Wednesday, February 13, 2013

တိမ်စစ်တမ်း (ညီစောလွင်)

အဆိပ်ငွေ့လိုလို
နှင်းငွေ့လိုလို
အမောက်လိုလို အမိုးလိုလို ကောင်းကင်နောက်ခံမှာ
ဟိတ်ဟန်အပြည့်နဲ့ အဲ့ဒီတိမ်တွေ။

ဝေးသွားလိုက် နီးလာလိုက်
လွင့်နေလိုက် ရပ်နေလိုက်
မဲလာလိုက် လင်းလာလိုက်
ညို့လာလိုက် မို့လာလိုက်။

ကြည့်
သိုးတအုပ်လိုလို
နယူးကလီယားဆောင်းလိုလို
ပန်းချီခန်းလိုလို ငရဲခန်းလိုလို
အရောင်တွေခင်းကျင်း
ညနေခင်းကိုပြုစားထားလိုက်တာ။


အဲဒီတိမ်တွေပေါ့
ပင်လယ်ကိုပဲ အန်ချပေးထားသလိုလို
သစ်တောတွေကိုပဲ စိုက်ပျိုးပေးထားရသလိုလို
မျက်လုံးဒေါက်ထောက် ချောင်းမြောင်းနေပုံက။

အဲ့ဒီတိမ်တွေပေါ့
ကမ္ဘာကိုပဲ အုပ်မိုးပေးထားရသလိုလို
ကာင်းကင်ကိုပဲ ကာကွယ်ပေးထားရသလိုလို
လုပ်နေကြပုံက။

တကယ်ဆို မိုးပေါ်ကတိမ်ရောင်စုံတွေလှဖို့
ပင်လယ်ခမျာ
တနွေခင်းလုံး နေမင်းနဲ့ရင်ချင်းအပ်ခဲ့ရတာ။ ။



 

No comments: