Sunday, December 30, 2012

အကူးအပြောင်းကို စမ်းသပ်သည့် ပြဿနာတစ်ရပ် (ဖေမြင့်)

ဒီမိုကရေစီ အကူးအပြောင်းကို စောင့်ကြည့်ကြသူများအတွက် ရတက်မအေးစရာ ပြဿနာတစ်ခု မကြာမီက ပေါ်ပေါက်ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကြောင်းပြု၍ ဖြစ်ပေါ်သော ပြဿနာ။

ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာသော ဒေသခံပြည်သူများ၊ ၎င်းတို့အား ထောက်ထားစာနာကာ ရိုင်းပင်းကူညီကြသူများ၊ ပွင့်လင်းမြင်သာမှုမရှိသော သယံဇာတရောင်းချမှုကိစ္စကို မလိုလား မနှစ်သက်သူများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆန့်ကျင်သူများနှင့် အခြားတက်ကြွလှုပ်ရှားသူများက ကန့်ကွက်တောင်းဆို ဆန္ဒပြကြသည်။ ယင်းအား အာဏာပိုင်တို့က အကြမ်းပတမ်းနှိပ်ကွပ်ရာ ရုပ်ပျက်ဆင်းပျက် အနေအထားများ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းတာဝန်ပေးထားပြီး၊ ထိခိုက်ဒဏ်ရာရသော သံဃာတော်များအားလည်း တာဝန်ရှိသူတို့ဘက်က ဝန်ချတောင်းပန်ခဲ့၍ ပဋိပက္ခသည် ယာယီ ငြိမ်းအေးလျက်ရှိသည်။ သို့သော် ပြဿနာကား မပြီးသေးပေ။


စုံစမ်းရေးကော်မရှင်ထံမှ ပြဿနာ၏ အကြောင်းရင်းခံများကို ပြည့်စုံစွာ ရှင်းလင်း ဖော်ထုတ် တင်ပြချက်များ၊ ယင်းတို့ကို ဖြေရှင်းနိုင်မည့် အမြော်အမြင်ရှိသော အကြံပြုချက်များ ထွက်ပေါ်လာပြီးနောက်၊ အစိုးရကလည်း ယင်းနှင့်လျော်ညီသော အရေးယူ ဆောင်ရွက်မှုများပြုနိုင်မှသာ ရှင်းလင်း ပြီးပြေမည် ဖြစ်သည်။

စင်စစ်၊ ယနေ့ ကြေးနီတောင်ပြဿနာသည် နိုင်ငံအဝန်း၌ ဖြစ်ပေါ်ဆဲ ဖြစ်ပေါ်လတ္တံ့ဖြစ်သည့် အလားတူ မြေယာသိမ်းပိုက်ခံရမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပြဿနာများကို ကိုယ်စားပြုထင်ဟပ်လျက်ရှိရာ ၎င်းအား မည်သို့ ဆက်လက်ဖြေရှင်းသနည်းဟူသည် လာလတ္တံ့သောကိစ္စရပ်များအတွက် နမူနာပြ ဖြစ်ပေမည်။

ကြေးနီတောင်ကိစ္စကိုပြန်ကြည့်လျှင် ယင်းမှနေ၍ စိုးရိမ်ကြောင့်ကြမှု သုံးရပ် သို့မဟုတ် သုံးမျိုး ထွက်ပေါ်ခဲ့ကြောင်း တွေ့ရသည်။

တစ်ခုသည်၊ လူထုအကြားမှ ဆန္ဒပြမှုများ မည်သည့်အတိုင်းအတာအထိ ပေါ်ပေါက်လာမည်နည်း၊ ဆန္ဒပြသူတို့၌ မည်မျှကြီးမားသော ရည်ရွယ်ချက်များရှိနေသနည်းဟူ၍ အာဏာပိုင်တို့ဘက်က စိုးရိမ်ကြောင့်ကြမှု ဖြစ်သည်။

နောက်တစ်ခုက အစိုးရသည် ဒီမိုကရေစီသို့ ကူးပြောင်းနေသည်ဆိုပါလျက် ဆန္ဒပြသည့်ကိစ္စကိုဖြေရှင်းရာ၌ ဒီမိုကရေစီနှင့်ဖီလာဆန့်ကျင်သည့် ယခင်စနစ်ဟောင်းက အကြမ်းဖက် နှိပ်ကွပ်နည်းကို အဘယ်ကြောင့် သုံးစွဲခဲ့သနည်း၊ နှုတ်က ဒီမိုကရေစီပြောသော်လည်း တကယ်လက်တွေ့၌ အာဏာရှင်စနစ် အကျင့်အကြံများကို စွန့်လွှတ်မည့် အစီအစဉ်မရှိကြောင်း ပြသလိုက်ခြင်းလား ဟူသော စိုးရိမ်ကြောင့်ကြမှု ဖြစ်သည်။

မယုံကြည်မှု၊ သံသယဖြစ်မှုများပေါ်တွင် အခြေခံသည့် အဆိုပါ စိုးရိမ်မှု နှစ်ခု အပြန်အလှန် အားပေးမြှင့်တင်ခြင်းဖြင့် ပဋိပက္ခသည် ပို၍ ကြီးမားပြင်းထန်လာနိုင်ကြောင်း အားလုံးပင် သတိပြုမိမည်ဖြစ်သည်။

တတိယ စိုးရိမ်မှုသည် အဆိုပါ အချက်ပေါ်တွင် အခြေတည်သည်။

အကြောင်းကြောင်းကြောင့် တည်ငြိမ်မှုပျက်ပြားကာ အရေးပေါ် အခြေအနေမျိုးဖြစ်ပေါ်လျှင် ယခုမှ အခြေတည်စ၊ ရုပ်လုံး ပီပီသသ မမြင်ရသေးသည့် မည်ကာမတ္တ ဒီမိုကရေစီလေး ပျက်စီးသွားလေမည်လားဟူသော စိုးရိမ်ကြောင့်ကြမှု ဖြစ်သည်။

တတိယ အမျိုးအစား စိုးရိမ်သူများထံမှထွက်ပေါ်သည့် အသံများ သဘောထား အမြင်များကို လတ်တလော မီဒီယာများတွင် မြင်တွေ့နေရပြီး၊ ယင်းတို့အရမူ ကူးပြောင်းစ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်လိုသူတွေ အတော်များများပင် ရှိနေကြောင်း တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး စသည်တို့ အပါအဝင် နိုင်ငံရေးလောက၊ ပညာရှင်လောကနှင့် စာနယ်ဇင်းလောကရှိပုဂ္ဂိုလ်များထံမှ ဖျန်ဖြေညှိနှိုင်းသော စကားသံများ၊ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် ဖျောင်းဖျသော စကားသံများ၊ တစ်ဦးနှင့်တစ်ဦး အပေးအယူ အလျှော့အတင်းပြုကြရန် ကြားဝင်စေ့စပ်သော စကားသံများ ကြားနေရသည်။

တစ်နည်းပြောရသော် နှစ်ပေါင်း ၅၀ မျှ အစိုးရက တစ်ဖက်သတ် အမိန့်ပေး၍ ပြည်သူက ဆန့်ကျင်နိုင်သမျှ ခုခံဆန့်ကျင်သော ပဋိပက္ခဓလေ့စွဲမြဲခဲ့သည့် ဤတိုင်းပြည်တွင် ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဗဟုဝါဒ ယဉ်ကျေးမှု၊ ညှိနှိုင်းအဖြေရှာသည့် ယဉ်ကျေးမှုများ စတင်လေ့ကျင့်ပျိုးထောင်နေကြသည့် လက္ခဏာ ဖြစ်သည်။

ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုနှင့် ဒီမိုကရေစီစနစ် ဖြစ်ထွန်းတည်ရှိမှုတို့သည် အပြန်အလှန် အမှီသဟဲ ပြုကြရသည်ဖြစ်ရာ အကူးအပြောင်းကာလ၏ ပြဿနာများကို အဖြေရှာရင်း နိုင်ငံရေး ယဉ်ကျေးမှု တည်ဆောက်ခြင်းသည် အဆိုးထဲကပေါ်လာသည့် ကောင်းသော အခြင်းအရာတစ်ရပ်ပင် ဖြစ်သည်။

ဒီမိုကရေစီဟူသည် တည်ဆောက်ရခက်သော နိုင်ငံရေးစနစ်တစ်ခုဟု အများ နားလည်ကြသည်။ စတင်အခြေချဖြစ်ဖို့ မလွယ်သလို အမြစ်တွယ်အောင်၊ ခိုင်မာပြည့်ဝအောင်လည်း မပြတ်စောင့်ကြည့် ထိန်းသိမ်း ဖြည့်တင်းပေးဖို့ လိုသည်ဟု ဆိုကြသည်။

ယနေ့ မြန်မာ့ဒီမိုကရေစီသည် အာဏာပိုင်စနစ်နှင့် တစ်စိတ်တစ်ပိုင်း ပူးတွဲထားသည့် အဆင့်မှာပဲ ရှိသေးသည်။ သည်အဆင့်မှသည် တိုင်းပြည်၏ မူဝါဒများကို ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များချည်းသာ ဦးဆောင်ချမှတ် အကောင်အထည်ဖော်ခွင့်ရသောအဆင့်ထိ ညှိနှိုင်း ပြုပြင် တည်ဆောက်သွားကြရဦးမည် ဖြစ်သည်။

ခက်ခဲသော အဲသည်ခရီးကို ဖြတ်သန်းကျော်လွှားနိုင်ရန်အတွက် ဒီမိုကရေစီ စိတ်ဓာတ်၊ ဒီမိုကရေစီ အတွေးအမြင်နှင့် ဒီမိုကရေစီ အလေ့အကျင့်များ ပျိုးထောင်ဖြည့်ဆည်း ကြရပါလိမ့်ဦးမည်။

သည်တိုင်းပြည်တွင် ဒီမိုကရေစီကူးပြောင်းရေးစကားများ စတင်ပြောဆိုလာကတည်းကပင် “နောက်ကြောင်းပြန်မည်လား” ဟူသော သံသယစကား၊ စိုးရိမ်စကားတစ်ခုကိုလည်း တစ်ပါတည်း ကြားခဲ့ရသည်။

စင်စစ်၊ သည်စကားကို အထူးပြောနေကြစရာ မလိုပါ။

ဒီမိုကရေစီစနစ်ဖြစ်ထွန်းအောင် မတည်ဆောက်နိုင်လျှင် အာဏာပိုင်စနစ် အာဏာရှင်စနစ်သည် ဘယ်သူက ဘယ်သို့ လုပ်လိုက်သည် မသိဟူသော အနေအထားမျိုးဖြင့် အလိုအလျောက် ရောက်ရှိလာမည် ဖြစ်သည်။

ဒီမိုကရေစီလား၊
အာဏာရှင်စနစ်လား၊
ဘာကို ရွေးကြမည်လဲ။

ဒီမိုကရေစီဆိုလျှင်တော့ ဉာဏ်အမြော်အမြင်ရှိသော ပြည်သူတွေ သတိဝီရိယရှိစွာ လှုပ်ရှားဆောင်ရွက်ကြဖို့ လိုပေမည်။

ပြည်သူ့ခေတ် အတွဲ ၃၊ အမှတ် ၁၂၆ မှ … 


 

No comments: