ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ လက်ပံတောင်းတောင်အရေးကိစ္စဟာ ဆူညံပွက်လောရိုက်ပြီး တစ်နိုင်ငံလုံးကို တုန်ခါ လှုပ်ယမ်းစေလျက်ရှိနေပါတယ်။ အရင်တုန်းကလို သတင်းအဖြစ်အပျက် အတိအကျ အသေးစိတ်ကို အသံလွှင့် မီဒီယာတွေကတစ်ဆင့်သာ သိခွင့်ရတာမျိုး မဟုတ်တော့ဘဲ ပုံနှိပ်မီဒီယာတွေမှာပါ အရှိအတိုင်း အဖြစ်အတိုင်း ဖတ်ရှု မြင်တွေ့နေကြရတာမို့ ပြည်သူတွေဟာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့တယ်၊ ဘာတွေ ဆက်ပြီးဖြစ်နေတယ် ဆိုတာတွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိနေကြတဲ့အလျောက် အဲဒီ သိရှိရတဲ့ သတင်းတွေအပေါ်မှာ ခံစားသုံးသပ်ဝေဖန် စောကြောမှုတွေ အဆက်မပြတ် လုပ်နေကြပါတယ်။ ပြီးတော့ မိမိတို့ရဲ့ အဲဒီခံစားချက်၊ သုံးသပ်ချက်တွေအပေါ် မူတည်ပြီး တုံ့ပြန်တာတွေ လုပ်နေကြတဲ့အတွက် အခုလို တစ်နိုင်ငံလုံးက စိတ်ဝင်စား နေကြတယ်လို့ ဆိုနိုင်တယ်ဗျ။
အားလုံးသိကြတဲ့အတိုင်း အခုဖြစ်နေတဲ့ လက်ပံတောင်းတောင်ကိစ္စဟာ ဒေသဆိုင်ရာ ပြဿနာတစ်ခုအဖြစ်နဲ့ စတင်ခဲ့တယ်။ အခုအချိန်မှာတော့ အမျိုးသားရေး အကျပ်အတည်း (National Crisis) တစ်ခုအဖြစ်သို့ ဦးတည်နေပြီလားဆိုပြီး စိုးရိမ်ပူပန်စရာတွေ ရှိလာပါတယ်။ လက်ပံတောင်းတောင် သပိတ်စခန်းကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွဲမှု မလုပ်ခင်ကတောင် အဲဒီကိစ္စဟာ ကျွန်တော်တို့နိုင်ငံရဲ့ အလှည့်အပြောင်း ဖြစ်လာနိုင်သလားဆိုပြီး တွက်ဆ ခန့်မှန်း ပြောဆိုရေးသားမှုတွေရှိခဲ့တာ အခုလို အင်အားသုံး ဖြိုခွဲမှုကိုပြုလုပ်လိုက်ပြီးတဲ့နောက်မှာတော့ ဒီကိစ္စဟာ ရေဆူမှတ်နားအထိ ရောက်လာခဲ့တာ သဘာဝကျပါတယ်ဗျ။
မေးခွန်း ထုတ်စရာတွေ
သပိတ်စခန်းကို အင်အားသုံး ဖြိုခွဲလိုက်ပြီးတဲ့နောက်မှာ လက်ပံတောင်းတောင် အရေးကိစ္စနဲ့ပတ်သက်ပြီး အရင်ရှိနေနှင့်ပြီးသား မေးခွန်းတွေအပြင် နောက်ထပ်လေးနက်တဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒါတွေထဲက တချို့ကတော့ သပိတ်စခန်းကို ဖြိုခွဲရာမှာ အသုံးပြုခဲ့တဲ့ ဗုံးတွေဟာ မျက်ရည်ယိုဗုံးလား၊ မီးလောင်ဗုံးလား။
ရလဒ်အရ ကျွန်တော်တို့နိုင်ငံရဲ့ အတိတ်မှာရော နိုင်ငံတကာမှာပါ သုံးနေခဲ့ကြတဲ့ မျက်ရည်ယိုဗုံးမျိုး မဟုတ်တာ ပေါ်လွင်နေတယ်ဆိုရင် အဲဒီဗုံးတွေ ဘယ်နိုင်ငံက လာတာလဲ။ ဗုံးပစ်တဲ့သူတွေ ဒါမှမဟုတ် ပစ်ဖို့အမိန့်ပေးတဲ့သူတွေဟာ အဲဒီဗုံးတွေကို ဘာဗုံးမှန်းမသိဘဲ ပစ်ခဲ့၊ ပစ်ခိုင်းခဲ့တာလား။ ဒါမှမဟုတ် သိသိကြီးနဲ့ ပစ်ခဲ့၊ ပစ်ခိုင်းခဲ့တာလား။ ဒေါ်အောင်ဆန်းစုကြည် လာမယ့်နေ့ မနက်ကိုမှ ရွေးပြီး သပိတ်စခန်းကိုဖြိုခွဲခဲ့တာဟာ မတော်တဆ တိုက်ဆိုင်မှုလား။ တမင်ရည်ရွယ်ချက်နဲ့လား။
လက်ပံတောင်းတောင်ကိစ္စနဲ့တင် စစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ လွှတ်တော်က ဆုံးဖြတ်ထားတဲ့ အခြေအနေမှာ အဲဒီကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်ကိုတောင် မစောင့်နိုင်တော့ဘဲ သပိတ်စခန်းကို အင်အားသုံး ဖြိုခွဲတာဟာ ရိုးရိုးသားသားလား၊ ဆန်းဆန်းပြားပြားလား စတဲ့မေးခွန်းတွေ ဖြစ်ပါတယ်။
ဒီမိုကရေစီ ရထားကြီး လမ်းချော်သွားမလား
ထုံးစံအတိုင်း ကိစ္စတစ်ခုဖြစ်လာတဲ့အခါ တုံ့ပြန်မှုတွေက အမျိုးမျိုး ရှိပါတယ်။ သွေးဆူဆူနဲ့ စိတ်လိုက်မာန်ပါ တုံ့ပြန်တာမျိုးတွေရှိသလို စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် သုံးသပ် တုံ့ပြန်တာမျိုးတွေလည်း ရှိပါတယ်။ လက်ပံတောင်းတောင်အရေးကိစ္စကို အကြောင်းပြုပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် အပြည့်အဝ ပေါ်ထွန်းလာသည်အထိ အရှိန်မြှင့် တွန်းတင် လှုပ်ရှားဆောင်ရွက်သွားကြရမယ်လို့ ပြောဆိုနေကြသူတွေရှိသလို လက်ပံတောင်းတောင် အရေးကိစ္စကြောင့် မြန်မာ့ဒီမိုကရေစီ ရထားကြီး လမ်းချော် တိမ်းမှောက်သွားတာမျိုး အဖြစ်ခံလို့ မရဘူးလို့ ပြောနေကြသူတွေလည်း ရှိနေပါတယ်။
ကျွန်တော်ကတော့ လက်ပံတောင်းတောင်အရေး အခုလို ဆူညံပွက်လောရိုက်နေချိန်မှာ အဲဒီကိစ္စနဲ့ သွယ်ဝိုက် ဆက်စပ်နေတယ်လို့လည်း ပြောလို့ရနိုင်သလို တိုက်ရိုက် ဆက်စပ်နေတယ်လို့လည်း ပြောလို့ရနိုင်တဲ့ ကိစ္စတစ်ခုအကြောင်း အပြန်ပြန် အလှန်လှန် စဉ်းစားနေမိပါတယ်။ အဲဒါကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ ဖြစ်တယ်ဗျ။
ပျံလေတဲ့ ငှက်ခါး
ကျွန်တော်တို့ နိုင်ငံမှာ လွတ်လပ်ရေးနဲ့ ရှေ့ဆင့် နောက်ဆင့်ဆိုသလို အမျိုးသား သွေးစည်းညီညွတ်ရေး ပြိုကွဲမှုကြီး မွေးဖွားပေါ်ပေါက်လာခဲ့တယ်။ အဲဒီ ဖြစ်စဉ်ကြီးအစပိုင်းမှာ အင်အားစု နှစ်စု တစ်ခုနဲ့တစ်ခု မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာလာတာနဲ့ အဲဒီအင်အားစု နှစ်ခုစလုံးက အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ဖို့ လိုအပ်တယ်ဆိုတာကို သဘောပေါက်ပြီး လက်တွေ့လည်း ကြိုးပမ်းခဲ့ကြတယ်။
ဒါပေမဲ့ အင်အားစုကြီးတစ်ခုရဲ့ ဟန့်တားမှုတွေကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ ပျံလေတဲ့ ငှက်ခါးကို မိအောင် မဖမ်းနိုင်သလို ဖြစ်ခဲ့ရတယ်ဗျာ။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြအပြီးမှာတော့ ရာစုတစ်ဝက်ကျော်လောက် ကောင်းကင်မှာပဲ ပျံဝဲနေခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ငှက်ခါး နားတော့မယ့် အရိပ်အယောင်တွေကို မြင်တွေ့ခဲ့ကြရပါတယ်။
တကယ်နားသေးတာလည်း မဟုတ်၊ နားလာရင်တောင်မှ အမိဖမ်းနိုင်မလားဆိုတာ သေချာသေးတာလည်း မဟုတ်ပေမယ့် အမျိုးသား သွေးစည်းညီညွတ်မှု ပြိုကွဲခဲ့တဲ့ဒဏ်ကို ကျောကော့အောင် ခံစားခဲ့ကြရပြီးဖြစ်တဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ အဲဒီ ငှက်ခါးနားတော့မယ့် အရိပ်အယောင်ကလေး မြင်ခဲ့ကြရတယ်ဆိုရင်ပဲ နှလုံးစိတ်ဝမ်း အေးချမ်းစ ပြုလာခဲ့ကြပါတယ်။
အထူးသဖြင့် တစ်လျှောက်လုံး နိုင်ငံရေးကို ရှေ့တန်းက တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အမြဲတမ်း အထုပ်အပိုး ပြင်ထားကြရတဲ့ အခြေအနေမျိုး၊ ညည ကိုယ့်အိမ်နဲ့ မလှမ်းမကမ်းမှာ ဆိုင်ကယ် လာရပ်သံကြားရင် လန့်နိုးပြီး ဆက်အိပ်လို့မရတော့တဲ့ အခြေအနေမျိုးတွေကနေ လွတ်မြောက်စပြုလာကြပြီလို့ ပြောနိုင်ပြီဗျ။
အားတက်စရာတွေ အားလျော့စရာတွေ
ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး တကယ်ရနေပြီလား ဒါမှမဟုတ် အခု မရသေးရင်ရော နီးကပ်တဲ့ အနာဂတ်ကာလမှာရမယ့် အခြေအနေရောရှိရဲ့လား၊ ဒီတစ်သက် ကျွန်တော်တို့နိုင်ငံ (တစ်သက်) ရရော ရဦးမှာလားဆိုတဲ့ မေးခွန်းတွေ ပြည်သူတွေရင်ထဲ ရှင်းရှင်းကြီး ပျောက်ကွယ်သွားခြင်း မရှိသေးတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့တစ်တွေ လွှတ်တော်ထဲ ရောက်နေတာ၊ ရှစ်ဆယ့်ရှစ်တွေ နိုင်ငံအနှံ့လျှောက်သွားပြီး ပွင့်လင်းလူ့အဖွဲ့အစည်း တည်ဆောက်နိုင်နေကြတာ၊ မီဒီယာတွေ လွတ်လပ်ခွင့် ရလာတာတွေကြောင့် ပြည်သူတွေ အားတက်ကြရပေမယ့် သမ္မတက ထိုးစစ်တွေ ရပ်ဆိုင်းဖို့ ညွှန်ကြားထားပါတယ်ဆိုတဲ့ကြားက ကချင်ပြည်နယ်မှာ ပြင်းထန်တဲ့ စစ်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွေထဲမှာ ဆက်ရှိနေသေးပြီး လွတ်လာသူတွေဟာလည်း အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အရ မဟုတ်ဘဲ ထောင်ကြွေးကျန်စနစ်နဲ့ လွတ်မြောက်လာတာ၊ နိုင်ငံရေးအကျဉ်းသား ရှိတယ် မရှိဘူးလို့ ကွဲလွဲခံယူထားကြတာ၊ ပြည်သူလူထုဆန္ဒကို ထပ်ဟပ်မှုရှိတဲ့ အခြေခံဥပဒေတစ်ခု ဖြစ်ပေါ်လာရေး တောင်းဆိုလာကြတာ စတဲ့ စတဲ့ အချက်တွေက လက်ရှိအခြေအနေကို အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစပေါ်နေတဲ့ အခြေအနေလို့ ပြည်သူတွေ အပြည့်အဝ မယုံကြည်ရဲအောင် ဟန့်တားကွယ်ကာ ပိတ်ဆီးထားသလို ဖြစ်နေတယ်ဗျာ။
ဒေါက်တာသိန်းဝင်း ပြောတဲ့ တောင်အာဖရိက နမူနာ
ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ တောင်အာဖရိကနိုင်ငံက ခေတ္တ ပြန်လာတဲ့ Free Burma Campaign (South Africa ရဲ့ ဥက္ကဋ္ဌ၊ ဒေါက်တာသိန်းဝင်းရဲ့ အင်တာဗျူး ပထမပိုင်း ပါလာပါတယ်။ (မဖတ်ရသေးသူများ ဆက်ဆက် ဖတ်ကြဖို့ ညွှန်းပါရစေ) အဲဒီ အင်တာဗျူးမှာ ဒေါက်တာသိန်းဝင်းရဲ့ ဟောဒီစကားတစ်ခု ပါ ပါတယ်။ “လူဖြူအစိုးရက တကယ်ပြောင်းဖို့ ရည်ရွယ်တယ်၊ တကယ်ဆွေးနွေးတယ်၊ ဒီကလပ်ရဲ့နောက်မှာ ကြိုးကိုင်ထားတာတို့၊ တကယ်လုပ်လို့ မရတာတို့ ဒါမျိုးတွေ မရှိပါဘူး” ကျွန်တော်တို့နိုင်ငံမှာက “ဒီအစိုးရဟာ ဒီမိုကရေစီကို တကယ်သွားချင်တာ သေချာရဲ့လား၊ ဒါမှမဟုတ် ဒီအစိုးရဟာ တကယ်ရော လွတ်လွတ်လပ်လပ် လုပ်နိုင်ရဲ့လား” ဆိုပြီး သံသယရှိတဲ့ ပြည်သူတွေ ရှိနေပါတယ်။ အခု လက်ပံတောင်းတောင်သပိတ်ကို အကြမ်းဖက်ဖြိုခွဲတဲ့ကိစ္စ ပေါ်လာတဲ့အခါ အဲဒီ သံသယတွေ ပိုပြီး ကြီးထွားလာတာ အမှန်ပါပဲ။
ဒေါက်တာသိန်းဝင်းရဲ့ အင်တာဗျူးမှာ “အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေး ကောင်စီ” TRC - Truth & Reconciliation Council အကြောင်းလည်း ဖတ်ရပါတယ်။ မတရားလုပ်ခဲ့သူက သူ့လုပ်ရပ်ကို လူပုံအလယ်မှာ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပြီးတဲ့နောက် သူနဲ့ မတရားလုပ်ခြင်းခံရသူတို့ တစ်ဦးကိုတစ်ဦး ပွေ့ဖက် မျက်ရည်လည်ရွဲကျခဲ့ကြပုံ၊ မတရားပြုလုပ်ခံရသူက သူ့အပေါ် မတရားပြုလုပ်ခဲ့သူကို ခွင့်လွှတ်ခဲ့ပုံတွေကို ဖတ်ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ အခြေခံဥပဒေမှာ အသားအရာင်ခွဲခြားတဲ့ခေတ်ကာလမှာ မိမိကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုကို ဝန်ခံပြောဆိုမယ်ဆိုရင် ဒီလူကို လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝပေးဖို့ ဖော်ပြထားတာကြောင့် ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို များစွာ အထောက်အပံ့ဖြစ်စေတဲ့အချက် ဖြစ်ပါတယ်။ အဲသလို ဝန်ခံတာဟာ လက်စားချေမှုကို လှုံ့ဆော်ဖို့မဟုတ်ဘဲ နောင်ဒီလို အမှားတွေ ထပ်ပေါ်မလာအောင် သင်ခန်းစာ ယူနိုင်စေဖို့သာဖြစ်တဲ့အတွက် အမျိုးသား သွေးစည်းညီညွတ်မှု ပြိုကွဲခဲ့တဲ့နိုင်ငံတွေ နိုင်ငံသစ်တည်ထောင်တဲ့အခါ မလွဲမသွေယူရမယ့် စံနမူနာကောင်းတစ်ခု ဖြစ်တယ်ဗျ။
လက်စားချေဖို့ မစဉ်းစားသူ
ဒေါက်တာသိန်းဝင်းက သူ့ အင်တာဗျူးထဲမှာ လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားရဲ့ ဉာဏ်ပညာ အမြော်အမြင် ကြီးမားပုံတွေကိုလည်း ဖြေဆိုထားပါတယ်။ သူကိုယ်တိုင်က လူဖြူတွေရဲ့ အကျဉ်းထောင်တွေထဲမှာ နှစ်ပေါင်း ၃၀ နီးပါး နေလာခဲ့ရသူဖြစ်ပေမယ့် လုပ်ပိုင်ခွင့်ရှိသူနေရာ ရောက်လာတဲ့အခါ လက်စားချေ တုံ့ပြန်ဖို့ကိစ္စကို နည်းနည်းလေးမှ မစဉ်းစားဘဲ လူဖြူတွေရဲ့ ယုံကြည်မှုရအောင် အပြောအဆိုခံပြီး တည်ဆောက်ခဲ့ပုံ၊ သူ့ရဲ့ အဲဒီဉာဏ်ပညာ အမြော်အမြင်ကြောင့် တစ်လျှောက်လုံး သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို လက်နက်အာဏာနဲ့ ကာကွယ်လာခဲ့ကြတဲ့ လူဖြူတွေဟာ သူတို့ အနာဂတ် လုံခြုံရေးအတွက် စိတ်အေးချမ်းမှုရရှိပြီး အာဏာက ဖြည်းဖြည်းချင်း ဆုတ်ခွာသွားခဲ့ကြပုံတွေကို ဖတ်ရတာ ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်မှ နမူနာယူစရာကောင်းတဲ့ လုပ်ပုံလုပ်နည်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် အားတက်စရာတစ်ခုကတော့ ကျွန်တော်တို့ဆီမှာလည်း အဲသလို အခြေအနေမျိုး ဖြစ်ထွန်းပေါ်ပေါက်လာဖို့ အခြေအနေကောင်းတစ်ခု ရှိနေတဲ့ အချက်ပါပဲ။
ဒါတွေကတော့ ဒီကနေ့ ဆူညံပွက်လောရိုက်နေတဲ့ လက်ပံတောင်းတောင်အရေး တောင်းဆိုသံတွေကို ခွဲခြမ်းစိတ်ဖြာရင်း ကျွန်တော့်ခေါင်းထဲ ဝင်လာတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွေးများလည်း ဖြစ်ကြောင်းပါ။ ။
၁၇၊ ၁၂၊ ၂၀၁၂
maungwuntha@gmail.com
(အတွဲ ၃၊ အမှတ် ၁၂၅၊ ပြည်သူ့ခေတ် ဂျာနယ်)
No comments:
Post a Comment