ကျွန်တော် မှတ်သားမိသလောက် မြန်မာနိုင်ငံရေးသမိုင်းမှာ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ဖူးတဲ့ နိုင်ငံရေးအဖွဲ့အစည်းများဟာ ဂျီစီဘီအေက စလို့ ဖဆပလ၊ ဗကပ၊ ပမညတ၊ ပထစအဆုံး ပြည်သူ့ပါတီများအဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့ကြတာချည်းပါပဲ။ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဟိုတုန်းကတော့ ပြည်လုံးကျွတ် ညီလာခံလို့လည်း သုံးနှုန်းခဲ့ကြပါတယ်) တွေ ကျင်းပပြီး ပါတီတွင်း ဒီမိုကရေစီကို ရှင်သန်စေခဲ့ကြပါတယ်။
ပါတီညီလာခံတွေကြောင့် ထက်ခြမ်းတွင်မကဘဲ လေးခြမ်းလောက် ကွဲကုန်ကြတဲ့အဖြစ်မျိုးတွေကိုလည်း ဂျီစီဘီအေကြီးက အစ နမူနာတွေပြခဲ့ပေမယ့် နောက်ပိုင်းမှာ ဖဆပလ၊ ဗကပ တို့အပြင် ဒီမိုကရေစီပါတီ မဟုတ်တဲ့ မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ညီလာခံတစ်ခုမှာတောင် ဖြုတ်ထုတ်ပွဲတွေ ဖြစ်ခဲ့သေးတာပါပဲ။ ပါတီဥက္ကဋ္ဌကြီးက မဲအရေအတွက်မှာ နံပါတ် ၃ လား၊ ၄ လား ဖြစ်သွားလို့ဆိုလား၊ ပါတီတွင်း သန့်စင်ပွဲတွေ လုပ်ခဲ့ကြ၊ ခေါက်ဆွဲ တစ်သေတ္တာ၊ နို့ဆီဗူး တစ်သေတ္တာ စာရင်းကွာမှုနဲ့ ဖြုတ်ထုတ် ထောင်ချသတဲ့။ အင်မတန် ဟားတိုက်စရာကောင်းတဲ့ နိုင်ငံရေးပြက်လုံးတွေ ပေါ်ခဲ့ဖူးသဗျာ။
ဒီချုပ် ပါတီညီလာခံကြီးအကြောင်းဆက်စပ်ရင်း ရှေးဟောင်းနှောင်းဖြစ်လေးတွေ သတိရမိတာပါ။ အခု သည်ဆောင်းပါးမှာ အဓိက ပြောချင်တာက ပြည်နယ်တွေက တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသဆိုင်ရာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံလုံးဆိုင်ရာ အတိုင်းအတာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီကြီးများရဲ့ ဆက်ဆံရေးအကြောင်း ဖြစ်ပါတယ်။
နောက်ကြောင်းလေးပြန်ကောက်ရရင် မြန်မာနိုင်ငံ လွတ်လပ်ရေးပေးခါနီးအချိန်အထိ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို နှစ်ဆင့်ခွဲအုပ်ချုပ်ခဲ့ပါတယ်။ ဗမာပြည်မကို ၁၉၂၂-၂၃ ဒိုင်အာခီအုပ်ချုပ်ရေးပေးချိန်ကစပြီး ဒီမိုကရေစီရွေးကောက်ပွဲစနစ်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ နောက်ဆုံး ၁၉၃၇မှာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ်မှာ ခွဲထုတ်လိုက်ပြီး ၉၁ ဌာနအုပ်ချုပ်ရေး သွတ်သွင်းပေးတဲ့အထိ ဗမာပြည်မ (ထိုစဉ်က ရခိုင်တိုင်းနဲ့ တနင်္သာရီတိုင်း အပါအဝင်)မှာ ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲတွေ ရှိနေခဲ့ပါတယ်။ ချင်း၊ ကချင်၊ ရှမ်း စတဲ့ တိုင်းရင်းသားနယ်မြေတွေကိုကျတော့ ရွေးကောက်ပွဲ ဒီမိုကရေစီနဲ့ မတန်သေးဘူးလို့ အကြောင်းပြကာ တောင်းတန်းဒေသ အုပ်ချုပ်ရေးစနစ်နဲ့ သီးခြားအုပ်ချုပ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်က စော်ဘွားတွေ၊ ကချင်ပြည်နယ်က ဒူးဝါးတွေကိုလည်း မြန်မာဘုရင်လက်ထက်ကလိုပဲ အခွန်ကောက်ခံ၊ အုပ်ချုပ်စီမံခွင့်တွေ ပေးထားခဲ့ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ နိုင်ငံရေးပါတီမဆိုထားနဲ့၊ နိုင်ငံရေးသမားဆိုတာတောင် မပေါ်လာအောင် ခြိမ်းခြောက်နှိပ်ကွပ်ထားခဲ့တယ်။ ပြည်မက နိုင်ငံရေးသမားတွေရောက်သွားရင်လည်း ခြေချုပ်နဲ့ ပြန်ပို့သတဲ့။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် တို့ဗမာအစည်းအရုံးက သခင်ဗဟိန်းနဲ့ ဦးဌေးမြိုင် (ဆရာဒဂုန်တာရာ)တို့ တရုတ်တော်လှန်ရေးသမားတွေနဲ့ အဆက်အသွယ်ရှာဖို့ ရှမ်းပြည်နယ်ထဲ သွားခဲ့ကြတာ နေ့ချင်းပဲ ပြန်နှင်ထုတ်ခံရတဲ့အကြောင်း ဆရာဒဂုန်တာရာရဲ့ စာတစ်ပုဒ်မှာ ဖတ်လိုက်ရဖူးတယ်။
နောက်ပိုင်း ဂျပန်ခေတ်ရောက်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် တစ်နိုင်ငံလုံး စည်းရုံးလှုပ်ရှားချိန်ရောက်တော့မှ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်တိုင်းရင်းသား ဒေသအားလုံးမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တယ်။ အဓိက မောင်းနှင်အားကတော့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးနဲ့ ဒုတိယအားအကောင်းဆုံး ဗမာပြည်ကွန်မြူနစ်ပါတီတို့ရဲ့ စည်းရုံးရေးကြောင့်ပဲလို့ ပြောနိုင်ပါတယ်။
ပြည်မနဲ့တောင်တန်းဒေသတွေ လွတ်လပ်ရေး အတူယူမလား၊ တောင်တန်း ဒေသတွေကို ချန်ထားခဲ့မလားဆိုတာကို အဆုံးအဖြတ်ပေးတဲ့ ၁၉၄၇ ခု ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံစာချုပ်ကြီး ချုပ်ဆိုတဲ့အချိန်ကျတော့ တောင်တန်းဒေသတွေမှာ စော်ဘွားတွေ၊ ဒူးဝါးတွေသာမက တိုင်းရင်းသား လူထုခေါင်းဆောင်တွေ (နိုင်ငံရေးသမားတွေ) ရှိလာနေကြပြီ။ ပင်လုံစာချုပ် လက်မှတ်ထိုးတော့ စော်ဘွားတွေ၊ ဒူးဝါးတွေအပြင် လူထုခေါင်းဆောင်တွေပါ ပါဝင်လက်မှတ်ထိုးထားကြတာ သတိပြုမိကြမယ်ထင်ပါတယ်။
လွတ်လပ်ရေးခေတ်မှာတော့ ပြည်နယ်တွေမှာ နိုင်ငံရေးပါတီတွေ အသီးသီးပေါ်ပေါက်လာပြီး ပဒေသရာဇ်စနစ်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တယ်။ ၁၉၅၈-၆၀ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရလက်ထက်မှာ ရှမ်းစော်ဘွားတွေကို စတိသဘော လျော်ကြေးပေးပြီး အတင်းအဓမ္မ အာဏာစွန့်ခိုင်းခဲ့တယ်။ အဲဒီလုပ်ရပ်ဟာ နောင်ဖြစ်ပေါ်လာမယ့် အနိဋ္ဌာရုံတွေရဲ့ နိဒါန်းအစပဲလို့ ဆိုနိုင်ပါတယ်။ ပြည်နယ် နိုင်ငံရေးသမား လူထုခေါင်းဆောင်အတော်များများက တိုင်းရင်းသားလူမျိုးတွေဟာ ဗမာတွေနဲ့ တန်းတူအခွင့်အရေးမရှိဘူးလို့ ခံစားနေကြတာ ကြာပါပြီ။ ထုတ်လည်း ပြောကြတယ်။ စာနဲ့ပေနဲ့လည်း ရေးကြတာ အများကြီးပါပဲ။ ရှာဖွေဖတ်ရှုလို့ ရပါတယ်။
မဆလ တစ်ပါတီစနစ်ခေတ်မှာ ပြည်နယ်တွေရော၊ ပြည်မမှာပါ နိုင်ငံရေး ပါတီတွေ ဖွဲ့စည်းခွင့် မရှိတော့ပါဘူး။ တောတွင်းလက်နက်ကိုင် ပါတီတွေကလွဲလို့ နိုင်ငံရေးဆိုတာ အများပြည်သူနဲ့မဆိုင်သလို ဖြစ်ခဲ့ရတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးပြီးတော့မှ နိုင်ငံရေးပါတီတွေ တည်ထောင်ခွင့်ပြုတဲ့အခါ ၂၆ နှစ်လုံးလုံး မျိုသိပ်ထားခဲ့ရသမျှ အတိုးချပြီး ပါတီစုံ ၂၃၀ ကျော် ဖွဲ့စည်းခဲ့ကြပါတယ်။ ပြည်နယ်တွေမှာလည်း နိုင်ငံရေးပါတီတွေ အပြိုင်းအရိုင်း ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီအချိန်က မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ပြန့်စွာ ဖွဲ့စည်းနိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ အတော်ကလေးများခဲ့ပါတယ်။ မူလ မဆလ ကို နာမည်ပြောင်းလိုက်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အရှိန်မပျက် အောက်ခြေပါတီအဖွဲ့အစည်းအဆင့်ဆင့်နဲ့ ရပ်တည်နေတယ်။ ဒီမိုကရေစီအင်အားစုတွေဘက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ယုံကြည်သူများနဲ့ အားအကောင်းဆုံးဖွဲ့စည်းနိုင်ခဲ့တယ်။ ပြီးတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရှေ့ဆောင်သူရဲကောင်းတွေဖြစ်ခဲ့တဲ့ ကျောင်းသားလူငယ်တွေ တည်ထောင်တဲ့ လူ့ဘောင်သစ် ဒီမိုကရေစီပါတီကလည်း ဒီချုပ်နဲ့ နင်လား ငါလား စည်းရုံးနိုင်ခဲ့တယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနုခေါင်းဆောင်တဲ့ ဒီငြိမ်း ခေါ် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီကလည်း ဦးနုတို့ ဗိုလ်မှူးအောင်တို့လို အစဉ်အလာကြီးတဲ့ ခေါင်းဆောင်တွေရဲ့အားနဲ့ ရှေ့တန်းမှာ ရှိနေပါတယ်။ ဒါတွင်မက ဝိဓူရသခင်ချစ်မောင်နဲ့ ယခင် ပမညတ ခေါင်းဆောင်တွေ ဦးဆောင်တဲ့ အမျိုးသား ပြန်လည်တည်ဆောက်ရေး တပ်ပေါင်းစုကလည်း အင်အားကြီးတစ်ခုပါပဲ။
နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ပြန့်စွာ ဖွဲ့စည်းနိုင်တဲ့ အထက်ပါ ပါတီတွေရှိနေသလို ပြည်နယ်တွေမှာလည်း ရွေးကောက်ပွဲနိုင်လို့ နဝတရဲ့ ကတိအတိုင်းတည်ခဲ့ရင် ပြည်နယ်အစိုးရများ ဖွဲ့စည်းကာ တိုင်းရင်းသားလူမျိုးအားလုံး (ဗမာ အပါအဝင်) တန်းတူအခွင့်အရေးရရှိရေး၊ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနဲ့ ဒေသအကျိုးစီးပွားကို ထိထိရောက်ရောက် စွမ်းဆောင်လိုက်မဟဲ့လို့ ရည်သန်ပြီး တိုင်းရင်းသားပါတီတွေ စည်းရုံးလှုပ်ရှားခဲ့ကြတယ်။ ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် အခြားတိုင်းရင်းသားလူမျိုးစုံပါတီတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ဆိုတာ ၁၉၈၉ ခုနှစ် နှစ်ဦးပိုင်းမှာပေါ်လာပြီး အတော်ကြီးကို အားကောင်းတဲ့ တိုင်းရင်းသားတပ်ပေါင်းစုအသွင် တွေ့လာရပါတယ်။
ကျွန်တော်က အဲဒီအချိန်က နိုင်ငံရေးနယ်ထဲမှာပါ။ ဒီချုပ် ဗဟိုကော်မတီ တစ်ယောက်ဖြစ်ပြီး ပဲခူးတိုင်း စည်းရုံးရေးအဖွဲ့မှာ တာဝန်ယူနေပါတယ်။ ၁၉၈၉ နှစ်ဆန်းပိုင်းမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ နဝတက ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်ကြေညာပြီး နိုင်ငံရေးပါတီများအနေနဲ့ ပြင်ဆင်ချင်တာတွေ အကြံပေးချင်တာတွေကို စာရေး၍တင်ပြနိုင်ကြောင်း ကြေညာတော့ နဝတ ရွေးကောက်ပွဲဥပဒေကို လေ့လာပြီး အကြံပြုစာတမ်းရေးဖို့ ဒီချုပ် CEC က အထူးအဖွဲ့တစ်ခု ဖွဲ့စည်းပါတယ်။ အဲဒီမှာ ရှေ့နေကြီး ဒေါ်မြင့်မြင့်ခင်က ဥက္ကဋ္ဌ၊ ကျွန်တော်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရပါတယ်။
စာတမ်းမူကြမ်းပြုစုပြီးတော့ ဗဟိုကော်မတီ စုံညီအစည်းအဝေးတစ်ခုမှာ တင်ပြပြီး အတည်ပြုပါတယ်။ အဲဒီ ဗဟိုကော်မတီအစည်းအဝေး (၈ ကြိမ်မြောက်လို့ ကျွန်တော် ထင်ပါတယ်) မှာ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က "ရွေးကောက်ပွဲကို ကျွန်မတို့ ဝင်မယ် မဝင်ဘူးဆိုတာ ခုချိန်ထိ မဆုံးဖြတ်ရသေးပါဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ကျေနပ်လက်ခံနိုင်တဲ့ အခြေအနေမျိုးတွေ ဖန်တီးနိုင်မှသာ ရွေးကောက်ပွဲ ဝင်မှာပါ။ ဒါပေမယ့် ရွေးကောက်ပွဲကို ဝင်ဖြစ်တယ်ဆိုပါစို့။ ကျွန်မတို့ အဖွဲ့ချုပ်ရဲ့ အနေအထား ဘယ်လိုရှိနိုင်တယ်ဆိုတာ တိုင်းအလိုက် တင်ပြစေချင်ပါတယ်" လို့ ပြောပါတယ်။
ဒေါ်မြင့်မြင့်ခင်က "အပြိုင်အဆိုင် နိုင်ငံရေးပါတီတွေကို လျှော့တွက်လို့မရဘူး၊ ဒါကြောင့် ဒီချုပ်အနေနဲ့ မဲ အပြတ်နိုင်နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့" သူ့အမြင်ကို တင်ပြပါတယ်။ ကျွန်တော်က ပဲခူးတိုင်းထဲမှာရှိတဲ့ မြို့ကြီးမြို့ငယ်တွေတင်မက တစ်နေရာက တစ်နေရာ ၇ မိုင် ၈ မိုင်လောက် ကုန်းကြောင်းလျှောက်ရတဲ့ ကျေးရွာတွေကိုလည်း အရောက်သွားခဲ့ပြီးဖြစ်လို့ "ပဲခူးတိုင်းအနေနဲ့ကတော့ မဲဆန္ဒနယ် ၅၁ နယ် အားလုံးမှာ နိုင်မယ်လို့ သေချာပေါက် ပြောရဲပါတယ်" လို့ တင်ပြခဲ့ပါတယ်။ ဒေါ်စုက ဘာကြောင့် အဲသလောက် ပြောနိုင်သလဲလို့မေးတော့ ကျွန်တော်က ကျေးလက်တွေအထိဆင်းပြီး ပြည်သူတွေရဲ့သဘောထားကို ကိုယ်တိုင် လေ့လာထားပြီးဖြစ်လို့ ခုလို ပြောနိုင်တာပါလို့ ပြန်ရှင်းပြလိုက်ပါတယ်။
၁၉၉၀ မေလ ရွေးကောက်ပွဲကျတော့ ကျွန်တော့်တွက်ကိန်း ရာခိုင်နှုန်းပြည့်မမှန်ဘဲ သီသီလေး လွဲခဲ့ပါတယ်။ ပြည်မြို့နယ် မဲဆန္ဒနယ်တစ်ခုမှာ ဒီချုပ် ရှုံးခဲ့ပါတယ်။ မဲဆန္ဒနယ် ၅၀ မှာ အနိုင်ရခဲ့ပါတယ်။ ပြည်မြို့ဖြစ်ရပ်ဟာ ရွေးကောက်ပွဲ သင်ခန်းစာ နမူနာတစ်ခုအဖြစ် လေ့လာမှတ်သားသင့်တဲ့ဖြစ်ရပ်ပါ။ အခုတစ်လော တိုင်းရင်းသားပါတီတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံလုံးဆိုင်ရာ ပါတီကြီးများရဲ့ ပါဝင်ယှဉ်ပြိုင်မှု အလားအလာအပေါ် သူတို့ရဲ့သဘောထားကို ထုတ်ဖော်ပြောဆိုနေချိန်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အတိတ်သင်ခန်းစာတစ်ခုကို သတိရမိခြင်း ဖြစ်ပါတယ်။
၁၀၊ ၀၃၊ ၂၀၁၃
ဆက်ရန်။
maungwuntha@gmail.com
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၃၇ မှ ...
No comments:
Post a Comment