Wednesday, December 19, 2012

အလှမ်းဝေးနေသေးတဲ့ ဖယ်ဒရယ်ပြည်ထောင်စု

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ လက်ရှိ အစိုးရတို့အကြား နိုင်ငံရေးသဘောတူညီချက်ရရှိရေးဟာ အလှမ်းဝေးနေသေးတယ်လို့ အစိုးရကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ အစိုးရဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံနိုင်သေးဘူးဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။ SNLD ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေး သုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းလိတ်တို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုတလော ပြည်ထောင်စုအရေး ဆွေးနွေးပွဲတွေ လုပ်တယ်။ ပြည်ထောင်စု အာဏာပိုင်တွေပါ ပါဝင်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်လာတယ်။ အဲဒီ ဆွေးနွေးပွဲတွေလုပ်တာ အခု အခြေအနေကော ဘယ်လောက်ကောင်းပါလဲ ခင်ဗျာ။ အလားအလာ ဘယ်လောက်ကောင်းသလဲ။ ဘယ်လောက်ထိ တိုးတက်အောင်မြင်မှုရလာတယ်လို့ ထင်ပါသလဲ။


ဦးစိုင်းလိတ် ။ ။ ဟုတ်ကဲ့။ ကျနော်တို့ လုပ်နိုင်သလောက် လုပ်ခဲ့ပြီပေါ့။ ဒါပေမယ့် ပါဝင်တက်ရောက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ ကျေနပ်အားရလောက်စရာ မရှိဘူး။ ကျနော်တို့သွားချင်တဲ့ FEDERAL ဆိုတဲ့ လမ်းကြောင်းပေါ်ကို ဒီပုဂ္ဂိုလ်တွေက အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းပဲ FEDERAL လမ်းကြောင်းပေါ်ကို သွားနေပြီလို့ ပြောနေတယ်။ ဒါပေမယ့် အားလုံးသိနေတဲ့ကိစ္စကတော့ ဒါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ FEDERAL လမ်းကြောင်းပေါ်ကို လုံးဝ မရောက်သေးဘူးလို့ ကျနော်တို့ ဒီအတိုင်းပဲ သုံးသပ်တယ်။ ဒါကြောင့်မို့လို့ အကယ်၍ သူတို့ကများ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း FEDERAL ဖြစ်နေတယ် ပြောနေတယ်ဆိုလို့ရှိရင်လည်းပဲ ဒါဟာ အမှန်တကယ် မဟုတ်ဘူးဆိုတာကိုပဲ ပြောလိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းလိတ်တို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ FEDERAL မဟုတ်ကြောင်း ထောက်ထားတဲ့ ဥပဒေ အချက်အလက်နဲ့ နည်းနည်းလေး ပြောပါလား။ ပရိသတ် သိရအောင်။ ဦးစိုင်းလိတ် ။ ။ အနည်းဆုံးအဆင့် ကျနော်ပြောမယ် ခင်ဗျာ။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီခွင့်နဲ့ပတ်သတ်ပြီးတော့မှ တစုံတရာ ဒီထဲမှာ ပြဌာန်းထားခြင်းမရှိဘူး။ လက်တွေ့အားဖြင့်ပြောမယ်ဆိုလို့ရှိရင် ပြည်နယ်တွေမှာ ဒီ ပြည်နယ်အုပ်ချုပ်ရေးမှူးလို့ ပြောရမလား ဒီ ပြည်နယ်ဝန်ကြီးချုပ်ပေါ့။ သူ့ရဲ့အဆင့်အတန်းကို ကြည့်မယ်ဆိုလို့ရှိရင် သမ္မတကိုယ်တိုင်က ခန့်ထားတယ်။ သမ္မတရဲ့ ဩဇာအောက်မှာပဲ တည်နေတယ်။ ပြည်သူလူထုရဲ့ လိုလားချက်ကို တစုံတရာ သူ့မှာ ဖော်ပြနိုင်ခွင့် ဖော်ထုတ်နိုင်ခွင့် ဘာမှမရှိဘူး။ ဒါဟာ အထင်ရှားဆုံး ဥပမာတစ်ခု ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု တက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေ၊ အစိုးရအပိုင်းက ပုဂ္ဂိုလ်တွေပေါ့ တချို့ဝန်ကြီးတွေပါတယ် ထင်တယ်။ ဦးစိုးသိန်းတို့ ဘာတို့လား။ ဟုတ်ပါတယ်နော်။

ဦးစိုင်းလိတ် ။ ။ ဟုတ်ပါတယ်။ ဦးစိုးသိန်း ပါတယ်။ ဦးအောင်မင်း ပါတယ်။ ဦးခင်မောင်ထွေး ပါပါတယ် ခင်ဗျာ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ အဲဒီတော့ သူတို့ကို အဲအထောက်အထား ပြောတော့၊ ဥပမာအားဖြင့် ဒါ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သတ်ပြီးတော့ အုပ်ချုပ်ရေး အာဏာပိုင်ပုဂ္ဂိုလ်ဟာ တိုင်းရင်းသားပြည်သူတွေရဲ့ ဆုံးဖြတ်ချက် အမိန့်အတိုင်း လုပ်ရတာထက် ပြည်သူကို နားထောင်တာထက်၊ အထက် ဗဟိုအစိုးရကိုသာပိုပြီး နားထောင်နေတယ်ဆိုတဲ့ အချက်ကို ထောက်ပြလား။

ဦးစိုင်းလိတ် ။ ။ ထောက်ပါတယ်။ ကျနော်တို့ ထောက်ပြပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်ကိုက ပြည်သူတွေရဲ့ဆန္ဒကို အလေးတယူဂရုပြုပြီး ဘာမှလုပ်ဆောင်နိုင်ခြင်း မရှိဘူး။ အထက်က အမိန့်ကိုပဲ စောင့်စားနေရတယ်။ နောက်ဆုံးအဆင့်ပေါ့ ဒီ ပညာရေးဆိုင်ရာ ဝန်ထမ်းတစ်ယောက်၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတစ်ယောက်ကို ခန့်မယ်ဆိုရင်တောင်မှ ဒီပြည်နယ်ဝန်ကြီးချုပ်မှာ ဘာမှလုပ်နိုင်တဲ့ အနေအထားမျိုး လုံးဝ မရှိတာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီဥစ္စာဟာ လုံးဝ မလိုလားတဲ့ ပြဿနာမျိုး ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒါကို ထောက်ပြတော့ သူတို့က ဘယ်ဟာကို ကိုးကားပြီးတော့ သူတို့က FEDERAL ဖြစ်နေပါပြီလို့ ပြောတာလဲ။

ဦးစိုင်းလိတ် ။ ။ သူတို့ပြောနေတဲ့ FEDERAL ဆိုတဲ့ ကိစ္စကတော့ အခု အရင်တုန်းက မရှိခဲ့ဘူးတဲ့ ပြည်နယ်အစိုးရဆိုတာ ရှိလာတယ်။ နောက်တခါ ပြည်နယ်မှာလည်းပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဲ့ တိုင်းတွေ၊ ပြည်နယ်အုပ်ချုပ်ခွင့်ရဒေသတွေ ရှိလာတယ်ပေါ့။ ဒါတွေကို ထောက်ပြပြီး သူတို့က ဒါကို FEDERAL လို့ အဓိပ္ပာယ် ဖွင့်ကြပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ဝန်ကြီးတို့လာပြီးတက်ပြီး ဆွေးနွေးတယ်ဆိုတဲ့ဟာ သူတို့က အစိုးရအဖွဲ့ရဲ့သဘောထားပေါ့။

ဦးစိုင်းလိတ် ။ ။ အဲလိုလည်း သူတို့ ယူဆလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီတက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က သူတို့ကိုယ်ရေးကိုယ်တာအနေနှင့် တက်တာလား။ အစိုးရကိုယ်စားပြုတတ်တာလားဆိုတာ။ သူတို့ကိုယ်တိုင် မသိဘူး ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ စစ်မှန်တဲ့ FEDERAL ပေါ့လေ။ တိုင်းရင်းသားတွေ ပြောပြောနေတာ။ အဲဒီဟာဖြစ်ဖို့ကတော့ ဒီအစိုးရသက်တမ်းမှာ အလားအလာ ရှိပါသေးလား။

ဦးစိုင်းလိတ် ။ ။ ကျနော်တို့က ယုံကြည်ချက်ကတော့ မှုန်ဝါးဝါးပဲ။ သိပ်တော့လည်း မမျှော်လင့်ရဲဘူး။

ဦးကျော်ဇံသာ ။ ။ တကယ်လို့ ၂၀၁၅ ရွေးကောက်ပွဲ လုပ်လာမယ်။ အဲဒီမှာ အစိုးရအပိုင်းမှာ အပြောင်းအလဲတွေ ဘာတွေများ ဖြစ်လာမယ်ဆိုရင်ကော ဘယ်လောက်အလားအလာ ရှိပါသလဲ။

ဦးစိုင်းလိတ် ။ ။ ဒါကလည်း အခုလက်ရှိ အစိုးရအပေါ်မှာ မူတည်တယ်။ အမှန်တကယ်ကို FEDERAL ပြည်ထောင်စု ဖြစ်စေချင်တယ်ဆိုလို့ရှိရင် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်။ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူတို့က ပါတီထောင်ပါ။ ပြီးတော့ ရွေးကောက်ပွဲ ဝင်ပါ၊ လက်နက်ချပါ။ ဒါတွေက ဖြစ်လာနိုင်မယ့် အနေအထားမျိုး မရှိဘူးလေ။ ဆိုတော့ လက်ရှိအစိုးရအနေနဲ့ ဒီကိစ္စကို ဆက်လက် ဆွေးနွေးပါမယ်ဆိုတဲ့ မူလေးတစ်ခု သူတို့ သတ်သတ်မတ်မတ် ထားမယ်ဆိုလို့ရှိရင်တော့ နောက်လာမယ့် အစိုးရမှာလည်း ဒါဆက်လက်ပြီးတော့မှ ဆက်လက်ဆွေးနွေးလို့ရမှာပေါ့။ ဒါဆို မျှော်လင့်ချက် ရှိကောင်းရှိသွားပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများကလည်းပဲ အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကိုတော့ သဘောတူထားပြီပေါ့။

ဦးစိုင်းလိတ် ။ ။ ဟုတ်ကဲ့။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြင်မယ်။ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေးကို အမှန်တကယ် ဖြစ်အောင်လုပ်မယ် ဘာညာဆိုတာ တကယ်တော့ ဒီဟာက ဥပဒေပြုအပိုင်းနဲ့ဆိုင်တဲ့ကိစ္စပါ။ ဦးစိုင်းလိတ်လည်း သိတဲ့အတိုင်းပဲ။ အခု မြန်မာနိုင်ငံမှာ ဥပဒေပြုရေး အာဏာပိုင် အဖွဲ့အစည်း၊ ပြည်သူ့လွှတ်တော်တို့ ဘာတို့ဆိုတာ ရှိနေပြီ။ ပြည်ထောင်စု လွှတ်တော်တို့။ အဲဒီ လွှတ်တော်ရဲ့ သဘောထားအများစုကော ဘယ်လို တီးခေါက်မိပါသလဲ။ လွှတ်တော်အမတ်တွေ သဘောထားကို။

ဦးစိုင်းလိတ် ။ ။ လွှတ်တော်အမတ်တွေကိုယ်တိုင်က သူတို့မှာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောပိုင်ခွင့် မရှိဘူး။ တင်ပြခွင့် မရှိဘူးဆိုတာတော့ ကျနော်တို့ ကြားသိနေရတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုရဲ့ အမှန်တကယ် လိုအပ်ချက်ကို လွှတ်တော်ကိုယ်စားလှယ်တိုင်းက ဘယ်လိုမှကို လွတ်လွတ်လပ်လပ် တင်ပြခွင့်မရှိတဲ့အချိန်မှာ ဒီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ဆန္ဒကိုလည်းပဲ သူတို့က လွှတ်တော်မှာ ဘယ်လိုမှ အားလုံး ပွင့်လင်းမြင်သာအောင် တင်ပြနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ လွှတ်တော်တစ်ခုတည်းကသာလျှင် နိုင်ငံရေးပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင်ဘူးလို့ ကျနော် ဒီအတိုင်းပဲ သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် တချို့ လွှတ်တော်အမတ်တွေကတော့ တော်တော်လေး ပွင့်ပွင့်လင်းလင်း ပြောခွင့်ရှိတယ်လို့ ပြောကြတယ်။ လယ်ယာမြေကိစ္စ၊ အလုပ်သမားကိစ္စ၊ ဘာညာ သူတို့ ပြောနေကြတာပဲ။ အလွဲသုံးစားမှုကိစ္စ။

ဦးစိုင်းလိတ် ။ ။ ဟုတ်ပါတယ်။ တကယ်တမ်းကျတော့ လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်း အင်မတန်ကို များပါတယ်။ မြန်မာပြည်မှာ။ အဲဒီ လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုပြီးပြောမယ့်ပုဂ္ဂိုလ် မရှိသေးသရွေ့၊ သူတို့ ကိုယ်စားပြုပြီး လွတ်လပ်စွာ ပွင့်လင်းစွာ တင်ပြနိုင်ခွင့် မရှိသရွေ့ကတော့ နိုင်ငံရေးပြဿနာ ဘယ်လိုမှ ပြီးပြေအောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒါဆိုလို့ရှိရင် ကျနော်တို့ ၂၀၁၅ တိုင်တဲ့အထိကို ဒီပြဿနာဟာ ဘယ်လိုမှ ငြိမ်းအေးသွားစရာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီ လက်နက်ကိုင်အဖွဲ့အစည်းတွေက ပါတီထောင်ခွင့်ပေးထားတယ်လို့ သူတို့ ပြောတယ်။ အဲမှာ ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်တက်လာနိုင်စရာအကြောင်းကော မရှိဘူးလား။

ဦးစိုင်းလိတ် ။ ။ ဒီဥစ္စာက တစ်ဆင့်ကျော်နေပါတယ်။ နိုင်ငံရေးအရ ဖြေရှင်းခွင့်မရှိဘဲနှင့် ချက်ချင်းလက်ငင်းကြီး ပါတီ တည်ထောင်ပါဆိုတာ ဒါ တဖက်သက် အမိန့်ပေးတဲ့ပုံစံမျိုး ဖြစ်နေတယ်။ တခြားတဖက်ကလည်း လက်ခံနိုင်စရာအကြောင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက တိုင်းရင်းသားပေါင်းစုံ မျက်နှာစုံညီ အစည်းအဝေး လုပ်မယ်။ အရင် တဖက်ကတော့ တတိယပင်လုံလို့ ပြောတယ်ဆိုတော့ အစိုးရဘက်ကလည်းပဲ ဒီဆွေးနွေးပွဲ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားတွေနဲ့ သဘောတူညီရပြီးရင် အားလုံး မျက်နှာစုံညီဆွေးနွေးပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ကြားရပါတယ်။ အဲဒါကော ဖြစ်မလာနိုင်ဘူးလား။

ဦးစိုင်းလိတ် ။ ။ ဒါလည်းပဲဖြစ်လာဖို့ အင်မတန်ကို ခဲယဉ်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အစိုးရမှာ မှန်ကန်တဲ့ စေတနာနဲ့ အားလုံးအပေါ်မှာ ယထာဘူတကျကျပေါ့၊ တပြေးတည်းထားတဲ့ စိတ်စေတနာလေးတစ်ခုထားဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးကာလကို တချိန်တည်းမှာ သတ်မှတ်ပြီးတော့ အဖွဲ့စည်းပေါင်းစုံကို တချိန်တည်း၊ တပြိုင်တည်းမှာ ခေါ်ပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လိုအပ်ပါတယ်။ ပြီးတော့မှ တိုင်းရင်းသားအားလုံး ဘာတွေလိုအပ်သလဲဆိုတာကို အချိန်တစ်ခုတည်းမှာ သတ်သတ်မှတ်မှတ် သူတို့မှာ ဆွေးနွေးဖို့ အချိန်ပေးရပါလိမ့်မယ်။ အဲလိုမလုပ်ဘဲနဲ့ တစ်ဖွဲ့ကို တချိန်မှာတွေ့၊ တနေရာမှာတွေ့၊ တခြားတစ်ဖွဲ့ကို တခြားတချိန် တခြားနေရာမှာတွေ့၊ တခြားမူတစ်ခုနဲ့ ဆက်ဆံမယ်ဆိုလိုရှိရင် ဒီကိစ္စဟာ ဘယ်တော့မှ ပြီးပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အားလုံးမျှော်လင့်နေတဲ့ တတိယတို့၊ ဒုတိယတို့ ပင်လုံညီလာခံတွေကလည်း လုပ်မယ်ဆိုရင်တောင်မှပဲ နိုင်ငံရေးအရ ပြေလည်စရာ အကြောင်းမရှိဘူးလို့ ကျနော် ဒီအတိုင်းပဲ သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကျနော် နောက်ဆုံးမေးချင်တာက အစိုးရငြိမ်းချမ်းရေး အကျိုးဆောင်ဆိုတဲ့ဝန်ကြီးတွေ။ ဒီဝန်ကြီးတွေဟာ ကချင်နဲ့ဆွေးနွေးတဲ့နေရာမှာလည်း နိုင်ငံရေးစကားကို လုံးဝ ဟတောင် မပြောဘူးတဲ့ သူတို့က။ ဆိုတော့ သူတို့မှာ အဲဒီဟာကို ဆွေးနွေးပိုင်ခွင့်မှရှိရဲ့လား။ အစိုးရကိုယ်စားပြုပြီးတော့ဆိုပြီး မေးခွန်းထုတ်ကြပါတယ်။

ဦးစိုင်းလိတ် ။ ။ ကျနော်တို့ကိုယ်တိုင်လည်း အဲဒါကို သံသယ ဖြစ်ပါတယ်။ သူတို့မှာ AUTHORITY အပြည့်အဝနဲ့ ဆွေးနွေးပိုင်ခွင့်ကော ရှိရဲ့လား။ ပြီးတော့ သူတို့မှာ ဆွေးနွေးလိုတဲ့ စေတနာဆန္ဒကော အမှန်တကယ်ရှိရဲ့လားဆိုတာ ကျနော်တို့ သံသယပွားမိတာပေါ့။ အမှန်တကယ်သာ ပြည်ထောင်စုကြီး ငြိမ်းချမ်းစေချင်တယ်၊ တိုးတက်စေချင်တယ်ဆိုလို့ရှိရင် ဒါ ဘယ်တိုင်းရင်းသားမှလည်း ခွဲထွက်ပိုင်ခွင့်တို့၊ ဖောက်ထွက်ဖို့ကိစ္စတို့ ဘာမှ စဉ်စားနေမှာမှ မဟုတ်ဘဲ။ အားလုံးက တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်။ ဒီတစ်ခုလေးပဲ တောင်းတာ။ အဲနေရာမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာတောင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပြောနေတာ မဟုတ်ဘူး။ ပြဌာန်းခွင့်သက်သက်ကို ပြောတာ။ ဒါကိုမှ လိုက်မလျောနိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့ ပြည်ထောင်စုကြီး တိုးတက်ဖို့ဆိုတာ ရှိမှာမဟုတ်ဘူး။ ဒါကြောင့်မို့ လက်ရှိအစိုးရအနေနဲ့က သဘောထားကြီးစွာနဲ့ Mind Set လေးတွေ ပြင်ဖို့လိုအပ်ပြီလို့ ဒီအတိုင်းပဲ ပြောကြားလိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အဲဒီတော့ တချို့ကပြောတယ်။ တချို့က အစိုးရနဲ့ စစ်တပ်ကို ခွဲပြီးပြောတယ်။ အထူးသဖြင့် သမ္မတ ဦးသိန်းစိန်နဲ့ ဒီပုဂ္ဂိုလ်က လုပ်ချင်ပေမယ့်၊ ပြောင်းလဲချင်ပေမယ့်၊ ပေးချင်ပေမယ့် ပြုပြင်ချင်ပေမယ့် စစ်တပ်ကို သူ စိုးရိမ်ရတယ်။ စစ်တပ်က နောက်က ကြိုးဆွဲနေတုန်း၊ အာဏာရှိနေတုန်းလို့ မြင်ကြတယ်။ အဲဒီတော့ ဦးစိုင်းလင်းတို့ကကော အဲလို အစိုးရနဲ့ စစ်တပ်ကို သီးခြားခွဲပြီးမြင်ပါသလား။ အစိုးရက ပြောင်းလဲချင်တယ်။ စစ်တပ်ကတော့။

ဦးစိုင်းလိတ် ။ ။ ကျနော်တို့ကတော့ အဲလိုမမြင်ပါဘူး ခင်ဗျာ။ တယိမ်းတည်းကနေတဲ့ အရပ်သားတွေပါ။ ဒီအတိုင်းပဲ မြင်ပါတယ် ခင်ဗျာ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ကျနော်တို့ ရှေ့ကို အကောင်းမြင်တဲ့ရှုဒေါင့်တစ်ခုက ကြည့်ပေးပါ။ ဘယ်အချိန် ပြောင်းမလဲ။ ခေါင်းဆောင်မှုပြောင်းတဲ့ အခါမှာလား။ တကယ်လို့ များသောအားဖြင့် ပြောကြပါဆို့။ ၈၈ မျိုးဆက်တွေဆိုရင် သူတို့က ဒီကိစ္စတွေကို ပိုပြီးတော့ တိုင်းရင်းသားတွေကို နားလည်မှုရှိတယ် စသဖြင့် သုံးသပ်မှုတွေ ရှိကြပါတယ်။ ဘယ်အချိန်မှာ ပြောင်းလာနိုင်မလဲ။ ဥပမာအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဟိုဟာ ဖြစ်လာတဲ့အခါ ပြောင်းလာနိုင်သလား။ နည်းနည်း ခန့်မှန်းကြည့်ပါ။ နိုင်ငံရေး အပြောင်းအလဲနဲ့ တိုင်းရင်းသားအခွင့်အရေး။

ဦးစိုင်းလိတ် ။ ။ ဒီ ဥစ္စာ အင်မတန် ခန့်မှန်းရခက်ပါတယ်။ ကျနော်တို့ ဗမာပြည်၊ ဗမာလူမျိုးဆိုတဲ့ဥစ္စာနဲ့ တိုင်းရင်းသားဆိုတဲ့ဥစ္စာကို ခွဲခြားပြီးမြင်နေသရွေ့ကတော့ ဘယ်တော့မှ ဒီဥစ္စာဟာ အဆင်ပြေသွားမယ့်ကိစ္စ မဟုတ်ဘူး။ ပြည်ထောင်စု မြန်မာနိုင်ငံထဲမှာနေတဲ့လူတွေအားလုံးက လူသားတစ်ခုတည်းပါလားဆိုတဲ့ အမြင်မျိုးရှိလာတဲ့နေ့ကျရင် ဒီဥစ္စာဟာ ပြီးပြေလည်သွားနိုင်မှာပါ။ ကျနော်တော့ ဒီအတိုင်းပဲ မြင်ပါတယ် ခင်ဗျာ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဦးစိုင်းလိတ်။ တိုင်းရင်းသားတွေဘက်ကလည်း အဲလိုမျိုး မြင်ဖို့လိုတာပေါ့။ နှစ်ဖက်လုံးပေါ့။

ဦးစိုင်းလိတ် ။ ။ ဒါပေါ့။ ကျနော်တို့ဘက်ကလည်း ဗမာလူမျိုးမို့လို့ လူအင်အား အင်မတန်ကြီးတဲ့လူမို့လို့ အသာစီးရနေတဲ့ လူမို့လို့ အဲဒီလိုမမြင်ဘဲနဲ့ သူတို့လည်း လူသားတွေပဲ၊ အဲဒီမှာ အာဏာရနေတဲ့ လူတစ်စုကသာလျှင် ချယ်လှယ် မင်းမှုနေတယ်ဆိုတာကို ကျနော်တို့အားလုံး မြင်ဖို့လိုပါတယ်။ နှစ်ဦးနှစ်ဖက် မျှမျှတတ မြင်ဖို့လိုတယ်ဆိုတာလည်း ကျနော် လက်ခံထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments: