တတိယအကြိမ်ဆေးစစ်ဖို့ စင်ကာပူကို ပြန်ရောက်နေတုန်း သည်စာကို ရေးဖြစ်ပါတယ်။ ကီမိုဆေးသွင်းကုသမှု စင်ကာပူမှာ နှစ်ကြိမ်၊ ရန်ကုန်မှာ နှစ်ကြိမ်အပြီး ဒုတိယအကြိမ် ဆေးလာစစ်တုန်းက အဆုတ်က အကြိတ်ရဲ့အရွယ်ပမာဏ အတော်ကလေး ကျုံ့သွားတယ်လို့ သိရပါတယ်။ ဆေးသွင်းကုသမှု ရန်ကုန်မှာ နောက်ထပ် လေးကြိမ်အပြီး ယခုတစ်ကြိမ်မှာ ဆေးစစ်ချက်အဖြေက အကြိတ်ဟာ ထပ်ပြီးလျော့မသွားပေမယ့် ပိုလည်း ကြီးမလာဘူး၊ တစ်ခြားနေရာတွေကိုလည်း ပျံ့နှံ့မှုမရှိဘဲ ထိန်းထားနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကုသနေတဲ့ သမားတော်က ဆေးတစ်မျိုး ပြောင်းပေးလိုက်ပါတယ်။ အရင်က gemcitabine ကို cipllatin နဲ့ Avastin နဲ့တွဲပြီး သွင်းခဲ့ရာက အခု gemcitabine ကိုဖယ်လိုက်ပြီး Alimta ဆိုတဲ့ ဆေးအသစ်ကို ပေးလိုက်ပါတယ်။ ကျွန်တော့်ကို ချစ်ခင်ကြင်နာစွာ သတင်းမေး အကူအညီပေးနေကြတဲ့ ပြည်တွင်းပြည်ပ မိတ်ဆွေများထဲက ဆေးအကြောင်း နားလည်သူများ သိနိုင်ဖို့ ဆေးအမည်များ ဖော်ပြလိုက်တာပါ။
ဆေးဝါးတွေရဲ့ဈေးနှုန်းကတော့ ကြောက်ခမန်းလိလိပါ။ ကျွန်တော် အရင်တစ်ကြိမ်က အစီရင်ခံခဲ့ဖူးသလိုပါပဲ၊ မိတ်ဆွေသင်္ဂဟများရဲ့ ကူညီထောက်ပံ့မှုသာမရှိရင် ဘယ်လိုနည်းနဲ့မှ ကျွန်တော် ဆေးမကုနိုင်ပါဘူး။ အမည်နာမတွေကို မဖော်ပြနိုင်ပေမယ့် ကူညီနေသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ထပ်လောင်းပြောပါရစေ။
ဆေးစစ်တာတွေပြီးတော့ ရန်ကုန်မပြန်ခင် နားနားနေနေရှိခိုက် စာအုပ်တချို့ ဖတ်ဖြစ်ပါတယ်။ သမီးကြီးထိုက် ဖတ်ချင်လို့ မှာလိုက်တဲ့ စာအုပ်တွေ ဝယ်လာတဲ့အထဲမှာ ဇာဂနာရဲ့ ‘ပထမ’ နဲ့ မသီတာ စမ်းချောင်းရဲ့ ‘စမ်းချောင်း အင်းစိန် ဟားဗတ်’ တို့ ပါပါတယ်။ အချိန်ရတုန်း အဲဒီနှစ်အုပ်စလုံး ဖတ်ပြီးသွားပါတယ်။ ဇာဂနာစာအုပ်က ခပ်ပါးပါးဆိုတော့ အရင်ဖတ်ပြီးသွားတယ်။ မသီတာ စာအုပ်က ထူပြီး အကြောင်းအရာတွေက များလေတော့ ဖြည်းဖြည်း ဖတ်ရပါတယ်။
ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့အမှာစာမှာ မသီတာရဲ့စာအုပ်ဟာ သူ့ရဲ့ ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ်ထက် ပိုကောင်းတယ်လို့ ရဲရဲကြီး ညွှန်းထားပါတယ်။ “ကျွန်တော့်စာအုပ်က သတင်းစာကလောင်နဲ့ ရေးတယ်။ အဖြစ်ကို ရေးတာ။ သနစ်ကို ရေးတာ။ ထောင်ဆိုတာ ငရဲဟေ့ လို့ ပြောပြတာ။ ထောင်ဆိုတာ ကျောင်းဟေ့ လို့ပြောပြတာ။ ရသဆွံ့ရှားတယ်။ ခံစားချက် များတယ်။ မသီတာ စာအုပ်က စာပေကလောင်နဲ့ ရေးတယ်။ ဝေဒနာကို ရေးတာ။ စေတနာကို ရေးတာ။ ထောင်ဆိုတာ စိတ်ခံယူချက်ရှင့်လို့ ပြောပြတာ။ ထောင်ဆိုတာ ရုပ်ခံစားချက်ရှင့်လို့ ပြောပြတာ။ ရသ ပြည့်လျှံတယ်။ ခံစားချက် ဗောင်းလံတယ်။” လို့ ဆရာက အားပါးတရ ရေးထားပါတယ်။ ဆရာ ညွှန်းသလောက်လည်း ကောင်းတာ အမှန်ပါပဲ။
ကျွန်တော့် မျက်စိအခြေအနေအရ နားနားနေနေဖတ်ရတော့ သုံးရက်အကြာမှာ ဖတ်လို့ပြီးသွားပါတယ်။ စာမျက်နှာတိုင်းက ကျွန်တော်တို့ကို အတိတ်က အရိပ်တွေကို ပြန်သတိရအောင် ကာလယန္တရားစက်ကြီးနဲ့ ပြန်ခေါ်သွားသလိုပါပဲ။
ဇာဂနာရဲ့ ‘ပထမ’ ထောင်အတွေ့အကြုံစာအုပ်ကတော့ သူ့ပါရမီအတိုင်း မထိခလုတ် ထိခလုတ်လေးတွေနဲ့ဖတ်ရင်း အကြိမ်ကြိမ် ပြုံးမိစရာတွေ အများကြီးပါပါတယ်။ ၈ လေးလုံးအရေးတော်ပုံကြီးပြီးခါစအချိန်မှာ ဦးဦးဖျားဖျား အဖမ်းခံရတဲ့ စာပေနဲ့ အနုပညာရှင်တစ်စုအကြောင်း ရွှင်ရွှင်သွက်သွက်ကလေး ရေးထားတာပါ။ ဇာဂနာ၊ ဇင်ဝိုင်း၊ မိုးဝင်း၊ ညီဝင်းစိန်၊ ဦးအောင်မြင့်မြတ်၊ စပယ်ဦး ဦးတင်စိုးနှင့် ကိုအမိန်တို့ ဘားလမ်းကနေ ပိတ်ဆို့ဖမ်းဆီးခံရပြီး နောက်ပိုင်း တွေ့ကြုံရတဲ့ဖြစ်ရပ်တွေကို ၁၉၈၉ ဧပြီလ ၂၁ ရက် ထောင်ကလွတ်ပြီးပြီးချင်း နှစ်ရက်အကြာမှာ ရေးထားတဲ့ မှတ်တမ်းလို့ ဆိုပါတယ်။
သူ့စာအုပ်ထဲမှာ အင်းစိန်ထောင်မကြီးထဲက သီးသန့်ထောင်ကလေးတစ်ခုလို့ဆိုနိုင်တဲ့ အထူးဆောင်အကြောင်းပါတော့ ကျွန်တော် ၁၉၈၉ကနေ ၂၀၀၁ အတွင်း သုံးကြိမ် ဝင်လိုက်ထွက်လိုက်ဖြစ်ခဲ့စဉ် သုံးကြိမ်လုံးနေခဲ့ဖူးတဲ့ ၁၀ ခန်းတွဲ အထူးတိုက်အကြောင်းကို ပြန်ပြောင်းသတိရစရာတွေ ဖြစ်ရပါတယ်။
ရန်ကုန်မှာ စောစောပိုင်းက ကျွန်တော် ဖတ်ခဲ့တဲ့ ဇော်သက်ထွေးရဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်ထဲမှာ ကျွန်တော့်အခန်းထဲက မျက်စဉ်းဆေးခပ်ဖို့ အင်္ဂလိပ်လို အညွှန်းစာရွက်လေး တွေ့သွားလို့ ရေးကြီးခွင်ကျယ် စစ်ဆေးခံရတဲ့အကြောင်း ပါခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်က တွဲဘက်ထောင်လို့ခေါ်ကြတဲ့ သီးသန့်ထောင်ထဲက ကျွန်းတိုက်ထဲမှာ ဖြစ်ခဲ့တာပါ။ ထောင်မကြီးက အထူးတိုက်ကို ရောက်တော့ ပိုလို့တောင် တင်းကျပ်ပါတယ်။ ဇာဂနာရဲ့ အထူးတိုက် အတွေ့အကြုံတွေကိုဖတ်ရင်း ကျွန်တော်တို့ အဲဒီမှာရှိခဲ့တဲ့အချိန်က ဟံသာဝတီ ဦးဝင်းတင် အခန်းထဲ ကျီးကန်းငမဲက ဘောပင်ခိုးသွင်းတဲ့အမှုအကြောင်း ပြန်သတိရပြီး ပြုံးမိပါတယ်။
ကျီးကန်းငမဲဆိုတာက လူ မဟုတ်ပါ။ တကယ့်ကျီးကန်း အစစ်ပါ။ သရက်ပင်အမြင့်ကြီးရဲ့ ထိပ်ဖျားနားက ကျီးကန်းအသိုက်တစ်ခု မတော်တဆ ပြုတ်ကျတော့ ကျန်တဲ့ ကျီးပေါက်စလေးတွေ သေကုန်ပေမယ့် နောင် ငမဲလို့ နာမည်ပေးခံရမယ့် ကျီးကန်းကလေးက ကံကြီးလို့ မသေဘူး။
သူ့ကို ကျောက်တန်းဘက်က လူသတ်မှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ ‘မောင်ညို’ ဆိုပါစို့၊ အကျဉ်းသား မောင်ညိုက ပြုစုယုယကျွေးမွေးခဲ့လို့ အသက်ရှင်နေခဲ့တယ်။ မောင်ညိုက အထူးဆောင်ဝင်းထဲမှာပဲထားရှိတဲ့ အမြဲဆင်း ခေါ် ထောင်ကျလုပ်သားဆောင်မှာ ညအိပ်ရတယ်။ သူက အထူးဆောင်ရဲ့ ဖိုကြီးခေါ် ထမင်းရုံမှာ တာဝန်ကျတယ်။ ပေါက်စနဘဝကစပြီး ငမဲကို သူက အိပ်ဆောင်ကို ခေါ်သွားပြီး သူ့ဘေးမှာ သိပ်တယ်။ ငမဲ နည်းနည်းကြီးလာပြီး အတောင်ပံတွေ သန်မာလာတော့ သရက်ပင်တွေပေါ် ပျံတက်တယ်။ ကျီးကန်းတွေရဲ့ ဓလေ့စရိုက်ထူးဆန်းပုံက ငမဲကို ကျီးကန်း အသိုက်အဝန်းက လက်မခံကြတော့ဘူး။ အထက်မြင့်မြင့်ကို ငမဲ ပျံတက်လာရင် ဝိုင်းပြီး ထိုးဆိတ်မောင်းထုတ်ကြတယ်။
သည်တော့ ငမဲခမျာ သရက်ပင်ကြီးတွေရဲ့အောက်ခြေပိုင်း အကိုင်းတွေအထိပဲ ပျံတက်ခွင့်ရှိပါတယ်။ ကျီးသိုက်က ပြုတ်ကျတဲ့ ကောင်၊ လူတွေနဲ့ ရောနှောပေါင်းဖက်နေတဲ့ အကောင်ဆိုပြီး မသင်္ကာဖြစ်နေကြပုံရပါတယ်။ မောင်ညိုက မနက်အလုပ်ဆင်းလာပြီဆိုရင် ငမဲကို ပခုံးပေါ်တင်လာပြီး ဖိုကြီးထဲ အလုပ်ဝင်ချိန်မှာ ငမဲက သရက်ပင်အောက်ခြေကိုင်းတွေပေါ် လျှောက်နားနေလေ့ရှိပါတယ်။ ညနေစောင်း အလုပ်သိမ်းပြီဆိုရင် မောင်ညိုက ကျွန်တော်တို့တိုက်ရှေ့က စိုက်ခင်းတွေအလယ် လူသွားလမ်းလေးက လျှောက်သွားရင်း “ငမဲရေ လာဟေ့ အိပ်ဆောင်ပြန်ကြရအောင်” လို့ အသံပေးလိုက်တာနဲ့ ကိုရွှေငမဲက တစ်နေရာရာက ပေါ်လာတယ်။ ငြိမ့်ငြိမ့်လေး ပျံဝဲဆင်းလာပြီး မောင်ညိုရဲ့ပခုံးပေါ်နားကာ လိုက်သွားပါလေရော။
အဲဒီမြင်ကွင်းလေးဟာ လနဲ့နှစ်နဲ့ချီပြီး ညနေစောင်းတိုင်း မြင်တွေ့နေကျ ကြည်နူးစရာ မြင်ကွင်းကလေးပါ။ ဒီလိုနဲ့ ငမဲဟာ ကျီးကန်းတွေနဲ့ မပေါင်းတော့ဘဲ လူတွေနဲ့ ပိုနီးစပ်လာရာက ကျွန်တော်တို့အခန်းတွေထဲပါ တစ်ခန်းဝင်တစ်ခန်းထွင် ဝင်လာရဲတဲ့အထိ ကဲလာပါတယ်။ နေ့လယ်နေ့ခင်း သူ့မွေးစားအဖေ အလုပ်များနေချိန်မှာ သူက သရက်ကိုင်းတွေပေါ် လျှောက်သွားမနေတော့ဘဲ ကျွန်တော်တို့အခန်းတွေထဲ လာလာလည်ပါတယ်။
သို့ပေမယ့် ဒီကောင်က အတော် ဘရုတ်ကျပါတယ်။ ကျွန်တော်တို့ အခန်းထဲက စားစရာထည့်တဲ့ ဘူးတွေ ခွက်တွေကို လှန်လှော မှောက်ခါပစ်တယ်။ မြေပဲဆံဘူးတို့ ဘာတို့ ပွင့်ကျသွားရင် စားပစ်တယ်။ ကျွန်တော်ဆိုရင် သူလာတဲ့အချိန် တရားထိုင်နေတာနဲ့တိုးလို့ကတော့ ပခုံးပေါ်တက်ပြီး နောက်စေ့ကို နှုတ်သီးနဲ့ ထိုးဆိတ်ခံရတော့တာပါပဲ။ ဆက်ပြီး ထိုင်လို့မရအောင် နှောင့်ယှက်တတ်ပါတယ်။
တစ်နေ့မှာတော့ ၁ ခန်းက ဆရာ ဦးဝင်းတင်က ၃ ခန်းက ကျွန်တော့်ကို လှမ်းအော်ပြောတယ်။ “ကိုဝံသရေ ငမဲဆိုတဲ့ကောင် ကျုပ်ကို ဒုက္ခပေးနေတယ်ဗျို့” တဲ့။ “ဘာဖြစ်တာလဲ ဆရာ” လို့မေးတော့ “ကြံကြံဖန်ဖန်ဗျာ၊ ဒီကောင် ထောင်ဝန်ထမ်းတွေ ရုံးခန်းက ဘောပင်တွေ စာရွက်တွေခိုးလာပြီး ကျွန်တော့် ကွပ်ပျစ်အောက်မှာ လာဖွက်ထားတယ်ဗျ၊ ဒီကောင် ထောက်လှမ်းရေး သူလျှိုလား မသိပါဘူးဗျာ” တဲ့။
“ဆရာ အဲဒီကိစ္စ ဘယ်လို ဖြေရှင်းလိုက်လဲ” လို့မေးတော့ “ဟာ သူတို့ ရှာဖွေရေးဝင်မှတွေ့ရင် ပြဿနာတွေတက်ကုန်မှာဆိုတော့ ဝန်ထမ်းတွေကိုခေါ်ပြီး အပ်လိုက်ရတာပေါ့။ ငမဲ လုပ်တယ် ဆိုတာ သူတို့ကလည်း သိတယ်။ တော်တော် ရှုပ်တဲ့ကောင်” လို့ ပြန်ပြောပါတယ်။ “ဆရာရယ် ငမဲက ဆရာ့ကို စာတွေ ရေးစေချင်တဲ့စေတနာနဲ့ ဘောပင်တို့ စာရွက်တို့ ခိုးသွင်းပေးတာ ဖြစ်မှာပေါ့၊ ဒီကောင် ထောက်လှမ်းရေးသူလျှိုတော့ မဖြစ်နိုင်ပါဘူး။ ဖြစ်ချင်းဖြစ် ဒီမိုကရေစီဘက်တော်သားတွေထဲက တစ်ယောက်ယောက် ဝင်စားတာများလား” လို့ ကျွန်တော်က လှမ်းပြောတော့ ဆရာက “ကြံကြံဖန်ဖန်ဗျာ” လို့ ပြန်ပြောပါတယ်။
၂၀၀၁ မှာ ကျွန်တော် ပြန်လွတ်လာချိန်အထိ ငမဲ ရှိပါသေးတယ်။ နှစ်အတန်ကြာပြီးတော့ အထူးဆောင်က နောက်ပိုင်းလွတ်လာသူ နိုင်ငံရေးအကျဉ်းသားတချို့နဲ့ စကားစပ်မိလို့ ငမဲအကြောင်း ကျွန်တော်က သတင်းမေးတဲ့အခါ သူ့ဇာတ်သိမ်းခန်းက ရုပ်ရှင်သဘောနဲ့ဆိုရင် အလွမ်းဇာတ်ဖြစ်ပါလိမ့်မယ်။
အကျဉ်းသား မောင်ညိုဟာ နှစ်ကြီးသမားဆိုတော့ ရဲဘက်စခန်း မထွက်ရဘူး။ နောက်ပိုင်းမှာ လွတ်ရက် ၂ နှစ်လောက်ပဲကျန်တဲ့အချိန်ကျတော့ မောင်ညို ရဲဘက်စခန်း ပါသွားတယ်။ သူက သူလွတ်ရင် ငမဲကို အိမ်ခေါ်သွားမယ်လို့ ပြောပြောနေတာ၊ ခုတော့ လွတ်တာမဟုတ်ဘဲ ရဲဘက်စခန်းပါသွားတာဆိုတော့ ခေါ်လို့မရဘူးပေါ့။ ငမဲကို သူ့သူငယ်ချင်းတစ်ယောက်ဆီ အပ်ထားခဲ့တယ်တဲ့။ ဒါပေမယ့် သံယောဇဉ်ဆိုတာက ခက်သားကလား။ မောင်ညိုနဲ့ နှစ်ရှည်လများ သံယောဇဉ်တွယ်ခဲ့တဲ့ ငမဲဟာ မောင်ညို့သူငယ်ချင်းနဲ့မနေဘဲ သရက်ပင်အောက်ခြေကိုင်းတွေမှာပဲ လိုက်နားနေတယ်၊ အထူးတိုက် နိုင်ငံရေးအကျဉ်းသားတွေဆီလဲ မလာတော့ဘူး တဲ့။
နောက်တော့ သရက်ကိုင်းတွေပေါ်မှာ သွားလာနေတာလဲ မတွေ့ရတော့ဘဲ ပျောက်သွားတယ် တဲ့။ အထူးဆောင်ဝင်းထဲကကို တစ်နေရာရာကို အပြီးတိုင် ထွက်သွားပုံရတယ်လို့ ကျွန်တော့်မိတ်ဆွေက ပြောပါတယ်။ “မောင်ညိုနောက်ကိုများ လိုက်ရှာဖို့ထွက်သွားလေသလား ငမဲရယ်” လို့ ကျွန်တော်က ပြောမိရင်း အလွမ်းဇာတ်သိမ်းလေးတစ်ခုအဖြစ် မှတ်ထားလိုက်ရပါတယ်။ ဇာဂနာရဲ့ ပထမစာအုပ်ကိုဖတ်ရင်း အထူးတိုက်တုန်းက အတွေ့အကြုံလေးတစ်ခုကို ပြန်သတိရမိလို့ သည်စာကို ရေးဖြစ်သွားပါတယ်။ ။
၂၃၊ ၁၂၊ ၂၀၁၂
maungwuntha@gmail.com
(ပြည်သူ့ခေတ်ဂျာနယ် ၂၇၊ ၁၂၊ ၁၂ နေ့ထုတ်တွင် ဖော်ပြသည့် မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment