Tuesday, December 18, 2012

အလီကျက်ခိုင်းတဲ့ ရဲဘော်ကြီး ကမ်ပူးချား (ဝင်းမော်ကြီး)

ကျနော်တို့ကြားမှာ သင့်တော် အံဝင်တဲ့နေရာတွေကျရင် သုံးစွဲနိုင်ဖို့အတွက် … အလီ သွားကျက်လိုက်ဦး ... ဆိုတဲ့ စကားလေးတခု ပေါ်လာဖူးတယ်ဗျ။

ဒီစကားလေးကို ထွင်ပေးတဲ့ ရဲဘော်ရဲ့အမည်က ကမ်ပူးချား တဲ့။ သူ့နာမည်ရင်းတော့ မဟုတ်ပါဘူး၊ ကမ်ပူးချား လို့ ဘာကြောင့်ခေါ်ကြသလဲဆိုတာတော့ ကျနော် မမေးမိဘူး။ သူက ရဲဘော်အများကြားမှာ လူသိများတယ်။ အလုပ် ကြိုးစားတယ်၊ စိတ်ထားကောင်းတယ်၊ သူက ပြဿနာတခု ရှာလိုက်တယ်ဆိုတာမျိုး တခါမှ မကြားရသလို တခြားရဲဘော်တွေကို ကူညီပေးတဲ့စိတ် အမြဲရှိတဲ့ရဲဘော်ဆိုတော့ အများက သူ့ကိုချစ်ကြတာ အဆန်းမဟုတ်ဘူးပေါ့။

သူက ရှစ်လေးလုံးကာလမတိုင်မီအထိ အတန်းပညာရေး ကောင်းကောင်း မသင်ဘူးဘူး၊ သူ စာမဖတ်တတ်ဘူး၊ ကြမ်းရှတဲ့ သူ့ဘဝကပေးတဲ့အသိကိုက မြန်မာအစိုးရကို ပုန်ကန်ရဲတဲ့သတ္တိကို မွေးဖွားပေးခဲ့တယ် ထင်ပါတယ်ဗျာ၊ သူ ရှစ်လေးလုံး ရဲဘော်တဦး ဖြစ်လာတယ်၊ စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းတော့ ABSDF ကျောင်းသား တပ်မတော်သားတဦး ဖြစ်လာပါတယ်။


၁၉၉၂ မယ်နယ်ပလောတိုက်ပွဲမှာ မိုင်းဒဏ်ရာရပြီး သူ့ခြေထောက်တချောင်း ပေးလိုက်ရပါတယ်၊ အသက် ၂၀ ကျော်အရွယ်မှာ ခြေထောက်အတု တပ်ထားရပေမယ့် သူ့အဖွဲ့အစည်းနဲ့ တော်လှန်ရေးအတွက် သူတတ်နိုင်တဲ့ဘက်က ဆက်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်က သူ့မှာ ရှိတုန်းပဲ။ အဲဒီအချိန်မှာတော့ သူစာဖတ်တတ်နေပါပြီ၊ သူ့ရဲ့ရဲဘော်ကြီးတွေက နောက်တန်းက ဘားတိုက်ထဲမှာဖြစ်ဖြစ်၊ ရှေ့တန်း ဘန်ကာကျင်းထဲမှာဖြစ်ဖြစ် အချိန်ရရင်ရသလို စာသင်ပေးတော့ သူ ဒေါင်းအိုးဝေကို ဖတ်နိုင်နေပါပြီ၊ နားမလည်တာတွေ ပါလာရင်လည်း သူ့ဘေးနားက ရဲဘော် တယောက်ယောက်ကို မေးတာပေါ့။

အဲဒီနောက်ပိုင်း ABSDF က ဒဏ်ရာရ ရဲဘော်တွေအတွက် ပျိုးထောင်ရေး အစီအစဉ်တခုထဲက အပ်ချုပ်သင်တန်းကို သူ သွားတက်ရတယ်။အပ်ချုပ်သင်ပေးတဲ့ဆရာကလည်း ကျောင်းသားရဲဘော်တဦးပါ၊ ဆရာလုပ်ပေးတဲ့ သူက တော်ပါတယ်၊ အပ်ချုပ်ပညာကို ခြေခြေမြစ်မြစ်လည်း တတ်သလို သူ့သင်တန်းသား ရဲဘော်တွေကို အဆင့်လိုက် အဆင့်လိုက် Professional တဦးလို သင်တတ်ပါတယ်၊ ရောက်တာနဲ့ အပ်ချုပ်စက်ကို ကမ်ပူးချားတို့ကို ပေးမကိုင်သေးဘဲ အပ်ချုပ်ပညာ ပေါ်ထွန်းလာပုံက အစ အပ်ချုပ်ပညာဟာ လူ့အသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ ပညာရပ်တခုဆိုတဲ့ အမြင်တွေ၊ ဒီပညာတတ်ရင် ဘာတွေအကျိုးပြုနိုင်မယ်ဆိုတာတွေပါ စပျိုးပြီးသင်တော့ သူ့သင်တန်းသားတွေက ဒီပညာကို ပိုစိတ်ဝင်စားလာကြတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း အတိုင်းအထွာတွေလုပ်ရတဲ့ သင်ခန်းစာကို ရောက်လာတယ်။ အဲဒီမှာ ကျနော်တို့ကမ်ပူးချားအတွက် သင်တန်းဆရာက သီးသန့်သင်ပေးရတာ ဖြစ်လာပါတော့တယ်၊ ကမ်ပူးချားက နှစ်ပိုင်း တပိုင်း လက်မ တို၊့ ဒါကို သုံးဆ လုပ်လိုက်တို့ဆိုတာတွေက သူ့အဘိဓာန်ထဲ အခုမှ ကောက်ထည့်ရတာတွေဆိုတော့ မလုပ်တတ်ဘူးလေ။ အဲဒါနဲ့ ဆရာဖြစ်သူက သူ့ကို အလီ ကျက်ခိုင်းရတယ်၊ ပိုင်းခြေတို့ ပိုင်းဝေတို့ သင်ပေးရတာပေါ့။ အလီ နဲ့ ကမ်ပူးချား နပန်းလုံးရတာ ၃-၄ ရက် ကြာခဲ့ပေါ့။

သင်တန်းပြီးတော့ ကမ်ပူးချားတယောက် စက်ချုပ်တတ်ပါပြီ၊ ယောက်ျားဝတ် အင်္ကျီနဲ့ ယူနီဖောင်း သူ ချုပ်တတ်ပြီဖြစ်ကြောင်း ကြေညာနိုင်ပြီပေါ့။ သူချုပ်ပေးတဲ့ ယူနီဖောင်းက လက်တိုသွားတာ ခါးတိုသွားတာ ပခုံးတက်သွားတာတွေ တခါတလေတော့ ဖြစ်တုန်းပေါ့လေ၊ သေချာတာကတော့ အပ်ချုပ်စက်တခု သူ ပိုင်သွားပါပြီ၊ သူ့ ခွင့်ပြုချက်မရဘဲ တပါးသူ ဒီစက်ကို ကိုင်ခွင့်မရှိစေရ။

အဲဒီလိုကာလ ဗဟိုရုံးချုပ် ဆေးခန်းက ဆေးမှူး ဆရာမတဦးက သူတို့ဝတ်ချင်တဲ့ အရပ်ဝတ် ဘလောက်စလေးတို့၊ မြန်မာ အင်္ကျီလေးတို့  ချုပ်တတ်ချင်လာပါတယ်၊ အရင်ကလည်း အပ်ချုပ်စက်နဲ့ အစိမ်းသက်သက် မဟုတ်တာလည်း ပါတာပေါ့၊ ဆရာမက သူအားတဲ့အချိန်လေးမှာ ကမ်ပူးချားဆီ သွားသင်လို့ ထပ်ပြီး နည်းနာတွေရရင်တော့ သူချုပ်လို့ရပြီဆိုတဲ့ အတွေးနဲ့ပေါ့။

အဲဒါနဲ့ ဆရာမ က ကမ်ပူးချားဆီသွား သူ့ကိုသင်ပေးဖို့၊ အပ်ချုပ်စက်သုံးခွင့်ပြုဖို့ သွားပြောပေါ့၊ ကျနော်တို့ဇာတ်လိုက် ကမ်ပူးချားကလည်း လိုလိုလားလားပါပဲ၊ ဆရာမ က ခပ်ချောချောဆိုတော့ စေတနာပေါ် သဒ္ဓါကလည်းဆင့်လို့ နေမှာပေါ့၊ သူတတ်ထားတဲ့ ဒီစက်ချုပ်ပညာက အားလုံးသော ရဲဘော်တွေအတွက် ဖြစ်တယ်၊ သူ သေသေချာချာ သင်ပေးမယ်ဆိုတဲ့ ကတိတွေ ပေး၊ သူတို့ ၂ ယောက်လုံး အားတဲ့အချိန်တွေ ချိန်းကြပေါ့။

ဆရာမလည်း သင်ဖို့သွားတော့ သူမှန်းထားတာက ပိတ်စကို ဘယ်လို ညှပ်၊ စက်ကို ဘယ်လို နင်း၊ ဘယ်လို ချုပ်တာတွေ တဖြည်းဖြည်း စသင်ရတော့မယ် ပေါ့လေ။ အဲ ဒါပေမဲ့ ဆရာ ကမ်ပူးချားက အဲဒီအဆင့်က မစပါဘူး၊ သူ့ကို သူ့ဆရာက သင်ပေးထားသလို အဆင့်လိုက် စပါတယ်၊ အပ်ချုပ်ပညာရဲ့ သမိုင်း၊ အပ်ချုပ်ပညာရဲ့ အရေးကြီးပုံ အခြေခံ သဘောတရားတွေကို စသင်ပါတယ်။

ကျနော်တို့ခေတ် ရန်ကုန်တက္ကသိုလ် သင်္ချာမဂ္ဂဇင်း မျက်နှာဖုံးက စာသားလိုပေါ့၊ အဲဒီမှာ ပညာရှင်ကြီးတဦးရဲ့စကားကို ကိုးကားပြီး ... သင်္ချာပညာသာမရှိခဲ့ရင် ကမ္ဘာကြီးဟာ ကြောက်မက်ဖွယ်အတိ ပြီးလိမ့်မည် … လို့ ရေးထားသလို … အပ်ချုပ်ပညာသာမရှိခဲ့ရင် ကမ္ဘာကြီးဟာ လန့်စရာတွေ ဖြစ်ကုန်မယ့်ပုံမျိုး ကမ်ပူးချားက ဆရာမကို အသေအချာ အတွေးအခေါ် ပို့ချနေတာဟာ သူ့ဆရာက သူ့ကို ဘယ်နှစ်ချိန် သင်ခဲ့သလဲတော့ မသိဘူး၊ ကမ်ပူးချား ကတော့ သူ့အပ်ချုပ် အတွေးအခေါ်ကို သီတင်းပတ် တပတ်လောက် အချိန်ယူ သင်ပါတယ်၊ ဆရာမလည်း ဟင်းခနဲ သက်ပြင်းချရင်း သင်ယူပေါ့၊။

အဲဒါနဲ့ နောက်ပိုင်းမှာတော့ ဆရာမက ကမ်ပူးချားရယ် ငါလည်း အားတဲ့အချိန်လေးရတုန်း သင်ရတာပါ၊ ဟုတ်ပါတယ် အပ်ချုပ်ပညာက အလေးထားစရာပါ၊ ငါ့ကို ဘယ်လို ပိတ်စဖြတ် ဘယ်လို ချုပ်တာ စသင်ပေးပါတော့လို့ ပြောရပါတော့တယ်။

ကမ်ပူးချားကတော့ သူ့မူ ကို လုံးဝ အထိမခံပါဘူး၊ ပညာရပ်တခုကို သင်ယူမယ်ဆိုရင် အခြေခံက အစ သင်မှသာ ကောင်းမွန်တဲ့အကြောင်းပြောလို့ သူ့အချိန်ဇယားအတိုင်းပဲ ဘယ်နေ့ ဘာသင်ရမယ်ဆိုတာနဲ့ပဲ ဆက်သွားပါတယ်။ ဆရာမလည်း နောက်တခါ ဟင်းခနဲ သက်ပြင်း လေးတချချ နဲ့ ဆက်သင်နေရသပေါ့။

တနေ့သားကျတော့ ဆရာမတယောက် စိတ်ပျက်လက်ပျက်မျက်နှာနဲ့ ကမ်ပူးချား စက်ချုပ်တဲ့ ဘားတိုက်ဘက်က ပြန်လာပြီး သူ့အဖော်တွေကို ထုတ်ညည်းပါတော့တယ်။ သူ ကမ်ပူးချား နဲ့ စက်ချုပ်သင်ခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီ၊ သူလက်လျှော့ပါပြီ ဆိုတဲ့သတင်းကို ကြေညာရင်းနဲ့ ကမ်ပူးချား က ဒီနေ့ သူ့ကို အင်္ကျီ အတိုင်းအထွာတိုင်းနည်းကို စသင်တော့မယ်လို့ ပြောကြောင်း၊ မသင်မီ သူ့ကို အလီ ပါတဲ့ စာအုပ်ပေးပြီး ... အလီ သွားကျက် … လို့ခိုင်းကြောင်း၊ အဲဒါနဲ့ ကမ်ပူးချား စိတ်ကျေနပ်အောင် သူ ဆေးခန်းကို ပြန်လာပြီး တနာရီလောက်အကြာမှာ ကမ်ပူးချားဆီပြန်ပြီး သူ အလီတွေရပြီဖြစ်ကြောင်းနဲ့ အလီ ပြန်ရွတ်ခိုင်းမယ်ဆိုရင် သူ ရွတ်ပြမယ်လို့ဆိုတော့၊ ကမ်ပူးချား က သေသေချာချာ လုပ်ပါ ဆရာမရယ် အခု ဘာမှ မကြာသေးဘူး၊ ဘယ်လိုလုပ် အမြဲတမ်း မှတ်မိမလဲ၊ သူ့တုန်းကဆို သေချာအောင် ၃-၄ ရက် ကျက်ရကြောင်း ပြောဆို ပြန်လွှတ်လိုက်တဲ့အကြောင်း ဇာတ်ကြာင်းပြန်ပါတော့တယ်။ အခုအချိန်ထိ အပ်ချုပ်စက်ကို ထိခွင့်မရသေးကြောင်းလည်း ပါပါတယ်။ ဇာတ်လမ်းဆုံးတော့ ဆရာမလည်း အခုမှပဲ သူစတဲ့ဇာတ် သူ အဆုံးသတ်နိုင်လို့ ပေါ့ပါးသွားသလို ရယ်နိုင်၊ ကြားရသူတွေလည်း ဒီဇာတ်ကို ရယ်ကြရပေါ့ဗျာ။

(ကမ်ပူးချားက ဆရာမ ချောချောကို သူနေတဲ့ ဘားတိုက် ရက်ကြာကြာ လာလာနေရအောင် တမင် ဒီလို အချိန်ဇယားဆွဲသလား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိမှာပါ)

သူတို့ရဲ့ စက်ချုပ်သင်တန်းဇာတ်လမ်းက ဆုံးသွားပေမယ့် ကမ်ပူးချားရဲ့ ... အလီသွားကျက် ... ဆိုတဲ့ စကားလေးကတော့ ကျနော်တို့ကြားမှာ အဲဒီကတည်းက တွင်တော့တာပေါ့။

သူ့ရဲ့ရိုးစင်းတဲ့ စဉ်းစားလုပ်ဆောင်မှုကို ဟားတိုက်ပစ်သလို လုပ်တဲ့ပုံမဆောင်ဘဲ ဒုက္ခတွေတောင် ဟာသလုပ်တတ်ကြတဲ့ ကျနော်တို့က ပြောစရာ ပုံပြင်တခုတိုးလို့ ရွှင်ရွှင်လန်းလန်း လက်ဆင့်ကမ်းကြရောပေါ့၊ ကြားနေကျမဟုတ်ဘဲ ချွန်မြထွက်လာသော ထူးခြားတဲ့စကားကို နှစ်နှစ်ခြိုက်ခြိုက် ကောက်ယူ ထွေးပွေ့ကြတဲ့ သဘောပေါ့ဗျာ။

အဆင့်လိုက် လုပ်၊ အဆင့် မကျော်စေနဲ့ စတဲ့ အခြေအနေတွေနဲ့ ဆက်နွယ်တဲ့ဟာတွေ၊ သိပ်ကို ပုံသေကားချကြီး ပြောနေတဲ့နေရာမျိုးတွေမှာ ဒီ စကားကို ကိုးကားကြပါလေရော။

ဆိုပါတော့ တပ်ထဲမှာ စစ်တုရင်ထိုးကြရင် တယောက်က သူနဲ့ လက်ရည်သိပ်ကွာသူကို ထိုးမယ် ထိုးမယ် တကဲကဲ နဲ့ တက်ထိုး အဲ ... ပွဲက ၁၀ မိနစ်တောင် မကြာလိုက်ဘဲ မရှုမလှ ပွဲသိမ်းတာကြုံရရင် ဘေးက ပွဲကြည့်ပရိဿတ်က ... ကဲ မင်း အလီ သွားကျက် ... တဲ့၊ သူ သိပ် အဆင့်ကျော်တယ်ပေါ့လေ။

တနှစ် နှစ်နှစ်အတွင်း စစ် အနိုင်တိုက်မယ်၊ ဒီနေ့ ဒီရက်မှာ လူထုအုံကြွမှုကြီးလုပ်မယ်ဆိုတဲ့ ပရော့ဂျက်တွေကို သူ ထုတ်ထားတဲ့ ပုံသေနည်းနဲ့  အတည်ကြီး ချပြလာသူ ရဲဘော်တွေ၊ တခုခုလုပ်ရင် လုပ်ရမယ့်အဆင့်တွေက အများသားကို ဒါလေးများဆိုပြီး လုပ်ချင်သူတွေ တွေ့လာရင် ... မင်း အလီ သွားကျက် … လို့  တံတောင်နဲ့တွက်သလိုပြောရင်း ရယ်ကြရတဲ့ပွဲတွေမှာ အဲဒီစကားကို ကိုးကားကြရသပေါ့။

တခါတလေ ဒီနေ့ဘာထူးသလဲလို့ဆိုရင် ဘယ်သူတော့ အလီ ကျက်နေရပြီဆိုတာက နောက်ဆက်တွဲရှင်းတဲ့ ဇာတ်လမ်းနဲ့အတူ တပ်တွင်း သတင်းအဖြစ် ထွက်ထွက်လာတတ်ပါတယ်။

ဒါက ကျနော်တို့ချစ်သော ရောင်းရင်း ကမ်ပူချား ရဲ့ ... အလီ သွားကျက် ... ပေါ့ဗျာ။ ကမ်ပူးချားကလည်း သူ့စကား တွင်နေတော့ တပြုံးပြုံးနဲ့ပေါ့။

- - - - - 

အခုတော့ တယောက် တနယ်စီမှာနေ ဆိုသလို ကျနော်တို့တတွေလည်း နေရာတွေ ခွဲနေကြရပါပြီ။

စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ရဲ့ … မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး မှတ်ထားစရာ စကားတခွန်းကို ကြားရတဲ့အချိန်မှာတော့ အားလုံးကို သတိရစရာက ဖြစ်လာပါတယ်။

ဗိုလ်ကျော်ဆန်း က … ဘာတဲ့။

အမေရိကန်လို နိုင်ငံတောင် ဒီမိုကရေစီရဖို့  နှစ်ပေါင်း ၂၀၀ ကျော် ဖြတ်သန်းခဲ့ရတာ … တဲ့။

သူတို့စစ်တပ်ခေါင်းဆောင်တွေ ဆင်ခြင်ဉာဏ်အပြည့်နဲ့ နှစ်ပေါင်း ၂၀ လောက်အချိန်ယူပြီး ဒီမိုကရေစီလမ်းကြောင်း တစတစ ပုံဖော်ပေးနေတာ၊ မင်းတို့ သိပ်မလောနဲ့ပေါ့လေ၊ သူတို့ယူထားတဲ့ ပုံသေနည်းနဲ့ တဆင့်စီ သွားနေတာကြောင့် တိုင်းပြည် ချောက်ထဲကျ မသွားတာကို မင်းတို့ ကျေးဇူးတင်ကြပေါ့။

သူ့စကားက ၁၉ ရာစုနှောင်းပိုင်းလောက်မှာ ထွက်လာခဲ့ရင်တော့လည်း အလေးထားစရာ ဖြစ်မှာပါ။

အခုလို စစ်အေးလွန်ခေတ် ၂၁ ရာစု ထဲမှာမှဆိုတော့လည်း … ပုံသေကားချ ဗိုလ်ကျော်ဆန်းတယောက် … အလီကျက်ခိုင်း … နေတာတွေးရင်း ပြုံးရင်း ရောင်းရင်းတွေကို သတိရမိသေးတော့။ ဝင်းမော်ကြီး ၅ ရက် ဧပြီ ၂၀၁၀

(ဒီနေ့ ၁၈. ၁၂. ၂၀၁၂ မှာ ကွယ်လွန်သွားတဲ့ ABSDF မှ ရဲဘော်ကြီး ကမ်းပူးချား အမှတ်တရ စာစု)

ကောင်းကင်နိုင်ငံပြု အနုပညာ စာစောင်မှ ရယူပါတယ်။ 


No comments: