Wednesday, March 20, 2013

ပြည်သူ့ အလံတော် ... (တတိယပိုင်း)

ဤသို့အားဖြင့် ငါတို့ တိုင်းပြည်၏ အလံတော်ကို ပြုခဲ့ကြသည်။
သူတို့၏ ကြေကွဲခြင်း အ၀တ်ဖြင့် လူတို့သည် အလံတော်ကို ချုပ်လုပ်ခဲ့ကြသည်။ လူတို့သည် ရှပ်အင်္ကျီများကို ကိုက်ဖြတ်လျက် သို့မဟုတ် ကောင်းကင်မှာ၊ ဤကောင်းကင် အပြာကွက်မှာပင် သူတို့တိုင်းပြည်၏ ကြယ်ပွင့်များကို တပ်ဆင်ခဲ့ကြသည်။
တပ်မက်သော လက်တို့ဖြင့် ကျောက်မျက် ရတနာပမာ ကြယ်ပွင့်ကို တပ်ဆင်သည်။



ကြယ်ပွင့်တို့သည် တစက်စက်ဖြင့် ရဲရဲနီ၍ လာလေကုန်ပြီ။ ဤမြေကွက်သို့ ရိုင်ဖယ်သေနတ်ကို မောင်းတင်၍ လာသူများ၊ ရက်စက်စွာ ပစ်သတ်ရန် အမိန့်တော် ဦးထိပ်ရွက်လာသူများသည် ကျူးရင့်၍ လာကုန်သော လူထုကိုသာ တွေ့ရှိကြရသည်။
တာဝန်နှင့် ဤချစ်စိတ်က လူထုကို ပြည်သူအဖြစ် လုပ်ပေးသည်။
ပိန်ပိန်ပါးပါး မိန်းမငယ် တဦးသည် အလံကို ဆုတ်ကိုင်ရင်း လဲကျသွားသည်။
လုလင်ပျို တဦးသည် ဒဏ်ရာကြောင့် အချောင်းဟတ်ကာ နောက်သို့ တုံ့လဲသွားသည်။
သူတို့သည်ကား ကျဆုံးသွားကြသော သူတို့၏ အချင်းအရာကို ငေးမောကာ ကြေကွဲခြင်း လှိုင်းတံပိုးသည် ခုန်တက်ပြီး။
ဤ သေဆုံးသူများအတွက် ငါသည် အပြစ်ဒဏ်ကို တောင်းဆိုပါ၏။
ဤ ရာဇ၀တ်မှုကို ကျူးလွန်သည့် အမိန့်ကို ပေးသူအတွက် ငါသည် အပြစ်ဒဏ်ကို တောင်းဆိုပါ၏။
ဤ အလောင်းများပေါ်မှ ကုပ်တက်၍ တန်ခိုး အာဏာယူသူ၊ သစ္စာဖေါက်များ အတွက် ငါသည် အပြစ်ဒဏ်ကို တောင်းဆိုပါ၏။
ငါသည် လက်ဆွဲကာ မေ့လျော့ရန် အလိုမရှိ။
သူတို့၏ သွေးစွန်းသော လက်များကိုလည်း အလိုမရှိ။ ငါသည် အပြစ်ဒဏ်ကိုသာ အလိုရှိသည်။
သူတို့ကို အရပ်ရပ်သို့ သံအမတ်ကြီးများအဖြစ် စေလွှတ်ခြင်းကို လည်းကောင်း၊ အိမ်မှာပင် အချိန်ဖြုန်းက ဖုံးအုပ်နေခြင်းကို လည်းကောင်း၊ ငါသည် အလိုမရှိ။
ဤနေရာမှာပင်၊ ဤ ရင်ပြင်မှာပင်၊ သူတို့ကို တရားသဖြင့် စီရင်ချက် ချရန် ငါသည် အလိုရှိသည်။
ငါသည် အပြစ်ဒဏ်ခတ်ရန်သာ အလိုရှိသတည်း။

ပါဗလို နီရူဒါ
ဗမာဘာသာပြန် - ဒဂုန်တာရာ


(ဆရာကြီး ဒဂုန်တာရာ၏ အယ်ဒီတာစားပွဲ၊ စာပေ အနုပညာဝေဖန်ရေးနှင့် ပန်းနုရောင်အို စာအုပ်မှ)


 


 

No comments: