Monday, February 11, 2013

မြန်မာ့သတင်းမီဒီယာ အဆင့်အတန်း

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့အတူ သတင်းလွတ်လပ်ခွင့်ဆိုတာကိုပါ ကြားလာခဲ့ရတာ အခုဆိုရင်တော့ ပုဂ္ဂလိက သတင်းစာတွေကိုတောင် သိပ်ပြီးတော့ မကြာမြင့်တော့တဲ့အချိန်မှာ တွေ့မြင်ဖတ်ရှုကြရတော့မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ မီဒီယာအဆင့်အတန်းဟာ လောလောဆယ် ဘယ်အခြေအနေရောက်နေပြီလဲဆိုတာကို ဝါရင့်သတင်းစာဆရာကြီး ဦးဝင်တင်နဲ့ ဦးကျော်ဇံသာတို့က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေပေးလာတယ်ဆိုတာ တော်တော်လေး လပိုင်းလောက်တော့ရှိခဲ့ပါပြီ ဆရာ။ ဆရာအနေနဲ့ သတင်းလွတ်လပ်ခွင့်ဟာ ဘယ်လောက်ထိ ခရီးပေါက်ခဲ့ပြီလို့ ဆရာ အကြမ်းဖျင်း သုံးသပ်လိုပါသလဲ။

ဦးဝင်းတင် ။ ။ အမှန်အတိုင်းပြောရရင် ကျနော်လည်း Working Journalist မဟုတ်တဲ့အတွက် လွတ်လပ်စွာ ရေးသားခွင့်တို့ ဘာတို့ ဘယ်လောက်ရှိတယ် မရှိတယ် ကျနော် သိပ်မသိဘူး။ ဒါပေမယ့် ကျနော် ပြောချင်တာ ဘာလဲဆိုတော့ သတင်းလွတ်လပ်ခွင့်ကို ကျနော် ဆုံးဖြတ်တဲ့နေရာမှာ သတင်းဆိုတဲ့ဖြစ်ရပ်တွေပေါ့ဗျာ မီးလောင်တယ်၊ ရေကြီးတယ်၊ ဒေါ်စု ဘယ်နေရာရောက်တယ်၊ ဘယ်သွားတယ် ဆိုတာမျိုးတွေ ဖြစ်ရပ်တွေ Events တွေပေါ့။ ဒါက တစ်ခု။

နောက်တစ်ခုက အယူအဆတွေကို ရေးတာ။ အယူအဆတွေ ဥပမာ ဒေါ်စု ဘာပြောတယ်၊ ဒေါ်စုကို ဆော်တယ်၊ ဒေါ်စုက ပြန်ပြီးတော့ ချေပတယ်။ ဒေါ်စုရဲ့ဆောင်းပါးတွေ ပါတယ်ဆိုတာတွေကျတော့ အဲဒီအခါကျတော့ သူတို့မှာ အဲဒါတွေက ဘာမှ သိပ်မများဘူးလို့ ကျနော် ထင်တယ်။


အဲဒီတော့ သတင်းလွတ်လပ်ခွင့်ကို ပြောတဲ့နေရာမှာ နှစ်မျိုးပြောရမယ်။ (၁) သတင်းဖြစ်ရပ်တွေကို ရေးတဲ့နေရာမှာတော့ လွတ်လပ်ခွင့်တွေ ရှိကောင်းရှိလိမ့်မယ်။ ရှိတာဆိုတာလည်း ဟုတ်ရဲ့လား မဟုတ်ရဲ့လားလည်း မသေချာဘူး။ ပိတ်တာပင်တာလည်း ရှိကောင်းရှိမယ်။ ဒါပေမယ့် ကျနော် မသေချာဘူး။

ကျနော် သေချာတာတစ်ခုကတော့ အယူအဆအပိုင်းတွေကိုဖော်ပြတဲ့ သဘောထားတွေ အယူအဆတွေ ယုံကြည်ချက်တွေ ခံယူချက်တွေ ဝေဖန်ချက်တွေ ပြစ်တင်ချက်တွေ ရှုတ်ချချက်တွေဆိုတဲ့ဟာတွေရေးတဲ့ ဆောင်းပါးတို့ဘာတို့ အခါကြတော့ လွတ်လပ်မှုဟာ မရှိသလောက်ကို နည်းပါသေးတယ်။ အဲဒါတွေ အကုန်လုံးက အဲဒါတွေကို ရေးနိုင်တဲ့ဆောင်းပါး ဂျာနယ်တို့ဆိုတာလည်း အတော်နည်းပါသေးတယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာသတင်းလောကကို စောင့်ကြည့်နေတဲ့ ဝေဖန်သုံးသပ်သူ တချို့ကလည်းပဲ မြန်မာနိုင်ငံက အာဏာပိုင်တွေဟာ ဝေဖန်မှုနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးတော့ သူတို့ မယဉ်ပါးသေးဘူး။ သူတို့အတွက် အထူး စိမ်းနေတယ်။ နည်းနည်း အကဲဆပ်နေကြသေးတယ်လို့ သုံးသပ်ကြပါတယ်။ ဆိုတော့ ဒီဟာက သူတို့က ဒီပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်း အာဏာရှင်လူ့အဖွဲ့အစည်းက ရုတ်တရက် ပြောင်းလာတာ လွယ်ပါ့မလား ဆရာ။ ကြားမှာ အခြေအနေတစ်ခုများ အချိန်အတိုင်းအတာတစ်ခုများ လိုအပ်တယ် ထင်ပါသလား။

ဦးဝင်းတင် ။ ။ ဒါကတော့ တစ်ခုရှိပါတယ် ခင်ဗျာ။ ဆိုပါတော့ဗျာ ဥပမာ ကျနော်တို့ တိုင်းပြည်ကလည်း ဥပမာ ကမ္ဘာကြီးတစ်ခုလုံးက ပိတ်ဆို့နေတဲ့ အချိန်အခါမျိုးမှာဆိုလို့ရှိရင် ဒီအာဏာရှင်စနစ်ကနေပြီးတော့ ပြောင်းလာတဲ့အခါမှာ ဒီလို လွတ်လပ်ခွင့်တွေ ပေးလိုက်ဖို့ဆိုတာက နည်းနည်းခက်ခဲရင် ခက်ခဲမှာပေါ့။

ဒါပေမယ့် အခုလို အကုန်လုံး Internet တွေကော အကုန်လုံး Online တို့ ဘာတို့ ညာတို့ ကမ္ဘာကြီးတစ်ခုလုံး ပွင့်ပြီးနေတဲ့အခါမှာဆိုလို့ရှိရင်တော့ ဒီအပြောင်းအလဲဟာ လွယ်လွယ်ကူကူ ဖြစ်ချင်တယ်ဆိုရင် အစိုးရရဲ့ သဘောထားပဲ။ ကိုယ့်ရဲ့ မူဝါဒပဲဆိုင်တယ်လို့ပဲ ကျနော် ထင်တယ်။ ဖွင့်ပေးချင်တယ်ဆိုရင် လွတ်လပ်စွာ ရေးသားခွင့် ဘာလို့ မပေးချင်ရမှာလဲ။ ဘာလို့ အကဲဆပ်နေရမှာလဲ ဝေဖန်တဲ့ဟာတွေ။

အခုကျတော့ မြင်တဲ့အတိုင်းပဲ၊ ဒီ Online မှာ ဒေါက်တာဆိတ်ဖွာဆိုတာမျိုး လိုက်ပြီးလုပ်မယ်ဆိုတာမျိုးထိ ပါနေတယ်။ အဲဒါ အမှန်တိုင်းပြောရရင် တရုတ်ပြည်တို့ ဗီယက်နမ်တို့မှာ လုပ်နေသလို။ Internet Line ပေါ်မှာ ရေးတဲ့ဟာတောင်မှ လိုက်ပြီးတော့ ပိတ်ချင်ဆို့ချင်တားချင်ဆိုတဲ့ အယူအဆတွေ အကုန်လုံးလုပ်ထားတယ်။ ကျနော်က အဲဒါကြောင့် အယူအဆပိုင်း လွတ်လပ်ခွင့်ကို ပိုပြီးတော့ များချင်ပါတယ်။ များဖို့လည်း ကောင်းပါတယ်။ အဲဒါမှသာလျှင် လွတ်လပ်စွာ ရေးသားခွင့်ဆိုတဲ့ဟာရဲ့ ပြည့်စုံမှုက အဲဒီမှာရှိပါလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ အဲဒီတော့ တရုတ်တို့ ဗီယက်နမ်တို့ အခုနက ဆရာထောက်ပြသလို အဲဒီနိုင်ငံနှင့်စာရင်တော့ မြန်မာနိုင်ငံဟာ သူတို့ထက်တော့ နည်းနည်းသာနေပြီလို့ တချို့က ယူဆကြပါတယ်။ Facebook တွေ ဘာတွေ Social Media လို့ခေါ်တဲ့ဟာတွေကို ဖွင့်ပေးတယ်ဆိုတဲ့ သဘောပြောကြပါတယ်။ အဲဒါကော ဆရာ လက်ခံပါသလား။

ဦးဝင်းတင် ။ ။ အဲဒါ အမှန်အတိုင်းပြောရရင်တော့ ကျနော် သိပ်တော့နားမလည်ဘူး။ သို့သော် ကျနော်က အရေအတွက်ပေါ့၊ အရပ်သား နားလည်တဲ့ပုံစံနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ တရုတ်ပြည်မှာ လူတွေ သန်းနဲ့ချီပြီးတော့ သန်းပေါင်းများစွာ ဒီ Internet တို့ဘာတို့ ကိုင်တွယ်နေတဲ့အချိန်။ ဥပမာ ဗီယက်နမ်မှာဆိုလို့ရှိရင်လည်း သိန်းပေါင်းများစွာကို Facebook တို့ ဘာတို့ ကိုင်တွယ်နေတယ်၊ Internet တို့ ကိုင်နေတယ်။ Online တို့ ဘာတို့ လုပ်နေတဲ့အချိန် ဗမာပြည်မှာ အခုဟာ တကယ်ပြောရရင် သိန်းဂဏန်းတောင်မှမရှိဘူးလို့ ကျနော် အဲဒီလိုပဲ ယူဆတယ်။ သုံးနိုင်တဲ့သူက ဘယ်လောက်များမှန်းလည်း မသိဘူး။ ဘယ်လောက်ထိ ဖွင့်ပေးတယ် မသိဘူး။ ဆိုတဲ့အခါကျတော့ အရေအတွက်ပုံစံနဲ့ကြည့်မယ်ဆိုရင်တော့ တရုတ်တို့ထက် ကောင်းတယ် သာတယ်ဆိုတာတော့ ကျနော်က သိပ်ပြီးတော့ မထင်သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ ကျနော် နောက်မေးချင်တဲ့အပိုင်းတစ်ခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းပဲ စာစောင် ထုတ်တယ်လို့ သိရပါတယ်။ အပတ်စဉ် ထင်ပါတယ်။ နောက်ပြီးတော့ သိပ်ပြီးတော့ circulation copy ဖြန့်ဝေမှုကလည်း အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဟုတ်ပါလား ဆရာ။

ဦးဝင်းတင် ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီ့စာစောင်အနေနဲ့ကော ဘယ်လိုမူနဲ့ ရပ်တည်ပါသလဲ။ ကျနော် အဓိကသိချင်တာကတော့ သတင်းလွတ်လပ်မှုနဲ့ပတ်သက်ပြီးတော့ ဘက်မလိုက်မှု ကြားနေမှု တိကျမှုတွေနဲ့ တိုင်းတာပါသလား။ သို့မဟုတ် ပါတီ မူဝါဒကိုပဲ ထောက်ခံပြီးတော့ အဓိက ဖြန့်ဖြူးတဲ့ သတင်းလားဆိုတာ သိချင်ပါတယ်။

ဦးဝင်းတင် ။ ။ ဒီလိုပြောရမယ် ထင်တယ်။ ထုတ်တဲ့နေရာမှာ ကျနော်တို့ ဂျာနယ်ဟာ အောင်မြင်တယ်လို့ ကျနော် ပြောလို့ရတယ်။ ဘာဖြစ်လို့ အောင်မြင်လဲဆိုတော့ ကျနော်တို့မှာ ပရိသတ်ရှိတာကိုး။ ကျနော်တို့ရဲ့ ပါတီဝင်အင်အားက ကျနော်တို့ ဆယ်သိန်းလောက်ရှိတယ်။ အဲဒီတော့ ကျနော်တို့မှာ လူအင်အားရှိတဲ့အခါကြတော့ ဒီလူအင်အားနဲ့ ကျနော်တို့ ပါတီစာစောင်ကို ဖတ်တဲ့သူများတဲ့အတွက် ကျနော်တို့ ဂျာနယ်က ရပ်တည်လို့ရတယ်။ အစောင်ရေ တော်တော်များများ ရှိပါတယ်။ သို့သော် ဂျာနယ်ပုံစံဘောင်နဲ့ သွားကြည့်မယ်ဆိုရင်တော့ ကျနော်တို့က လွတ်လပ်စွာ ရေးသားခွင့်တို့ ဘယ်ဘက်က ရပ်တယ်တို့ လွတ်လွတ်လပ်လပ် ဘက်မလိုက်မှုကင်းတဲ့ပုံစံနဲ့ ရပ်တည်ဖို့ဆိုတာတော့ မဖြစ်နိုင်သေးပါဘူး။

မဖြစ်နိုင်ဘူးဆိုတာ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ စာစောင်ဟာ ဂျာနယ်လည်း မဟုတ်ဘူး။ ပါတီ စာစောင်။ ပါတီစာစောင် ဖြစ်နေတဲ့အတွက် ပါတီသတင်းတွေပဲ အများစုက ရေးရပါတယ်။ အဲဒီတော့ တက်နိုင်သမျှတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး ရေးတယ်။ အဲဒါတွေနဲ့ ပါတီနဲ့ပတ်သက်တာလည်း ပါတယ်။ မပတ်သက်တာ ပါတယ်။ ကျနော်က ဆောင်းပါး ပုံမှန်ရေးတယ်။ ပါတီနဲ့ပတ်သက်တာပါတယ်၊ မပတ်သက်တာလည်း ပါတယ်။ ကျနော်တို့ ခေါင်းကြီးတွေ ရေးတယ်။ ခေါင်းကြီးတွေမှာ ပါတီနဲ့ပတ်သက်တာပါတယ်၊ မပတ်သက်တာပါတယ်။

အလားတူပဲ ကျနော်တို့ထဲမှာ ဆောင်းပါးရှင်တွေ ပြင်ပဆောင်းပါးရှင်တွေ အများကြီးပါပါတယ်။ နာမည်ကြီးတဲ့ ပြင်ပလောကက ဆောင်းပါးရှင်တွေ။ ကျနော်တို့ NLD တွေ မဟုတ်ဘူး။ ဒီလူတွေကလည်း အခုနကပြောသလို ပါတီနဲ့ ပတ်သက်တာကော ပါတီကို ဝေဖန်တာကော ပါတီနဲ့မပတ်သက်တာကော ပါပါတယ်။ အဲဒီတော့ ကျနော်တို့ဟာ တစ်စုံတစ်ရာသော အတိုင်းအတာအထိတော့ လွတ်လပ်မှု၊ ဘက်မလိုက်မှု ကင်းကင်းနဲ့ရှိနိုင်မယ်လို့ လွတ်လပ်မှုမရှိဘဲနဲ့ လုပ်နေတယ်လို့ ပြောလို့ရပါတယ်။

သို့သော် ဘာပဲပြောပြော ကျနော်ဟာ ပါတီစာစောင် ဒီလှိုင်း ခေါ်တယ်။ ကျနော်တို့ စာစောင်ရဲ့နာမည်က ဒီလှိုင်း ဒီမိုကရေစီလှိုင်းပေါ့။ ဒီလှိုင်း စာစောင်ဟာ ကျနော်တို့ဟာ ဒီကနေ့အထိကတော့ ရှင်းရှင်းပြောရင်တော့ ပါတီရဲ့သြဇာလည်း သိပ်မကင်းသေးဘူး။ ပါတီရဲ့ ပါတီဘက်ကနေ ပါတီသတင်းတွေကို ဖော်ပြတာ ပါတီဟာတွေပဲလုပ်တာ အများကြီးတော့ ကောင်းအောင်လုပ်နေပါတယ်။ လုပ်တဲ့အကြောင်းက ဘာလဲဆိုတော့ တခြားသတင်းတွေ ဖော်ပြနိုင်အောင် လုပ်တယ်။ အဲဒါက သတင်းစာနဲ့တောင် မတူဘူး။

ကျနော်တို့ အခု သတင်းစာထုတ်ဖို့ ကြည့်နေပါတယ်။ အဲကယ်၍ သတင်းစာထွက်လာတဲ့အခါမှာဆိုရင်တော့ ကျနော်က သတင်းတွေကို ဘက်မလိုက်မှုကင်းတဲ့ ပါတီရဲ့သြဇာကင်းဝေးတဲ့ ဖြစ်အောင်တော့ ရပ်တည်မယ်။ သို့သော် ကျနော်တို့ ဘယ်လောက်ထိ ဘက်လိုက်မှုကင်းကင်းနဲ့ လုပ်နိုင်မလဲဆိုတာတော့ ထွက်လာတော့မှပဲ တကယ်လုပ်တဲ့အခါကျမှပဲ ကျနော်တို့ သိနိုင်မယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့၊ ဒါအာဏာပိုင်တွေဘက်က ခွင့်ပြုလိုက်ရင်။ နောက်တစ်ခုက မီဒီယာသမားတွေရဲ့ အနေအထားကကော တကယ့်လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေက သတင်းသမားတွေလို မီဒီယာသမားတွေလို သူတို့ဟာ အဆင်သင့်ဖြစ်ကြပြီလို့ ဆရာ ထင်ပါသလား။ ရေးတာ ပြောတာ သူတို့ဟာ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန်ပြောတာ။

ဦးဝင်းတင် ။ ။ အဲဒါတော့ သူတို့ သိပ်ပြီးတော့ မပြောသာဘူး။ မပြောသာဘူးဆိုတာ အမှန်အတိုင်းပြောရရင် ကျနော်ကလည်း အခု တစ်နေ့တစ်နေ့ သတင်းဂျာနယ်မဂ္ဂဇင်းတွေက ကျနော်တို့ သတင်းတစ်ခုကြားရတဲ့ အတိုင်းဆိုလို့ရှိရင် ဂျာနယ်ပေါင်းက ရာနဲ့ချီ သုံးရာလောက်တောင်မှရှိတယ်လို့ ပြောတယ်။ အဲဒီအထဲမှာ ပုံမှန်ပေါ့ ကျနော်တို့သတင်းတွေကို သတင်းပေါ်မှာ အခြေပြုပြီးတော့လုပ်တဲ့ ဂျာနယ်ကြီးတွေကိုက ရာနဲ့ချီပြီးတော့ ရှိမယ်။ အဲဒါတွေ ထွက်နေတာ တနေ့တနေ့ မနည်းတော့ ကျနော်တို့ သိပ်မသိဘူး။ ဒါပေမယ့် ကျနော် သတင်းသမားတွေရဲ့လှုပ်ရှားမှုကို ကြည့်ရတာတော့ တော်တော်လေး လွတ်လပ်တယ်လို့ ကျနော် ပြောလို့ရပါတယ်။

ဥပမာ ကျနော်ဆိုလို့ရှိရင် ဥပမာ ဒီနေ့ဆိုလို့ရှိရင် သတင်းသမား ငါးယောက်လောက်ကို ကျနော် တွေ့ပြီးပြီ။ တွေ့ပြီး အင်တာဗျူးလုပ်တယ်။ အဲဒီတော့ သူတို့ရဲ့လုပ်ပုံကိုင်ပုံ၊ သူတို့ရဲ့ဆက်သွယ်ပုံ၊ ကျနော်တို့ဆီ ချည်းကပ်ပုံ သို့မဟုတ် ကျနော်တို့ဆီကနေတဆင့် တစ်နေရာကို လှမ်းပြီးတော့ ပြောတဲ့ပုံစံတွေကြည့်ရင်တော့ သတင်းစာသမားတွေဟာ တော်တော်လေးကို တက်ကြွတယ်။ ကလေးလူငယ်တွေ။ နှိုးနှိုးကြွကြွ တက်တက်ကြွကြွ ရှိတယ်။ မေးတာမြန်းတဲ့ မေးခွန်းတွေကလည်း ကောင်းတယ်။ အဲဒါကြည့်ရင်တော့ သတင်းစာလောကအတွက် အလားအလာ ကောင်းပြီပဲ ကျနော် အဲဒီလိုပဲ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ နောက်တစ်ခုက ဆရာ အဲဒီ သတင်းသမားတွေ မီဒီယာသမားတွေက တိုင်းပြည်အတွက် အရေးကြီးတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးတော့ ထင်မြင်ချက် ဝေဖန်ချက် သုံးသပ်ချက်တွေပေးတဲ့အခါမှာ လက်လွတ်စပယ် ပြောတာထက် သူတို့ဟာ တကယ်အားကိုးလောက်တဲ့ အယူအဆမျိုးထွက်လာဖို့အတွက် သူတို့မှာလည်း ဘယ်လောက် Knowledge တွေ သူတို့ရဲ့ ဗဟုသုတတွေ လေ့လာမှုတွေ လိုအပ်မယ် ထင်ပါတယ်။ အဲဒီဟာဘက်မှာကော မြန်မာသတင်းသမားတွေ ဘယ်လောက်ပြည့်စုံကြပြီလို့ ထင်ပါသလဲ ဆရာ။

ဦးဝင်းတင် ။ ။ အဲဒီဟာကတော့ ခုနကပြောတဲ့ ကျနော်ပြောတဲ့ ပုံသဏ္ဍန်ပဲ။ သူတို့ရဲ့ တက်တက်ကြွကြွလုပ်တဲ့ပုံစံ။ ဥပမာ ကျနော့်ဆီဆိုရင် ညလည်း ဖုန်းဆက် နေ့လည်း ဖုန်းဆက် သတင်းနဲ့ပတ်သက်ရင် သူတို့ရဲ့ မေးခွန်းတွေဟာ very intelligent တော်တော်ကို မေးသင့်တဲ့ မေးခွန်းတွေ။ သိချင်လို့ စူးစမ်းသင့်လို့ စူးစမ်းတာ။ နောက်ပြီးတော့ ဆက်သွယ်သင့်တဲ့သူကို ဆက်သွယ်တယ်လို့ ကျနော်တော့ အဲဒီလိုပဲ ယူဆတယ်။ ကျနော်ကို ဆက်သွယ်တဲ့အတွက် ကျနော်က ဆက်သွယ်သင့်တဲ့သူကို ဆက်သွယ်တယ်လို့ ကျနော် ပြောတာ မဟုတ်ပါဘူး။

ဘာပဲပြောပြော ဥပမာ ကျနော်က နိုင်ငံရေးသမားတစ်ယောက်ပေါ့။ ကျနော် ဥပမာဆိုတော့ သတင်းစာဟောင်းသမားတစ်ယောက်ဆိုလို့ရှိရင် ကျနော်ကို ဘယ်လိုမေးခွန်းမျိုး မေးရမယ်ဆိုတာကို သူတို့ ကောင်းကောင်း သိတယ်ဗျ။ ကောင်းကောင်း လုပ်တယ်။ အဲဒီတော့ ကျနော် ထင်တယ်ဗျ၊ သူတို့ အခုနကပြောတဲ့ ဝေဖန်ရေးသားမှုတို့ ဘာတို့ အတွက် လိုအပ်တဲ့ ဒီလောက် ပညာတွေနဲ့လည်း သူတို့မှာ အတန်အသင့်တော့ ပြည့်စုံတယ်လို့ ကျနော်တော့ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်မေးခွန်းတစ်ခုက အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မောင်မောင် အဲဒီပုဂ္ဂိုလ်ကို ကျနော် ရှားရှားပါးပါး ဘီဘီစီမှာတုန်းကတစ်ခါ ကျနော် အင်တာဗျူး ရပါတယ်။ ဆိုတော့ ကျနော် အဲဒီတုန်းက လုပ်နေတဲ့ အစီအစဉ်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဘာကြောင့် ကျဆုံးခဲ့ရသလိုဆိုတဲ့ကြောင်းအရာကို မေးတာပါ။ သူတို့က ၅၈ က ဒါ စစ်တပ်မှာ သြဇာရှိပြီးတော့ အာဏာသိမ်းခဲ့တာတွေ ဘာတွေကိစ္စတွေမေးတော့ သူက ဘာကိုထောက်ပြသလဲဆိုတော့ သတင်းသမားတွေကို ထောက်ပြပါတယ်။ မီဒီယာသမားတွေ သတင်းသမားတွေက စာမတတ်ဘူး ပညာမတတ်ဘူး သူတို့က ဆိုပြီးတော့ ပြောပါတယ်။ အဲဒီကိစ္စ ဆရာဘယ်လို ပြန်ပြောချင်ပါသလဲ။ ဘယ်လောက် တာဝန်ရှိခဲ့ပါသလဲ မီဒီယာသမားတွေက အဲလို စစ်အုပ်ချုပ်ရေး ပေါ်ပေါက်လာရတာနှင့် ပတ်သက်ပြီးတော့။

ဦးဝင်းတင် ။ ။ အဲဒါကတော့ ဘယ်လိုပြောမလဲဆိုတော့ ကျနော် ထင်တယ်၊ Character နဲ့ဆိုင်မယ် ထင်တယ်။ ကျနော် သူနဲ့လည်း ရင်းတယ်နော်။ သူနဲ့လည်း သိတယ်။ သူ့ညီမတွေဖြစ်တဲ့ ဥပမာ ပထဝီ ပါမောက္ခ ဒေါ်သိန်းကြည်တို့ ဘာတို့နှင့် ကျနော် တော်တော်ကို ရင်းပါတယ်။ အဲဒီတော့ ဆိုလိုတာကဘာလဲဆိုတော့ ကိုမောင်မောင်က ပညာတတ်ဗျ။ ပညာတတ် မာနရှိတယ်။ ရှိတဲ့အခါကျတော့ သတင်းစာတွေကလည်း အဲအချိန်တုန်းကတော့ ကျနော်လည်း လုပ်ကိုင်နေတဲ့အချိန်ပေါ့။ ကျနော်တို့ကိုယ်တိုင်လည်း ညံ့တာတွေ ရှိကောင်းရှိမယ်ပေါ့။ အဲဒီအပေါ်မှာကြည့်ပြီးတော့ သူရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ချက်တွေဟာ သတင်းစာသမားတွေအပေါ် သိပ်မကောင်းဘူး။ သူ့မှာလည်း bias တွေ ရှိပါတယ်။ သူ့မှာလည်း ဘက်လိုက်မှုတွေ အယူအဆတွေ ပြင်းထန်တာတွေ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းတစ်ခုက ဆရာ အခု မြန်မာနိုင်ငံအစိုးရက သတင်းထုတ်ပြန်ရေးအဖွဲ့ ဆိုတာ ပိုပိုပြီးတော့ သွက်သွက်လပ်လပ် ပြန်ကြားတဲ့အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပေးလာပါတယ်။ တော်တော်များများ သူတို့ဟာ သတင်းသမားတွေ မေးတာမြန်းတာကို ပြန်လည်ဖြေကြားတာလည်း တွေ့ရပါတယ်။ အဲဒီဟာနဲ့ပတ်သက်လို့ကော ဆရာ ဘယ်လိုသဘောရပါသလဲ။

ဦးဝင်းတင် ။ ။ အဲဒီဟာနဲ့ပတ်သက်လို့ ကျနော့် အတွေ့အကြုံကိုပြောရမယ်ဆိုရင် ၁၉၆၃ လောက်ပေါ့၊ ကျနော်တို့ စာနယ်ဇင်းကောင်စီဆိုတာ ပေါ်ပါတယ်။ ကျနော်တို့ ဗမာပြည်မှာ။ အဲဒီ စာနယ်ဇင်းကောင်စီမှာ အတွင်းရေးမှူးတွေ ဘာတွေ လုပ်သွားတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ ဂါဒီယန်း ဦးစိန်ဝင်းပေါ့၊ ကျနော်တို့ နာမည်ကျော် သတင်းစာဆရာကြီးပေါ့။ အဲဒီတော့ ဦးစိန်ဝင်း မရှိတဲ့အခါမှာ ကျနော်က အတွင်းရေးမှူး လုပ်ဖူးတာတွေ ရှိပါတယ်။ ကျနော်တို့ အဲဒီအချိန်တုန်းက ကျနော်တို့ရဲ့ … … ဘာလဲဆိုတော့ သတင်းတွေကို ကျနော်တို့ သတင်းထုတ်ပြန်မှုအဖွဲ့တွေ ဖွဲ့ပေးပါ။ ပုဂ္ဂိုလ်ထားပေးပါ တစ်။ နှစ်က ဘာလဲဆိုတော့ အဲဒီသတင်းတွေကို အဲဒီပုဂ္ဂိုလ်တွေကြားထဲမှာ ကျနော်တို့ကို ထုတ်ပြန်ရုံ ထုတ်မပေးပါနဲ့။ သူတို့မေးတဲ့ မေးခွန်းတွေကို ဖြေပေးပါ။ သူတို့ သိချင်တာတွေကို ဖြေပါဆိုပြီးတော့ ကျနော်တို့ နှစ်ချက်ပြောတယ်ဗျ။

အဲဒါ ပြောပြီးတဲ့နောက်ပိုင်းမှာ နောက်ကျတော့လည်း ဦးစိန်ဝင်းလည်း ပြုတ်ကော။ နောက်ကျတော့ ကျနော်လည်း ပြုတ်ကော။ နောက်ကျတော့ စာနယ်ဇင်းကောင်စီ ပျက်သွားကော။ သို့သော် ဘယ်လိုဖြစ်လဲဆိုတော့ ဒီသဘောထားဟာ ကျန်ခဲ့ပါတယ်။ အဲဒီသဘောထားကို ကျနော်တို့ နောက်ပိုင်းမှာ ကျနော် မန္တလေးတို့ ဘာတို့ ရောက်သွားတဲ့အခါမှာ မန္တလေးမှာ စစ်တိုင်းမှူးတွေနဲ့တွေ့တဲ့အခါမှာ ကျနော် ပြောတာတွေလည်း ရှိပါတယ်။ ကျနော်တို့ရဲ့မူ ဒီလိုရှိပါတယ်။ အဲဒါကို စစ်တိုင်းမှူးတွေကနေပြီးတော့ သတင်းထုတ်ပြန်တဲ့ လူတစ်ယောက် ပေးပါ။ နောက်တစ်ခုက သူတို့ကို သတင်းထုတ်ပြန်ရုံ ထုတ်မပြန်ပါနှင့်။ ကျနော်တို့ မေးရင်လည်း အတည်ပြုချက်တွေ တောင်းဆိုတဲ့ ကျနော်တို့က ဒီဟာတွေကို Confirm လုပ်ချင်တယ်၊ အတည်ပြုချက် လိုတယ်ဆိုလို့ရှိရင်လည်း ဖြေပေးပါဆိုတာ ပြောတယ်။ အဲဒါ ဘာမှ ဖြစ်မလာဘူး။ ဒီမှာ အခု ဦးရဲထွဋ်တို့ ဘာတို့လုပ်နေတဲ့ဟာ။ ဆိုတော့ သူက သတင်းထောက်တွေနဲ့တွေ့တဲ့အခါ ဖြေတာတော့ ချောချောမောမောပဲ။ ကျနော်တော့ သိပ်ပြီး မကြည့်ထားဘူး။ ဒါပေမယ့် သူက သတင်းတွေ ထုတ်ပြန်နေတာပဲ ရှိတယ်။

သတင်းထုတ်ပြန်နေတယ်ဆိုတာတော့ သတင်းဟာ သူက သူတို့မူရှိတဲ့အတိုင်း ရေးသားပြီးတော့ ထုတ်ပြန်တဲ့ဟာ ဒီထုတ်ပြန်တဲ့ ပုံသဏ္ဍာန်တွေ။ ဆိုပါတော့ အခု ကချင်ပြည်နယ်နဲ့ ထုတ်ပြန်တာတွေဆိုရင် အများကြီးပေါ့။ ကျနော်က ကချင်ပြည်နယ်နဲ့သတင်းတွေ ထုတ်ပြန်တာ ဒီတာဝန်ရှိတဲ့သူတွေကနေ သတင်းထုတ်ပြန်တာ ကောင်းပါတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ သာမှန်အားဖြင့်။

သို့သော် ကျနော်တို့ ပိုလိုချင်တာက ကချင်ပြည်နဲ့ပတ်သက်ပြီးတော့၊ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ မေးတာ မြန်းတာ သတင်းထောက်တွေဘက်ကနေပြီးတော့ မေးတဲ့ဟာတွေကို ဘယ်လိုဖြေခွင့် ဒီမှာရှိမလဲ သူ့ဆီကို ဝန်ကြီးဆီကို တယ်လီဖုန်းတွေနဲ့ဆက်ပြီးတော့ မေးနိုင်သလား။ သူကကော ဖြေနေသလား။ အဲဒါ သိချင်တယ်။ ကျနော်တို့ မြင်သလောက်တော့ ကျနော်တို့ သတင်းတွေ မီဒီယာထဲမှာ ပြန်ကြားတဲ့ဟာကြည့်တာတော့ သူက သတင်းကို ထုတ်ပြန်တဲ့သူပဲ ဖြစ်တယ်။ သတင်းကိုဖြေကြားတဲ့သူ သို့မဟုတ် အတည်ပြုတဲ့သူ မဟုတ်သေးဘူးလို့ ကျနော် ပြောချင်ပါတယ်။

အဲဒီတော့ ကျနော်တို့ လိုနေတာကတော့ ဗမာပြည်မှာ အခု ကြားနေရတဲ့ သတင်းတချို့အရဆိုရင် သတင်းထုတ်ပြန်ရေးအဖွဲ့တွေကို အစိုးရဌာနတိုင်းမှာ ထားဖို့တောင်မှ အခုထိ သူတို့မှာ သဘောပြုပုံ မရသေးဘူး။ အစိုးရပိုင်းက အခုထိ တချို့နေရာတွေက သဘောမတူဘူးလို့ တချို့နေရာက သဘောတူတယ်ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒီတော့ သူတို့လိုချင်တာကတော့ သတင်းထုတ်ပြန်ရုံနဲ့ မပြီးပါဘူး။ ခင်ဗျားတို့ ပြောချင်တာပြောနေပြီးတော့ ဝါဒဖြန့်နေတာနဲ့ အစိုးရ ပြန်ကြားရေးလုပ်နေတာနဲ့ ဘာမှမထူးပါဘူး။ ကျနော်က သြဇာရှိနေသူ အာဏာရှိတဲ့သူ သို့မဟုတ်လည်း သူ့မှာ အဖွဲ့အစည်းရှိတဲ့သူကနေပြီးတော့ သူတို့ အတည်ပြုချက် သတင်းတစ်ခုကို မှား၏ မှန်၏၊ ဟုတ်၏ မဟုတ်၏၊ ကောင်း၏ ဆိုး၏ကို အတည်ပြုမေးတဲ့အခါမှာ အဲဒါတွေကို အတည်ပြုပြောကြားနိုင်တဲ့ ဖြေကြားနိုင်တဲ့ ပုဂ္ဂိုလ်မျိုးလည်း လိုပါတယ်။ အဲဒါမျိုးယန္တရားမျိုးလည်း လိုပါတယ်လို့ ကျနော်ပြောကြားလိုပါတယ်။ ။

ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments: