ပြီးခဲ့တဲ့အပတ်က ဘယ်လိုမှမထင်ထားတဲ့ ဆရာကန်တော့ပွဲတစ်ခုကို တက်ရောက် အကန်တော့ခံခဲ့ရတယ်။ ကန်တော့တဲ့ ကျောင်းသား ကျောင်းသူဟောင်းတွေက အခုနေပြောရင် အနက်ပါဖွင့်ပြရမယ့် ၁၉၇၈-၁၉၈၀ လူထုဆက်သွယ်ရေးလုပ်ငန်းပညာ Mass Communication) သင်တန်းရဲ့ ကျောင်းသားဟောင်းတွေ ဖြစ်တယ်ဗျ။
ဆရာကန်တော့ပွဲ အစီအစဉ်အကြောင်းကို ကျွန်တော့်ဆီ ဖုန်းဆက်သတင်းပေးသူက ဆရာကြီးဦးအောင်သင်းရဲ့သမီး မမော်မော်သင်းဖြစ်ပါတယ်။ သူက 'လူထုဆက်' သင်တန်းရဲ့ တတိယအသုတ် ၁၀၀ ဦးထဲမှာ ပါတယ်။ မြန်မာနိုင်ငံပညာရေးလောကမှာ စမ်းသပ်ချက်တစ်ခု ဖြစ်ခဲ့တဲ့ ဒေသကောလိပ်စနစ်ပေါ်ထွန်းခဲ့တဲ့ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀ သုံးနှစ်တာကာလမှာ တစ်နှစ်ကို သင်တန်းသား ၁၀၀စီ လက်ခံခဲ့တာဖြစ်လို့ စုစုပေါင်း ၃၀၀ ရှိခဲ့ပါတယ်။ အခု ၃၅ နှစ်လောက်ကြာတော့မှ သူတို့တွေထဲက ဆရာကန်တော့ပွဲလုပ်ဖို့ စိတ်ကူးရသူ လေးငါးဆယ် ယောက်လောက်က တိုတောင်းတဲ့အချိန်တစ်ခုအတွင်း ဆက်သွယ်စည်းရုံလိုက်ကြတာ ဖေဖော်ဝါရီ ၂၄ ရက် (တနင်္ဂနွေနေ့) မှာ ရန်ကုန်မြို့ M3 စားသောက်ဆိုင်မှာ ကျောင်းသားဟောင်း ၆၀ ကျော် ၇၀ လောက်တက်ရောက်တဲ့ပွဲလေးတစ်ပွဲ လှလှပပ ဖြစ်မြောက်သွားခဲ့ပါတယ်။
ကျွန်တော် ကျန်းမာရေးအတွက် ဆေးကုသမှုခံယူနေရတယ်ဆိုတာ သိထားကြလို့ မော်မော်သင်းတို့က အိမ်ကိုလာတွေ့ သတင်းမေးဖို့ ချိန်းသေးတယ်။ သို့ပေမယ့် အဲဒီနေ့မှာပဲ ဆရာကြီး ဦးအောင်သင်း အတော်နေမကောင်းလို့ ဆေးရုံတင်ရတာကြောင့် မော်မော်သင်းမလာဖြစ်ဘဲ ကိုသန်းဝင်းဆိုတဲ့ ကျောင်းသားဟောင်း (ယခု သင်္ဘော အင်ဂျင်နီယာဖြစ်နေသူ) ပဲ လာတွေ့ပြီး အစီအစဉ်တွေ ရှင်းပြပါတယ်။ (ရက်ပိုင်းအတွင်းမှာပဲ ဆရာကြီးဦးအောင်သင်းလည်း ဆေးရုံက ပြန်ဆင်းနိုင်ခဲ့ပါပြီ။)
ကိုသန်းဝင်းက ကျွန်တော့်ကျန်းမာရေးအခြေအနေအရ M3 ကို မလာနိုင်ရင် သူတို့ပဲ အိမ်မှာ လာကန်တော့ဖို့ စီစဉ်ပါ့မယ်လို့ လာပြောတာပါ။ သို့ပေမယ့် ကျွန်တော့်ကို ပုံမှန်အတိုင်းသဖွယ် ထူထူထောင်ထောင် မြင်တွေ့လိုက်တော့ သူ အံ့အားသင့်နေတယ်။ ဆရာ့ကြည့်ရတာ ဘာမှ မဖြစ်သလိုပဲလို့ ပြောတယ်။ ကျွန်တော်က ကီမိုသွင်းထားတဲ့ ရက်တွေမှာပဲ Side Effect ဒဏ်တွေ ခံရတဲ့အကြောင်း၊ ကျန်တဲ့အချိန်တွေမှာ လူကောင်းလိုပဲဆိုတာ ရှင်းပြရတယ်။
သို့ပေမယ့် ခုလိုအချိန်တွေမှာလည်း လူစုလူဝေးရှိတဲ့နေရာတွေ မသွားမလာဖို့၊ အပြင်ထွက်ရင်လည်း နှာခေါင်း ပါးစပ်အကာနဲ့ လက်အိတ်နဲ့သွားဖို့ ဆရာဝန်က ညွှန်ကြားထားတာ ပြောပြရပါတယ်။ ကိုယ်ခံအားကျဆင်းနေချိန်မှာ သူများဆီက နှာစေးချောင်းဆိုးတောင် ချက်ချင်းကိုယ့်ကို ကူးစက်နိုင်လို့ ဖြစ်ပါတယ်။
နောက်ဆုံးတော့ အင်မတန် အပြင်သွားခဲတဲ့ ကျွန်တော်ဟာ 'လူထုဆက်' သင်တန်းသားဟောင်းတွေရဲ့ ဆရာကန်တော့ပွဲကိုတော့ လာဖြစ်အောင်လာပါမယ်လို့ ကတိပေးပြီး သွားဖြစ်အောင် သွားလိုက်ပါတယ်။ အကြောင်းကတော့ ရှားရှားပါးပါး ကျွန်တော့်ဘဝမှာ ကြုံဆုံခဲ့ရတဲ့ တပည့်ဟောင်းတွေနဲ့ နှစ် ၃၀ ကျော်ကြာမှ ကြုံတောင့်ကြုံခဲ တွေ့ရမှာဖြစ်လို့ပါ။ နောက်တစ်ချက်က ဟိုတုန်းက အတူသင်ကြားပို့ချခဲ့တဲ့ ဆရာ ဆရာမတွေနဲ့ ပြန်ဆုံချင်လို့ပါ။
ကျွန်တော်ရောက်သွားတော့ လူအတော်စုံနေပါပြီ။ ဆရာတွေကိုနေရာချထားတဲ့ဝိုင်းမှာ ဦးသာဘန်း(ကြေးမုံ)၊ ဦးကိုကိုကြီး (ဟန်ဂေရီ)၊ ဦးစပ်ကိုင်ဖ၊ ဦးလှထွန်း (တွံတေး)၊ ဦးရဲထွဋ် (မြန်မာ့အသံ)၊ ဒေါ်နုနု (စာကြည့်တိုက်ပညာ)၊ ဦးသိန်း အောင်၊ ဦးမေအောင်၊ ဒေါ်ချိုချိုသိန်း (လုပ်ငန်း အုပ်ချုပ်မှုပညာ)တို့ကို တွေ့ရတယ်။ ဦးသာဘန်းက ကျွန်တော့်လိုပဲ ကျန်းမာရေးမကောင်းဖြစ်ခဲ့ရာက အခု ဆေးကုသမှုအောင်မြင်ပြီး လူကောင်းပကတိလို ဖြစ်နေပါပြီ။
သို့ပေမယ့် အသက် ၈၀ နီးနေပြီဆိုတော့ ခပ်ယဲ့ယဲ့ပဲ။ ဦးကိုကိုကြီးကတော့ လေတခြမ်းဖြတ်ခဲ့ရာက ဆေးကုသမှု ဦးခဲ့လို့ သက်သာရာရနေပါပြီ။ သို့ပေမယ့် လမ်းလျှောက်တုတ်နဲ့ လူအတွဲ အဖော်ကို နည်းနည်း အားပြုပြီး လှုပ်ရှားရသေးတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ မိုင်းပွန်စော်ဘွားကြီးရဲ့သား၊ စပ်ကိုင်ဖကတော့ နိုင်ငံခြားသတင်းထောက်အလုပ်က အနားယူတာ လေးနှစ် ရှိပြီ။ အရင်က နှလုံးရောဂါကုသခဲ့ရပေမယ့် အခုတော့ နည်းနည်း ဝနေတာကလွဲလို့ ကျန်းမာရေးကောင်းပုံရပါတယ်။ ဦးလှထွန်း (တွံတေး) ကတော့ အသက် ၇၀ ကျော်လို့ မထင်ရအောင် နုပျိုနေတယ်။ ကျန်းမာရေးလည်း အတော်ကောင်းပုံရတယ်။ ဒေါ်နုနုကတော့ တစ်နေရာက တစ်နေရာကို ရွှေ့ဖို့ ပွေ့ချီသွားရတယ်။ ကျန်သူတွေကတော့ ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်းပါပဲ။
သေချာစစ်ကြည့်တော့ လူထုဆက်သွယ်ရေး သင်တန်းတက်ခဲ့သူတွေထဲက လက်ရှိ သတင်းမီဒီယာလောကမှာ လက်တွေ့လုပ်နေသူက သုံးယောက်ပဲ ရှိတော့တယ်။ ရန်ကုန်မီဒီယာဂရု(ပ်)က ဖလားဝါးနယူးစ်မှာ အယ်ဒီတာလုပ်နေတဲ့ ကိုမောင်ပါ၊ ဂျာနယ်တစ်စောင်မှာ အယ်ဒီတာလုပ်နေတဲ့ တင်တင်မော်နဲ့ မြန်မာ့အသံက အငြိမ်းစားယူထားတဲ့ ကိုဝင်းအောင်တို့ပါပဲ။ စာရေးဆရာတစ်ယောက်အဖြစ် အောင်မြင်နေတဲ့ နောင်ကျော်လည်း ပထမသုတ်သင်တန်းသားဟောင်းပါ။ သူ့ကိုတော့ တက်ရောက်လာတာ မတွေ့ဘူး။ ဘုန်းကြီးဝတ်နေတဲ့တစ်ယောက်က သူ့ကို မှတ်မိရဲ့လားမေးလို့ ကြည့်လိုက်တော့ မောင်တိုးလွင်ဦး ဖြစ်နေတယ်။ သူက နိုင်ငံခြားမှာ နှစ်အတေန်ကြာ အလုပ်သွားလုပ်နေရာက ပြန်လာပြီး ဘုန်းကြီးဝတ်သွားတာ အခု ၁၆ ဝါတာင်ရှိပြီတဲ့။ လယ်ဝေးမှာ ကျောင်းထိုင်နေတယ်လို့ သိရတယ်။ ကွယ်လွန်သွားတဲ့ သင်တန်းသားဟောင်း ဒါရိုက်တာ ကိုစန်းအောင်ကိုလည်း သတိတရ ဖြစ်ကြပါတယ်။
ဆရာတွေကို ကန်တော့ကြပြီး ဆရာတွေက အမှတ်တရစကား ပြောကြတယ်။ ပြီးတော့ သင်တန်းသားဟောင်းတွေထဲက ပထမပတ်ကိုယ်စားကိုပါ၊ ဒုတိပတ်ကိုယ်စား ကိုတင်ဆက်၊ တတိယပတ်ကိုယ်စား မော်မော်သင်းတို့က ကျေးဇူးတင်စကားပြောကြတယ်။
တကယ်ကတော့ လူထုဆက်သင်တန်းဆိုတာ စောစောက ပြောခဲ့သလိုပါပဲ၊ မြန်မာပညာရေးလောကရဲ့ လက်တည့်စမ်းချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဆယ်တန်းအောင်မှတ်ရယ်၊ ပထမနှစ်ကောလိပ်တက်တုန်းက အမှတ်ရယ်၊ ဒုတိယနှစ်မှာ ခုလို အထူးပြုလုပ်ငန်းပညာသင်တန်းအသီးသီးက အမှတ်ရယ် ပေါင်းပြီးမှ ကြိတ်နှုန်းယူပြီး တက္ကသိုလ်တွေကို ဝင်ခွင့်အတွက် ဆုံးဖြတ်တဲ့ ခေတ်ဖြစ်ပါတယ်။ ဒေသကောလိပ်ဒုတိယနှစ်မှာ လူထုဆက်လိုပဲ အိမ်တွင်းမှုပညာတို့၊ ရုပ်ရှင်လုပ်ငန်းပညာတို့၊ လုပ်ငန်းအုပ်ချုပ်မှုပညာတို့ စသည်ဖြင့် အထူးပြုပညာတွေ အသီးသီးရှိသေးတယ်။ ကျောင်းသားလူငယ်တွေဟာ ဘာကိုမှ မယ်မယ်ရရ ပညာမရဘဲ အောင်မှတ်ကောင်းဖို့ကိုပဲ လုပ်ခဲ့ကြရတဲ့အကြောင်း ကျွန်တော်ပြန်ပြောပြတယ်။
၁၉၇၈ မတိုင်ခင်က ရန်ကုန်တက္ကသိုလ်မှာ ဘီအေ (သတင်းစာပညာ) ဘွဲ့ပေးဖို့ စိတ်ကူးရှိခဲ့ဖူးတယ်။ အဲဒါကို ပညာရေးဌာနနဲ့ ပြန်ကြားရေးဌာန ပူးပေါင်းအကောင်အထည်ဖော်ကြဖို့ ကြိုးစားခဲ့သေးတယ်။ ၁၉၇၇ မှာ ကျွန်တော် မစ်ရှီဂန်တက္ကသိုလ် သတင်းစာပညာ ဖဲလိုရှစ်တက်နေစဉ် ပြန်ကြားရေးဝန်ကြီးက ရေးခိုင်းလို့ ဦးဆောင်ညွှန်ကြားရေးမှူး ဆရာ ဦးဘကျော် (ဂါဒီယန်)က ကျွန်တော့်ဆီ တရားဝင်စာလှမ်းရေးတယ်။ ရန်ကုန်တက္ကသိုလ်မှာ ဘီအေ (သတင်းစာပညာ) ဒီဂရီပေးဖို့ အမေရိကန်က သင်ရိုးညွှန်းတမ်းတွေကို လေ့လာခဲ့ပါလို့ ခိုင်းပါတယ်။
ကျွန်တော်က တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် တက္ကသိုလ်တစ်ခုမှာ သတင်းစာပညာ ဘွဲ့ဒီဂရီပေးသတင်တန်းတစ်ခု စည်းရုံးဖွဲ့စည်းပုံဆိုတဲ့ စာတမ်းတစ်ခု ပြုစုတယ်။ ကျွန်တော့်သင်တန်းရဲ့ အပြီးသတ် ပရိုဂျက်စာတမ်း ရေးရချိန်မှာ ကျွန်တော်က အဲဒီအကြောင်းအရာကို ပြည့်ပြည်စုံစုံ ရေးလိုက်တာ ဖြစ်ပါတယ်။ ဟိုက ဆရာတွေကလည်း အားလုံး ဝိုင်းဝန်းအားပေးကြတယ်။
သို့ပေမယ့် နောက်တော့ အဲဒီ စီမံကိန်းဟာ ချောင်ထိုးခံလိုက်ရပါတယ်။ အမေရိကန်က community college ပုံစံတွေကို လူကြီးတစ်ယောက်က အရမ်းသဘောကျပြီး အဲဒီအတိုင်း လုပ်ခိုင်းတာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နေ့ချင်းညချင်းပဲ ဒေသကောလိပ်တွေ ဖွင့်တယ်။ ဆရာတွေကလည်း ရှိတဲ့လူတွေထဲကပဲ ဟိုက ဒီက ဆွဲခေါ်ပြီးသင်ခိုင်းတယ်။ ကျွန်တော် ပြန်လာတော့ သတင်းစာပညာ ဘွဲ့ဒီဂရီပေးတဲ့သင်တန်းဆိုတာ စကားတောင် မစပ်တော့ဘဲ ဒေသကောလိပ်မှာ ဝင်သင်ပေးပါလို့ ခိုင်းတာပါပဲ။
ခုတော့ ရန်ကုန်တက္ကသိုလ်က ဘီအေ (သတင်းစာပညာ) ဘွဲ့ပေးတဲ့ သင်တန်းတွေ ရှိနေပါပြီ။ ပထမဆုံး ဘွဲ့ရသူတွေတောင် ထွက်ပေါ်လာပါပြီ။ သူတို့ထဲက တချို့က လက်တွေ့ပါ ကျွမ်းကျင်အောင်ဆိုပြီး ကျွန်တော် ဖွင့်ထားတဲ့ သတင်းပညာ ၃ လသင်တန်းကို လာတက်ကြပါတယ်။
လူထုဆက်သင်တန်းသားဟောင်းတွေထဲက အတော်များများဟာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေကို ဆက်တက်ကြပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ ကုန်သည်၊ အုပ်ချုပ်ရေး၊ ပညာရေးဘက် အသီးသီးကို ရောက်ရှိခဲ့ကြတယ်။ သူတို့အသက်တွေကလည်း ၅၀ ကျော် ၆၀ တွင်းတွေ ရောက်ကုန်ကြပြီ။ ခုလို နှစ်ပေါင်း ၃၀ ကျော်ကြာပြီးမှ ကျွန်တော်တို့ကို သတိတရနဲ့ ရှာဖွေဖိတ်ကြားပြီး ကန်တော့ကြတာကို ကြည်နူးပီတိဖြစ်လို့ မဆုံးပါဘူး။ ကျွန်တော် မပြန်ခင် သင်တန်းသားဟောင်းတစ်ယောက်က စာအိတ်လေးတစ်အိတ်လာပေးတယ်။ ဆရာ့ကို ကန်တော့တာပါတဲ့။ နာမည် ဘယ်သူလဲမေးတော့ မပြောပါဘူး။ ပြောပါဗျာဆိုတော့မှ ကိုလှညွန့်လို့ သိရပါတယ်။
အိမ်ပြန်ရောက်တော့ ကျောင်းသားဟောင်းတွေ စုပေါင်းလှူလိုက်တဲ့ စာအိတ်ထဲမှာ အလှူငွေ ကျပ် ၂ သိန်းတွေ့ရပြီး ကိုလှညွန့်စာအိတ်ထဲက ကျပ် နှစ်သောင်းတွေ့ရပါတယ်။ ကျန်းမာရေးအတွက် ဆေးကုသစရိတ် လိုအပ်နေတဲ့ ကျွန်တော့်အဖို့တော့ ကျေးဇူးတင်လို့ မဆုံးနိုင်ပါဘူးလို့ပြောရုံအပြင် တစ်ခြားစကားလုံး မရှိနိုင်ပါ။ ဆရာကန်တော့ပွဲသို့ တက်ရောက်နိုင်သူတွေရော မတက်ရောက်နိုင်ခဲ့သူတွေရော လူထုဆက်သင်တန်းသားဟောင်းအားလုံး ကျန်းမာ ချမ်းသာကြပါစေ။
၃၊ ၃၊ ၂၀၁၃
maungwuntha@gmail.com
(ပြည်သူ့ခေတ်ဂျာနယ် မတ်လ ၇၊ ၂၀၁၃ ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး)
No comments:
Post a Comment