Sunday, February 3, 2013

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၆

သူ ချီတုံချတုံ စဉ်းစားနေစဉ်ပင် တနံနက်ခင်းတွင် ညို ဆွမ်းပို့ရောက်လာသည်။ “ညို အဆူခံရတယ်ဆို” ဟု သူ ဂရုဏာသက်စွာ မေးသည်ကို ညို မသာယာသော မျက်နှာကို ဟန်မဆောင်ဘဲ “ရပါတယ် အမေတို့က ညို့ကိုယုံတယ် အဲသလို မလုပ်ရဘူးဆိုတဲ့သဘောပဲ ပြောတာပါ” ဟု ဖြေသည်။

“ဟုတ်တယ် ညို၊ ကိုယ်တို့ယောက်ျားတွေက တခါတလေ မိန်းကလေးတွေအပေါ် ကိုယ်ထင်ချင်သလို ထင်လိုက်တာ”

“ထင်နေတာက တော်သေးတယ်၊ ထင်နေတာကို လျှောက်ပြောတာက ပိုဆိုးတာ” ဟု ညို စိတ်လက် ပင်ပန်းစွာ မှတ်ချက်ချသည်။

“ဘာပဲဖြစ်ဖြစ် ညိုရယ် ကိုယ့်အတွက်ဖြစ်ရတာမို့ ကိုယ့်မှာပဲ တာဝန်ရှိတယ်။ ဒါပေမယ့် နောက်တခါ ဖြစ်စရာ အကြောင်းမရှိတော့ပါဘူး။ ကိုယ် ဒီဒေသက စွန့်ခွာပါတော့မယ်” ဟု သူ ဖွင့်ဟလိုက်မိသည်။

ကွမ်းသီးပင်ပေါ်မှ ရှဥ့်ကလေးခုန်ကူးသွား၍ ကွမ်းလက်လှုပ်ရှာသွားသည်နှင့်ထပ်တူ ညို့မျက်နှာ တည်ငြိမ်မှု ပျက်သွားသည်ကို တွေ့သည်။ “ဘာဖြစ်လို့လဲ ညို လစ်တာနဲ့လာနေမှာပဲ” ဟု အစောတလျင် ပြန်မေးရင်း သူမ ဆန္ဒကို ပွင့်လင်းမှုတခုဖြင့် ဖော်ပြသည်။ သူ့စကားကို ကန့်ကွက်လိုသော မျက်လုံးများပင်ဖြစ်၏။

ကြံရည်ရောင် ဇာအင်္ကျီ၊ ရှားရောင် ထမီနှင့် နံဘေးမှာ ယဉ်ယဉ်ကျေးကျေးထိုင်ကာ အဖော်ပြုပေးနေသည့် ထိုမိန်းကလေးအား စွန့်ခွာသွားလိုသည့်ဆန္ဒ သို့မဟုတ် သွားနိုင်သည့်သတ္တိ သူ့မှာ အလျဉ်းမရှိကြောင်း ညို သိစေချင်လှသည်။ သို့သော် ...


“ကိုယ့်အလုပ် ကိုယ်စဉ်းစားကြည့်တယ် ညို၊ သံယောဇဉ်ကို အလိုလိုက်လို့မရဘူး။ အစာထက် အသက်ကို တန်ဖိုးထားရမယ့်ငှက်လို ဖြစ်နေတယ်။ ညိုနဲ့ကိုယ် ဒီလိုပဲတွေ့နေကြရင် တနေ့မဟုတ် တနေ့ အန္တရာယ်က ခြေရာခံပါလိမ့်မယ်။ အထူးသဖြင့် သူရတို့လာရင် ကိုယ်တို့အပေးအယူလုပ်နေကြတဲ့ စာစောင်တွေက လူမိလို့ မဖြစ်ဘူး၊ မသင်္ကာလို့ ကြည့်မယ်ဆိုတဲ့ အခြေအနေရောက်လို့ မဖြစ်ဘူး”

“ဟုတ်တယ် … အုန်းသိန်းက သူ့အဖေကို လက်တို့လိုက်ရင် ကွိခနဲမိတော့မှာ”

ညို့ရင်ထဲ ပူပန်ဆုံးအချက်ကို မထူးတော့ပြီဖြစ်၍ ထိုသို့ဖွင့်ပြောကာ အုန်းသိန်းက သူမအား ဖေသောင်းဟာ တောသားဘယ်နည်းနဲ့မှ မဟုတ်နိုင်ဘူး၊ ဘာလို့ လိမ်ပြောရတာလဲဟု သူမ ဈေးကြီးကို လိုက်ပို့ရန်ခေါ်ထုတ်ခဲ့စဉ်က အတင်းအကြပ်မေးနေခဲ့ကြောင်းပါ ပြောပြလိုက်သည်။

“ဟုတ်တယ် ညို၊ ကျောင်းသားတွေ အငြိမ်မနေဘဲ လှုပ်ရှားနေကြတာ အားလုံးသဘောပေါက်နေကြတော့ သူတို့ သံသယဖြစ်ပြီး ဖမ်းစစ်လိုက်ရင် မိသွားနိုင်တယ်” အခြေအနေ အရပ်ရပ်အပေါ် ညို သဘောမတူဘဲ လက်ခံလိုက်ရပြီ ဖြစ်သည်။

“ဘယ်တော့သွားမှာလဲ” ဟုသာ တိုးတိမ်သောအသံဖြင့်မေးကာ သူ့အား မရွှင်ပျနိုင်သောမျက်နှာဖြင့် မော့ကြည့်နေသည်။

“မနက်ဖြန်ပဲ သွားတော့မယ်လေ၊ သဘက်ခါဆိုရင် သူရတို့ လာကြဦးမှာပါ သူတို့မလာခင် သူတို့ဆီရောက်အောင် သွားရမယ်၊ သူရတို့နဲ့ပဲနေပြီး ကျောင်းဖွင့်ချိန်အထိ ကြိတ်လှုပ်ရှားနေရမှာပဲ။ ညို့ကိုတော့ အခုကတည်းက နှုတ်ဆက်တယ်နော်” ဟု သူ တည်ငြိမ်အောင် ကြိုးစား၍ ပြောသည်။

ဟုတ်ကဲ့ ဟုတုံ့ပြန်သော ညို့အသံမှာ မထွက်ဖြစ်၍ ထွက်လာရသော နှုတ်ခမ်းမှာ တွဲလဲခိုလျှက် အမျှင်တန်းနေသယောင်။ ပြီးနောက် သူ့အား မကြည့်တော့ဘဲ ဒူးတဖက်ထောက်၍ ထိုင်နေလျက်ပင် ဒူးပေါ်မေးစေ့ကလေးတင်လျက် သူမ ရှေ့မှ ရေကြည်မြောင်းကလေးအား ငေးကြည့်နေ၏။ ဒေါင်းငါးကလေးများ ရေမှော်ပင်အကြား တိုးဝှေ့ကာ လူးလာ ကူးနေကြသည်ကို သူမ မြင်ပါလျှက် ရေတွေ နောက်ကုန်ပြီလားဟု တွေးမိနေသည်။

ဖေသောင်းသည် ညို့နံဘေးထိုင်နေရင်းပင် “ဒီမှာ ညို” ဟု စကားစ၏။

ညို လှည့်မကြည့်။ ဒူးတဖက်ထောင် ထိုင်နေသော ခြေကျင်းဝတ်ကို လက်နှစ်ဖက်ဖြင့် ပိုက်ထားလျက်ပင် ငြိမ်သက်နေဆဲ။

“ကိုယ် အခုပြောမှာတွေ ညို မမေ့စေချင်ဘူး ညို အသေအချာနားထောင်ပါ” “ဟုတ်ကဲ့” ဟုဆိုကာ ညို မျက်လွှာချလျက် အခြားမည်သို့မျှ ထူးခြားမတုံ့ပြန်။

“ကိုယ်တို့မျက်စိထဲမှာ ဘယ်တော့မှ ကြည့်မဝနိုင်တဲ့ ရှဥ့်ကလေးတွေလိုပဲ ညိုဟာ ပြုမူနေထိုင်တတ်ခဲ့တယ်။ အမြီးဖားဖားကြီးတွေ တလွှားလွှားနဲ့ လျှောက်ပြေးနေတဲ့ ရှဥ့်ကလေးတွေ ကြည့်ကောင်းသလို ညို့ဆံပင်ဖားဖားကြီး ဝေဆာနေတာလည်း ကိုယ် သတိရနေမယ်”

ထိုသို့ပြောနေစဉ်ပင် သစ်သီးတလုံးကို မတ်တပ်ရပ်၍ ကောက်ကိုင်မိသွားသော ရှဥ့်ညိုကလေးမှာ စွေ့ခနဲ သစ်ပင်ပေါ် ပြေးတက်သွားသည်ကို တွေ့လိုက်ကြရသည်။

“သပိတ်လွယ်ငှက်ကလေးလို သာယာတဲ့ ညို့စကားတွေကိုလည်း မမေ့ပါဘူး။ ပြီးတော့ ဒီရေကြည်မြောင်းကလေးလို အမြဲကိုယ့်အတွက် ကြည်လင်ခဲ့တဲ့ ညို့မျက်လုံးတွေကိုလည်း ကိုယ်အမြဲ မြင်ယောင်နေပါမယ်။ ပြီးတော့ ညို တည်ခဲ့တဲ့ ရေအိုးစင်ထဲကရေလို ကိုယ့်ရင်ကို အေးမြစေတဲ့ ညို့အပြုံးတွေကိုလည်း ဘယ်တော့မှ မမေ့ပါဘူးဆိုတာ ညို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ ကိုယ့်ဘက်က မပျက်နိုင်တဲ့ မှန်သောစကားပါ ညိုရယ်”

ညိုသည် သူ့စကားအဆုံး ဟင်းခနဲ သက်ပြင်းရှည်သာချလိုက်နိုင်၏။

“ညို ဘာပြောဦးမလဲ” ဟု သူ ဂရုတစိုက် မေးသည်။ ညို မပြောတတ်၍ “ညိုလည်း သတိရနေပါ့မယ်” ဟုသာ တိုးတိုးပြောသည်။ အတန်ကြာသည်အထိ သူတို့စကားသံများအစား ငှက်ပေါင်းစုံတို့ ဘာသာဘာဝ တွန်ကျူးသံကိုသာ ကြားနေရ၏။

“ညိုသာ ရေအိုးစင်မတည်ခဲ့ရင် ခုလို နှုတ်မဆက်ချင်ဘဲ နှုတ်ဆက်နေရမှာ မဟုတ်ဘူးနော်။ ဒါပေမယ့် ရေအိုးစင်တည်မိတာ ညို နောင်တတော့ မရပါဘူး။ ဆုံပြီးခွဲကြရတာ ညို နားလည်ပါတယ်”

“ဒီလိုပါပဲ ညိုရယ် ... နှေးတာနဲ့ မြန်တာပဲ ရှိကြတာပါ တွေ့တုန်းဆုံတုန်းမှာ ကိုယ့်အပေါ် စိတ်ချမ်းသာစရာချည်း ပေးခဲ့တဲ့ ညို့ကို ကိုယ် ကျေးဇူးလည်း တင်ပါတယ်။ ကိုယ်တို့ပြန်ဆုံကြတဲ့အခါ ဘယ်သူက ပိုသတိရလဲဆိုတာ ပြောခွင့်ရပါရစေလို့သာ ကိုယ် ဆုတောင်းပါတယ်”

“ညိုတို့ ဘယ်လိုပြန်ဆုံဦးမှာလဲ” ဟုမေးသော ညို့မျက်လုံးများ စိုလျက်။

“ညို ဆယ်တန်းအောင်ရင်လည်း တွေ့မှာပဲလေ၊ မခင်အေးနဲ့ ကိုယ်လည်း အဆက်အသွယ်ရှိကြမှာပဲ။ ကိုယ်လည်း တချိန်ရောက်လာဦးမှာပါ”

အတန်ငယ် စိတ်သက်သာရသွားခြင်းကို ညို မဖုံးကွယ်။ “ညို ဆုတောင်းနေပါမယ်” ဟုသာ နှစ်သိမ့်လျှက် ပြောနေသည်။ ညို ဘာပြော၍ ဘယ်လို ဆက်နေရမည် မသိ။ သူမ ထရပ်သည်နှင့် သူလည်း ထလိုက်ရပ်ကာ “မနက်အစောကြီး ဦးလေးတို့ကို ကိုယ်လာကန်တော့မယ်၊ ပြီးတာနဲ့ လာမယ့်ရထားနဲ့ ကိုယ် လိုက်သွားမယ်။ ညို အစောကြီး နိုးနေအောင် ကြိုးစားနော်” ဟု သတိပေးသည်။

xxxxx xxxxx xxxxx 

ဆက်လက်ဖော်ပြပါမည်။ 


 

No comments: