Wednesday, February 6, 2013

ဆဲဗင်း အလဲဗင်း (ညီစောလွင်)

ငှက်တွေက တီဗွီတိုင်ပေါ်မှာ နားတယ်
ညတွေမှာ လူနာတင်ကားသံဆူညံသလောက်
နေ့တွေက တနင်္ဂနွေသတင်းစာလို
ဖောင်ပိတ်ပိတ်သွားတယ်၊
အဲဒီနေ့မှာလည်း
တိုင်းဂါးဝုဒ်ပဲ အနိုင်ရတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့က
လေထုတွေ၊ ပိုးမွှားတွေကနေ
မှန်မလုံတဲ့ လူတွေအထိ ကူးစက်ရောဂါဖြစ်စေတယ်၊


ငွေစကြေးစနဲ့ ချိန်စက်ထားထားတဲ့ သောက်ရေကန်ထဲ
(ဘဝက) အကြွေတစေ့လို ဂလောက်ခနဲ ကျရောက်ခဲ့ပေါ့၊
ဘာတခုမှ ထွက်ကျမလာခဲ့ဘူး၊

မြင်မြင်သမျှ ဂျီသြမေတြီတို့ရေ
ရုရှားက တင်းနစ်ဘုရင်မလေးရေ
တရုတ်စကားပန်းတွေကြွေတဲ့
ဟော့ဒီ စက္ကောမတိုင်းရဲ့ ပလက်ဖောင်းတွေပေါ်
မျက်စိသူငယ်နဲ့
ငါလည်း ပေါက်ချလာခဲ့ပေါ့။ ။

ညီစောလွင်
မတ်လ ၁၉၊ ၂၀၀၈


 

No comments: