Tuesday, March 12, 2013

ပြည်သူတွေ ပြင်ပြင်၊ ရှင်ဘုရင်တွေ ပြောင်းပြောင်း (ဟံသာဝတီ ဦးဝင်းတင်)

နိုင်ငံခြား သတင်းဌာနတစ်ခုကလာတဲ့သတင်း ဖတ်လိုက်ရတယ်။ အလိုလေး သတင်းကောင်းကြီးပါကလား။ သတင်းက ဒီလိုဗျ။ ဖင်လန်နိုင်ငံရောက် ကျုပ်တို့သမ္မတကြီးဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့စကားဗျ။ ဘာတဲ့။ အဲ....အဲ။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ လွှတ်တော်အတွင်း တပ်မတော်ပါဝင်မှု အခန်းကဏ္ဍကို လျော့ချသွားတော့မယ် ဆိုပါကလား။ 

သမ္မတနှယ်ဗျာ။ ပြောစရာနေရာရှားရော့လား။ ဖင်လန်နိုင်ငံမှ သွားပြောရတယ်လို့။ နေပြည်တော်မှာ မပြောချင်နေ။ ရန်ကုန်ရောက်တုန်း ပြောပါတော့လား။ ချင်းတောင်ရောက်တုန်း ပြောပါတော့လား။ ဖင်လန်ဆိုတဲ့ နိုင်ငံမှာမှ သွားပြောရလား။ အနံ့၊ အရသာနဲ့ပြည်စုံတဲ့ တပ်မတော်သတင်းကို အန်ချင်စရာလုပ်တာ များလားဗျာ။ 

`ဒါပေမယ့်… သမ္မတကြီးက ပြောတယ်ဗျ။ လာမယ် ကြာမယ်တဲ့။ ဒီနေ့လွှတ်တော်အတွင်းမှာ တပ်မတော်က အစိတ်သားကြီး (အဲလေ ယောင်လို့) ၂၅ ရာခိုင်နှုန်းကြီးများတောင် ပါနေပါတယ်။ ပါချင်လို့ပါနေတာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့အနာဂတ်ကို ပုံပေါ်ဖို့အတွက် လွှတ်တော်ထဲရောက်နေတာပါတဲ့။ လက်တလောတော့ လျှော့ချလို့ မဖြစ်နိုင်ပါဘူးတဲ့။ ၂၀၁၅ နောက်ပိုင်းမှာတော့ ဂုဏ်သိက္ခာရှိစွာ လျော့ချနိုင်မှာပါတဲ့။ 


သမ္မတကြီးက အခြေခံဥပဒေကီးပြောင်းဖို့တော့ အတော်ပြောတဲ့လူဗျာ။ ပြည်သူ့လွှတ်တော်ကီးကို သဝဏ်လွှာတစ်စောင် ပေးပို့ဖူးတယ်။ လွှတ်တော်ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းပဲတဲ့။ အခြေခံဥပဒေကို ပြင်ပါလားတဲ့။ အဲဒီတုန်းက သူပြောတာက လွှတ်တော်ကီး အခြေခံဥပဒေ ပြင်ပေါ့ဗျာတဲ့။ 

ဖင်လန်မှာပြောတဲ့စကားမှာတော့ အခြေခံဥပဒေပြင်ရေး မပါရေးချမပါဗျ။ အခြေခံဥပဒေ မပြင်မပြောင်းဘဲနဲ့ ဘယ်လိုများ ‘အပ်ချလောင်း’ မလို့လဲဗျာတို့။ 

အခြေခံဥပဒေပုဒ်မ ၁၀၉ (ခ) မှာက ‘၁၁၀ ထက်မပိုသော တပ်မတော်သား ပြည်သူလွှတ်တော် ကိုယ်စားလှယ်များ’ ရယ်လို့ ပြောင်းတတ်ပီး ရေးသွင်းထားတာလေဗျာ။ ပုဒ်မ ၁၄၀ (ခ) မှာက ‘အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး’ လို့ ရှင်းထင်းကီး ရေးသွင်းထားတာလေဗျာ။

ဘာတွေပြောပြောဗျာ။ ကျုပ်ကတော့ သမ္မတကီးပြောတာကို ယုံတယ်။ ရွှေလည်တိုင်ဖော့ရိုး ကျိုးခါမှ ကျိုးရော့။ ကျုပ်ကတော့ ၂၀၁၅ အလွန်ကို မျှော်တယ်။ ဘာရယ်မဟုတ်ပါဘူး။ ကျုပ်တစ်ယောက်တည်း အိုကြောင်ဖြစ်လာသလား မသိပါဘူးဗျာ။ ယုံတယ် ...မျှာ်တယ်ဆိုတဲ့စကားတွေကိုပဲ ဂါထာမန္တန်ရွတ်သလို တတွတ်တွတ် ရွတ်နေမိတယ်။ 

ကျုပ် အိမ်နီးချင်း သူငယ်ချင်းက နားငီးလို့ လာငေါက်မှပဲ မန္တန်ရွတ်ရပ်တော့တယ်။ 

သူမေးတာနဲ့ ကျုပ်က ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ သူက မင်းနှယ်ကွာ မကြီးမငယ် တောမျှော်-တောင်မျှော် လုပ်နေရတယ်လို့။ မင်းတို့ ဒီချုပ်ညီလာခံကီးက တေမိလုပ်နေမှာလားကွ။ ၂၀၀၈ က ဒီချုပ်ထုတ်ခဲ့တဲ့ အခြေခံဥပဒေပြင် ၁၂ ချက်လို ကိစ္စမျိုးက အသံထွက်လာမှာပေါ့ကွာ။ ဒီချုပ်ကြားဖြတ်ရွေးကောက်ပွဲဝင်တုန်းက ထုတ်ခဲ့တဲ့ကြေညာချက်ထဲက အခြေခံဥပဒေပြင်ဆင်ရေးလို ကိစ္စမျိုးကလည်း အသံဟိန်းလာမှာပေါ့ကွလို့ ပြောတယ်။ 

ဒီတော့မှ ကျုပ်လည်း မေ့ရာကလန့်နိုးသလို အမောတကီးပြောမိတယ်။ အေး ဟုတ်တာပေါ့။ အခြေခံပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေက အခုအချိန်လောက်ကတည်းက စကြရာမှာပေါ့။ ၂၀၁၅ လွန်အထိ ဘယ်စောင့်နေနိုင်လိမ့်မတုံး။ အခြေခံဥပေဒေပြင်ရေး လူထုရှင်းပွဲတွေ၊ ဟောပွဲတွေ၊ တောင်းပွဲတွေ ပေါင်းလန်အောင် လုပ်ကြရမှာပေါ့။ 

ဟုတ်တယ်ဗျ။ ဒီချုပ်ဗဟိုညီလာခံလိုမျိုးက အခြေခံဥပဒေပြင်ဆင်ရေး စီမံချက်တွေရးဆွဲ၊ အောက်ခြေ ဒီချုပ်အဖွဲ့အစည်းတွေက လူထုကိုရှင်းလင်းနဲ့ ပါတီ ပြည်သူကည်ဖြူလက်တွဲကြမယ်ဆိုရင် ပြည်သူ့လိုအင်ဆန္ဒကီး အကောင်အထည်ပေါ်လာရမှာ မုချပေါ့ဗျာ။ 

ကျုပ်ကတော့ မေ့တေ့တေ့ပဲ။ ဟိုစကားပုံကားဖူးရဲ့မဟုတ်လား။ ဘာတဲ့။ ပြည်သူပင်ရင် အာဏာရှင်ပြောင်းဆိုတဲ့ စကားလေ။ 

ကိုင်း.....ကိုင်း.....သံပိုင်ဟစ်လိုက်ကြစမ်း 
ပည်သူတွေ ပြင်ပြင် 
ရှင်ဘုရင်တွေ ပြောင်းပြောင်း 

ကဲ....နောက်တစ်ကျော့.....။ 

ပည်သူတွေ ပြင်ပြင် 
ရှင်ဘုရင်တွေ ပြောင်းပြောင်း။ ။ 

ဟံသာဝတီ ဦးဝင်းတင် 

ဒီလှိုင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၁၀) မှ ...

ဓာတ်ပုံကုဒီနေရာက ယူပါတယ်။


 

No comments: