Saturday, March 16, 2013

အနှစ်သာရအားဖြင့် (ခင်ငြိမ်းသစ်)

မန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ တောင်သူလယ်သမားတို့၏ ခေတ်အဆက်ဆက်က အိပ်မက်မှာ လယ်ယာလုပ်ငန်းခွင်တွင်း ပျော်ရွှင်ချမ်းမြေ့ချင်ပါသည်။ 

 တောင်သူလယ်သမားတို့သည် နယ်ချဲ့ကို ဆန့်ကျင်ခဲ့စဉ်က ရှေ့တန်းမှပါဝင်ခဲ့သည်။ တောင်သူလယ်သမားတို့၏ ပုန်ကန်မှုသည် မြန်မာ့သမိုင်း၏မျက်နှာစာ ကမ္ပည်းတင်ခံခဲ့ရသည်။ ထိုပုန်ကန်မှုသည် အင်္ဂလိပ်တို့ကို အံသြတုန်လှုပ်စေခဲ့သည်။ ခေတ်မီလက်နက်များ မပါဝင်ဘဲ ဓားလှံတို့ဖြင့် တော်လှန်ခဲ့သော လယ်သမားတို့ကို ၂ နှစ်တိုင်တိုင် ရှင်းလင်းခဲ့ပြီး ပုလိပ်တစ်ထောင်ကျော်ကို အသုံးပြုခဲ့ရသည်။ ထိုပုန်ကန်မှုကို လယ်သမားတို့၏ ဦးဆောင်ဖြစ်သော ဆရာစံကို ကြိုးပေးကွပ်မျက်ခဲ့မှသာ တောင်သူလယ်သမားတို့၏ ပုန်ကန်မှု ထိန်းသိမ်းနိုင်ခဲ့သည်။ လယ်သမားတို့၏ ပုန်ကန်မှုကြောင့် အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေး ယိုင်နဲ့ခဲ့သည်။ 


လွတ်လပ်ရေးရပြီးနောက်တွင် ရေမြေသဘာဝ ကောင်းမွန်သော မြန်မာနိုင်ငံတွင် တောင်သူလယ်သမားတို့ ကြီးပွားတိုးတက်ခဲ့သည်။ "ဆီကို ရေချိုး၊ ဆေးရိုး မီးလှုံ၊ စပါးတောင်လိုပုံ" နိုင်ခဲ့ကြသည်။ မြန်မာဆန်ကို အခြားနိုင်ငံများသို့ တင်ပို့နိုင်ခဲ့သည်။ ထိုအချိန်က အရှေ့တောင်အာရှတွင် ရွှေတိဂုံစေတီတော်ကြီးရှိပြီး ဆန်ရေစပါး ပေါများကောင်းမွန်သည့်နိုင်ငံအဖြစ် လူသိများခဲ့သည်။ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟေးအီဆာဆာကာဝါ က "ကျွန်တော်ငယ်ငယ်က ဂျပန်ပြည်မှာ အစားအသောက်အတွက် တော်တော်ဒုက္ခရောက်တဲ့အချိန်တုန်းက ကမ္ဘာကပို့တဲ့ အကူအညီထဲမှာ မြန်မာက ဆန်တွေပါတယ်။ အဲဒီ့အချိန်က မြန်မာပြည်က ဆန်သာမရခဲ့ဘူးဆိုရင် အခုကျွန်တော်ဆိုတာရှိမှာ မဟုတ်ဘူး" လို့ ပြောပြခဲ့တာကို ကြားရဖူးသည်။ အဲဒီ့လောက်အထိ မြန်မာ့ဆန်က ထင်ရှားခဲ့ပါသည်။ 

၁၉၆၂ ခုနှစ်တွင် တိုင်းပြည်၏ အာဏာကို သိမ်းယူခဲ့သော တော်လှန်ရေးကောင်စီက မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်လိုက်ခြင်းက တောင်သူလယ်သမားများအား အလေးထားသည်ဟု ပြသလိုက်ခြင်းသာဖြစ်သည်။ သို့သော်လည်း လယ်သမားတို့၏ လယ်မြေများကို သိမ်းယူလိုက်ပြီး မြေပြင်၊ ရေပြင်ကို နိုင်ငံတော်ကသာ ပိုင်ဆိုင်သည်ဟုဆိုလိုက်ပါတော့သည်။ ထိုလယ်မြေများပေါ်တွင် စိုက်ပျိုးလုပ်ကိုင်သည့် လယ်သမားတို့က နိုင်ငံတော်ကို တာဝန်ကျေစပါး ပေးသွင်းရသည်။ 

တ်ာလှန်ရေးကောင်စီ တဖြစ်လဲ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) က တာဝန်ကျေစပါးမပေးနိုင်သော လယ်သမားတို့အား ဖမ်းဆီးထောင်ချသည်။ အကြောင်းအမျိုးမျိုးကြောင့် စပါးအထွက်နည်းပါက လယ်သမားတို့သည် တာဝန်ကျေ စပါးပေးရန်အတွက် အခြားသူများထံမှာ စပါးကို ဈေးကြီးပေးဝယ်ရသည်။ ဆိုရှယ်လစ်စနစ်၏ အနှစ်သာရအဖြစ် ပုဂ္ဂလပိုင်ဆိုင်ခွင့် မရှိပေ။ ထို့ကြောင့် လယ်သမားတို့သည် ဝမ်းစာစပါး သိုလှောင်ခွင့် မရှိပါ။ ဆန်စပါးစိုက်ပျိုးသည့် လယ်သမားတို့သည် ဝမ်းစာအတွက် စပါးများကို ခိုးဝှက်ကာ သိုလှောင်ကြရသည်။

ထိုခေတ်ထိုအချိန်က တာဝန်ကျေစပါးအတွက် ဘဝပျက်ခဲ့ကြသော တောင်သူလယ်သမားတို့အကြောင်းကို အပ်ကြောင်းထပ်မျှ ကြားနေခဲ့ရဖူးသည်။ ဆိုရှယ်လစ်၏ သားကောင်းများအဖြစ် နာမည်ဆိုးနှင့်ကျော်ကြားလှသည့် ကောင်စီဝင်အဆင့်ဆင့်က လယ်သမားတို့ ဝမ်းစာစပါး ချန်ထားကြောင်းကြားသိရလျှင် ထိုလယ်သမားတို့၏ နေအိမ်များကို ဂျပန်ခေတ်က ကင်ပေတိုင်များကဲ့သို့ ဝင်ရောက်ရှာဖွေခွင့်၊ ဖျက်ဆီးခွင့်ကို တရားဝင်ရရှိခဲ့သည်။ လယ်သမားတို့၏ ဘဝသည် ဆင်းရဲနွမ်းပါးမှုများနှင့်သာ လက်ပွန်းတတီးရှိနေခဲ့ရသည်။ 

 ပါလီမန်ဒီမိုကရေစီခေတ်က မြန်မာ့ဆန်သည် အရည်အသွေးကောင်းသော ဆန်အဖြစ် တင့်တယ်နေခဲ့ရမှ မဆလ လက်ထက်တွင် အလွန်မှားယွင်းသည့် စီမံကိန်းတစ်ခုကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်းမှာ လယ်ကွက်များအတွင်း မျိုးမတူသော စပါးမျိုးစေ့တို့အား အကွက်ချ စိုက်ပျိုးစေခဲ့သည်။ လယ်ယာစိုက်ပျိုးရေးအား မိရိုးဖလာနည်းများဖြင့်သာ စိုက်ပျိုးနိုင်သေးသည့် လယ်သမားတို့က သဘောမတူခဲ့ပါ။ သို့သော်လည်း အာဏာရှင်၏အမိန့်အား မလွန်ဆန်နိုင်သောကြောင့် လယ်ကွက်တစ်ကွက်အတွင်း မျိုးမတူသော စပါးတို့အား အကွက်ချစိုက်ပျိုးခဲ့ရသည်။ အကျိုးဆက်အဖြစ် အလွန်နာမည်ကြီးခဲ့သည့် ပေါ်ဆန်းမွှေးဆန်သည် အခြားစပါးမျိုးများနှင့် ဝတ်မှုန်ကူးခံခဲ့ရသောကြောင့် အနံနှင့်အရသာ ပျက်ဆီးသွားခဲ့ရသည်။ 

ထို့ထက်ပိုဆိုးသည်မှာ လယ်မြေများကို အစိုးရမှပိုင်ဆိုင်သဖြင့် နိုင်ငံတော်စီမံကိန်းများအတွက် လယ်မြေများကို စွန့်လွှတ်လိုက်ရခြင်းပင်ဖြစ်သည်။ အချို့စီမံကိန်းတို့သည် အကောင်အထည်မပေါ်ခဲ့ဘဲ လူပုဂ္ဂိုလ်အချို့ထံ ရောက်ရှိသွားခဲ့သည်။ 

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အာဏာသိမ်းစစ်အစိုးရက နီးစပ်ရာ လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်များကိုပေးခဲ့ခြင်းကြောင့် လယ်ယာမြေများကိုလည်း နိုင်ငံတော်စီမံကိန်းဟု အမည်တပ်ကာ သိမ်းယူမှုများသည် မဆလ အစိုးရလက်ထက်မှာထက် ပိုမိုများပြားခဲ့သည်။ ၁၉၉၉ ခုနှစ်များအတွင်းက ပဲခူးတိုင်းတွင် လယ်မြေအသိမ်းခံခဲ့ရသော လယ်သမားတစ်ဦးနှင့် မဲဆောက်တွင် ကျွန်မ တွေ့ခဲ့ရသည်။ သူ့အမည်မှာ ဦးမြင့်ဦးဖြစ်သည်။ သူပြောပြခဲ့သည့် အကြောင်းအရာများက 

"ကျွန်တော်က ပဲခူးအပိုင် ကွမ်းခြံရွာကပါ။ ကျွန်တော်တို့မှာ အဘိုးအဘွားတွေလက်ထက်ကတည်းက စိုက်ပျိုးခဲ့တဲ့ လယ်မြေတွေရှိခဲ့ပါတယ်၊ ကျွန်တော်တို့အဖေ လက်ထက်ရောက်တော့ အဲဒီ့လယ်တွေကို ကျွန်တော်တို့ မပိုင်တော့ဘူး၊ ဒါပေမဲ့ လယ်တော့ စိုက်ခွင့်ရခဲ့တယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁၉၉၄ ခုနှစ်မှာ ပဲတွေဈေးကောင်းရလိုက်တော့ အဲဒီ့နှစ် ကျွန်တော် မင်္ဂလာဆောင်ဖြစ်တယ်။ ကျွန်တော့်သားအကြီးကောင်ကို မွေးပြီးနောက်ပိုင်း ၁၉၉၉ ခုနှစ်လောက်မှာဖြစ်မယ်၊ ကျွန်တော်တို့လယ်တွေကို အင်း အဖြစ် အစိုးရက သိမ်းလိုက်ပြီး အင်းလေလံတင်တယ်တဲ့။ လေလံအောင်တယ်ဆိုတဲ့ လူတွေက ကျွန်တော်တို့လယ်တွေကိုဝင်ပြီး ခြံခတ်ကြတယ်။ 

ပြီးတော့ ကျွန်တော်တို့ကို ငွေ ၁ သိန်း လျော်ကြေပေးမယ်တဲ့။ ဒါပေမဲ့ ကျွန်တော်တို့က သဘောမတူဘူး။ ဒီလယ်တွေမရှိရင် ကျွန်တော်တို့ ဘာဆက်လုပ်ရမှာလဲ၊ ကျွန်တော်လယ်စိုက်တာအပြင် ဘာမှ မလုပ်တတ်ဘူး။ ဒါပေမဲ့ အဲဒီ့အချိန်က အစိုးရကိုလည်း ကြောက်နေရတယ်၊ အစိုးရနဲ့ပတ်သက်တဲ့ လူတွေကိုလည်း အရမ်းကြောက်ရတယ်လေ။ ဒါကြောင့် ကျွန်တော်တို့ ဘာမှမပြောနိုင်ခဲ့ဘူး။ ဒီလိုနဲ့ ကျွန်တော်တို့လယ်တွေကို ခြံခတ်ထားပေမယ့် ဘာမှလည်းလုပ်တာ မတွေ့ဘူး။

နာက် ၂ နှစ်လောက်ကြာတော့ ကျွန်တော်တို့လယ်အသိမ်းခံရတဲ့ လူတွေကို စာရွက်အလွတ်တစ်ရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်။ ဘာကြောင့်လဲမေးတာလဲ မဖြေဘူး။ ကျွန်တော်တို့ရွာမှာ နည်းနည်းပါးပါး နားလည်တဲ့လူတွေက လက်မှတ်မထိုးဘူးပြောတော့ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်တာပေါ့။ ဒါနဲ့ပဲ လက်မှတ်ထိုးပေးလိုက်ရတယ်။ ကျွန်တော် ထိုင်းကိုမလာခင်က ကိုယ့်မှာ လယ်မရှိတော့သူများ လယ်မှာ အခစားနဲ့လုပ်ရတယ်။ အဆင်မပြေပါဘူး။ ဒါကြောင့် ကျွန်တော်ထိုင်းမှာ အလုပ်လာလုပ်ရတာပါ" လို့ ပြောပြခဲ့သည်။ 

ဦးမြင့်ဦးနဲ့ ကျွန်မ တွေ့ဆုံခဲ့တာက မဲဆောက်မြို့ဆေးရုံကြီးမှာပါ။ သူဟာ ထိုင်းကိုရောက်လာပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းခွင်ခုဖြစ်သော ကြံစိုက်ခင်းတွင် အလုပ်လုပ်သည်။ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရတာကြောင့် ဘယ်ဘက် ခြေထောက်ကို ဒူးဆစ်မှ ဖြတ်ပစ်ခဲ့ရချိန်ဖြစ်သည်။ အလုပ်ရှင်သဌေးက လျော်ကြေးပေးရန် ငြင်းဆန်ခဲ့တာကြောင့် တရားရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။ သူက ထိုင်းနိုင်ငံတွင်ရှိသည့် တရားမဝင် အလုပ်သမားများထဲက တစ်ဦးဖြစ်ပြီး အခွင့်အရေးများဆုံးရှုံးခဲ့ရသူများထဲက တစ်ဦးလည်းဖြစ်သည်။ 

ကိုမြင့်ဦးက "ကျွန်တော်တို့ လယ်မြေတွေ အသိမ်းမခံရရင် အခုလိုမျိုးဒုက္ခနဲ့ ကျွန်တော် တွေ့ကြုံရမှာမဟုတ်ဘူး။ အခုတော့ ကျွန်တော် ဆေးရုံကပြန်ဆင်းရင် ဒုက္ခိတ ဘဝနဲ့ ဘာလုပ်ကိုင်စားသောက်ရမလဲဆိုတာ စဉ်းစားလို့မရလို့ ကျွန်တော် စိတ်ဓာတ်ကျမိတယ်။ တစ်ခါထဲသေသွားခဲ့ရင်ကောင်းမှာပဲလို့ အကြိမ်ကြိမ်တွေးနေမိတယ်" လို့ သူက ရင်ဖွင့်ခဲ့သည်။ ကျွန်မတို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်စွာလုပ်နိုင်ခဲ့သည်။ ထိုင်းဆန်သည် ကမ္ဘာ့ဆန်ဈေးကွက်အတွင်း အောင်မြင်မှုရရှိနေသည်။ 

ထိုင်း အစိုးရက လယ်သမားတို့အား နည်းပညာမှအစ လယ်ယာ သုံးပစ္စည်းအဆုံး အားလုံးကို ထောက်ပံပေးသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် လယ်သမားတို့ ဆုံးရှုံးခဲ့လျှင် အစိုးရက ၈ဝ ရာခိုင်နှုန်း ထောက်ပံ့ကြေးပြန်ပေးခဲ့သည်။ အကယ်၍ နိုင်ငံအဆင့် စီမံကိန်းပြုလုပ်ရန်လိုအပ်လျှင် လယ်ပိုင်ရှင်တို့အား ခေါ်ယူဆွေးနွေးပြီး လယ်ရှင်ကေနပ်လျှင် လျော်ကြေးငွေကို တနင့်တပိုးပေးသည်။ လယ်ပိုင်ရှင် မကျေနပ်ပါက ထိုစီမံကိန်းကို အခြားနည်းလမ်းရှာ၍ လုပ်ဆောင်ရသည်။ ထိုသို့သော အကြောင်းများကြောင့်လည်း ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်သည်။ 

ကျွန်မတို့နိုင်ငံအတွင်းမှာတော့ လယ်မြေများကိုသိမ်းယူရာတွင် လယ်သမားများ သဘောတူရန်မလိုပါ။ အစိုးရနှင့် သဘောထားညီမျှလျှင် လယ်မြေများကို သိမ်းယူနိုင်သည်။ လယ်သမားတို့က မိမိတို့လယ်ယာမြေအတွက် ဆန္ဒထုတ်ဖော်ပါက တရားစွဲဆိုခံနေကြရသည်။ လယ်ဆည်ဝန်ကြီးက သူ တင်သွင်းသော ပုလဲသွယ် စပါးမျိုးကို စိုက်ပျိုးစေရန်အတွက် စိုက်ပျိုးရေးဝန်ထမ်းတို့၏ အင်အားကိုသုံးကာ လယ်သမားတို့အား စိုက်ပျိုးစေသည်။ ထိုစပါးမျိုးသည် ဈေးကြီးပြီး နောက်ထပ်တစ်ရာသီတွင် မျိုးမရသောကြောင့် နောက်တစ်ကြိမ်စိုက်ပျိုးရန် မျိုးစပါး ထပ်မံဝယ်ယူရပါလိမ့်မည်။ လယ်သမားတို့အတွက် တွက်ခြေမကိုက်ပါ။ သို့သော် လယ်သမားတို့မှာ ငြင်းဆန်ရန်အားမရှိဖြစ်ရပါသည်။ ထိုဝန်ကြီး၏ သားတင်သွင်းသော ဓတ်မြေသြဇာများကို နိုင်ငံဝန်ထမ်းများက လိုက်လံရာင်းချပေးရသည်။ မြန်မာ လယ်သမားတို့အတွက် ရွေးချယ်ခွင့်မရကြပါ။ 

ကျွန်မတို့ နိုင်ငံတွင် တောင်သူလယ်သမားနေ့ အဖြစ်သတ်မှတ်ခဲ့သည်မှာ နှစ်ပေါင်း ၃ဝ ကျော်ခဲ့ပြီဖြစ်သည်။ ယနေ့ မြန်မာလယ်သမားတို့၏ ဘဝသည် ပင်လယ်ထဲနေသော ငါးများရေငတ်နေသကဲ့သို့သော အခြေအနေတွင်ရှိနေသည်မှာ ဝမ်းနည်းဖွယ်ရာကာင်းလှသည်။ ကျွန်မတို့နိုင်ငံတွင် ကျေးလက်နေ တောင်သူလယ်သမား ၇ဝ ရာခိုင်နှုန်းရှိသည်။ ထိုသူတို့၏ ဆင်းရဲတွင်းမှာ နက်သထက်နက်လာနေသည်။ ထိုသို့သော အခြေအနေများထဲမှာ အာဏာရှိသူတို့၏ ဖိစီးမှုကိုလည်း လည်စင်းကာ ခံနေကြရသည် 

ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ချင်လျှင် လယ်သမားတို့ဘဝ အဆင်ပြေတိုးတက်စေရန် ကြိုးစားသင့်ပေသည်။ မတ်လ ၂ ရက်နေ့တွင် ကျရောက်လေ့ရှိသည့် တောင်သူလယ်သမားနေ့ကို အနှစ်သာရ ပြည့်ပြည့်ဝဝ ရှိစေချင်သည်။ တောင်သူလယ်သမားတို့ဘဝ သာယာစိုပြောရန် လိုအပ်ပါသည်။ 

ခင်ငြိမ်းသစ် 


 

No comments: