သူတို့ကျွေးမွေးသော သူတို့၏ ရှိသမျှ ဆင်းရဲ ညံ့ဖျင်းလှသော အာဟာရကို ခပ်မျှဉ်းမျှဉ်း သွင်းကာ ငါသည် ၀ါးမျိုခဲ့ရသည်။
သူတို့သည် သူတို့၏ ကြမ်းပြင်ဖြစ်သော မြေကြီးကို ငါ့အား ပြသကြသည်။
မီးဖို၊ အမှိုက်သရိုက်၊ ကြမ်းပိုးများနှင့် အဆုံးမဲ့သော သူတို့၏ ဘ၀၊ တကိုယ်တည်း အနေများ။
ထို့အပြင် ချွေးပြိုက်ပြိုက် ကျလျက်ရှိသော တွင်းတူး အလုပ်သမားများနှင့် သူတို့၏ ပေါက်ချွန်းမှ သစ်သားလက်ကိုင်တွင် လက်ရာများ အရစ်အရစ် ထနေသည်ကို ငါ မြင်တွေ့သည်။
ထို့အပြင် ငရဲပြည်၏ ၀မ်းဗိုက်အတွင်းမှ ဟစ်အော်လိုက်သည့်အလား၊ တောင်ကြီး၏ စွတ်စိုထိုင်းမှိုင်းသော ကြွေးကြော်သံတသံကို ငါကြားလိုက်ရသည်။
ထိုနေရာတွင်ကား ချွေး၊ သွေး၊ အညစ်အကြေး စသည်တို့ဖြင့် မျက်နှာဖုံးနှင့်တူသည့် လူလား မမြောက်သေးသော၊ မျက်နှာမပါသော သတ္တ၀ါတခုသည် ခိုနားလျက် ရှိသည်။
ထို အမည်မှည့်၍ မရသေးသောအရာက ငါ့အား အော်၍ပြောသည်။
“အို ... အဘယ်ညီငယ်၊ သင်သွားလေရာတွင် ဤ ခြေရင်းအောက်မှ ဆင်းရဲပင်ပန်းစွာ ခံစား၍ နေကြသော ဒုက္ခအပေါင်း၏ အကြောင်းအရာကို လူတို့အား ပြောကြားလိုက်ပါဘိ၊ ငရဲတွင်း၏ ဘောင်စွန်းဝယ် ဘ၀ကို ကပ်နား၍ နေရသော သင့်နောင်တော်၏ အတ္ထုပ္ပတ္တိကို ပြောကြားလိုပါဘိ”
ပြည်သူတို့၊ ဤနေရာမှနေ၍ ဦးခေါင်း ညွှတ်လျက်ရှိသော အလုပ်သမားများအတွက် လက်လှမ်း၍ ကူပါမည်ဟု သင်သည် အဓိဌာန်ပြုပါလော့။
မနှစ်က ဤနေရာသို့ သူတို့ကို သင်ခေါ်လာခဲ့သည်။
ဤ နေရာမှ သွေးတို့သည် ပန်းထွက်ကုန်သည်။
တိုင်းပြည်၏အလယ်၊ နန်းတော်ကြီး၏ ရှေးရှု၊ လမ်းမကြီးလယ်ကောင်မှာ အဘယ်သောသူမှ ဆေးကြော၍လည်းမရ၊ ကမ္ဘာကြီးက မျက်ဝါးထင်ထင် မြင်ရန် ကြယ်တာရာများကဲ့သို့၊ သင်တို့၏ ချင်းချင်းနီသော သွေးစ သွေးနတို့သည် မပျက် မရွေ့ ခိုင်မြဲစွာပင် ဤနေရာဝယ် တည်ရှိကုန်သည်သာတည်း။
သင်တို့၏ စကားလုံးတို့သည် အသည်းနှလုံးမှ ယိုစီးကျလာ၍ ညီညွှတ်ရေးကို ကြွေးကြော်ကြသည်။
ပြည်သူတို့၊ သင်တို့သည် မျက်ရည်များ၊ မျှော်လင့်ချက်များ ၀မ်းနည်းကြေကွဲခြင်းများဖြင့် ပြည့်လျှမ်းသော တေးသီချင်းများ သီကျူးကာ၊ သင်တို့၏ ဤမြေကွက်ကို ချီတက်၍ လာကြသောအခါ လူသတ်သမားတို့သည် သင်တို့၏ သွေးတို့ဖြင့် မြေကွက်ကို ရွှဲစိုစေခဲ့ကြသည်။
ပါဗလို နီရူဒါ
ဗမာဘာသာပြန် - ဒဂုန်တာရာ
(ဆရာကြီး ဒဂုန်တာရာ၏ အယ်ဒီတာစားပွဲ၊ စာပေ အနုပညာဝေဖန်ရေးနှင့် ပန်းနုရောင်အို စာအုပ်မှ)
No comments:
Post a Comment