“ဟ. ဟ. ဟာ. ဒါ မိုးရေးဘက်သွားတဲ့လမ်း မဟုတ်ဘူးဗျ ... လမ်းလွှဲသွားပြီ … ဟာ . ဒါ နယူးစန်းသာဘက် သွားတာဗျ ... ကျနော် ကောင်းကောင်း မှတ်မိတယ်”
အမိုးအကာ အလုံအုပ်ထားတဲ့ ထရပ်ကား တာလပတ်မိုးကာရဲ့ တထွာကျော်ကျော်ပြဲနေတဲ့ အပေါက်ကနေ အပြင်ဘက်ကို တောက်လျှောက်ကြည့်လာတဲ့ ကလေးမြို့က ဝင်းကို ရဲ့ အသံကြောင့် ကားပေါ်မှာ အတွေးကိုစီနဲ့ ငြိမ်ငြိမ်လေးပါလာတဲ့ ကျနော်တို့အားလုံး တုန်လှုပ်သွားတယ်။
“သူတို့ပြောတော့ မိုးရေးကို ပို့ပေးမယ်ဆို”
“ဘယ်လိုဖြစ်တာလဲ ... ဒီကောင်တွေ ညာခေါ်လာပြီ”
ပူညံပူညံ တယောက်တပေါက် ပြောနေကြပြီ။ မူလက မိုးရေးက ကျနော်တို့ခေါင်းဆောင်တွေဆီ ပို့ပေးမယ်လို့ ကသဲတပ်ရင်းမှူးက ကတိပြုတဲ့အကြောင်း ကျနော်တို့ သိထားတယ်။ အခု ဘယ်လိုဖြစ်တာလဲ?၊ ဘယ်ကိုပို့မှာလဲ?၊ ဘယ်ခေါ်သွားမှာလဲ? မေးခွန်းတွေနဲ့ အားလုံးဟာ မရေမရာတွေ ဖြစ်နေတယ်။
၁၉၈၉ ဧပြီလ၂၄ ရက်မှာ ကျနော်တို့အားလုံးကို အမိုးအလုံအုပ်ထားတဲ့ စစ်ထရပ်ကားကြီး နှစ်စီးပေါ် လူ ၈၀ ကျော်လောက်ကို ခွဲတင်ပြီး ကသဲစစ်သားလက်နက်ကိုင် လုံခြုံရေးကား၂ စီးနဲ့ ညှပ်ခေါ်လာတာ။ အချိန်က ညနေ နေဝင်ပြီးစပဲ။ လမ်းမှာ ကျနော်တို့စခန်းကနေ ထွက်လည်နေကျ ရွာတွေရောက်တော့ လက်ထဲက ‘ဗမာကျောင်းသားတွေပါ၊ကျနော်တို့ကို ကယ်ပါ၊ အမှတ်(၈) ရိုင်ဖယ်တပ်က ဗမာပြည်ကိုပြန်ပို့နေပါတယ်’ လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စာရွက်အပိုင်းတွေ ပစ်ချခဲ့တယ်။
ပါလဲလမ်းခွဲရောက်တော့ ကလေးငယ်တွေ ရေပက်နေတာ၊ ဆေးရောင်တွေ ပေကျံနေတာကို တာလပတ်မိုးကာကြီးကြားကနေ လှမ်းမြင်တော့မှ အော် ... ဒီနေ့ အိန္ဒိယသင်္ကြန် ကျနေပါလားလို့ သတိရလိုက်တယ်။ အိန္ဒိယသင်္ကြန်က ကျနော်တို့ထက် တလ ပိုစောတယ်။ ဟိုလီပွဲလို့ ခေါ်တယ်။ ကျင်းပတဲ့အဓိပ္ပာယ်ကလည်း မြန်မာနဲ့ သိပ်မကွာဘူး။ နွေဦးရာသီ သစ်ရွက်တွေအသစ်ထွက်ပြီး လယ်ယာလုပ်ငန်းခွင်တွေ အနားရတဲ့အချိန်လည်း ဖြစ်တယ်။ ရောင်စုံပန်းတွေ ပွင့်တဲ့ကာလလည်းဖြစ်တယ်။ လှပနေတဲ့ သဘာဝလောကကြီးကို ပမာထားပြီး ရောင်စုံဆေးမှုန့်တွေသုံးတာလို့ မှတ်သားဖူးတယ်။
သူများတွေ လွတ်လွတ်လပ်လပ် မြူးနေချိန် ကျနော်တို့ကတော့ ကိုယ့်အနာဂတ် ဘယ်ရောက်နေမှန်းမသိ ဖြစ်နေတာ။ မနက်ဖန် ဘာဖြစ်မလဲဆိုတာ တွေးတောင် မတွေးရဲဖူး။ အရာရာဟာ ဘာမှမသေချာဖူး။ ဘာအလှအပမှလည်း မခံစားနိုင်ဘူး။ ပတ်ဝန်းကျင်ကလည်း တဖြည်းဖြည်း အမှောင်ဘက်ကို ရောက်လာပြီ။ “ကားရပ်ခိုင်းပါ ... ကားရပ်ခိုင်းပါ” ရုတ်တရက် မချိမဆန့်နဲ့အော်လိုက်တဲ့ သက်ထွေး (ကာတွန်း-ဂျိုကာ)အသံကြောင့် ဘာဖြစ်တာလဲဆိုတဲ့အကြည့်နဲ့ ဂျိုကာကို ဝိုင်းကြည့်နေတယ်။
ဂျိုကာ့မျက်နှာ ရှုံ့မဲ့နေတယ်၊ ခါးကုန်းထားတယ်။ သူ့ဘေးကတယောက်ကပဲ ဖြေလိုက်တယ်။ “ချီးပါချင်လို့ တဲ့” အားလုံး ပြာသွားတယ်။ ကားဘော်ဒီကို တဒုန်းဒုန်းနဲ့ ထုကြတယ်။ ကားသမားက ဘယ်ရပ်ပေးမလဲ။ ပိုတောင် မြန်လာသေးတယ်။ အရေးထဲမှာ အရာပေါ်တဲ့ဂျိုကာအဖြစ်ကိုကြည့်ပြီး ပြုံးရမလို မဲ့ရမလိုဖြစ်နေတယ်။ “ကဲကဲ ကျွတ်ကျွတ်အိတ် ရှိလားဟေ့” တယောက်က မေးတယ်။ အာလူးတွေထုတ်ထားတဲ့ ကျွတ်ကျွတ်အိတ် တအိတ်ရသွားတော့ ဂျိုကာကိုကမ်းပြီး ကားဒေါင့်လေးမှာ ထိုင်ခိုင်းလိုက်တယ်။ အနားကလူတွေအားလုံး နှာခေါင်းတွေပိတ်ပြီး တဖက်ကိုမျက်နှာလွှဲထားကြတယ်။
“သေချာပြီ ဒါ နယူးစန်းသာသွားတဲ့ လမ်းခွဲ” တချိန်လုံး မျက်နှာကို မိုးကာအပြဲနဲ့အပ်ပြီး အပြင်လောကကို တောက်လျှောက် စူးစမ်းနေတဲ့ ဝင်းကို က ကောက်ချက်ချတယ်။ “ကျနော် ဒီဘက် နွားတွေမောင်းပြီး လာရောင်းဖူးတယ်၊ ဗမာပြည်နဲ့ နီးနီးလေးပဲ” ဗမာပြည်ဆိုတာနဲ့ ကျနော်လည်းထပြီး ကားပေါ်ထိုင်ပြီး ယိမ်းထိုးနေသူတွေကို ဟိုခွ ဒီကျော်ပြီး တာလပတ်အပြဲလေးကနေ အပြင်ကိုကြည့်လိုက်တော့ မီးတလက်လက်နဲ့ သွပ်မိုးအိမ်တချို့ကို လရောင်အောက်မှာ တွေ့ရတယ်။ ရွာတရွာ ဖြတ်နေတာပဲ။ လရောင်အောက်မှာ သရက်ပင်နဲ့ ကွမ်းသီးပင်၊ ပိန္ဒဲပင်တချို့ တွေ့ရတယ်။ ဟုတ်တယ်၊ ဒီလိုအပင်တွေနဲ့ ကျေးရွာအနေအထားက ကျနော်တို့ဘက်နဲ့ ခပ်ဆင်ဆင်။ နောက်တော့ သိပ်မကြာဘူး၊ ထရပ်ကားကြီး ဟိုယိမ်းဒီယိမ်းနဲ့ ရွာထဲဝင်လာတယ်။ တအောင့်လောက်မှာ ကားရပ်သွားတယ်။
“Come down, Come down, all ... all” ကျနော်တို့ကား တာလဘတ်ကြီးလှန်ပြီး ကသဲအရာရှိတယောက်က ကားပေါ်က အားလုံးဆင်းဖို့အော်ရင်း တခါးဖွင့်လိုက်တယ်။ ကျနော်တို့အားလုံး အထုတ်အပိုးကိုယ်စီနဲ့ ခုန်ဆင်းလိုက်ကြတယ်။ လရောင်အောက်မှာ မြင်ကွင်းက ရှင်းနေတယ်။ အချိန်က ည ၁၁ နာရီကျော်။ ကုက္ကိုပင်ကြီး တွေ့ကိုတွေ့ရတော့ ကိုယ့်မြေကိုယ့်အရပ်ကို ပြန်ရောက်နေသလိုပဲ။ တကယ်တော့ ကျနော်တို့ ဒုက္ခသည်စခန်းမှာနေခဲ့တဲ့ သက်တမ်း ၅ လလောက်သာ ရှိပါသေးတယ်။ အခု ဗမာပြည်ကို ညကြီး အချိန်မတော် လူသူမသိ တိတ်တဆိတ် ပြန်မောင်းနှင်ခံလိုက်ရပြီဆိုတာ အားလုံး သဘောပေါက်သွားကြတယ်။
“Everybody come here” ကသဲအရာရှိကြီးက အိမ်မြင့်မြင့်ကြီးရှေ့မှာ တန်းစီ နေရာယူခိုင်းတယ်။ တပ်ကြပ်တယောက်က လူစစ်တယ်။ အားလုံးပေါင်း ၈၇ ယောက်လောက် ရှိမယ်။ ကျနော်တို့က ဖိုးပါကြီးလို့ နာမည်ပေးထားတဲ့ မျက်မှန်နဲ့ ခပ်ဝဝ (ဖိုးပါကြီးနဲ့ ဆင်တယ်) လူဝန်မှုကြီးကြပ်ရေးဌာန အရာရှိက ကျနော်တို့ကို အင်္ဂလိပ်လို ပြောတယ်။
အဓိပ္ပာယ်ကတော့ “မင်းတို့ရဲ့ သဘောဆန္ဒအရ ဒီနေရာကို ရောက်လာတာ ဖြစ်တယ်။ ဒါဟာ မြန်မာ-အိန္ဒိယ နယ်ခြားဖြစ်တယ်။ တဖက်မှာ မြန်မာပြည်ပဲ။ မင်းတို့ကို နယ်စပ်အထိ လိုက်ပို့ပေးမယ်။ မင်းတို့နိုင်ငံ မင်းတို့ ပြန်နိုင်ပါပြီ၊ ဒီဘက်ကိုပြန်လာရင် တရားဥပဒေအတိုင်း အရေးယူမှာ ဖြစ်တယ်” ဆိုတာပဲ။ ကျနော်တို့ကလည်း ဘာဖြစ်လို့ ကတိအတိုင်း မိုးရေး မပို့တာလဲဆိုပြီး စောဒကတက်ကြသေးတယ်။ ဒါပေမယ့် သူတို့ ဂရုမစိုက်တော့ဘူး။ မိန်းကလေးတွေနဲ့ ကျနော်တို့ထဲက ချာတိတ်လေးရဲ့ စိုးရိမ်ပူပန်တဲ့ မျက်လုံးတွေကို လရောင်အောက်မှာ တွေ့ရတယ်။ ကျနော်ကိုယ်တိုင် စိတ်ပျက်လက်ပျက်ဖြစ်နေတယ်။ အားကိုးရာမဲ့သလို ခံစားနေရတယ်။ သွားပြီ … ငါတို့ရည်ရွယ်ချက်တွေ ပျက်စီးပြီဆိုတဲ့အတွေးပဲ စိတ်ထဲရောက်နေတယ်။ တော်လှန်ရေးနဲ့တူတာ ဘာမှတောင် မလုပ်ရသေးဘူး၊ အိမ်ပြန်ရတော့မှာပဲ ရန်သူဆီ အညံ့ခံရတော့မှာလားဆိုတဲ့ မေးခွန်းတွေ ဝင်လာတယ်။
အဲဒီအခိုက်အတန့် ရွာက ချင်းလူကြီးတယောက် မစန်းပွီးနဲ့ တိုးတိုးကြိတ်ပြီး ချင်းစကား (မီဇိုဘာသာစကား) ပြောနေတယ်။ အသက် ၅၀ ကျော် အဲဒီလူကြီးက သူကြီးဖြစ်ပုံရတယ်။ ခဏနေ ကျနော်တို့အားလုံး တန်းစီပြီးတော့ ရှေ့နောက် ဝဲယာ လက်နက်ကိုင် ကသဲစစ်သားတွေခြံရံပြီး စထွက်တယ်။ ရွာအပြင် လယ်ကွင်းကြီးကို ဖြတ်ကြတယ်။ လယ်ကွင်းကိုဖြတ်ရမှ လက တော်တော်သာနေတာ သတိထားမိတယ်။ လရောင်အောက်မှာ အိန္ဒိယနယ်ခြားရဲ ကင်းတဲလေးတောင် လှမ်းမြင်နေရတယ်။ ခဏနေတော့ ရွာသချိုင်းကုန်းကို ဖြတ်ရတယ်။ ခရစ်ယာန်ရွာဆိုတော့ လက်ဝါးကပ်တိုင်တွေနဲ့ အုတ်ဂူဖွေးဖွေးတွေ လရောင်အောက်မှာ ရှင်းနေတာပဲ။
ကျနော်စိတ်ထဲ လန့်နေတယ်။ ဒီကောင်တွေ ဒီမှာငါတို့ကို ပစ်သတ်လည်းခံရမှာပဲလို့ ကြောက်စိတ်နဲ့ တွေးမိသေးတယ်။ သိပ်မကြာခင် တောအုပ်အစပ်လေးကို ရောက်လာတယ်။ ချောင်းလေးတခုကိုဖြတ်တဲ့ သစ်လုံးတံတားလေးနားရောက်တော့ စစ်သားတွေက ရပ်စောင့်နေတယ်။ ကျနော်တို့ကို ရှေ့ကနေ တံတားကို မြန်မြန်ဖြတ်ခိုင်းတယ်။
နောက်ဆုံး လူလည်းဖြတ်ပြီးရော ကသဲစစ်ဗိုလ်က “That is your country. Go back there. Don’t come back here” အဲဒါ ဗမာပြည်ပဲ၊ သွားတော့၊ ဒီကိုပြန်မလာနဲ့လို့ နှင်ထုတ်တယ်။ စစ်သားတွေပြောပြီး ချက်ချင်း ထွက်သွားတယ်။ အခုန ရွာသူကြီးက ခဏရပ်ပြီး မစန်းပွီးနဲ့ ချင်းလို ပြောတယ်။ ကျနော်တို့ကိုလည်း ဗမာစကားဝဲဝဲနဲ့ “စန်းပွီးကို ပြောထားတယ်၊ ဒီည ဟိုဘက်ကတောထဲမှာ သွားနေပါ။ မနက်ကျရင် ကျနော့်ဆီ လူ ၂ ယောက်လွှတ်လိုက်ပါ” လို့ မှာတယ်။“သွားကြ သွားကြ ဘုရားကောင်းချီးပေးမှာပါ” တဲ့။
ကျနော်တို့ မှောင်မှောင်မဲမဲ တောလမ်းအတိုင်း တန်းစီပြီးသွားကြတယ်။ ရှေ့ဆုံးက လူဝတ်နဲ့ ဦးဇင်း ဦးအာလောကနဲ့ ဝင်းကိုတို့။ ကျနော်က နောက်နားလောက်မှာ။ အတော်လေးသွားလိုက်၊ တောတိုးသံကြားရင် ထိုင်ချပြီး နားစွင့်လိုက်၊ တကုတ်ကုတ်နဲ့ ဆက်သွားလိုက် ရပ်လိုက်နဲ့ အတော်သတိကြီးကြီးထား သွားနေကြတာပါ။ ဗိုက်တွေလည်း ဆာနေပြီ။ ရေလည်း ငတ်တယ်။ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေ ရောနေတယ်။
သွားနေရင်း ကျနော့်ရှေ့က သွားနေသူတွေ တကျွတ်ကျွတ်နဲ့ ဝါးစားနေသံ ကြားရတယ်။ ဘာစားနေကြမှန်း မသိ။ မနေနိုင်ဘူး၊ ဗိုက်က တဂွီဂွီဖြစ်နေပြီ။ မေးကြည့်တယ်၊ ကျနော့်ရှေ့က ဗိုက်ပေါက် ကို (သူ့နာမည် မေ့နေတယ်၊ အောင်ဌေးကျော်လား မသိ၊ သခင်တင်မြ မြေးတဲ့၊ ၈၈ ဆန္ဒပြပွဲမှာ ဝမ်းဗိုက် သေနတ်မှန်ပြီး သူ့ကို ဗိုက်ပေါက်လို့ပဲ ခေါ်ကြတယ်) ဘာစားနေတာလဲ? သူက ရယ်ပြပြီး သူ့ကျောပိုးအိတ်ထဲက အသီးတလုံး ထုတ်ပေးတယ်၊ ကျနော်လည်း ဘာမှထပ်မမေးဘူး၊ ချက်ခြင်း ကိုက်ဝါးလိုက်တယ်။ စိမ်းရွှင်ရွှင်အရသာနဲ့ စားလို့မကောင်းဘူး၊ ရေငတ်တော့ ပြေသလိုလိုပဲ။ တကိုက်ဝါးပြီး ထပ်မစားနိုင်ဘူး၊ “ဘာကြီးလဲ” “အာလူး”၊ စိတ်ပျက်ပြီး လက်ထဲကဟာကြီး လွှင့်ပစ်လိုက်တယ်။
ဒီလိုနဲ့ နာရီဝက်ကျော်ကျော်မမြင်မစမ်းနဲ့ လျှောက်နေရင်း တောင်ကုန်းမြင့်လေးတခုကို ရောက်လာတယ်။ လူအားလုံး စုလိုက်တယ်။ ဒီမှာပဲ ညအိပ်ရအောင် ဦးအာလောက က ပြောတယ်။ ကျနော်တို့တတွေ သစ်ပင်အောက်လေး၊ ခြုံလေးတွေ လေအကာအကွယ်ယူပြီး ပုဆိုးတွေ ခြုံအိပ်ကြတယ်။ စိတ်ရောလူရော ပင်ပန်းပေမယ့် တောင်တွေးမြောက်တွေးနဲ့ ကျနော့်မှာ မအိပ်နိုင်ဘူး။
ငါ အိမ်ပြန်လို့ မဖြစ်ဘူး၊ ကိုယ့်ရဲဘော်တွေကို ဘာပြန်ပြောရမှာလဲ၊ ဒီအတိုင်းဆို ရှက်စရာကြီး၊ ဘာမှလည်း မလုပ်နိုင်သေးဘူး၊ တော်လှန်ရေးလုပ်ရတာ မလွယ်ပါလား၊ ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိပ်တွေတုန်းကကျတော့ ကူညီမယ်နိုင်ငံက အသင့်၊ သူတို့ခေတ် တော်လှန်ရေးလုပ်တာကမှ အဆင်ပြေသေးတယ်။ ရဲဘော်သုံးကျိပ်တွေလို စစ်သင်တန်းရမယ်ထင်လို့ ဒီကို လာခဲ့တာ။ အိန္ဒိယလာတာ မှားပြီ။ ဒီမိုကရေစီနိုင်ငံဆိုပြီး အထင်ကြီးမိတာ လွဲကုန်ပြီ။ ငါတို့တတွေကိုယ်က မညီညွတ်တာလည်းပါ ပါတယ်လေ။ ကိုယ်လူတွေက ဒီပုံစံနဲ့ လက်နက်ကိုင်ရလို့တော့ ရန်သူတောင် ကိုယ့်ကိုတိုက်လိုက်ရမှာ မဟုတ်ဘူး၊ အချင်းချင်း ဆော်ကုန်တာနဲ့ အကုန်သေမှာ။ ဟိုအပြစ်တင်၊ ဒီအပြစ်မြင်နဲ့ တယောက်ထဲအတွေးပွားရင်း ကျနော်လည်း မှေးခနဲ အိပ်ပျော်သွားတယ်။
ရုတ်တရက် နိုးလာတော့ အရုဏ်တက်နေပြီ။ ဘေးဘီထကြည့်တော့ အားလုံးအိပ်ပျော်နေတယ်။ ကျနော်တို့အိပ်နေတာ တောင်ကတုံး ကုန်းမြင့်လေးတခုမှာ။ အောက်ဘက်မှာ လူသံလိုလို တချက်တချက် ကြားနေရလို့ ကျနော်လည်း တယောက်ထဲ လျှိုထဲကို ဆင်းသွားတယ်။ အတော်လေးသွားမိလေ လူသံတွေက ပိုရှင်းလေပဲ။ မိန်းမနဲ့ ကလေးသံတွေ။ တောင်ကုန်း သစ်ပင်အကွယ်ကနေ လှမ်းကြည့်တော့ ချောင်းလေးထဲမှာ မိန်းမ ၂ ယောက် ၃ ယောက်လောက် အဝတ်လျှော်နေပြီး ကလေးတွေ ရေချိုးနေတယ်။ ဗမာဘက်အခြမ်းလား၊ အိန္ဒိယဘက်လား ကျနော် မဝေခွဲတတ်ဘူး။
ချက်ချင်း ကျနော်တို့အိပ်တဲ့ တောင်ကုန်းဘက် ပြေးတက်လိုက်တယ်။ တယောက်စ ၂ ယောက်စတော့ နိုးနေပြီ။ ကျနော်လည်း ဦးအာလောနဲ့ အားလုံးကို နိုးလိုက်တယ်။ အောက်နားမှာ ရွာရှိတယ်၊ လူတွေရှိတယ်ဆိုတာ ရှင်းပြတယ်။ ဒါနဲ့ အားလုံး အထုတ်တွေဆွဲပြီး လျှိုကြီးတခုအတိုင်း ဆက်သွားကြတယ်။ ရေချောင်းလေးအတိုင်း ဆန်တက်သွားတာ။
အတော်လေးသွားမိတော့ “ဦးအာလောကရယ်၊ မစန်းပွီးရယ်၊ ဝင်းကိုရယ် ရွာထဲသွားဖို့ ပြင်တယ်။ မစန်းပွီးက သူ့အဝတ်ထုတ်ကို ဖြည်တယ်။ အဲဒီကျမှ မစန်းပွီးမှာ လုံချည်၊ အဝတ်အထည်တွေ ဒီလောက်များများရှိမှန်း သိရတယ်။ စခန်းမှာနေတုန်းက ကျနော်တို့ကို ရိက္ခာထုတ်ပေးလေ့ရှိတဲ့ ရိုခူးမားရဲ့သမီးက အမျိုးသမီးအချင်းချင်း ကိုယ်ချင်းစာပြီး အဝတ်အစားတွေ ပေးထားတာလို့ သိရတယ်။
ရိုခူးမားသမီးကလည်း ကျနော်တို့ထဲက ဦးဇင်း ဦးအာလော ကို ကျနေတာ။ ဦးအာလောက က ကွန်ဖူးသင်ပေးတော့ သူ့ကို ကသဲတွေက ကွန်ဖူးမာစတာလို့ ခေါ်လေ့ရှိတယ်။ ရိုခူးမားကြီးကလည်း ဦးအာလောကို ချစ်တယ်။ ဘုန်းကြီးကလည်း ရုပ်က ခပ်ဖြောင့်ဖြောင့်။ သူက လူဝတ်နဲ့ပဲနေတယ်။ တခါတလေ ရိုခူးမားနဲ့ သူ့သမီးစခန်းကိုလာပြီး ဦးအာလောကို အပြင်ခေါ်သွားလေ့ရှိတယ်။ ဦးအာလောက စန်းပွင့်တယ်။ ဦးအာလောမှ မဟုတ်ဘူး၊ ကျနော်တို့ကျောင်းသားတွေထဲက တယောက်စ နှစ်ယောက်စ စခန်းရောက်ပြီး လပိုင်းပဲ ရှိသေးတယ်၊ အနီးအနား ကသဲရွာ၊ နာဂ ရွာတွေသွားလည်ရင်း ရွာက ကျောင်းသူလေးတွေနဲ့ ရည်းစား ဖြစ်သွားတာတွေ ရှိတယ်။ ကျနော်တို့ ဗမာကျောင်းသားတွေကလည်း ခြေလှမ်းသိပ်သွက်တယ်။ အမျှော်အမြင်ကြီးတယ်။
အခု မစန်းပွီးက သူ့ထမီတွေ တထည်ထုတ်လိုက်၊ ပြန်ထားလိုက်၊ နောက်တထည်ထုတ်လိုက် ပြန်ထည့်လိုက် အခုနထုတ်ပြီးသား အထည်ကြီး ပြန်ထုတ်ကြည့်လိုက်နဲ့ တယောက်ထဲ အလုပ်ရှုပ်နေတယ်။ “မစန်းပွီး ဒီတောကြီးမျက်မည်းထဲ အဝတ်အစား လှလှပပ ဝတ်စရာမလိုဘူးနော်” လို့ သတိပေးတော့ “မဝတ်ပါဖူး၊ ရွာထဲက လူတွေဆီက ထမင်းချက်ဖို့အိုးနဲ့ လဲမလို့ပါ” လို့ ပြောပြမှ အော် ... သူလည်း လေး ငါးလလောက် မဝတ်ဘဲ အလှကြည့်နေတဲ့ သူ့ထမီလေးတွေ နှမြောရှာမှာပေါ့လေ လို့ တွေးမိတာ။
သူတို့ ရွာထဲသွားပြီး အတော်လေးကြာတော့ အိုးတွေ ခွက်တွေ၊ ဇွန်းတွေအပြင် ရိက္ခာတချို့ ပါလာတယ်။ မစန်းပွီး ထမီထုတ်ကြီးလည်း နည်းနည်းသေးသွားတယ်။ ကျနော်တို့ အုပ်စုလိုက် တပ်စုလေးတွေ ခွဲလိုက်တယ်။ ထမင်းချက် တပ်စု၊ လုံခြုံရေး တပ်စု၊ ထင်းရှာ၊ ရေခတ် ပေါ့။ ‘လူရှင်သင်္ချိုင်း’ စာအုပ်ရေးတဲ့ ကိုနေလင်း (သြစတေးလျှား)နဲ့ ကျနော်တို့ တဖွဲ့ထဲ။ ထမင်းစားပြီး ကျနော်တို့ဟာ ရွာသူကြီးရဲ့အကြံပေးချက်အရ ဒီနေရာဟာ မြန်မာတပ်စခန်းရှိတဲ့ ထင်းစင်၊ ဘုတ်ကန်နဲ့ သိပ်နီးတယ်။ ရွာသားတွေလည်း ဟိုဖက် ဒီဘက် အသွားအလာတွေ ရှိတယ်၊ သတင်းရပြီး အဖမ်းခံရနိုင်တယ်။ မိုးရေးကိုသွားဖို့ လမ်းပြတယောက် ထည့်ပေးမယ်၊ သူနဲ့ အိန္ဒိယဘက်နယ်ကပတ်ပြီး မိုးရေးသွားဖို့ အကြံပေးတယ်။
ညနေပိုင်းမှာ ကျနော်တို့အားလုံး အုတ်သယ်တဲ့ကားကြုံနဲ့ အနီးဆုံး ရွာတရွာကို သွားကြတယ်။ ရွာနာမည် မေ့နေပြီ။ ရွာလူကြီးက ချင်းပဲ။ ဗမာပြည်မှာ စစ်မှုထမ်းဖူးတယ်။ သူ့ဗမာနာမည်တောင် ပြောပြသေးတယ်။ ဦးမောင်ရွှေ တဲ့။ အဲဒီရွာရောက်တော့ ကျနော်တို့ထဲက ကိုမြင့်ဆန်းနဲ့ရဲဘော်တချို့က မီဇိုရမ်ဘက်သွားဖို့ လမ်းကြောင်းရှာတယ်။ သူတို့က မဏိပူမှာ မနေချင်တော့ဘူး။ မီဇိုရမ်ကနေ ထွက်ပေါက်တခု ရှာချင်တယ်။ မိုးရေးလည်း မသွားချင်ဘူး။ ကျနော်တို့ကတော့ မိုးရေးက ခေါင်းဆောင်တွေနဲ့ တွေ့ချင်သေးတယ်။ ဗမာပြည်တော့ ဘယ်သူမှ မပြန်ချင်ကြဘူး။ နောက်ဆုံး အဲဒီရွာမှာပဲ ကိုမြင့်ဆန်းတို့နဲ့ လမ်းခွဲခဲ့တယ်။ ဒါပေမယ့် သူနဲ့ကျနော် ရေစက်မကုန်ဘူး၊ နောင်တချိန် မဏိပူရထောင်ထဲမှာ သွားဆုံကြသေးတယ်။
ကျနော်တို့ ဦးမောင်ရွှေတို့ရွာကနေ လမ်းပြအကူနဲ့ မဏိပူရတောင်တွေကိုကို တတောင်ပြီးတတောင် စပြီး ကျော်ဖြတ်တော့တာပဲ။ ဖြတ်လမ်းကသွားရင် နီးပေမယ့် ဒီလူအုပ်ကြီးနဲ့ ချက်ချင်း ကွိသွားနိုင်တယ်။ ဒီတော့ လမ်းပြကလည်း စိတ်ချရတဲ့ တောလမ်း၊ တောင်လမ်းကနေပဲ ကျနော်တို့ကို ခေါ်သွားတယ်။ အမျိုးသမီး ၃ ယောက်နဲ့ ဂီလာနတွေ အပါအဝင် လူ ၈၀ လောက်ဟာ ရှေ့ဘာဖြစ်မယ်ဆိုတာမသိတဲ့ မှောင်မဲနေတဲ့ အနာဂတ်ကြီးကို စမ်းတဝါးဝါးနဲ့ ချီတက်လိုက်ပြီ။
မကြာခင်ရက်အနည်းငယ်မှာ ကျနော်တို့ထဲက အမျိုးသမီးတွေလည်း မဏိပူထောင်ထဲ ရောက်၊ ကျနော်တို့လည်း တောကြီးမျက်မဲထဲ တလနီးပါး ပုန်းလျှိုးကွယ်လျှိုး ခိုအောင်းနေရမယ်၊ တချို့စိတ်ဓာတ်ကျပြီး အိမ်ပြန်၊ တချို့ နဝတ စစ်တပ်ရဲ့အဖမ်းခံရမယ့်ခရီးစဉ်မှန်း ကြိုတင်သိထားမယ်ဆို ကျနော်တို့ အဲဒီ မဏိပူရတောင်တန်းတွေပေါ် ၃ ရက်လောက် ခရီးပြင်းချီတက်မယ့်အစီအစဉ်ကို စိတ်ကူးထဲတောင် ထည့်မိမယ်မထင်ဘူး။ အနာဂတ်ကို ကြိုမသိတဲ့ ကျနော်တို့ လောကမျက်ကန်းတွေ တစ္ဆေ၊ သရဲကို စိန်ခေါ်မိတာ သိပ်တော့မဆန်းဘူး ထင်တယ်။
ကိုညို
၁၄ ဖေဖော်ဝါရီ ၂၀၁၃။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment