သမ္မတဦးသိန်းစိန် နော်ဝေးနိုင်ငံ အော်စလိုကို ရောက်တဲ့ရက် ညနေခင်းမှာ ကျနော် အပါအဝင် ဒီမိုကရေစီအရေးတက်ကြွသူ လူ ၅၀ ဆန္ဒပြတာနဲ့ပတ်သက်ပြီး အားပေးထောက်ခံတဲ့သူတွေရှိသလို ရှုတ်ချ အပြစ်တင်မှုတွေကိုလည်း ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ တွေ့ရတယ်။ ဒါ မဆန်းဘူး၊ ဒီမိုကရေစီဝါဒအရ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရှိတရားကိုတော့ လက်ခံရမှာပဲ။
နော်ဝေးရောက် မြန်မာတွေအများစုက ဆန္ဒပြမယ်နေ့(တနင်္လာ) က အလုပ်ကိုယ်စီလုပ်နေရတော့ မအားကြဘူး။ အဲဒီနေ့ ဆန္ဒပြသူတွေဟာ တချို့က လစာမဲ့ခွင့်ယူ၊ တချို့က အလုပ်ဖျက်ပြီး လာကြတာ။ အော်စလို အနီးအနားနဲ့ တခြားမြို့က တိုင်းရင်းသားတွေတောင် ပါသေးတယ်။ ဘယ်သူကမှ တိုက်တွန်းနှိုးဆော် တွန်းအားပေးလို့ လာကြတာမှုတ်ဘူး။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ့်နိုင်ငံရေးရပ်တည်ချက်အတိုင်း ဒို့အလုပ် ဒို့လုပ်မယ်ဆိုပြီး လာကြတာဖြစ်တယ်။
တချို့ မလာနိုင်ပေမယ့် ဖုံးတွေဆက်၊ မက်ဆေ့စ်တွေပို့ပြီး အားပေးတာ၊ ထောက်ခံတာတွေလုပ်တာ အများကြီး။ အခုဆန္ဒပြပွဲမှာ မကြိုက်ကြသူတွေ ဝေဖန်တာက “သမ္မတကြီး သိန်းစိန်အား ရွှေပန်းဖြင့် ကြိုဆိုပါသည်” ဆိုတဲ့ စာသားပိုစတာတခုပါ။
နော်ဝေးပါလီမန်ရှေ့ ဆန္ဒပြမယ့်သူတွေ လူစုတုံးဘက်ထ္ထရီတပ် ဝှီးချဲ (လက်တွန်းလှည်း) ပေါ်က ကရင်လူမျိုး မသန်စွမ်း တိုင်းရင်းသားမိတ်ဆွေတယောက်က “ကိုညို ကျနော်တော့ ဒီ ပိုစတာ ရးလာတယ်လို့ ပြောပြီး အဲဒီပိုစတာကို ပြတယ်။ ကျနော်က “ဒါကြီးတော့ မီဒီယာတွေမှာ မပေါ်အောင် နောက်မှာပဲထားရင် ကောင်းမယ်”လို့ အကြံပေးလိုက်ပါသေးတယ်။
တကယ်ဆန္ဒပြတော့ အဲဒါကြီးကို သဘောကျသူ တချို့က ကိုင်ပြီးရှေ့တက်လာတယ်။ အဲ... ဦးသိန်းစိန် ဟော်တယ်ကိုရောက်လာတုန်း သူနဲ့လိုက်ပါလာတဲ့ မီဒီယာသမားတချို့ ဓာတ်ပုံ ဗွီဒီယို ရက်တယ်။ (အစောပိုင်းကလည်း ဟော်တယ်အထပ် ပြူတင်းတခါးနောက်ကနေ ကင်မရာနဲ့ လူတယောက် မှတ်တမ်းတင်နေတယ်) သမ္မတနဲ့ပါတဲ့ သတင်းသမားတွေကို ကျနော်က “အစိုးရ သတင်းတပ်ဖွဲ့ကလား” လို့ မေးကြည့်တော့ မဟုတ်ပါဘူး VJ အဖွဲ့ပါလို့ အတည်လိုလို နောက်သလိုလို ဖြေတယ်။ နောက်မှသိရတာက စကိုင်းနက် အဖွဲ့ရယ်၊ MRTVရယ်၊ ပြန်ကြားရေးသတင်းအဖွဲ့ရယ်ပါလာတာပါ။
ကျနော့်ကို အင်တာဗျူးချင်လို့ပါဆိုပြီး မေတ္တာရပ်ခံတယ်။ ကျနော်လည်း သတင်းထောက်၊ မီဒီယာသမားတယောက်ဖြစ်တယ်ဆိုတာ သေချာမိတ်ဆက်ပြီးတော့ ပြောပြတယ်။ မီဒီယာ ကျင့်ဝတ်အရ သတင်းထောက်ကို အင်တာဗျူး လုပ်လေ့မရှိဘူးလေ၊ ဒါကို သိအောင် ကြိုပြောတာ။ ဒါပေမယ့် သူတို့က အတင်းဗျူးတယ်။ အမှန်တော့ ကျနော့်ကို သတင်းဖော်ပြချင်လို့ ဗျူးတာမဟုတ်ဘူး၊ သူတို့သိချင်တာမေးဖို့ မှတ်တမ်းယူဖို့ မေးတာ၊ သူတို့ အဲဒီဆန္ဒပြပွဲနဲ့ အင်တာဗျူးတွေ မလွှင့်ဘူးလို့ နောက်တနေ့ကျမှ သေချာသိရတယ်။
ဖေဖော်ဝါရီ ၂၇ ရက် သမ္မတက မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ အဲဒီမီဒီယာအဖွဲ့ထဲက လူနှစ်ယောက်ကို ကျနော် ချည်းကပ်ပြီး သေချာမေးကြည့်တော့ “တကယ်ဆို သမ္မတကိုဆန္ဒပြတဲ့သတင်း ရိုက်ဆိုတော့လည်း ကျနော်တို့ကတော့ ရိုက်တာပေါ့ အကိုရာ ဒါပေမယ့် ဒီသတင်းတွေ လွှင့်မလွှင့်ဆိုတာ အယ်ဒီတာနဲ့လည်း မဆိုင်ဘူး” လို့ပြန်ပြောပြတယ်။ နောက်တယောက်ကလည်း “ကျနော်တို့ လူကြီးတွေ သဘောအတိုင်းပဲ လုပ်ရတာပါ၊ အကိုတို့သတင်းတွေ မလွှင့်ဖြစ်ပါဘူး၊ မှတ်တမ်းအနေနဲ့ ယူထားတာပါ” လို့ ရှင်းပြတယ်။
နောက်တခါ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း သူ့ရဲ့အမေးအဖြေ အစီအစဉ်တွေပြီးသွားတော့ ပါလာတဲ့ သတင်းမီဒီယာတွေကို “မင်းတို့ အရမ်းမလုပ်ကြနဲ့နော် သေချာတည်းဖြတ်ပြီးမှ လွှင့်၊ ပြောတာတွေ အကုန်မထည့်နဲ့၊ အကုန်ဒုက္ခရောက်ကုန်မယ်” လို့ ပြောတာ ကျနော့်နားနဲ့ ဆတ်ဆတ်ကိုကြားခဲ့ရတယ်။ ဒါဆို သမ္မတ ခရီးစဉ်မှာပါလာတဲ့ သတင်းဌာနတွေ ပြည်သူကို ဘယ်လိုသတင်း အမျိုးအစားတွေပဲ ပေးသိစေမယ်ဆိုတာ ရှင်းပါပြီ။
ကဲ ဆန္ဒပြပွဲ သတင်းယူပုံလည်း ပြောအုံးမယ်။ ကျနော့်ကို တလေးတစားခေါ်ပြီး အင်တာဗျူးဖို့ပြင်တာက စကိုင်းနက် က လူငယ်လေးတွေပါ။ သူတို့မမေးခင် အသားညိုညို၊ အရပ်ပြတ်ပြတ်၊ ကတုံးဆံတောက် ကေနဲ့ စစ်သားပုံပေါက်သူတယောက် ကျနော့်ကို ထောက်လှမ်းရေးလေသံနဲ့ မေးခွန်းတခုမေး ဖြေလို့မဆုံးခင် နောက်တခုမေးနဲ့ ပုလိပ်စစ်သလို လုပ်နေတယ်။
သတင်းသမားက မေးခွန်းကို ကြားဖြတ်မေးလို့ရပေမယ့် သူ့ပုံစံက သတင်း အင်တာဗျူးမေးနေတာနဲ့ မတူဘူး၊ ဆန္ဒပြတာ မကျေနပ်တဲ့ မေးခွန်းမျိုးတွေမေးနေတာ။ သူ့ကိုသူလည်း မမိတ်ဆက်ဘူး။ အတော်ရိုင်းတယ်။ ဒါနဲ့ ကျနော်ပြောနေတုန်း နောက်တခါ ဖြတ်မေးတော့ “ဟေ့လူ ကျုပ်လည်း ဂျာနယ်လစ်စ်တယောက်ဖြစ်တယ်၊ ကျနော်ဖြေနေတာ ဆုံးအောင်နားထောင်စမ်းလို့ ပြန်ငေါက်လိုက်မှ ငြိမ်သွားတယ်။ ဒီတော့မှ ကျနော် သဘောပေါက်သွားတယ်။ ဒီလူ အမိန့်ပေးမှ အပိုးကျိုးတာပါလားဆိုတာ။
အစောပိုင်း သူမေးတဲ့မေးခွန်းက “နော်ဝေးနိုင်ငံက ယဉ်ကျေးပြီး ဒီမိုကရေစီနိုင်ငံပေါ့လေ၊ ဒါပေမယ့် ခင်ဗျားတို့ ပိုစတာတချို့က မရိုင်းဘူးလား” လို့ မေးတယ်။ ကျနော်က ခပ်ရှင်းရှင်းပဲဖြေတယ်။“ မရိုင်းဘူး၊ ဒီပိုစတာ ရေးခဲ့သူဟာ ကရင်ပြည်နယ်က ဗုံးထိထားတဲ့ မသန်မစွမ်း သူ့မိသားစုတွေ နယ်စပ်မှာ စစ်တပ်က ရွာဖျက်လုပ်ကြံလို့ သေကုန်ပြီ၊ သူ့မှာ ခံစားချက်တွေရှိတယ်၊ သူတို့ပုဂ္ဂိုလ်ရေးခံစားချက်ကို ကျနော်တို့ တားပိုင်ခွင့်မရှိဘူး။ ဒါ ဆန္ဒထုတ်ဖော်ပွဲဖြစ်တယ်။ လွန်ခဲ့တဲ့ကာလတွေက အာဏာရှင်တွေ လုပ်ရပ်ထက် အခုတုံ့ပြန်မှုက အများကြီး ယဉ်ကျေးသေးတယ်၊ လဒတွေထက်စာရင် ငှက်တိုင်းက လှတယ်” လို့ ပြောလိုက်တယ်။ အဲဒီလူ သိပ်ကျေနပ်ဟန်မတူဘူး။
ဒီလူတွေအမြင်က အစိုးရဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်နေပြီ၊ အားလုံး ပူးပေါင်းပါဝင်ရမယ်။ သူတို့လည်း ဒီမိုကရေစီ၊ ကျနော်တို့လည်း ဒီမိုကရေစီ အတူပေါင်းကြမယ်ပေါ့။ ဘာဆန္ဒပြစရာမှ မလိုဘူး၊ ဆန္ဒပြတာ အပိုအလုပ်တွေ၊ အနှောက်အယှက်တွေလို့ မြင်နေတယ်။ တသက်လုံး သေနတ်နဲ့ လွယ်လွယ်လေး အာဏာယူလာသူတွေ၊ အစွမ်းအစမရှိလည်း အရှင်မွေးလို့နေခြင်းကြီး တန်ခိုးထွားသူတွေ၊ ပြည်သူ့သယံဇာတတွေ ပေါချောင်ကောင်းနဲ့ရောင်း အချောင် ကြောင်တောင်နှိုက် စီးပွားချောင်နေသူတွေဆိုတော့ ဘာမဆို လွယ်လွယ်ပဲရမယ် ထင်နေတယ်။
ဒီမိုကရေစီနာမည်ခံရုံနဲ့ ကိုယ့်မူလဇာတိက ဝုန်းခနဲပျောက်သွားမယ် ထင်နေတယ်။ ဒီမိုကရေစီအစိုးရပါလို့ ကမ္ဘာကိုမျက်လှည့်ပြလိုက်ရုံနဲ့ ဇော်ဂျီ ဖိုလ်ဝင်သားစားလိုက်သလို အင်အားတွေ သိပ်ပြည့်သွားမယ် ထင်နေတာ။ ဒီအစိုးရရဲ့မျက်နှာဖုံးတွေ တလွှာစီခွာပြီးပြတော့ မကြားဖူးတာတွေကိုကြားပြီး ခံနိုင်ရည်ရှိဟန် မတူဘူး။ နာဂစ်အလောင်းတွေပေါ်မှာ အတည်ပြုလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ၊ ၂၀၁၀ ကြိုတင်မဲတွေနဲ့လိမ်ပြီး အစိုးရဖြစ်နေတာ၊ အစိုးရက တမျိုး၊ လွှတ်တော်က တခြား၊ စစ်တပ်က တဖုံ၊ စည်းဝါးလည်း မကိုက်၊ ဒီမိုကရေစီလည်း မကျ၊ လူထုဆန္ဒလည်းအလေးမထားသူတွေကို ကျနော်တို့ ဘယ်လိုသွားယုံရမလဲ။
ဒီတော့ ကျနော်တို့ယုံကြည်တာကို ကျနော်တို့ပြောတယ်။ ဆန္ဒဖော်ထုတ်တယ်။ ဒါ ဒီမိုကရေစီပဲ။
ကျနော်တို့ လူသတ်နေတာမှုတ်ဘူး။ အမှန်တရားတွေ ဟစ်အော်နေတာ။ ယူနီဖောင်းဝတ် အစိုးရက ဒီအသံတွေ မကြားဖူးဘူး။ ဆန္ဒပြတာကို လက်ခံသယောင်၊ ယဉ်ကျေးသယောင် ဟန်လုပ်လိုက်ရပေမယ့် စိတ်ထဲတော့ မလိုလားဘူး။ သူတို့ ကောင်းတာလုပ်နေတာ၊ ဘာမှကန့်ကွက်စရာမလိုဘူးလို့ မြင်နေသလားမသိ။
ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ ကြံ့ဖွတ်အစိုးရကို ကျနော်တို့က သတိထား ဆက်ဆံနေတာ။ ကျနော်တို့ပြည်သူတွေက ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းရော ဝင်ခဲ့ပြီးပြီ။ ကျနော်တို့မျိုးဆက်ဟာ တသက်လုံး အလိမ်ခံခဲ့ရတော့ သံသယအကျိုးတော့ ခံစားလိုက်ပါ။ သံသယနဲ့ စောင့်ကြည့်တုန်းပဲ။ ပြည်တွင်းဆန္ဒပြမှု အကြမ်းဖက်မှုတွေ တွေ့မြင်နေရတယ်။ အစိုးရလုပ်မယ်ဆို ဆန္ဒပြတာကို မကြောက်ပါနဲ့ ။ ဆန္ဒပြယဉ်ကျေးမှုဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ မဆန်းပါဘူး။
စိတ်ဒဏ်ရာ၊ ရုပ်ဒဏ်ရာတွေရခဲ့သူက သူ့ဘဝဖျက်ဆီးခဲ့တဲ့ လူတန်းစားတွေကို “ရွှေပန်းနဲ့ ကြိုဆိုပါတယ်” လို့ စာရေးဆန္ဒပြတာ ယဉ်ယဉ်လေးပါ။ နိုင်ငံတကာမှာ သူတို့မကြိုက်တဲ့ တိုင်းပြည်ခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်တွေမျက်နှာနဲ့ တိရိစ္ဆာန်ကိုယ်တွေ၊ တိရိစ္ဆာန်ခေါင်းတွေတပ် ဆန္ဒပြတတ်တယ်။ သမ္မတဓာတ်ပုံက ဘိနပ်ချွတ်ရိုက် ဆန္ဒပြတယ်၊ ဆဲဆိုဆန္ဒပြတယ်။ ကိုယ်တုံးလုံးချွတ် ဆန္ဒပြတယ်။ ဟန်အမူအရာတွေနဲ့ ဆန္ဒပြတယ်။ မိမိစိတ်ခံစားမှုအပေါ် ပုံဖော်ပြတတ်ကြတယ်။
ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူ ဂုဏ်သိက္ခာကာကွယ်ဖို့ဆို ကျနော်တို့ မြန်မာစစ်ဗိုလ်ချုပ်တွေမပြောနဲ့၊ စင်္ကာပူ ဥသျှောင် လီကွမ်ယုကိုတောင် ဆန္ဒပြ ဆုံးမခဲ့ဖူးတယ်။
၁၉၉၆ ခုနှစ်ဇွန်လ နယူးဒေလီမှာပါ။ လီကွမ်ယုက ပြင်သစ်နိုင်ငံရောက်နေတယ်။ သူက အာရှရဲ့ သုခမိန်ဟန်နဲ့ AFP သတင်းဌာနကို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စော်စော်ကားကားပြောသွားလို့ပါ။ “ဗမာပြည်မှာ အဓိက အင်အားစု ၂ စုပဲရှိတဲ့အထဲမှာ စစ်တပ်ကပဲ မြန်မာ့နိုင်ငံရေးကို တည်ငြိမ်အောင် ထိမ်းနိုင်တယ်” လို့ ပြောသွားတာပါ။ ကျနော်တို့ပြည်သူတွေဟာ စစ်တပ်နဲ့ပဲတန်တယ်လို့ ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်တာ၊ ဒီမိုကရေစီကို အဆိုးမြင်နဲ့ သုံးသပ်တာဖြစ်တယ်။ စင်္ကာပူလို ကျွန်းနိုင်ငံသားတွေက သူ့ထက်နှစ်ပေါင်းမြားစွာစောပြီး မြို့ပြယဉ်ကျေးမှု ဖွံ့ဖြိုးခဲ့တဲ့ မြန်မာကိုစော်ကားလို့ ကျနော်တို့ သိပ်ခံပြင်းခဲ့တယ်။
လီကွမ်ယုက အဲဒီအချိန် အာရှမှာ ဘုန်းမီးနေလတောက်နေသူဆိုတော့ အိန္ဒိယ ဒီမိုကရေစီကိုတောင် ဘုမသိဘမသိ ဝေဖန်လိုက်တာမှတ်မိသေးတယ်။ အဲဒီအချိန် အိန္ဒိယမှာ ဝန်ကြီးချုပ် နာရာဆင်မ်ဟာရောင်းဝ် ကို လာဘ်စားမှုနဲ့တရားစွဲဖို့ သတင်းစာတွေကလည်း ရေး၊ လူထုကလည်း ဆန္ဒပြနေတော့ “အိန္ဒိယမှာ ဒီမိုကရေစီကို အလွန်အကျွံဖွင့်ပေးလို့ ဝန်ကြီးချုပ်ကိုတောင် ထောင်ထဲထည့်ဖို့ လုပ်နေပြီ” လို့ ဝေဖန်တာပါ။ တိုင်းပြည်ခေါင်းဆောင်တွေ တရားဝင်လာဘ်စားခွင့် ရှိရမလိုလိုပဲ။
ဒါနဲ့ ကျနော်တို့မြန်မာကျောင်းသားတွေ နယူးဒေလီက နေရူး အမှတ်တရပြတိုက်အနီးမှာ လီကွမ်ယု ပုံတူဆွဲထားတဲ့ ရုပ်ပြောင်ကြီးကို စင်္ကာပူတရားရေးကျင့်ထုံးနဲ့အညီ ပြစ်ဒဏ်စီရင်ပြီး ကြိမ်ဒဏ် အချက် ၁၀၀ ပေးစေလို့ အမိန်ချတဲ့ဟန် သရုပ်ဖော်တယ်။ ပြီးတော့ ကြိမ်ဒဏ် ၁၀၀ ပြည့်အောင် လီကွမ်ယု ရုပ်ပြောင်ကိုရိုက်ပြီး နောက်ဆုံး မီးရှို့ဖျက်ဆီးလိုက်တယ်။ အဲဒီတုန်းက ဆန္ဒပြပွဲကို အိန္ဒိယထုတ် သတင်းစာ ၁၃ စောင်က ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာဖော်ပြခဲ့တယ်။
ပြင်သစ်ရောက် လီကွမ်ယုက သတင်းစာရှင်းပွဲတခုမှာ နယူးဒေလီဆန္ဒပြပွဲနဲ့ပတ်သက်ပြီး AFP သတင်းထောက်ရဲ့မေးခွန်းကို “တနေ့ကျရင် ကျနော် ဘာဆိုလိုတယ်ဆိုတာ မြန်မာကျောင်းသားတွေ သိလာမှာပါ” လို့ ပြန်ပြောတာကို အဲဒီတုန်းက The Hindu သတင်းတိုလေးတခုမှာ ဖတ်ခဲ့ရတယ်။ ဒါဟာ ကျနော်တို့နိုင်ငံ အမျိုးသားရေးအတွက် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တယောက်ကို ကျနော်တို့ရဲ့ ဆန္ဒထုတ်ဖော်ပြတာပါ။ သူများနိုင်ငံခါင်းဆောင်ကို ကြိမ်ဒဏ်ပေး၊ မီးရှို့လို့ဆိုပြီး ရိုင်းတယ်လို့ ဘယ်သူမှ မမြင်ပါဘူး။
နောက်ထပ် ကျနော်တို့အိမ်နီးချင်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ဆန္ဒပြပုံလေးတခု ကြုံတုန်း ပြောပြမယ်။ မဏိပူရမှာ ခွဲထွက်ရေးတောင်းဆိုတဲ့ သူပုန်အဖွဲ့တွေ ရှိတယ်။ အိန္ဒိယ စစ်တပ်က လုံခြုံရေးကို ထိန်းထားတယ်။ တခါကျတော့ သူပုန်လို့ မသင်္ကာတဲ့ အမျိုးသမီးတယောက်ကို အိန္ဒိယ စစ်တပ်က ဖမ်းဆီးစစ်ဆေးပြီး အဓမ္မပါကျင့်တယ်။ ပြည်နယ်တွင်း လူထုလူတန်းစားအဖွဲ့တွေအားလုံး အုန်းအုန်းကျွက်ကျွက် ဆန္ဒပြတယ်။ မြို့တော် အင်ဖားမှာ မန္တလေးလိုပဲ ကျုံးပတ်လည် ဝိုင်းနေတဲ့ နန်းတွင်း ရှိတယ်။ သူလည်း ဗမာပြည်လိုပဲ နန်းတွင်းထဲမှာ အိန္ဒိယစစ်တပ်က တပ်စွဲအပိုင်ယူထားတယ်။
တခါတော့ မဏိပူရမှာ အရှိန်အဝါကြီးတဲ့ အဖွားအိုများအဖွဲ့က အသက်ကြီးကြီး အမျိုးသမီး ၁၀ ယောက်လောက်ဟာ မဏိပူရ နန်းရှေ့တံခါး စစ်တပ်လုံခြုံရေးဂိတ်ရှေ့ကို အရောက်သွားပြီး ရုတ်တရက် “အိန္ဒိယစစ်သားတွေ မုဒိမ်းကျင့်ချင်ရင် ငါတို့ကိုလာကျင့်လို့ အင်္ဂလိပ်လို ရေးထားတဲ့ နဖူးစီးပိတ်စ စာတမ်းကြီးကို ဖြန့်ကိုင်လိုက်တယ်။ တချိန်ထဲမှာ သူတို့အဝတ်အစားတွေပါ ချွတ်ချလိုက်တယ်။ ကိုယ်လုံးတီးကြီးတွေနဲ့ အော်ဟစ်ဆန္ဒပြတာ မိနစ်၂၀ လောက်ကို ကြာမယ်ထင်တယ်။ ကင်းအစောင့်စစ်သားတွေ ရှက်ပြီး အထဲဝင်ပြေးကုန်တယ်။ အသင့်ခေါ်ထားတဲ့ သတင်းသမားတွေကလည်း ဓာတ်ပုံ၊ ဗွီဒီယိုတွေရိုက်ပြီး သတင်းမီဒီယာတွေမှာ (နည်းနည်းပါးပါး တည်းဖြတ်ပြီး) တင်ကြတယ်။
နောက်ပိုင်း နန်းတွင်းထဲက စစ်တပ်ကြီး ရုတ်သိမ်းရေးအထိ မဏိပူရ အမျိုးသားလှုပ်ရှားမှုကြီး ပေါ်လာတယ်။ နန်းတွင်းအခြေစိုက် စစ်တပ်ကြီးလည်း နောက်ဆုံးတော့ ထွက်ခွာသွားရတယ်။ အဲဒီအဖွားကြီးတွေကို မိမိတို့အရှက်နဲ့ သိက္ခာတွေကို အမျိုးသားလှုပ်ရှားမှုနဲ့ လဲလှယ်ခဲ့လို့ မဏိပူရမြို့လည် နန်းတွင်းအခြေစိုက် စစ်တပ် ရုတ်သိမ်းလိုက်ရတာဖြစ်တယ်။
ကျနော်တို့ဟာ သမ္မတကိုမုန်းလို့ ဆန္ဒပြနေတာမဟုတ်ဘူး။ ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူကိုချစ်လွန်းလို့ ဆန္ဒပြနေတာဖြစ်တယ်။ သမ္မတကို သိက္ခာချချင်တဲ့စိတ်မရှိသလို သူ့ရဲ့ မပြတ်မသား၊ ဟိုမရောက် ဒီမရောက် ပျော့စိစိ ရပ်တည်ချက်ကိုလည်း ယုံကြည်စိတ်မရှိပါဘူး။ ကျနော်တို့လည်း ကိုယ့်မှာရှိတဲ့ ဒဏ်ရာတွေ အနာတွေကို တိုင်းပြည်အတွက် အများအတွက်ဆိုတဲ့ စိတ်ခံစားမှုနဲ့ မေ့လျှော့ထားတယ်။ ကျနော်တို့ဟာ နှစ်ပေါင်းအစိတ်လောက် ပြည်ပနိုင်ငံတွေမှာ တိုင်းတပါးပြည်သူတွေ၊ အစိုးရတွေ ဘယ်လို စိတ်ဓာတ်တွေနဲ့ ဘယ်လိုကျင့်ဝတ်တွေနဲ့ ဘယ်လိုတိုးတက်အောင် လုပ်ခဲ့ကြတယ်ဆိုတာ မျက်ဝါးထင်ထင် တွေ့ခဲ့ကြသူတွေဖြစ်တယ်။ အာဏာရှင်လောင်းရိပ်ကနေ နှစ်အစိတ်လောက် လွတ်လပ်ခဲ့သူတွေဖြစ်သလို အကြောက်တရားက လွတ်မြောက်နေသူတွေဖြစ်တယ်။ ကျနော်တို့ဟာ အနှစ်၂၀ ကျော် ကိုယ့်ခြေတောက်ပေါ် ကိုယ်ရပ်ပြီး အမှီအခိုကင်းကင်း၊ အနှောင်အဖွဲ့ကင်းကင်းနဲ့ ကိုယ့်ဘဝကို တရားမျှတစွာ၊ လွတ်လပ်စွာနဲ့ ဟန်ချက်ညီညီ လျှောက်နေကြသူတွေဖြစ်တယ်။
ကျနော်တို့ ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေဟာ အမုန်းစိတ်တွေနဲ့ ရပ်တည်နေတာ မဟုတ်ဖူး။ ပြုပြင်လိုတဲ့စိတ်၊ တည်ဆောက်လိုတဲ့စိတ်တွေနဲ့ ရပ်တည်နေတာဖြစ်တယ်။ ကိုယ့်မျက်စိရှေ့မှာ မဟုတ်မမှန်တာ၊ မတရားတာမြင်လို့ ပြစ်ပြစ်နှစ်နှစ် ဝေဖန် ဆန္ဒပြတာ ရိုင်းတယ်လို့ မမြင်ပါနဲ့။ ကျနော်တို့ ရိုးသားစွာ ဆန္ဒကိုထုတ်ဖော်တာဖြစ်တယ်။ လူယဉ်ကျေးလို ဟန်ဆောင်ပြီး ကြောင်တောင်နှိုက်မယ့်လူတွေ မဟုတ်ဘူး။ အမှန်တရားနဲ့ တရားမျှတမှု လွတ်လပ်မှုအတွက် ကျနော်တို့ တိုက်နေတာဖြစ်တယ်။
ဒါကို “သမ္မတကြီး ဦးသိန်းစိန် ဒီမိုကရေစီလုပ်နေတယ်၊ သူ့ကို သိက္ခာမချနဲ့ ”တို့ ဘာတို့ လာမလုပ်ပါနဲ့။ ကျနော်တို့လည်း မြန်မာလူ့အဖွဲ့အစည်းကို နိုင်ငံတကာနဲ့တန်းတူ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲ အရောက်တွန်းပို့နေသူတွေဖြစ်တယ်။
ဒီတော့ ပြောချင်တာက ပြည်သူ့အခွင့်အရေးတောင်းဆိုမှုတွေဟာ စစ်သားစိတ်မပျောက်နိုင်သေးသူတွေရဲ့ ဒီမိုကရေစီ လေ့ကျင့်ကွင်း မဟုတ်ဘူး။ ဒီမိုကရေစီစိတ်ဓာတ် မရှိဘဲ၊ ဒီမိုကရေစီ အတွေးအခေါ်ကိုမကျင့်ဘဲ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်လို့မရဘူး။
ဒါကိုမသိဘဲ ဇွတ်အုပ်ချုပ်ကိုင်တွယ်ရင် ပြည်သူတွေပဲ အထိနာမယ်။ ဒီတော့ ဒီမိုကရေစီစိတ်ဓာတ် မရရအောင် ကျင့်ရမှာပဲ။ ဒီမိုကရေစီဆိုတာ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ဖာထေး၊ ကိုက်ညှပ် ထုတ်လုပ်တဲ့ အထည်ချုပ်စက်ရုံလည်း မဟုတ်ဘူး။ ဒါပဲလုပ်ပါ ဒါမလုပ်နဲ့ လူတကာအခွင့်အရေးကို အာဏာရှင်စရိုက်နဲ့ မပိတ်ပင်ကြပါနဲ့။ လမ်းလျှောက်တတ်ခါစ ကလေး ကိုယ့်ဖာသာလမ်းလျှောက်နေတာ အသာလွှတ်ပေးပါ။ စိုးရိမ်တကြီးဟန့်တားရင် ကလေးက ကြောက်စိတ်ဝင်သွားမယ်၊ အတတ်လည်း နှေးသွားမယ်။ ကျနော်တို့နိုင်ငံ သူများထက် အများကြီးနောက်ကျနေတာ အပြင်မှာရှိတဲ့ကျနော်တို့က ပိုသိပါတယ်။ ကျနော်တို့စိတ်ဓာတ်တွေ ရဲရဲတင်းတင်း ပြောင်းလဲရမှာဖြစ်တယ်။ သတ္တိရှိရှိ ပြင်ရမှာဖြစ်တယ်။ ဒီမိုကရေစီကိုယုံရင် ဒီမိုကရေစီကျကျ လျှောက်ပါ။ အာဏာရှင်ဘိနပ်စီးပြီး မလျှောက်ပါနဲ့။ ဖိနပ်ပေါက်ပြီး ခြေနာရင် ခရီးနောက်ကျမယ်။
ကျနော်တို့ ဆန္ဒပြတယ်၊ အတိုက်အခံလုပ်တယ်ဆိုတာ ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေ ဖြစ်လာစေပါတယ်။ မတူညီတာတွေ၊ ကွဲပြားမှုတွေကို အတင်းစုစည်းလို့ ရပါဘူး။ သူ့သဘာဝအတိုင်းရှိပါစေ။ တောထဲမှာ ကြီးပြင်းလာတဲ့ စွယ်စုံဆင်ရိုင်းတောင် ကျုံးသွင်းပြီး သင်ကြားပေးရင် ယဉ်ပါးသေးတာပဲ။ စစ်ဗိုလ်ချုပ်တွေက ဘာမို့လို့လဲ?။ ကျနော်တို့ မကြောက်ဘူး။ ကျနော်တို့ ကျုံးသွင်းမယ်။ အရိုင်းတွေကို အယဉ်ဖြစ်အောင် လုပ်ပေးမယ်။ တသက်လုံး အာဏာမရှိတဲ့ အတိုက်အခံပဲလုပ်ရလုပ်ရ ကျနော်တို့ သတ္တိရှိရှိလုပ်ရဲတယ်။
အဲဒါ ဒီမိုကရေစီယဉ်ကျေးမှု ဖြစ်တယ်။ အတိုက်အခံမရှိတဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီကို ကျောခိုင်းနေတာ ဖြစ်တယ်။ ဗမာပြည်က ကျနော်တို့မျိုးဆက်တွေ ကမ္ဘာကြီးမှာ အဆင့်အတန်းရှိရှိနေနိုင်ဖို့ ဗမာပြည်က အာဏာရှင်ဆင်ရိုင်းတွေကို ဒီမိုကရေစီကျုံးထဲ သွင်းလိုက်ရအောင် ...။
ကိုညို (အော်စလို)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment