“ပြည်ပက တချို့သော ခေါင်းဆောင်ဆိုသူများ၊ လှုပ်ရှားတက်ကြွသူများ တလောက မြန်မာပြည်ကို ပြန်သွားကြည့်ကြသည်။ ရွှေတိဂုံဘုရားကြီး ဖူးရုံသက်သက် ပြန်လည်တာမျိုးတော့ မဖြစ်တန်ကောင်းပေ။ ဝန်ကြီး ဦးအောင်မင်း ဆောင်ရွက်ပေးလို့ မြန်မြန်ဆန်ဆန် ဗီဇာရ၍ သွားလမ်းလာလမ်း ဖြောင့်ဖြူးခဲ့ကြသည်ဟု ကြားရသည်။ အခု လက်ပန်းတန်းတောင်ကိစ္စမှာ ဘာသံမှ မထွက်ရခြင်း၊ ဘာအော်ချက်မှ မထုတ်ရခြင်းကား နောင်တခါ အပြန်မှာ ဗီဇာမရမှာစိုးလို့ ငြိမ်နေတာလားလို့ မေးဖို့ ဖြစ်လာသည်။ ဒါမှမဟုတ်လည်း ရန်ကုန်မှာ ရုံးခွဲလေးဘာလေး ထူထောင်ဖို့အရေးမှာ အငြိုအညင်ခံရမှာ စိုးတာကြောင့် တုတ်တုတ်မှမလှုပ် ဖြစ်နေတာလားလို့ မေးရတော့မည် …”
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြသူများ အကြမ်းဖက်နှိမ်နင်းခံရသည်။ သံဃာတော်များ အပါအဝင် ဆန္ဒပြသူတချို့ အပြင်းအထန် ဒဏ်ရာရသည်ဟု ကြားရသည်။ အစိုးရသစ်ရဲ့ ရက်စက်သည့်လုပ်ရပ်ဟု ပြောလိုသည်။ စစ်ယူနီဖောင်းမှ အရပ်ဝတ်ပြောင်း၍ ဝတ်ထားသော်လည်း ဇာတိရုပ်အစစ်ကို ကြာကြာ မဖုံးနိုင်ပါ။ အင်အားသုံး နှိမ်နင်းသည့်အကျင့်ကား ရှိမြဲပင်။ မျက်နှာဖုံးစွပ်ထားတာ ကွာကျလာပြီလို့တောင် ပြောနိုင်သည်။
မြန်မာပြည်မှာ နစ်နာနေသူတွေကား ရေတွက်၍ပင် မကုန်။ လက်ပန်းတောင်းမှသည် မိုးထိမိုးမိ၊ မြစ်ဆုံမှသည် ထားဝယ် စက်မှုဇုန်၊ ရခိုင်ပြည်မှ ရှမ်းပြည်တောက်လျှောက်။ မြစ်ဝကျွန်းပေါ်မှာလည်း နိုင်ငံသားတို့သည် ကြောင်အစားခံရသည့် ပုဇွန်များလို ဖြစ်နေသည်။ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်း၊ အိမ်သိမ်း အစရှိသည့် ခပ်သိမ်းကုန်သော အမှုကိစ္စတို့ကား ကြားရဖန် များလွန်းသည့်အတွက် မြန်မာပြည်၏ ယဉ်ကျေးမှုအစိတ်အပိုင်း တခုလိုတောင် ဖြစ်နေပြီလားဟု ဆိုရပေတော့မည်။
ဒီလိုဖြစ်ပျက်နေတာတွေဟာ မနေ့တနေ့ကမှ ဖြစ်ပျက်နေသည် မဟုတ်၊ ကာလအတန်ပင် ကြာခဲ့ပြီ။ သို့သော်လည်း နိုင်ငံရေး ခေါင်းဆောင်အတော်များများ နှုတ်ဆိတ်နေကြတာလည်း မြင်ရသည်။ အတွင်းက နိုင်ငံရေးခေါင်းဆောင်တွေမှာ အတွင်းနိုင်ငံရေး ရာသီဥတု တွက်ချက်မှုအရ နှုတ်ဆိတ်တာလည်း ဖြစ်နိုင်သည်။ နောက်ပြန်လှည့်နိုင်တယ်ဆိုတာကလည်း “မေ့မေ့မှာ နှလုံးရောဂါ ရှိတာ သမီးသိတယ်မို့လား” ဆိုတဲ့ ရုပ်ရှင်ထဲက ဇာတ်ကွက်လို ဖြစ်နေသည်။ ကာလတခုမှာတော့ သူတို့ဆီက ဆိုရေးရှိလာလိမ့်မယ်လို့ မျှော်လင့်မိသည်။ သူတို့ဘာမှ မဆိုပါကလည်း ဘာမှမတတ်နိုင်ပါ။
ဒီလိုအချိန်မျိုးမှာ ပြောလိုတာနောက်တခုက အပြင်က နိုင်ငံရေးခေါင်းဆောင်များ ဘာလုပ်နေကြသနည်း။ အပြင်မှာ လွတ်လွတ်လပ်လပ် နေလို့ ပြောလို့ ရေးသားလို့ ရနေပေမယ့် သူတို့ဆီက ထူးခြားတဲ့ ပြောဆိုဝေဖန် ရေးသားတာမျိုး တရားဝင် ဆောင်ရွက်တာတွေ မတွေ့ရသေး။ အထူးသဖြင့် နယ်စပ်အခြေစိုက် အတိုက်ခံအဖွဲ့အစည်းများထံမှ လောက်လောက်လားလား ပြောဆိုတာမျိုးက နည်းလွန်းလှသည်။ တချိန်တုန်းက ထစ်ခနဲရှိ အော်ချက်ထုတ်လေ့ရှိသော အဖွဲ့များ၊ စစ်အာဏာရှင်စနစ်ကို အကုန်အစင်ဖျက်သိမ်းမည်ဟု ကြွေးကြော်ထားသောအဖွဲ့များကား အခုနေအခါမှာတော့ အထူးငြိမ်ချက်သား ကောင်းနေသည်။
ပြည်ပက တချို့သော ခေါင်းဆောင်ဆိုသူများ၊ လှုပ်ရှားတက်ကြွသူများ တလောက မြန်မာပြည်ကို ပြန်သွားကြည့်ကြသည်။ ရွှေတိဂုံဘုရားကြီး ဖူးရုံသက်သက် ပြန်လည်တာမျိုးတော့ မဖြစ်တန်ကောင်းပေ။ ဝန်ကြီး ဦးအောင်မင်း ဆောင်ရွက်ပေးလို့ မြန်မြန်ဆန်ဆန် ဗီဇာရ၍ သွားလမ်းလာလမ်း ဖြောင့်ဖြူးခဲ့ကြသည်ဟု ကြားရသည်။ အခု လက်ပန်းတန်းတောင်ကိစ္စမှာ ဘာသံမှ မထွက်ရခြင်း၊ ဘာအော်ချက်မှ မထုတ်ရခြင်းကား နောင်တခါ အပြန်မှာ ဗီဇာမရမှာစိုးလို့ ငြိမ်နေတာလားလို့ မေးဖို့ ဖြစ်လာသည်။ ဒါမှမဟုတ်လည်း ရန်ကုန်မှာ ရုံးခွဲလေးဘာလေး ထူထောင်ဖို့ အရေးမှာ အငြိုအညင်ခံရမှာ စိုးတာကြောင့် တုတ်တုတ်မှမလှုပ် ဖြစ်နေတာလားလို့ မေးရတော့မည်။ နစ်နာသူများကတော့ သူတို့အခွင့်အရေးအတွက် သူတို့အားကို သူတို့ကိုးလျှက် တိုက်ပွဲဆက်လိမ့်မည်။
နစ်နာသူ နိုင်ငံသားတွေရှိနေသမျှ လူထုတိုက်ပွဲဆိုတာလည်း ဆက်ရှိနေဦးမည်။ သို့သော် လူတချို့ကို ပြောဖို့တော့ရှိသည်။ ဘာတုန်းဆိုတော့ ထစ်ခနဲရှိ ဒေါ်စုကို အားကိုးလိုသူများ၊ ဗိုက်အငှားနဲ့ ဓားထိုးခံလိုသူများ၊ အဆင်း ဘီးတပ်လိုသူများ၊ အပြစ်တင်လိုသူများ၊ စောင့်ကြည့်နေတယ်ဟု ဆိုသူများကို တခုတော့ပြောလိုသည်။ ဒေါ်စုသည် ကိုးဆယ့်ခြောက်ပါး ရောဂါပျောက်ဆေးမဟုတ်ဆိုတာ သတိထားဖို့ သတိပေးလိုသည်။ လူတွေကို လမ်းပေါ်တွန်းပို့ပါက လမ်းပေါ်ရောက်လာမှာ မလွဲပေ။ လမ်းပေါ် လူတွေမရောက်စေလိုဘူးဆိုပါက ရိုးသားမှုနဲ့ စကားပြောဖို့လိုသည်။ လူထုအသံကို နားထောင်ပါလို့သာ အကြံပေးလိုသည်။
ဇော်မင်း
၃ဝ ရက် နိုဝင်ဘာလ၊ ၂ဝ၁၂ ခုနှစ်
ရွက်မွန် ဘလော့ဂ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment