ပြပေးရမယ်။ မကြောက်မရွံ့ တင်ပြရဲရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း တချိန်က ဒီလိုပဲမှာကြားခဲ့တာဖြစ်တယ်။
ဒီကြားထဲ တောကြောင်တွေ၊ ဖျက်လိုဖျက်ဆီး အမြင်သမားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ လက်ပံတောင်းတောင်သူတွေကိုရော၊ မသွဲ့သွဲ့ဝင်းတို့၊ ကိုဟန်ဝင်းအောင်တို့ကိုပါ အခြေအမြစ်မရှိ အစွန်းရောက်အမြင်တွေနဲ့ ဝေဖန် အပြစ်တင်တာတွေ တွေ့ရတယ်။ ကျနော်တို့ ဒီမိုကရက်တစ်တွေနဲ့ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲထားရမှာဖြစ်တယ်။ ကျနော်တို့အားလုံးဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရတဲ့ ဘဝတူတွေဖြစ်တယ်။ ဒီလူတွေကပဲ “ဒီမိုကရေစီလိုချင်တယ်” လို့ တကမ္ဘာလုံးကြားအောင် ကျယ်ကျယ်လောင်လောင် အော်ခဲ့သူတွေဖြစ်တယ်။ အသက်နဲ့ ဘဝတွေပေးခဲ့သူတွေ ဖြစ်တယ်။ ပြည်သူတွေကလည်း သီးခံခြင်းတရားနဲ့ တိုက်ပွဲဝင်ခဲ့ကြတယ်။
ဒီကနေ့ ကြံ့ဖွတ် အစိုးရဟာ ကျနော်တို့နောက်ကနေ ဒီမိုကရေစီပါလို့ မဝံ့မရဲ တိုးတိုးတိတ်တိတ်နဲ့ စိတ်မသက်မသာ အော်လာရတဲ့ ပြည်သူ့နောက်လိုက်တွေ ဖြစ်တယ်။ အဆုံးသတ်ပြောချင်တာက လက်ပံတောင်းမှာ မြွေရှိတယ်။ အဲဒီမြွေဟာ သူ့ဖာသာ ခွေနေတာ ကြာပြီ။ သိပ်ကို ထိပါးစော်ကားလာလို့ ပါးပျဉ်းထောင်လာတာ ဖြစ်တယ်။ ဒေါသူပုန်ထလာတာ ဖြစ်တယ်။ ဒီမြွေကို မီးလောင်ဗုံးနဲ့ တိုက်ခဲ့တယ်။ အရေခွံတွေ ကွာကျအောင်လုပ်ခဲ့တယ်။ မောင်းထုတ်ခဲ့တယ်။ ဒါပေမယ့် လက်ပံတောင်း မြွေရဲ့အစွယ်ကိုတော့ သူတို့ မချိုးနိုင်ခဲ့ဘူး။ လက်ပံတောင်းမြွေဟာ အဆိပ်ပြင်းတယ်။ ဒီပုံစံနဲ့တော့ သူ့ဒေသကနေ ထွက်သွားမှာ မဟုတ်ဘူး။ လက်ပံတောင်းပြည်သူတွေ ဆန္ဒမှန်ကို သေချာချည်းကပ်မေးမြန်းပြီး ညှိနှိုင်းသဘောတူမှ ဒီနယ်မြေ တည်ငြိမ်မှာဖြစ်တယ်။ ကျနော်တို့အနေနဲ့ လက်ပံတောင်းမှာ မီးလောင်ဗုံးတွေနဲ့ အရေပြားလောင်ကြွမ်းမှုတွေ နောက်ထပ်မဖြစ်ပါစေနဲ့လိုပဲ အခါခါ ဆုတောင်းနေရတယ်။
ကိုညို (အော်စလို)
No comments:
Post a Comment